News @ M-Media

Blog

  • အိန္ဒိယမှ နာမည်ကြီးဟိန္ဒူဘုန်းကြီး လူသတ်မှုဖြင့် ထောင်တစ်သက် ချမှတ်ခံရ

    အိန္ဒိယမှ နာမည်ကြီးဟိန္ဒူဘုန်းကြီး လူသတ်မှုဖြင့် ထောင်တစ်သက် ချမှတ်ခံရ

    ဇန်န၀ါရီ ၁၉၊ ၂၀၁၉
    M-Media

    – မုဒိမ်းမှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရတဲ့ နာမည်ကြီး ဟိန္ဒူဘုန်းကြီးတစ်ပါးကို ဂျာနစ်လစ်တစ်ယောက် သတ်မှုနဲ့ အိန္ဒိယတရားရုံးက ထောင်ဒဏ်တစ်သက် ထပ်မံချမှတ်လိုက်ပါတယ်။

    Dera Sacha Sauda ဘာသာရေးအဖွဲ့ရဲ့ခေါင်းဆောင် အသက် ၅၁ နှစ်အရွယ် ဂူရ်မိ ရာမ ရာဟင် ဆင်း ဆိုသူဖြစ်ပြီး သူ့ရဲ့လုပ်ရပ်တွေကို ဖော်ပြတဲ့ သတင်းစာအယ်ဒီတာကို သတ်ဖြတ်မှုအတွက် အခုလို အပြစ်ပေးခံရတာ ဖြစ်ပါတယ်။ သူနဲ့အတူ အနီးကပ် လူယုံ ၃ ဦးလည်း အဲဒီလူသတ်မှုအတွက် ထောင်ဒဏ် တစ်သက် ချမှတ်ခံခဲ့ရပါတယ်။

    ဆင်းဟာ အိန္ဒိယနိုင်ငံမှာ နောက်လိုက်တော်တော်များများရှိသူဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ဟိန္ဒူဘာသာဝင်တွေတစ်ချို့လည်း သူ့ကို ကိုးကွယ်ကြပါတယ်။

    ဒါပေမယ့် ၂၀၀၂ ခုနှစ် အောက်တိုဘာလက ဟင်ဒီသတင်းစာ Poora Sach က ဆင်းရဲ့ ကြမ်းကြုတ်မှုတွေကို စတင် ဖော်ထုတ်ခဲ့ပြီးတဲ့နောက် သူဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဟိန္ဒူဘာသာရေးအဖွဲ့ Dera Sacha Sauda အတွင်း ဆင်းဟာ သူ့ရဲ့နောက်လိုက် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ်ခဲ့တာကို အမည်မဖော်လိုတဲ့ နောက်လိုက်တစ်ဦးက Poora Sach သတင်းစာမှာ ရင်ဖွင့် ရေးသားခဲ့တာပါ။

    သတင်းစာအယ်ဒီတာ ရာမ ချန်ဒါ ချာထရာပက်သီဟာ ဒီသတင်းဖော်ပြပြီးတဲ့နောက် ၅ ရက်အကြာမှာ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ရာဟင်ဆင်းရဲ့ ဂိုဏ်းအတွင်း ကျူးလွန်မှုတွေကို အိန္ဒိယ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အမျိုးသမီး ၅၀ လောက်က ဆင်းဟာ သူတို့အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ခဲ့တယ်လို့ ဖွင့်ပြောခဲ့ကြပါတယ်။ ဒကာမ နှစ်ဦးကို အဓမ္မကျင့်မှုအတွက် ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ရဲတပ်ဖွဲ့က ဆင်းကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပြီး  ဒီဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် သူ့ကို ကိုးကွယ်သူတွေက အကြီးအကျယ် ဆန္ဒပြခဲ့ကာ အနည်းဆုံး လူ ၃၈ ဦး သေဆုံးခဲ့ပါတယ်။

    Ref: BBC

  • အဓမ္မကျင့်အသတ်ခံရသည့် ကချင်အမျိုးသမီးနှစ်ဦးကိစ္စ ၄ နှစ်ကြာသည်အထိ အမှုမှန်မပေါ်သေး

    အဓမ္မကျင့်အသတ်ခံရသည့် ကချင်အမျိုးသမီးနှစ်ဦးကိစ္စ ၄ နှစ်ကြာသည်အထိ အမှုမှန်မပေါ်သေး

