News @ M-Media

Blog

  • မလေးရှားမှ ၇ နှစ်အရွယ် စကိတ်အားကစားသမား နိုင်ငံတကာပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ခုရ

    မလေးရှားမှ ၇ နှစ်အရွယ် စကိတ်အားကစားသမား နိုင်ငံတကာပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ခုရ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၉
    M-Media

    အဘူဒါဘီပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ခု ရယူနိုင်သည့် စီ ဆရီ အဘီရာမီ

    – မလေးရှားနိုင်ငံက အသက် ၇ နှစ်အရွယ် ရေခဲပြင် စကိတ်အားကစားသမားလေးဟာ ယူအေအီးနိုင်ငံ အဘူဒါဘီမှာပြုလုပ်တဲ့ နိုင်ငံတကာ စကိတ်အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် ၃ ခု ရရှိခဲ့ပါတယ်။

    စီ ဆရီ အဘီရာမီလို့ခေါ်တဲ့ အဲဒီသမီးငယ်လေးဟာ သောကြာနေ့က ယှဉ်ပြိုင်တဲ့ ၇-၈ နှစ် Freestyle ပြိုင်ပွဲ၊ Solo Camp Freestyle ပြိုင်ပွဲနဲ့ ၇-၈ နှစ် Speed Skating ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

    ISI International Figure Skating အမည်နဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ အဘူဒါဘီက Zayed Sports City မှာ ကျင်းပတဲ့ ရေခဲပြင်စကိတ်စီးပြိုင်ပွဲဟာ နိုင်ငံတကာ စကိတ်အားကစားအဖွဲ့ ISI ရဲ့ ၄ ကြိမ်မြောက် အရှေ့အလယ်ပိုင်း ရေခဲပြင်စကိတ်ပြိုင်ပွဲ ဖြစ်ပါတယ်။

    ဆရီအဘီရာမီဟာ ဒီဇင်ဘာလဆန်းပိုင်းက တရုတ်နိုင်ငံ ရှန်ဇန်းမြို့မှာ ကျင်းပခဲ့တဲ့ အာရှ ရေခဲပြင်စကိတ်ပြိုင်ပွဲ ISI Asia Skate Shenzhen 2018 Championships မှာ ရွှေတံဆိပ် ၄ ခု ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

    အဲဒီပြိုင်ပွဲအပြီး မလေးရှားသတင်းစာ The Star နဲ့ အင်တာဗျူးမှာ သူမက အိုလံပစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့အထိ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆရီအဘီရာမီဟာ အသက် ၃ နှစ်အရွယ်ကစတင်ပြီး ရေခဲပြင်စကိတ် အားကစားနည်းကို ကစားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဒဏ်ရာကြောင့် အနားယူခဲ့ရပေမယ့် ၂၀၁၇ ခုနှစ်ကစလို့ ကမ္ဘာ့ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်လာခဲ့တာ ဖြစ်ပါတယ်။

    Ref: The Star

  • အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသတွင် အသေခံဗုံးခွဲမှုဖြစ်၊ စစ်သား ၄၀ ကျော် သေဆုံး

    အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသတွင် အသေခံဗုံးခွဲမှုဖြစ်၊ စစ်သား ၄၀ ကျော် သေဆုံး

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉
    M-Media

    တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မြင်ကွင်း

    – အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ တောင်ပိုင်းမှာ မနေ့က အသေခံကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် အိန္ဒိယစစ်သား အနည်းဆုံး ၄၂ ဦး သေဆုံးခဲ့ပြီး နှစ် ၂၀ အတွင်း အဲဒီဒေသမှာ အဆိုးရွားဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

    လေထီးတပ်သားတွေဟာ ဒေသရဲ့ အဓိကမြို့တော် ဆရီနာဂါကို ဘတ်စ်ကားတွေနဲ့ပြန်လာစဉ် ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထာတဲ့ Scorpio ကားက ဘတ်စ်ကားတစ်စီးကို ၀င်တိုက် ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၄၂ ဦးရှိပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

    အသေခံတိုက်ခိုက်သူဟာ ဒေသခံတစ်ဦးဖြစ်ပြီး ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့ JeM က ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ဒီတိုက်ခိုက်မှုဟာ စက်ဆုပ်ဖွယ်ကောင်းပြီး ကြမ်းကြုတ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီး ရက်ဂ်ျနသ်ဆင်းလည်း ဒီကနေ့ တိုက်ခိုက်မှုဖြစ်ပွားရာနေရာကို သွားရောက်ဖို့ ရှိနေပါတယ်။

    ဒီအဖြစ်အပျက်အတွက် ပါကစ္စတန်အစိုးရဲ့ မနေ့က ကြေငြာချက်မှာ တိုက်ခိုက်မှုကိုရှုတ်ချကြောင်း၊ အိန္ဒိယမီဒီယာ၊ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ စုံစမ်းစစ်ဆေးမှုမရှိဘဲ ပါကစ္စတန်ကို စွပ်စွဲပြောဆိုတာမျိုးတွေကို လက်မခံနိုင်ကြောင်း ဖော်ပြထားပါတယ်။

    ကက်ရှ်မီးယားဒေသအတွက် အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အိန္ဒိယကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ဒေသခံတွေက ခွဲထွက်ရေး ဒါမှမဟုတ် ပါကစ္စတန်နဲ့ပေါင်းစည်းရေးအတွက် ၁၉၈၉ ခုနှစ်ကစလို လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။

    Ref: Aljazeera

  • ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့၏ တိုက်ပွဲကြောင့် ကျောက်မဲတွင် လူတစ်ထောင်ကျော် ထွက်ပြေးရ

    ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့၏ တိုက်ပွဲကြောင့် ကျောက်မဲတွင် လူတစ်ထောင်ကျော် ထွက်ပြေးရ

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉
    M-Media

    ကျောက်မဲမြို့မှ စစ်ရှောင်လာသူများ

    – ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့အကြား လတ်တလောဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသခံ တစ်ထောင်ကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    စနေနေ့ကနေ အင်္ဂါနေ့အကြား ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကြောင့် ရွာ ၃ ရွာကနေ ထွက်ပြေးရသူ အများစုဟာ ဗမာနဲ့ တအောင်းလူမျိုးတွေဖြစ်ပြီး ကျောက်မဲမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပါတယ်။ ထွက်ပြေးလာသူတွေဟာ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ကာ အမျိုးသားတွေကတော့ နေအိမ်တွေနဲ့ ပစ္စည်းတွေကို စောင့်ရှောက်ဖို့ နေခဲ့ကြတယ်လို့ ဆိုပါတယ်။

    မြန်မာကြက်ကြေနီအဖွဲ့၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပြည်နယ်လွှတ်တော်အမတ်တွေက ထွက်ပြေးလာသူတွေကို အထောက်အပံ့တွေ ဝေငှပေးခဲ့ကြပေမယ့် တော်တော်များများက ရိက္ခာမလောက်ကြဘူးလို့ ကူညီနေသူတွေက ပြောပါတယ်။

    “ကျွန်တော်တို့ ငြိမ်းချမ်းရေး လိုချင်ပါတယ်။ တိုက်ပွဲတွေကို ခံစားရတဲ့နေရာတွေက ငြိမ်းချမ်းရေးကို အလိုချင်ဆုံးပါ။ မငြိမ်းချမ်းတဲ့အတွက် အလုပ်အကိုင်အတည်တကျ မရှိတာကြောင့် ပြည်သူတွေဟာ ရှင်သန်ဖို့ ရုန်းကန်ရတယ်” လို့ စစ်ရှောင်ပြည်သူတွေကို အကူအညီပေးနေတဲ့ လူထုအခြေပြုကော်မတီ အကြီးအကဲ ဦးတင်မောင်ဦးက ပြောကြားခဲ့ပါတယ်။

    RCSS ဟာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပေမယ့် SSPP ကတော့ မထိုးထားပါဘူး။

    ဒီအဖွဲ့နှစ်ခုဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလကနေစလို့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ ကျောက်မဲနဲ့ နမ္မတူမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ တအောင်းလွတ်မြောက်ရေးတပ်ဖွဲ့ကလလည်း SSPP ကို ကူညီပေးနေပါတယ်။

    Ref:Irrawaddy

  • ယီမင်စစ်ပွဲမှ နှုတ်ထွက်ရေး ဆုံးဖြတ်ချက်တစ်ခုကို အမေရိကန်အောက်လွှတ်တော် အတည်ပြု

    ယီမင်စစ်ပွဲမှ နှုတ်ထွက်ရေး ဆုံးဖြတ်ချက်တစ်ခုကို အမေရိကန်အောက်လွှတ်တော် အတည်ပြု

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၉
    M-Media

    – ယီမင်စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ဆော်ဒီနဲ့ ယူအေအီး မဟာမိတ်အဖွဲ့အပေါ် ထောက်ပံ့မှုကို အဆုံးသတ်မယ့် ဆုံးဖြတ်ချက်တစ်ခုကို အမေရိကန်အောက်လွှတ်တော်က မနေ့မှာ အတည်ပြုလိုက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ယီမင်ကိစ္စမှာ ဆက်လက်ပါဝင်ချင်တဲ့ ဆန္ဒကို ဆန့်ကျင်လိုက်တာလည်း ဖြစ်ပါတယ်။

    “ကြဲတဲ့ဗုံးတွေအားလုံးမှာ ‘အမေရိကန်တွင်ထုတ်သည်’ ဆိုတဲ့ စာတန်းတွေ ပါနေပါတယ်။ အဲဒီဗုံးတွေဟာ မင်္ဂလာဆောင်တွေ၊ ဆေးရုံတွေနဲ့ နေအိမ်တွေပေါ်ကို ကျသွားကြတယ်။ ဈာပနအခမ်းအနားတွေ၊ ဒုက္ခသည်စခန်းတွေ၊ ကျောင်းကားတွေပေါ်မှာ ကျတယ်။ ဒီစစ်ပွဲဟာ နေ့စဉ်နဲ့အမျှ လူတွေကိုသတ်နေတဲ့ ဗုံးကြဲမှုကြီးပါပဲ” လို့ ဒီမိုကရက်တစ် လွှတ်တော်အမတ် ဂျင် မက်ဂါဗန်က ပြောကြားခဲ့ပါတယ်။

    ထောက်ခံမဲ ၂၄၁ မဲ၊ ကန့်ကွက်မဲ ၁၇၇ မဲနဲ့ အတည်ပြုနိုင်ခဲ့တဲ့ အဲဒီဆုံးဖြတ်ချက်ကို အထက်လွှတ်တော်မှာ ထပ်မံမဲခွဲဖို့ ရှိနေပါတယ်။ ယီမင်စစ်ပွဲမှာ ပါဝင်မှုကို ရပ်တန့်ပေမယ့် ဆော်ဒီနဲ့ ထောက်လှမ်းရေးအချက်အလက်တွေ ဆက်လက်မျှဝေရေး ခွင့်ပြုမယ့် အချက်ကိုလည်း ဆုံးဖြတ်ချက်မှာ ထည့်သွင်းထားပါတယ်။

    သမ္မတဒေါ်နယ်ထရမ့်ဟာ ယီမင်စစ်ပွဲမှာ ပါဝင်လိုတဲ့ဆန္ဒ ရှိနေတာကြောင့် အခုဆုံးဖြတ်ချက်ကို အထက်လွှတ်တော်က အတည်ပြုလိုက်ရင်လည်း ထရမ့်က ဗီတိုသုံးပြီး ပယ်ချနိုင်ဖွယ် ရှိနေပါတယ်။ ဒီဗီတိုကို ပယ်ဖျက်ဖို့အတွက် လွှတ်တော်အမတ် ၃ ပုံ ၂ ပုံရဲ့ မဲပေးမှု လိုအပ်ပါတယ်။

    ထရမ့်ရဲ့ပါတီ ရီပက်ဘလစ်ကန်က လွှတ်တော်အမတ်တစ်ချို့ကလည်း အစိုးရရဲ့ ယီမင်စစ်ပွဲမှာ ဆက်လက်ပါဝင်လိုတဲ့ဆန္ဒကို ထောက်ခံနေကြပါတယ်။ ယီမင်စစ်ပွဲဟာ ဆော်ဒီနဲ့ အီရန်တို့ရဲ့ တစ်ဆင့်ခံအားပြိုင်မှုဖြစ်ပြီး အမေရိကန် ထွက်သွားမယ်ဆိုရင် အီရန်ရဲ့သြဇာ ပိုမိုကြီးထွားလာမှာကို ရီပက်ဘလစ်ကန်အမတ်တွေက စိုးရိမ်နေကြပါတယ်။

    Ref: Aljazeera

  • အီရန်တော်လှန်ရေးအစောင့်တပ် အသေခံဗုံးခွဲ တိုက်ခိုက်ခံရ

    အီရန်တော်လှန်ရေးအစောင့်တပ် အသေခံဗုံးခွဲ တိုက်ခိုက်ခံရ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၉
    M-Media

    အီရန် တော်လှန်ရေးအစောင့်တပ် တပ်ဖွဲ့ဝင်များ

    – အီရန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို ပစ်မှတ်ထားတဲ့ အသေခံ ကားဗုံးခွဲမှုတစ်ခု မနေ့က ဖြစ်ပွားခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၂၇ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

    ပါကစ္စတန်နဲ့ကပ်နေတဲ့ စစ္စတန်-ဘာလိုချစ္စတန်ပြည်နယ်က ဇာဟီဒန်နဲ့ ကက်ရှ်မြို့အကြား ကားလမ်းမှာ တော်လှန်ရေးအစောင့်တပ် တပ်ဖွဲ့ဝင်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားကို ဗုံးခွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီဒေသဟာ ဘိန်းမှောင်ခိုလမ်းကြောင်းဖြစ်ပြီး အီရန်တပ်ဖွဲ့ဝင်တွေနဲ့ ဘာလို့ခ်ျ ခွဲထွက်ရေးသမားတွေ၊ မူးယစ်ဂိုဏ်းတွေအကြား မကြာခဏ တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာလည်း ဖြစ်ပါတယ်။

    စစ္စတန်-ဘာလိုချစ္စတန်ပြည်နယ်အခြေစိုက် Jaish al-Adl လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်မှုကို သူတို့ပြုလုပ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    အီရန်ဒုတိယသမ္မတ အက်စ်ဟက် ဂျာဟန်ဂီရီက ဒီအဖြစ်အပျက်ဟာ အစ္စလာမ့်မစ်တော်လှန်ရေးကို မမှိတ်မသုန် ကာကွယ်လိုတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ထိခိုက်စေမှာမဟုတ်ဘဲ အကြမ်းဖက်မှုနဲ့ ဆက်စပ်မှုမရှိတဲ့ လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းရေးဟာ အရင်ကထက် ပိုမို ခိုင်မာလာမယ်လို့ ပြောကြားခဲ့ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရမ် ကာစီမီက သူရဲကောင်းတွေရဲ့သွေးအတွက် လုံခြုံရေးတပ်ဖွဲ့တွေက ပြန်လည် လက်စားချေသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၀၉ ခုနှစ်က စစ္စတန်-ဘာလိုချစ္စတန်ပြည်နယ်မှာ အသေခံတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အီရန်တော်လှန်ရေးအစောင့်တပ်က တပ်မှူး ၆ ဦးအပါအ၀င် လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။ ပါကစ္စတန်နယ်စပ်မှာ လှုပ်ရှားနေတဲ့ စွန်နီလက်နက်ကိုင်အဖွဲ့ Jundallah က ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကလည်း အီရန်နိုင်ငံ အနောက်တောင်ပိုင်း ရေနံကြွယ်ဝတဲ့ဒေသမှာ စစ်ရေးပြမှုတစ်ခု ပြုလုပ်နေစဉ် တိုက်ခိုက်မှုဖြစ်ပွားခဲ့တာကြောင့် ၂၀ ကျော်သေဆုံးပြီး ၆၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

    Ref: Aljazeera