ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉
M-Media
– လူငယ်တွေရဲ့ ကျွမ်းကျင်မှုတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကို အားပေးမြှင့်တင်ဖို့အတွက် လူငယ်စွမ်းဆောင်ရည်ဆုတစ်ခုကို ချီးမြှင့်သွားမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ အဓိကပတိကောင်စီဝင် စော်ဘွား ရှိခ် ဒေါက်တာ ဆူလ်တန် ဘင် မိုဟာမက် အလ် ကာစီမီက ကြေငြာလိုက်ပါတယ်။
ဆုကို Sheikh Sultan Award for Celebrating the Spirit of Youth လို့ အမည်ပေးထားပြီး စေတနာ့ဝန်ထမ်း လှုပ်ရှားမှု၊ စွန့်စားမှု၊ ကျွမ်းကျင်မှု၊ ၀ါသနာ စတဲ့ အချက်လေးချက်နဲ့ သုံးသပ်ကာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ယူအေအီး နိုင်ငံအတွင်း နေထိုင်တဲ့ အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အရွယ် မည်သည့်နိုင်ငံသားမဆို ဒီဆုကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
“ရှာဂျာပြည်နယ်မှာတင်မဟုတ်ဘဲ ယူအေအီးနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ သားတွေ၊ သမီးတွေကို ပံ့ပိုးအားပေးမယ့် အရေးပါတဲ့ ဆုတစ်ခု ချီးမြှင့်သွားမယ်လို့ ကြေငြာလိုပါတ်။ ဒီဆုရဲ့ ရည်ရွယ်ချက်ဟာ လူငယ်တွေကို ထူးချွန်းအောင်၊ ဖန်တီးနိုင်စွမ်းရှိလာအောင်၊ လူမှုဘ၀ နယ်ပယ်အားလုံးမှာ တိုးတက်မှုရအောင် တိုက်တွန်းအားပေးဖို့ ဖြစ်ပါတယ်” လို့ ရှာဂျာပြည်နယ်ရဲ့ စော်ဘွားလည်းဖြစ်တဲ့ အလ် ကာစီမီက ပြောကြားခဲ့ပါတယ်။
လူငယ်တွေဟာ ကမ္ဘာကြီးရဲ့ အနာဂတ်ဖြစ်ပြီး သားငယ်၊ သမီးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးဖို့ဟာ မိမိတို့ လူကြီးတွေရဲ့တာဝန် ဖြစ်တယ်လို့လည်း ရှိခ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ဆုကို ရွေ၊ ငွေ၊ ကြေး ၃ ဆင့် ခွဲထားပြီး နယ်ပယ် ၄ ခုစလုံးမှာ ပြည့်စုံအောင် လုပ်ဆောင်နိုင်တဲ့သူတွေက ရွှေတံဆိပ် ရရှိမှာ ဖြစ်ပါတယ်။ Sheikh Sultan Award for Celebrating the Spirit of Youth ဆုကို အနာဂတ်မှာ နိုင်ငံတကာအဆင့် ဆုတစ်ခုဖြစ်အောင် ဆောင်ရွက်ဖို့လည်း အလ် ကာစီမီက ဆန္ဒရှိနေပါတယ်။
“ခြွင်းချက်မထားဘဲ ဘယ်နယ်ပယ်မှာမဆို ထူးချွန်းသူတွေကို ပံ့ပိုး ဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်။ ယူအေအီးက လူငယ်တွေ သင်ယူမှုခရီးလမ်းတစ်လျှောက် သူတို့အားထုတ်နိုင်သလောက် ပေါက်မြောက်နိုင်တယ်ဆိုတာမျိုး သိလာစေဖို့ လမ်းကြောင်းအသစ်တွေ ဖောက်ပေးတဲ့ပုံစံမျိုး စဉ်းစားဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ ရှိခ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ref: Khaleej Times