    ဇန်န၀ါရီ ၁၈၊ ၂၀၁၉
    M-Media

    ကွယ်လွန်သူနှစ်ဦး ဈာပနအခမ်းအနားမြင်ကွင်း

    – လွန်ခဲ့တဲ့ ၄ နှစ်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ကချင်ကျောင်းဆရာမ ၂ ဦးကိစ္စ အမှုမှန်ပေါ်ရေး နှေးကွေးနေပေမယ့် အမှန်တရားပေါ်လာအောင် ဆောင်ရွက်သွားမယ်လို့ သက်ဆိုင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောကြားကြောင်း Frontier Myanmar က ဒီကနေ့ လွှင့်တင်တဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    အသက် ၂၀ အရွယ် Maran Lu Ra နဲ့ အသက် ၂၁ နှစ်အရွယ် Tangbau Hkwan Nan Tsin တို့ဟာ ကချင်နှစ်ခြင်းအသင်းတော် KBC က လုပ်အားပေး ဆရာမတွေ ဖြစ်ကြပြီး ကောင်းခါးရွာမှာ တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့မှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    အလောင်းမှာ ဓားဒဏ်ရာတွေ၊ ဦးခေါင်းဒဏ်ရာတွေကို တွေ့ခဲ့ရပြီး အခင်းဖြစ်ပွားခဲ့တဲ့ညဘက်မှာ သူတို့နေထိုင်ရာတဲက အော်သံတွေ ကြားရတယ်လို့ ရွာသားတွေက ပြောပါတယ်။

    အခင်းမဖြစ်ပွားမီ ၂ ရက်အရင်က ကောင်းခါးကျေးရွာနဲ့ မီတာ ၁၀၀ အကွာမှာ အမှတ် ၅၀၃ ခြေမြန်တပ်ရင်းက ယာယီစခန်းလာချတာ၊ အခင်းဖြစ်ပွားရာနေရာမှာ စစ်တပ်ကထုတ်ပေးထားတဲ့ ခါးပတ်၊ တဲပတ်ဝန်းကျင်မှာ စစ်ဖိနပ်ရာတွေ တွေ့ရတာကြောင့် မြန်မာစစ်တပ်က စစ်သားတွေ ကျူးလွန်တာလို့ သံသယရှိခဲ့ကြပါတယ်။

    KBC က ဒီအဖြစ်အပျက်ဖြစ်ပွားတာ ၄ နှစ်ကြာခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ တိုးတက်မှု မရှိပေမယ့် အမှန်တရားကို ဆက်လက်ဖော်ထုတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှ ထပ်လုပ်လို့ မရပါဘူး။ အာဏာပိုင်တွေအပေါ်မှာပဲ မူတည်ပါတယ်” လို့ KBC ရဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် Samson Hkalam က Frontier သတင်းဌာနကို ဇန်န၀ါရီ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

    မူဆယ်မြို့နယ် ရဲတပ်ဖွဲ့က ကောင်းခါးကျေးရွာက ရွာသားနှစ်ဦး ကျူးလွန်တာဖြစ်ပြီး သူတို့ဟာ KIO ထိန်းချုပ်တဲ့နယ်မြေထဲ ထွက်ပြေးသွားကြောင်း ပြောကြားခဲ့တယ်လို့ KBC က ဆိုပါတယ်။

    ၂၀၁၈ ခုနှစ် ဇူလိုင်လက စာနယ်ဇင်းကောင်စီနဲ့ တွေ့ဆုံစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး မင်းအောင်လှိုင်က ဒီအဓမ္မပြုကျင့် သတ်ဖြတ်မှုဟာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်ပြီး DNA စစ်ဆေးမှုအရ အစိုးရတပ်က စစ်သားတွေ မဟုတ်ဘူးဆိုတာ တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် ဇန်န၀ါရီက ၂ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်လာတဲ့ NLD ပါတီက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အဖွဲ့က အမှန်တရားကို ဖော်ထုတ်ပေးမယ်လို့ ပြောကြားခဲ့ကြောင်း Samson Hkalam က ပြောပါတယ်။

    ကချင် ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်ခွန်ဂျာက တပ်မတော် ယာယီစခန်းချတဲ့နေရာကို KIA တပ်ဖွဲ့တွေ သွားရောက်တယ်ဆိုတာ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

    “အဲဒီအချိန်တုန်းက တိုင်းရင်းသားလက်နက်ကိုင်အားလုံးဟာ လူထုရဲ့ထောက်ခံမှုကို လိုချင်နေတဲ့အချိန်ပါ။ ဒီကိစ္စအတွက် KIA မှာ တာဝန်ရှိတယ်လို့ ကျွန်မ မယုံကြည်ပါဘူး”

    ကျူးလွန်သူတွေဟာ အရပ်သားအစိုးရလက်အောက်မှာ အရေးယူ အပြစ်ပေး ခံရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကလည်း ရွာသားတွေကြားထဲမှာ မှေးမှိန်လာတယ်လို့ သူမက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    KBC က ၄ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဇန်န၀ါရီ ၁၉ ရက်နေ့ ကောင်းခါးရွာမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားပြီး ကချင်လူငယ်အဖွဲ့တွေကလည်း တရားမျှတမှုရရှိရေး တောင်းဆိုဖို့ ရှိနေပါတယ်။

    ကချင်လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Kachin Youth Movement ကော်မတီ ခေါင်းဆောင် Sut Seng Htoi က ကချင်ပြည်သူတွေဟာ ဒီကိစ္စကို ဘယ်တော့မှ မေ့မှာမဟုတ်ဘဲ သတ်ဖြတ်သူတွေကို ရှာဖွေဖော်ထုတ်ရေး အာဏာပိုင်တွေကို တိုက်တွန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “တရားမျှတရေး တောင်းဆိုမှုကို ဒီနှစ်မှာ ကျွန်မတို့ တိုးချဲ့လုပ်ဆောင်သွားမှာပါ”

    Ref: Frontier Myanmar

    (Frontier Myanmar ၏ သတင်းဆောင်းပါးကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • အမေရိကန်လေဆိပ်တစ်ခုကို လက်ဝှေ့ကျော် မိုဟာမက်အလီ၏အမည် ဂုဏ်ပြုမှည့်ခေါ်မည်

    အမေရိကန်လေဆိပ်တစ်ခုကို လက်ဝှေ့ကျော် မိုဟာမက်အလီ၏အမည် ဂုဏ်ပြုမှည့်ခေါ်မည်

    ဇန်န၀ါရီ ၁၈၊ ၂၀၁၉
    M-Media

    – အမေရိကန်ပြည်ထောင်စု ကန်တက်ကီပြည်နယ် လူးဝစ်ဗီလီမြို့က လေဆိပ်ကို ကမ္ဘာကျော် ဘောက်ဆာသမား မိုဟာမက် အလီရဲ့အမည် ဂုဏ်ပြုမှည့်ခေါ်သွားမယ်လို့ သိရပါတယ်။

    ၂၀၁၆ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ မိုဟာမက်အလီဟာ ကန်တက်ကီပြည်နယ်ဇာတိဖြစ်ပြီး သူ့ရဲ့ အသက် ၇၇ နှစ်ပြည့်မယ့်ရက် မတိုင်မီ ဒီကြေငြာချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    လူးဝစ်ဗီလီမြို့တော်ဝန် ဂရဂ်ျ ဖစ်ချာက အလီဟာ ကမ္ဘာတစ်ဝှမ်း ဘီလီယံနဲ့ချီတဲ့ပြည်သူတွေ လေးစားအားကျရသူတစ်ဦး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မိုဟာမက်အလီကိုဂုဏ်ပြုတဲ့ ‘I’m Ali’ ပွဲတော်ကို လာမယ့်ဇွန်လအတွင်း ကန်တက်ကီပြည်နယ်မှာ ကျင်းပဖို့ ရှိနေပြီး လူးဝစ်ဗီလီ နိုင်ငံတကာလေဆိပ်ကို ‘မိုဟာမက်အလီ နိုင်ငံတကာလေဆိပ်’ အဖြစ်အဲဒီပွဲတော်မှာ အမည်ပြောင်းသွားမှာ ဖြစ်ပါတယ်။

    “မိုဟာမက်အလီဟာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါပေမယ့် သူ့ဇာတိကတော့ တစ်ခုတည်းပါ။ ကံကောင်းတာက ဒီဇာတိက ကျွန်တော်တို့ရဲ့ လူးဝစ်ဗီလီဖြစ်နေတာပါပဲ။ မိုဟာမက်အလီဟာ ကမ္ဘာပေါ်က အကျော်ကြားဆုံးထဲက တစ်ယောက်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း ဘီလီယံနဲ့ချီတဲ့သူတွေ လေးစားအတုယူရမယ့် လူသားချင်းစာနာမှု၊ အားကစားစိတ်ဓာတ်ပြည့်ဝမှုဆိုတဲ့ အမွေအနှစ်တွေကို ချန်ရစ်ခဲ့ပါတယ်” လို့ ဖစ်ချာ ပြောခဲ့ပါတယ်။

    “မြို့အနေနဲ့ ချန်ပီယံတစ်ယောက်ရဲ့ အမွေအနှစ်ကို ဖော်ထုတ်ဖို့ အရေးကြီးပါတယ်။ လေဆိပ်ကို နာမည်ပေးတာဟာ ထူးခြားတဲ့ ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်”

    မိုဟာမက်အလီရဲ့အမည်ကို အသုံးပြုခွင့်ရရေး လေဆိပ်တာဝန်ရှိသူတွေဟာ အလီရဲ့ မိသားစုထံကနေ ခွင့်ပြုချက် တောင်းခံနေပါတယ်။

    “သဘောတူညီချက်ရဖို့ ၉၉ ရာခိုင်နှုန်း သေချာနေပြီလို့ ကျွန်တော်ထင်ပါတယ်။ နောက်ထပ် တစ်ပတ်၊ နှစ်ပတ်လောက်မှာ ဒီကိစ္စကို အပြီးသတ်နိုင်မှာပါ” လို့ လူးဝစ်ဗီလီလေဆိပ် အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ ဒန်မန်းက ပြောကြားခဲ့ပါတယ်။

    The Greatest လို့ ကျော်ကြားတဲ့ အလီဟာ ၂၀ ရာစုရဲ့ အကျော်ကြားဆုံး အားကစားသမားတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့ဘောက်ဆင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ကစားသမားတွေထဲမှာလည်း ပါဝင်ပါတယ်။

    အလီဟာ အမေရိကန်နိုင်ငံက အာဖရိကန်နွယ်ဖွားတွေ တန်းတူအခွင့်အရေး ရဖို့အတွက် ဦးဆောင်ဦးရွက်ပြုခဲ့သလို၊ ပရဟိတလုပ်ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Khaleej Times

  • နိုင်ငံတကာအဆင့်မီ အပန်းဖြေမြို့သစ် စီမံကိန်းကို ဆော်ဒီက မကြာမီ စတင်မည်

    နိုင်ငံတကာအဆင့်မီ အပန်းဖြေမြို့သစ် စီမံကိန်းကို ဆော်ဒီက မကြာမီ စတင်မည်

    ဇန်န၀ါရီ ၁၇၊ ၂၀၁၉
    M-Media

    မြို့သစ် ဒီဇိုင်း

    – နိုင်ငံရဲ့ ခရီးသွားကဏ္ဍ တိုးတက်စေရေး အထောက်အကူဖြစ်ဖို့အတွက် ကန်ဒေါ်လာ ဘီလီယံ ၅၀၀ တန် မြို့သစ် စီမံကိန်းကြီးတစ်ခုကို စတင်သွားမယ်လို့ ဆော်ဒီက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    NEOM လို့ အမည်ပေးထားတဲ့ အဲဒီ စီမံကိန်းဟာ နီမွန်ပင်လယ်အော်နားမှာ တည်ဆောက်မှာဖြစ်ပြီး သဲဖြူကမ်းခြေတွေ၊ လူနေအိမ်တွေ၊ အဆင့်မြင့် ဟိုတယ်တွေ၊ ဇိမ်ခံအဆောက်အဦးတွေအပါအ၀င် ခရီးသွားကဏ္ဍအတွက် လိုအပ်တဲ့ အဆောက်အဦးတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီမြို့သစ်က နေအိမ်တွေကို ဒေသတွင်းသာမက နိုင်ငံခြားသားတွေပါ ၀ယ်ယူနိုင်မှာပါ။

    ဆောက်လုပ်ရေးလုပ်ငန်း ပထမအဆင့်ကို ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်မှာ စတင်မှာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ မြို့သစ်အတွက် အသုံးပြုနိုင်မယ့် လေဆိပ်ကို လက်ရှိမှာ ဆောက်လုပ်နေပြီး အခုနှစ်ကုန်ပိုင်းမှာ ပြီးစီးမှာ ဖြစ်ပါတယ်။

    ပင်လယ်နီရဲ့ အချက်အခြာကျတဲ့ ကမ်းရိုးတန်းမှာ တည်ဆောက်မယ့် အဲဒီ NEOM စီမံကိန်းကို ၂၀၁၇ ခုနှစ်မှာ စတင် ကြေငြာခဲ့တာဖြစ်ပြီး ခရီးသွားကဏ္ဍသာမက၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍပါ တိုးတက်အောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ မြို့သစ်ရဲ့ တန်ဖိုးကို အတိအကျ ထုတ်ပြန်ထားတာ မရှိသေးဘဲ ဆော်ဒီအစိုးရရဲ့ မတည်ငွေ ကန်ဒေါ်လာ ဘီလီယံ ၅၀၀ နဲ့ စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

    နိုင်ငံရဲ့စီးပွားရေး ရေနံလုပ်ငန်းအပေါ် အလွန်အမင်း မှီခိုနေရမှုကို လျှော့ချဖို့အတွက် ဆော်ဒီဟာ ရည်းမှန်းချက်ထားပြီး ဆောင်ရွက်နေပါတယ်။ ခရီးသွားကဏ္ဍ တိုးတက်ဖို့အတွက် ဆိုရင် အခြေခံအဆောက်အဦးတွေ၊ ဥပဒေပြဌာန်းမှုတွေအပါအ၀င် လုပ်ဆောင်စရာ တော်တော်များများ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    မလိုအပ်တဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို လျှော့ချဖြစ်ဖို့အတွက် NEOM မြို့မှာ ကိုယ်ပိုင် အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဆော်ဒီအစိုးရက ထားရှိပေးသွားမှာ ဖြစ်ပါတယ်။

    Ref: Arab News

  • ကင်ညာရှိ ဟိုတယ်တစ်ခုကို အလ်-ရှာဘတ်အဖွဲ့က တိုက်ခိုက်၊ ၂၁ ဦး သေဆုံး

    ကင်ညာရှိ ဟိုတယ်တစ်ခုကို အလ်-ရှာဘတ်အဖွဲ့က တိုက်ခိုက်၊ ၂၁ ဦး သေဆုံး

    ဇန်န၀ါရီ ၁၇၊ ၂၀၁၉
    M-Media

    – မနေ့က ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီက ထိပ်တန်း ဟိုတယ်တစ်ခုမှာ သေနတ်သမား ၅ ဦး ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်ဆုံး ၂၁ ဦးသေဆုံးခဲ့တယ်လို့ ကင်ညာအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

    ဆိုမာလီအခြေစိုက်ပြီး အလ်ကိုင်းဒါးကို သစ္စာခံတဲ့ အကြမ်းဖက်အဖွဲ့ အလ်-ရှာဘတ်က ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာဖြစ်ပြီး ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်ရဲ့ အသိအမှတ်ပြုမှုကို လက်တုန့်ပြန်တာလို့ ပြောကြားခဲ့ပါတယ်။

    ကင်ညာလုံခြုံရေးတပ်ဖွဲ့တွေဟာ အခြေအနေကို ထိန်းသိမ်းဖို့အတွက် နာရီ ၂၀ လောက် ကြိုးစားခဲ့ရပြီး သေနတ်သမား ၅ ဦးစလုံးကို အသေပစ်သတ်နိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှုပြုလုပ်ဖို့ စီစဉ်သူ ၂ ဦးကို ဖမ်းဆီးထားတယ်လို့လည်း ကင်ညာအစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    သေဆုံးသူတွေထဲက ၁၆ ဦးဟာ ကင်ညာနိုင်ငံသားတွေဖြစ်ပြီး ဗြိတိန်နိုင်ငံသား ၁ ဦး၊ အမေရိကန်က တစ်ဦးတို့ ပါဝင်ပါတယ်။ ကျန်ရှိတဲ့ ၃ ဦးဟာ အာဖရိကနွယ်ဖွားတွေ ဖြစ်ကြပေမယ့် ဘယ်နိုင်ငံသားတွေလဲဆိုတာ အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။ လူ ၅၀ လောက်ရဲ့ စာရင်းကို မရသေးတဲ့အတွက် သေဆုံးသူတွေ ထပ်မံတိုးလာဖွယ် ရှိနေပါတယ်။

    ကင်ညာသမ္မတ အူရူ ကန်ညက်တာက ဒီအဖြစ်အပျက်အတွင်း အရပ်သား ၇၀၀ လောက်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    နိုင်ရိုဘီမြို့က Westgate ရှော့ပင်းမောလ်ကို ၂၀၁၃ ခုနှစ်မှာ အလ်-ရှာဘတ်က တိုက်ခိုက်ခဲ့တာကြောင့် ၆၇ ဦး သေဆုံးခဲ့ပြီး၊ ၂၀၁၅ ခုနှစ် ဧပြီလမှာ ကင်ညာနိုင်ငံအရှေ့ပိုင်းက Garissa တက္ကသိုလ်မှာလည်း ဒီအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ၁၄၈ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera