News @ M-Media

Blog

  • မလေးရှားရောက် ချင်းဒုက္ခသည်များ၏အနာဂတ် မရေမရာ ဖြစ်နေ

    မလေးရှားရောက် ချင်းဒုက္ခသည်များ၏အနာဂတ် မရေမရာ ဖြစ်နေ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၉
    M-Media

    ကွာလာလမ်ပူဆင်ခြေဖုံးရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ခုတွင် တွေ့ရသော ချင်းကလေးငယ်များ

    – UNHCR က ဒုက္ခသည်အဖြစ် ဆက်လက်ပြီး ကာကွယ်မပေးတော့ဘူးလို့ ပြောကြားခဲ့ပြီးတဲ့နောက် မိမိတို့ရဲ့ အနာဂတ်ဟာ မသေချာမှုတွေနဲ့ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံပြန်ဖို့အတွက် လုံခြုံစိတ်ချရမှု မရှိသေးဘူးလို့ မလေးရှားရောက် ချင်းဒုက္ခသည်တွေက ပြောကြားခဲ့ကြောင်း Frontier Myanmar ရဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    မလေးရှားဟာ ဒုက္ခသည် ၁ သိန်း ၆ သောင်းကျော်လောက်ကို ခိုလှုံခွင့်ပေးထားပေမယ့် အရှေ့တောင်အာရှက မြန်မာ၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေလို ကုလရဲ့ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်မထိုးထားတဲ့အတွက် သူတို့ကို ပြောင်းရွှေ့အခြေချသူတွေအဖြစ်သာ သတ်မှတ်ပါတယ်။

    UNHCR က ၂၀၁၈ ခုနှစ် သြဂုတ်လအထိ မလေးရှားမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားကြသူဟာ ၁၆၁၁၄၀ ဦးရှိပြီး ၈၅ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံကဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံက ဒုက္ခသည်တွေထဲမှာ ရိုဟင်ဂျာက အများဆုံးဖြစ်ပြီး ၇၇၁၃၀ ဦး၊ ချင်းလူမျိုးက ၂၉၆၃၀ ဦး၊ မြန်မာမွတ်စလင်က ၉၈၁၀ ဦးနဲ့ ရခိုင်လူမျိုးက ၄၀၃၀ ဦးတို့ ဖြစ်ပါတယ်။

    UNHCR ၏ ဆုံးဖြတ်ချက်

    ကုလရဲ့ ဒုက္ခသည်ဆိုင်ရာ သဘောတူစာချုပ်ကို မလေးရှားက လက်မှတ်မထိုးထားတာကြောင့် မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် နေထိုင်နေရတဲ့ ချင်းလူမျိုးတွေဟာ အစိုးကျောင်းတွေကို တက်ခွင့်မရပါဘူး။

    UNHCR က ဒုက္ခသည်လက်မှတ်တွေ ထုတ်ပေးထားတဲ့အတွက် အာဏာပိုင်တွေထံကနေ အနည်းဆုံးသော ကာကွယ်မှုကို ရရှိပေမယ့် ကျန်းမာရေး၊ ပညာရေးနဲ့ အခြား လိုအပ်တဲ့ ထောက်ပံ့မှုတွေအတွက် ကုလနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအပေါ် အဓိက မှီခိုနေရပြီး ဒါကလည်း အကန့်အသတ်နဲ့ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဇွန်လမှာ UNHCR က မလေးရှားမှာရှိတဲ့ ချင်းလူ့အဖွဲ့အစည်းကို ဒုက္ခသည်တွေအဖြစ် ကာကွယ်မပေးတော့ဘူးလို့ ကြေငြာခဲ့ပြီး ဒုက္ခသည်လက်မှတ်တွေကိုလည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိသာ သက်တမ်းတိုးခွင့် ပေးခဲ့ပါတယ်။

    “ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးက နိုင်ငံရေး၊ လူမှုရေးနဲ့ လုံခြုံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုတွေကို နှစ်နဲ့ချီ ပြည့်ပြည်စုံစုံ သုံးသပ်ပြီးတဲ့နောက် ဒီလိုဆောင်ရွက်တာဖြစ်ပါတယ်။ UNHCR ၀န်ထမ်းတွေက ဆောင်ရွက်နေတဲ့ စီမံကိန်းတွေ၊ အများပြည်သူတွေ အသုံးပြုနေကြတဲ့ ၀ဘ်ဆိုက်တွေအပါအ၀င် ရင်းမြစ်မျိုးစုံက
    သတင်းအချက်အလက်တွေကို ရယူခဲ့တာ ဖြစ်ပါတယ်” လို့ အာရှဒေသ UNHCR ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း ဂလပ်က Frontier Myanmar သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဆင်းရဲဆုံးပြည်နယ်တစ်ခု ဖြစ်ပါတယ်။

    ချင်းလူမျိုးများ လက်မခံ

    UNHCR ရဲ့ ဒီကြေငြာချက် ထွက်လာပြီးတဲ့နောက် မလေးရှားက ချင်းဒုက္ခသည်တွေဟာ သူတို့ရဲ့အနာဂတ် မရေရာမှုအပေါ်မှာ စိုးရိမ်လာကြပြီး ချင်းပြည်နယ်မှာ တိုက်ပွဲတွေ မရှိပေမယ် လုံခြုံစိတ်ချရမှု မရှိသေးဘူးလို့ Frontier Myanmar ကို ပြောကြားခဲ့ပါတယ်။

    “ကုလရဲ့ ဆုံးဖြတ်ချက်ကြောင့် ကိုယ့်ကိုယ် သက်သေသွားတာ ၃ ယောက်ရှိပါပြီ။ ချင်းလူမျိုး တော်တော်များများဟာ စိုးရိမ်သောက ရောက်နေကြပြီး ဒီဆုံးဖြတ်ချက်ကြောင့် အိပ်မပျော် စားမ၀င်ဖြစ်နေပါတယ်။ စိတ်ရောဂါလို ဖြစ်နေတာပါ။ တစ်ချို့ဆို အရက်စွဲသွားပြီး မစားနိုင်မသောက်နိုင် ဖြစ်နေသူတွေလည်း ရှိပါတယ်” လို့ ‘မလေးရှား ဇိုမီးအသင်း’ ရဲ့ ဥက္ကဌ Pu Kap Za Khup က ပြောကြားခဲ့ပါတယ်။

    ဇိုမီးလူမျိုးဟာ ချင်းလူမျိုး မျိုးကွဲတွေထဲမှာ လူဦးရေအများဆုံး ဖြစ်ပါတယ်။

    ချင်းပြည်နယ်မှာ ‘ချင်းအမျိုးသားတပ်ဦး’ နဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲဟာ ၂၀၀၃ ခုနှစ်ကတည်းက မရှိတော့ဘဲ၊ ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ်ကို ချင်းအမျိုးသားတပ်ဦးက လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ‘ချင်းလူ့အခွင့်အရေးအဖွဲ့’ က ထုတ်ပြန်ခဲ့ပြီး စာမျက်နှာ ၃၅ မျက်နှာရှိတဲ့ အစီရင်ခံစာမှာတော့ UNHCR ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ထားပြီး ပြန်လည်သုံးသပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ပြန်ဖို့ မဖြစ်နိုင်သေး

    Frontier ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တဲ့ ကွာလာလမ်ပူ ချင်းဒုက္ခသည်အများစုက ချင်းပြည်နယ်ကို ပြန်ရင် လတ်တလောမှာ အန္တရာယ်မရှိနိုင်သေးပေမယ့် စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ဖြစ်ပွားတဲ့ တိုက်ခိုက်မှုမှာ ကြားညပ်မှာကို စိုးရိမ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ အစိုးရကဦးဆောင်တဲ့ ဘာသာရေးဖိနှိပ်မှု၊ ဗုဒ္ဓဘာသာမဟုတ်သူတွေကို ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

    ၁၉၅၁ ခုနှစ် ဒုက္ခသည် သဘောတူညီချက်ကို လက်မှတ်မထိုးထားဘဲ မွတ်စလင်နိုင်ငံလည်းဖြစ်နေတဲ့ မလေးရှားမှာ ဘာ့ကြောင့် လာနေတာလဲလို့ မေးမြန်းရာမှာ ချင်းအကူအညီပေးရေးအဖွဲ့ Alliance of Chin Refugees ရဲ့ Pu Mung Khat က “မလေးရှားဟာ မွတ်စလင်နိုင်ငံဖြစ်ပေမယ့် ဘုရားကျောင်းကို သွားတက်နိုင်သေးတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဘုရားကျောင်းဆောက်ဖို့တောင် မလွယ်ပါဘူး” လို့ ဖြေကြားခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်က ကွာလာလမ်ပူမှာ တည်ထောင်ခဲ့တဲ့ Alliance of Chin Refugees ဟာ မလေးရှားမှာရှိတဲ့ ချင်းအဖွဲ့အစည်း ၅ ခုထဲက တစ်ဖွဲ့ဖြစ်ပြီး သူတို့အဖွဲ့ ၅ ခု စုပေါင်းကာ ‘နိုင်ငံတကာ ချင်းလူမျိုးဆိုင်ရာ ကော်မတီ’ (International Chin Committee) ကို ဖွဲ့စည်းထားပါတယ်။

    ချင်းဒုက္ခသည်တွေ မြန်မာနိုင်ငံကိုပြန်ဖို့ ကြောက်ရွံ့နေတဲ့ နောက်ထပ် အကြောင်းအရင်းက ချွတ်ခြုံကျနေတဲ့ ကျင်းပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်း မရှိမှု ဖြစ်ပါတယ်။

    ဒုက္ခသည်အဖြစ် အလုပ်လုပ်တာဟာ မလေးရှားမှာ တရားမ၀င်ပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေမှာ နားလည်မှုနဲ့ အလုပ်လို့ရနေပြီး ရတဲ့ဝင်ငွေကလည်း စားသောက်နေထိုင်ဖို့ လုံလောက်တယ်လို့ ချင်းဒုက္ခသည် တော်တော်များများက Frontier ကို ပြောကြားခဲ့ပါတယ်။

    “ဒီနေရာကနေ ဒီနေ့ အလုပ်ထွက်ရင် နက်ဖြန်ကျ နောက်တစ်နေရာမှာ အလုပ်ရှာလို့ရတယ်။ မြန်မာနိုင်ငံမှာဆိုရင် အခွင့်အလမ်းက ပိုနည်းပြီး အလုပ်ရဖို့ ၆ လလောက် ကြာချင်ကြာတာလေ” လို့ Mung Khat က ပြောပါတယ်။

    အင်ဂျင်နီယာ တတ်တယ်၊ စိုက်ပျိုးရေး လုပ်တတ်တယ်ဆိုရင် မလေးရှားမှာ အလုပ်မရှားဘူးလို့လည်း သူကိုပါတယ်။

    “Cameron Highlands လိုနေရာက စိုက်ပျိုးရေးလုပ်ငန်းကြီးတွေမှာ အလုပ်ရှာလို့ရတယ်။ တောင်ပေါ်ဖြစ်ပြီး ရာသီဥတုကလည်း ချင်းပြည်နယ်နဲ့တူတာကြောင့် ချင်းလူမျိုးတွေက အဲဒီမှာအလုပ်လုပ်ရတာကို ပျော်ပါတယ်”

    ဇိုမီးအသင်းက Kap Za Khup က မလေးရှားမှာ တရားမ၀င်အလုပ်လုပ်ရတာဟာ မြန်မာနိုင်ငံကို ပြန်တာထက် ပိုကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကြုံရမယ့် အချက် ၃ ချက်

    UNHCR ပြောရေးဆိုခွင့်ရှိသူ ဂလပ်က မလေးရှားက ချင်းလူမျိုးတွေဟာ တတိယနိုင်ငံမှာ အခြေချတာ၊ မလေးရှားမှာ တရားဝင်နေထိုင်တာနဲ့ မြန်မာနိုင်ငံကို ကိုယ့်သဘောဆန္ဒနဲ့ ကိုယ်ပြန်တာ ဆိုတဲ့ အချက် ၃ ချက်ထဲက တစ်ခုခုကို ကြုံတွေ့ရမယ်လို့ Frontier ကို ပြောပါတယ်။

    ချင်းဒုက္ခသည် အများစုကတော့ မြန်မာပြည်ကို မပြန်ချင်ဘဲ တတိယနိုင်ငံတွေမှာ အခြေချနိုင်ဖို့ မျှော်လင့်နေပါတယ်။

    ၂၀၀၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း UNHCR ဟာ ချင်းလူမျိုး ၆၅၃၀၀ ကို တတိယနိုင်ငံတွေဆီ ပို့ပေးခဲ့ပြီး အားလုံးနီးပါးက မလေးရှားက ဖြစ်ပါတယ်။ အများစုဟာ အမေရိကန်ကိုရောက်ကြပြီး တစ်ချို့တွေက ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတေးလျနိုင်ငံတွေကို ရောက်ကြပါတယ်။

    ဂလပ်က လက်ရှိမှာ ချင်းလူမျိုး ၆၀၀၀ လောက်ကို တတိယနိုင်ငံပို့ဖို့ စီစစ်နေပြီး အမှန်ကတယ် သွားရောက်နိုင်မယ့် အရေအတွက်ကတော့ လက်ခံမယ့်နိုင်ငံတွေအပေါ် မူတည်ကြောင်း၊ မလေးရှားမှာ ဆက်လက်နေထိုင်ဖို့အတွက် ဆိုရင်တော့ မလေးရှားအစိုးရနဲ့ UNHCR တို့ ပိုမို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင် ဂလပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မလေးရှားဟာ ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည် သုံးထောင်ကို ယာယီလက်ခံသွားမယ်လို့ ၂၀၁၅ ခုနှစ် ကုလ အထွေထွေညီလာခံမှာ ကတိပြုခဲ့ပြီး နိုင်ငံရဲ့ အကြီးဆုံး NGO တွေထဲက တစ်ခုဖြစ်တဲ့ Malaysian Humanitarian Aid and Relief (MAHAR) ဟာ အစိုးရနဲ့အတူ ဒီအစီအစဉ်ကို ပူးပေါင်းဆောင်ရွက်နေပါတယ်။

    MAHAR အဖွဲ့ရဲ့ ဥက္ကဌ မစ္စတာ ဂျစ္စမီ ဂျိုဟာရီက မလေးရှားအစိုးရနဲ့ စကားပြောကြည့်သလောက် ချင်းဒုက္ခသည်တွေအတွက် ဒီလိုအစီအစဉ်မျိုး လုပ်ဆောင်ဖို့ အနေအထားမရှိဘူးလို့ Frontier ကို ပြောကြားခဲ့ပါတယ်။

    Mung Khat က သူတို့အဖွဲ့ Alliance of Chin Refugees ဟာ မလေးရှားအစိုးရနဲ့ စကားပြောဆို့ စီစဉ်နေပြီး UNHCR ကဒ်တွေ သက်တမ်းကုန်သွားရင် ACR က ထုတ်ပေးထားတဲ့ ကဒ်တွေကို အသိအမှတ်ပြုကာ နေထိုင်ခွင့် အလုပ်လုပ်ခွင့်တွေပေးဖို့ တောင်းဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပြန်လည်နေရာချထားရေး ဒါမှမဟုတ် အခြားထောက်ပံ့မှုတွေပေးဖို့ တောင်းဆိုမှာ မဟုတ်ပါဘူး။ ထုတ်ပေးထားတဲ့ ကဒ်တွေကို အသိအမှတ်ပြုပေးတာမျိုးပဲ လိုအပ်တာပါ”

    Ref: Frontier Myanmar

    (Frontier Myanmar တွင် ဖော်ပြထားသည့် သတင်းဆောင်းပါးကို ထုတ်နှုတ်ဘာသာပြန်ဆိုပါသည်)

  • တရုတ်ဖုန်းများကိုယှဉ်၍ ဆမ်ဆောင်းက အိန္ဒိယတွင် ဘက်ဂျက်ဖုန်းဖြန့်မည်

    တရုတ်ဖုန်းများကိုယှဉ်၍ ဆမ်ဆောင်းက အိန္ဒိယတွင် ဘက်ဂျက်ဖုန်းဖြန့်မည်

    ဇန်န၀ါရီ ၁၄၊ ၂၀၁၉
    M-Media

    အိန္ဒိယနိုင်ငံ ဘန်ဂါလူရူမြို့ရှိ အကြီးဆုံး ဆမ်ဆောင်းဖုန်းဆိုင်

    – တရုတ်ဖုန်းဈေးကွက်ကို ယှဉ်ပြိုင်ဖို့အတွက် ဆမ်ဆောင်းက အခုလနှောင်းပိုင်းကျရင် အိန္ဒိယမှာ တန်ဖိုးနည်းဖုန်းတွေ စတင်ဖြန့်ချီဖို့ စီစဉ်နေပါတယ်။

    အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ဖုန်းဈေးကွက်ဖြစ်ပြီး Xiaomi လို တရုတ်ဖုန်းတွေက ဈေးကွက်ရဲ့ ပမာဏ တော်တော်များများကို ရယူထားပါတယ်။

    ဆမ်းဆောင်းက အခုဖြန့်ချီမယ့် ဘက်ဂျက်ဖုန်းတွေဟာ M စီးရီးဖြစ်ပြီး အွန်လိုင်း ဈေးဝယ်ဆိုက်တွေကနေ ရောင်းချမှာ ဖြစ်ပါတယ်။

    “အိန္ဒိယက သန်းနဲ့ချီတဲ့ သုံးစွဲသူတွေအတွက် M စီးရီးဖုန်းတွေကို စတင် ထုတ်လုပ်နေပါပြီ” လို့ ဆမ်ဆောင်းရဲ့ ထုတ်လုပ်ရေးနဲ့ ဈေးကွက်ဌာန ဒုတိယဥက္ကဌ မိုဟာမက် အာဆင်မ် ၀ါစီက ပြောကြားခဲ့ပါတယ်။

    ဖုန်းရဲ့ အသေးစိတ်အချက်အလက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် ကြာရှည်အသုံးခံမယ့် ဘတ္ထရီ၊ မြန်မြန်ဆန်ဆန် အားသွင်းနိုင်မယ့် စနစ်တွေ ပါဝင်မှာဖြစ်ပြီး တန်ဖိုးကလည်း ရူပီး တစ်သောင်း (ကန် ၁၄၁.၈၀ ဒေါ်လာ) ကနေ ရူပီး နှစ်သောင်းအကြား ရှိမယ်လို့ ဆိုပါတယ်။

    M စီးရီးဖုန်းတွေကို အိန္ဒိယမှာ ဖြန့်ချီပြီးရင် ကမ္ဘာတစ်ဝှမ်းမှာ ဆက်လက်ဖြန့်ချီမှာ ဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံမှာ အင်တာနက်သုံးစွဲသူ သန်းတစ်ထောင်ကျော်လောက်ရှိပြီး ဖုန်းမကိုင်နိုင်တဲ့သူက သန်း ၃၅၀ လောက် ရှိနေပါတယ်။

    ဆမ်ဆောင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အိန္ဒိယဈေးကွက်ကို ပိုမိုအာရုံစိုက်လာခဲ့ပြီး ပြီးခဲ့တဲ့နှစ်က မြို့တော်နယူးဒေလီ ဆင်ခြေဖုံးမှာ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းထုတ်လုပ်ရေး စက်ရုံကို တည်ဆောက်ခဲ့သလို၊ နိုင်ငံတောင်ပိုင်း ဘန်ဂါလူရူမြို့မှာလည်း အကြီးဆုံး ဖုန်းအရောင်းဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။

    ၀ါစီက အခုလို ဘက်ဂျက်ဖုန်း ထုတ်လုပ်ရောင်းချမှုဟာ ကုမ္ပဏီရဲ့ အကျိုးအမြတ်ကို ဂဏန်း ၂ လုံးအထိ တိုးတက်လာစေမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • ဆီးရီးယားအရှေ့ခြမ်းမှ IS အဖွဲ့၏ နေ၀င်ချိန် နီးကပ်လာဟု SDF အဖွဲ့ပြော

    ဆီးရီးယားအရှေ့ခြမ်းမှ IS အဖွဲ့၏ နေ၀င်ချိန် နီးကပ်လာဟု SDF အဖွဲ့ပြော

    ဇန်န၀ါရီ ၁၄၊ ၂၀၁၉
    M-Media

    ဆီးရီးယားအရှေ့ခြမ်းရှိ IS ၏ နောက်ဆုံးခြေကုပ် (စက်ဝိုင်းအနီ)

    – အီရတ်နယ်စပ်နားမှာ ခြေကုပ်ယူထားတဲ့ IS အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံးနေ့ရက်တွေ နီးကပ်လာပြီလို့ ဆီးရီးယားက အမေရိကန်ကျောထောက်နောက်ခံပြုတပ်ဖွဲ့ SDF က ပြောကြားလိုက်ပါတယ်။

    ကာ့ဒ်တပ်ဖွဲ့ YPG က ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ SDF ဟာ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းက IS အကြမ်းဖက်အုပ်စုကို ပြီးခဲ့တဲ့ ၄ နှစ်လုံးလုံး ရှင်းလင်းနေခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လတွေအတွင်း SDF ဟာ ယူဖရေးတီးမြစ် အရှေ့ခြမ်းနဲ့ အီရတ်နယ်စပ်အကြားက IS အဖွဲ့တွေကို တိုက်ထုတ်ခဲ့ပါတယ်။ SDF အဖွဲ့ရဲ့ ပြန်ကြားရေးအကြီးအကဲ မူစတာဖာ ဘာလီက ပြီးခဲ့တဲ့ ၂ ရက်အတွင်း တိုက်ခိုက်မှုတွေ အရှိမြင့်လာသလို နယ်မြေတွေလည်း ပြန်လည်ရရှိလာတယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူတို့ရဲ့ နောက်ဆုံးနေ့ရက်တွေ နီးကပ်လာပြီး ဒီတိုက်ပွဲဟာ အမြစ်လှန်မယ့် တိုက်ပွဲဖြစ်တယ် ဆိုတာကိုလည်း သူတို့ သိကြပါတယ်”

    SDF ကို ကျောထောက်နောက်ခံပြုထားတဲ့ မဟာမိတ်တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကာနယ် ရှောင်ရိုင်ယန်က ပိုင်နက်တွေ ပြန်သိမ်းနိုင်ပေမယ့် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေဆဲပဲလို့ ပြောကြားခဲ့ပါတယ်။

    “IS အဖွဲ့ကို လုံးဝ သုတ်သင်ပစ်မယ့် စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ဒေသတွင်း ရေရှည်ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်ရှိနေဆဲပါ။ ဒါ့ကြောင့် စစ်ဆင်ရေးက မပြီးသေးပါဘူး”

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားမှာ IS အကြမ်းဖက်အဖွဲ့ကို တိုက်ဖျက်ရေးဟာ အောင်မြင်သွားပြီဖြစ်တဲ့အတွက် သူတို့တပ်ဖွဲ့တွေကို အိမ်ပြန်ခေါ်မယ်လို့ ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ အီရတ်နဲ့ ဆီးရီးယားက နယ်မြေတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အီရတ်နိုင်ငံမှာတော့ ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ IS အကြမ်းဖက်အဖွဲ့ကို အပြီးသတ် ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပါတယ်။

    Ref: Reuters

  • ရန်ပုံငွေနည်းမှုကြောင့် ပါလက်စတိုင်းများအား ကူညီထောက်ပံ့မှုအချို့ကို ကုလ ရပ်ဆိုင်း

    ရန်ပုံငွေနည်းမှုကြောင့် ပါလက်စတိုင်းများအား ကူညီထောက်ပံ့မှုအချို့ကို ကုလ ရပ်ဆိုင်း

    ဇန်န၀ါရီ ၁၄၊ ၂၀၁၉
    M-Media

    ပါလက်စတိုင်း ကလေးငယ်များ

    – ရန်ပုံငွေ ပြတ်လတ်မှုကြောင့် ပါလက်စတိုင်းပိုင်နက်တွေဖြစ်တဲ့ အနောက်ဖက်ကမ်းနဲ့ ဂါဇာက ပြည်သူတစ်ချို့ကို အကူအညီပေးမှု ရပ်ဆိုင်းခဲ့ရတယ်လို့ ကုလရဲ့ ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ် WFP က ပြောကြားလိုက်ပါတယ်။

    အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု၊ ပိတ်ဆို့မှုတွေကြောင့် အတိဒုက္ခရောက်နေတဲ့ ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလအဖွဲ့အစည်းတွေကို နိုင်ငံတကာက ထည့်ဝင်လှူဒါန်းငွေဟာ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း တစ်ဖြည်းဖြည်း လျော့ကျလာခဲ့ပြီး ပြီးခဲ့တဲ့နှစ် အမေရိကန်ရဲ့ ငွေကြေးအကူအညီ ဒေါ်လာ သန်း ၅၀၀ ရပ်ဆိုင်းလိုက်မှုက အခြေနေကို ပိုမို ဆိုးရွားစေခဲ့ပါတယ်။

    WFP ရဲ့ ပါလက်စတိုင်းဆိုင်ရာ ဒါရိုက်တာ စတီဖင် ကီရာနီက ဇန်န၀ါရီ ၁ ရက်နေ့ကစပြီး ဂါဇာနဲ့ အနောက်ဖက်ကမ်းက ပါလက်စတိုင်းပြည်သူ ၂၇၀၀၀ လောက်ဟာ အကူအညီ လုံးဝ ရရှိမှာမဟုတ်တော့ဘဲ ၁၆၅၀၀၀ ကလည်း ပုံမှန်ရနေကြအကူအညီရဲ့ ၈၀ ရာခိုင်နှုန်းသာ ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ်အတွင်း WFP ဟာ ဂါဇာက ပြည်သူ ၂ သိန်းခွဲ၊ အနောက်ဖက်ကမ်းက ပြည်သူ ၁၁၀၀၀၀ လောက်ကို ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်က ရန်ပုံငွေ ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် WFP ဟာ ဒီဇင် ၁၉ ရက်နေ့မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းထံကနေ အကူအညီတွေ ထပ်မံတောင်းခံခဲ့ပေမယ့် လိုအပ်သလောက် မရရှိခဲ့ပါဘူး။

    အစ္စရေးနဲ့ အီဂျစ်တို့က ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူ ၂ သန်းမှာ ၈၀ ရာခိုင်နှုန်းက နိုင်ငံတကာရဲ့ အကူအညီကို မှီခိုအားထားနေရတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • နျူနည်းပညာတွင် အဆင့်တစ်ခုကို ထပ်မံတက်လှမ်းနိုင်ဟု အီရန် ကြေငြာ

    နျူနည်းပညာတွင် အဆင့်တစ်ခုကို ထပ်မံတက်လှမ်းနိုင်ဟု အီရန် ကြေငြာ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၉
    M-Media

    အီရန်နိုင်ငံတောင်ပိုင်းရှိ နျူဓာတ်အားပေးစက်ရုံတစ်ခု

    – သိပ္ပံပညာရှင်တွေဟာ ယူရေနီယံ ၂၀ ရာခိုင်နှုန်းအထိ သန့်စင်တဲ့လုပ်ငန်းကို စတင်လုပ်ဆောင်နေပြီး နိုင်ငံရဲ့ နျူကလီးယားကဏ္ဍဟာ နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိသွားပြီလို့ အီရန် နျူစီမံကိန်းအကြီးအကဲ အလီ အက္ကဘာရ် ဆာလေဟီက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    နိုင်ငံပိုင်သတင်းဌာန IRIB နဲ့ အင်တာဗျူးမှာ ဆာလေဟီက ဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

    “တီဟိရန်က ဓာတ်ပေါင်းဖိုလို အခြား ဘယ်လို ဓာတ်ပေါင်ဖိုမျိုးအတွက်မဆို ကျွန်တော်တို့ လောင်စာ ထုတ်ပေးနိုင်ပါပြီ။ အခုအချိန်မှာ ဓာတ်ပေါင်းဖို တည်ဆောက်တာမျိုးကိုတောင် ကျွန်တော်တို့ သိပ္ပံပညာရှင်တွေ လုပ်ဆောင်နိုင်ပါပြီ”

    ယူရေနီယံသတ္တုကို ၂၀ ရာခိုင်နှုန်းအထိ သန့်စင်ခြင်းဟာ ဓာတ်အားထုတ်လုပ်ဖို့ထက် ပိုမိုတဲ့ အနေအထားဖြစ်ပေမယ့် နျူဗုံးထုတ်လုပ်နိုင်တဲ့အဆင့်အထိ မရောက်သေးပါဘူး။ နျူလက်နက် ထုတ်လုပ်ဖို့အတွက်ဆိုရင် ယူရေနီယံကို ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ သန့်စင်ရမှာ ဖြစ်ပါတယ်။

    အနောက်နိုင်ငံတွေက အီရန်ဟာ နျူလက်နက်ထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲပြောဆိုထားပေမယ့် အီရန်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

    အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ ၂၀၁၅ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ နျူသဘောတူညီချက်မှာ အီရန်အနေနဲ့ ယူရေနီယံသန့်စင်မှုကို ၃.၅ ရာခိုင်နှုန်းသာ လုပ်ဆောင်ဖို့၊ အသုံးပြုတဲ့ ယူရေနီယံပမာဏ ၃၀၀ ကီလိုဂရမ်သာ ထားရှိဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေက အီရန်အပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။

    ကုလရဲ့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က နောက်ဆုံးထုတ်ပြန်တဲ့ ကြေငြာချက်မှာ အီရန်ဟာ သဘောတူညီချက်ကို လိုက်နာနေတယ်လို့ ဖော်ပြထားပါတယ်။

    ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့နှစ် မေလမှာ သဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့ပြီး သြဂုတ်နဲ့ နိုဝင်ဘာလတွေမှာ အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။

    ယူရေနီယံကို ၂၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်အောင် လုပ်ဆောင်နေတယ်လို့ အီရန်က ကြေငြာလိုက်ခြင်းဟာ နိုင်ငံတကာရဲ့ ဖိအားတွေကို ပိုမိုဖိတ်ခေါ်နေသလိုဖြစ်နေပြီး ရှေ့ဆက် အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ တီဟီရန်အခြေစိုက် ဂျာနယ်လစ်နဲ့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ မိုဟာမက် ဟာရှီမီက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera