News @ M-Media
Blog
  • ဖမ်းခံရမည်ကိုကြောက်၍ ရခိုင်ပြည်နယ်ရှိ ကျေးရွာ ၃၀ မှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်ထား
    ဖမ်းခံရမည်ကိုကြောက်၍ ရခိုင်ပြည်နယ်ရှိ ကျေးရွာ ၃၀ မှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်ထား
    ဇန်န၀ါရီ ၁၇၊ ၂၀၁၉
    M-Media
    Photo Credit – Irrawaddy
    – ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ပတ်သက်မှုရှိတယ်လို့ မှားယွင်းစွပ်စွဲခံရမှာကို ကြောက်ရွံ့တဲ့အတွက် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၃၀ လောက်က ကျေးရွားအုပ်ချုပ်ရေးမှူးတွေဟာ နှုတ်ထွက်စာ တင်ထားကြတယ်လို့ ‘ရခိုင်အမျိုးသားပါတီ’ ရဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက
    ပြောကြားလိုက်ပါတယ်။
    “အန္တရာယ် ရှိလာနိုင်တဲ့အတွက် လူတိုင်းနဲ့ ဆက်ဆံရေးကောင်းအောင် သူတို့ဆောင်ရွက်ဖို့ လိုအပ်တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အထက်အရာရှိတွေက သူတို့အပေါ် တရားစွဲမှာကို ကြောက်ရွံ့နေကြပါတယ်” လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။
    ဝေးလံခေါင်ဖျားတဲ့ဒေသတွေက ပြည်သူတွေကို ၀န်ဆောင်မှုပေးနိုင်ရေး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီး အခုလို အစုလိုက်အပြုံလိုက် နှုတ်ထွက်သွားတာကြောင့် ပြည်နယ်အစိုးရမှာ ကသောင်းကနင်းတွေ ဖြစ်လာနိုင်တယ်လို့လည်း သူမက ပြောပါတယ်။
    များပြားလှတဲ့ နှုတ်ထွက်စာတွကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးဌာနက အထက်ကို မေးမြန်းထားတယ်လို့ ဆိုပါတယ်။
    ဒေါ်ခင်စောဝေရဲ့ မဲဆန္ဒနယ်မှာရှိတဲ့ ရေကောင်းချောင်းကျေးရွာ အလုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှိုင်နဲ့ အခြား အမျိုးသားတစ်ယောက်တို့ဟာ AA နဲ့ အဆက်အသွယ်လုပ်ခဲ့တယ်လို့ အစိုးရစစ်တပ်က စွပ်စွဲခဲ့ပြီး ဒီဇင်ဘာလမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
    ဘူးသီးတောင်မြို့နယ်က သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးလည်း မကြာသေးခင်က တရားမ၀င် အသင်းအဖွဲ့ အက်ဥပဒေနဲ့ တရားစွဲဆို ခံထားရပါတယ်။
    ဒေါ်ခင်စောဝကတော့ အခြား အုပ်ချုပ်ရေမှူးတွေလည်း ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာမှာကို ကြောက်ရွံ့နေတယ်လို့ ဆိုပါတယ်။
    စစ်တပ်က ရွာသား ၁၁ ဦးကို လူသားတံတိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့တဲ့ စေတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးကိုလည်း စစ်ဖက် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက မကြာသေးခင်ကပဲ တရားစွဲဆိုခဲ့ပါတယ်။
    မြန်မာစစ်တပ်ရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ AA နဲ့ ဆက်နွယ်နေတယ်လို့ မသင်္ကာသူ ၁၅ ဦးကို သရက်ပြင်ကျေးရွာမှာ ထိန်းသိမ်းစစ်ဆေးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ အခြား အမျိုးသားတစ်ဦးတို့က သူတို့ဟာ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအကြောင်း AA ကို သတင်းပေးခဲ့တယ်လို့ ၀န်ခံခဲ့ကြောင်း ဖော်ပြထားပါတယ်။
    ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာက ရွာသားနှစ်ဦးဟာ AA ကို ဖုန်းနဲ့ သတင်းတွေ ပေးပို့တယ်လို့စွပ်စွဲပြီး မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
    Ref: Irrawaddy
    (ဧရာဝတီသတင်းဌာန၏ အင်္ဂလိပ်ပိုင်းသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)
  • ကုလ၏ ထိပ်တန်းအဖွဲ့အစည်းတစ်ခုကို ပါလက်စတိုင်းက ဥက္ကဌအဖြစ် တာဝန်ယူ
    ကုလ၏ ထိပ်တန်းအဖွဲ့အစည်းတစ်ခုကို ပါလက်စတိုင်းက ဥက္ကဌအဖြစ် တာဝန်ယူ
    ဇန်န၀ါရီ ၁၆၊ ၂၀၁၉
    M-Media
    ပါလက်စတိုင်းသမ္မတ မဟ်မူဒ် အဘတ်စ်
    – ကုလသမဂ္ဂက ‘ဖွံ့ဖြိုးဆဲနိုင်ငံများအဖွဲ့’ (G77) ရဲ့ ဥက္ကဌအဖြစ် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်က မနေ့မှာ တရားဝင် တာဝန်လွှဲပြောင်းယူခဲ့ပြီး နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်တဲ့ဝါဒအပေါ် တိုက်ခိုက်နေမှုကို ရင်ဆိုင် တိုက်ဖျက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ဖွံ့ဖြိုးဆဲနိုင်ငံတွေ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်နိုင်ဖို့အတွက် ၁၉၆၄ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ G77 အဖွဲ့မှာ တရုတ်အပါအ၀င် နိုင်ငံပေါင်း ၁၃၄ နိုင်ငံ ပါဝင်ပါတယ်။
    ဥက္ကဌရာထူးကနေ အနားယူတော့မယ့် အီဂျစ် နိုင်ခြားရေ၀န်ကြီး ဆာမေဟ်က ရာထူးလွှဲပြောင်းပွဲအခမ်းအနားမှာ ဥက္ကဌအဆောင်အယောင်ဖြစ်တဲ့ တူကို အဘတ်စ်ထံ လွှဲပေးခဲ့ပြီး ပွေ့ဖက် ဂုဏ်ပြုခဲ့ပါတယ်။
    လေ့လာသူအဖွဲ့ဝင်နိုင်ငံအဖြစ် ရှိနေတဲ့ ပါလက်စတိုင်းကို G77 အဖွဲ့ဥက္ကဌရာထူး ခန့်အပ်ရေး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ပြုလုပ်တဲ့ ကုလရဲ့ အထွေထွေညီလာခံမှာ အတည်ပြုခဲ့ပြီး အဲဒီဆုံးဖြတ်ချက်ကို အစ္စရေးနဲ့ အမေရိကန်တို့က ကန့်ကွက်ခဲ့ပါတယ်။
    အဲဒီတုန်းက ဆုံးဖြတ်ချက်ကို လက်ခံတဲ့အနေနဲ့ ပြောကြားတဲ့မိန့်ခွန်းမှာ အဘတ်စ်က ကိုလိုနီစနစ်အောက်မှာ နေထိုင်နေရတဲ့ ကမ္ဘာ့ပြုသူတွေရဲ့ အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် G77 က ဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    မနေ့က တရားဝင် ရာထူးမယူခင် မီဒီယာနဲ့ တွေ့ဆုံမှုမှာလည်း ပါလက်စတိုင်းဟာ ကုလရဲ့ တင်းပြည့်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရေး ကြိုးပမ်းသွားမယ်လို့ အဘတ်စ်က ပြောကြားခဲ့ပါတယ်။
    Ref: Alarabiya
  • ရခိုင်ပြည်သူများအား အကူအညီပေးရေး မကန့်သတ်ဖို့ အစိုးရကို ကုလတောင်းဆို
    ရခိုင်ပြည်သူများအား အကူအညီပေးရေး မကန့်သတ်ဖို့ အစိုးရကို ကုလတောင်းဆို
    ဇန်န၀ါရီ ၁၆၊ ၂၀၁၉
    M-Media
    တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာရသည့် ရခိုင်ပြည်သူများ
    – အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား လတ်တလောတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကို ‘လျင်လျင်မြန်မြန်နဲ့ အကန့်အသတ်မရှိ’ ခွင့်ပြုပေးဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို တနင်္လာနေ့မှာ တောင်းဆိုခဲ့ပါတယ်။
    ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် နှောင်းပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားကာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ ရှိခဲ့ပြီး လွတ်လပ်ရေးနေ့က ရဲကင်းစခန်းတစ်ချို့ကို AA က တိုက်ခိုက်ခဲ့ပြီးနောက် ထွက်ပြေးရသူအရေအတွက်ဟာ စုစုပေါင် ၅၀၀၀ လောက် ရှိလာကာ ဘုန်းကြီးကျောင်းတွေ၊ ဘေးလွတ်ရာနေရာတွေမှာ ခိုလှုံနေရပါတယ်။
    ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းက တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မြို့နယ် ၅ ခုက ကျေးလက်ဒေသတွေကို အစိုးရမဟုတ်တဲ့ အကူအညီပေးရေးအဖွဲ့တွေ၊ ကုလအဖွဲ့တွေ သွားရောက်ခြင်းမပြုဖို့ ရခိုင်ပြည်နယ်အစိုးရက ပြီးခဲ့တဲ့တစ်ပတ်မှာ သတိပေးခဲ့ပါတယ်။
    နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC နဲ့ ကုလရဲ့ ‘ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်’ WFP တို့ကိုတော့ ဒီလို တားမြစ်ခြင်း မရှိပါဘူး။
    “လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ကန့်သတ်ထားတာကြောင့် ရခိုင်ပြည်နယ်က ပဋိပက္ခဒဏ်ခံ ဒေသတွေမှာ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ အမျိုးသားတွေဟာ လုံလောက်တဲ့ အကူအညီတွေ၊ ကာကွယ်ပေးမှုတွေ မရဘဲ ဖြစ်နေတာကို ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်မိပါတယ်။
    အကူအညီတွေကို ကန့်သတ်မှုမရှိဘဲ လျင်လျင်မြန်မြန်ပေးနိုင်ရေး ကျွန်တော်တို့ရဲ့ တောင်းဆိုမှုကို အစိုးရဖက်က အပြုသဘောဆောင်ပြီး တုန့်ပြန်ဖို့၊ အရပ်သားတွေကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေနဲ့အညီ ကာကွယ်ပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ကုလရုံး ပြောရေးဆိုခွင့်ရှိသူ ပီယာရီ ပီရွန်က ပြောကြားခဲ့ပါတယ်။
    ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က အကူအညီပေးရေးကို ကန့်သတ်တာဟာ လုံခြုံရေးအကြောင်းအရင်းတွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “တိုက်ပွဲတွေ ဘယ်လောက်ကြာမလဲဆိုတာ ကျွန်တော်တို့မသိဘူး။ လုံခြုံရေးစိုးရိမ်ရမှု မရှိတဲ့အခါကျရင် အကူအညီတွေကို ပြန်လည် ခွင့်ပြုပေးသွားမှာပါ”
    Ref: Reuters
  • အဆင့်မြင့် စစ်လက်နက်ထုတ်လုပ်မှုတစ်ချို့တွင် တရုတ်က ဦးဆောင်လာဟု ပင်တဂွန် ဖော်ပြ
    အဆင့်မြင့် စစ်လက်နက်ထုတ်လုပ်မှုတစ်ချို့တွင် တရုတ်က ဦးဆောင်လာဟု ပင်တဂွန် ဖော်ပြ
    ဇန်န၀ါရီ ၁၆၊ ၂၀၁၉
    M-Media
    – ကမ္ဘာ့ အဆင့်အမြင့်ဆုံး စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးနယ်ပယ်ကို တရုတ်က လိုက်မီလာခဲ့ပြီး တစ်ချို့နည်းပညာတွေမှာ ပြိုင်ဘက်တွေထက် ပိုသာသွားပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ‘ပင်တဂွန်’ က မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    ‘တရုတ်၏ စစ်ရေးအင်အား’ (China Military Power) လို့ အမည်ပေးထားတဲ့ အဲဒီ အစီရင်ခံစာမှာ တရုတ်ဟာ နိုင်ငံရပ်ခြားက စစ်ရေးနည်းပညာ လျှို့ဝှက်ချက်တွေကို နည်းလမ်းပေါင်းစုံနဲ့ ရရှိအောင် ဆောင်ရွက်တာကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း စစ်ရေးနယ်ပယ်မှာ သိသိသာသာ တိုးတက်မှုတွေ ရရှိလာတယ်လို့ ရေးသားထားပါတယ်။
    ထိပ်တန်း စစ်လက်နက်ပစ္စည်း တီထွင်ဖန်တီးမှု နယ်ပယ်ကို တရုတ်က လိုက်မီလာတဲ့ပြင် အသံထက်မြန်တဲ့ လက်နက်၊ ရေတပ်သုံးလက်နက်၊ ဒုံးခွင်းစနစ်တွေမှာ ပြိုင်ဘက်တွေထက် ကျော်လွတ်သွားပြီလို့ ပင်တဂွန်က သုံးသပ်ပါတယ်။
    “နည်းလမ်းပေါင်းစုံသုံးကာ နည်းပညာတွေကို ရယူခဲ့တာကြောင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ PLA ဟာ ကမ္ဘာပေါ်က အဆန်းသစ်စုံး လက်နက်ထုတ်လုပ်ရေးနယ်ပယ်ကို လိုက်မီလာခဲ့ပါတယ်။ တစ်ချို့ ကဏ္ဍတွေမှာဆိုရင် ဦးဆောင်သူတောင် ဖြစ်လာပါပြီ” လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
    လက်ရှိမှာ တရုတ်ဟာ အာရှဒေသတွင်းနဲ့ ကမ္ဘာပေါ်က ဘယ်လိုပစ်မှတ်မျိုးကိုမဆို ပစ်ခတ်နိုင်တဲ့ တာလတ်-တာဝေသုံး ကိုယ်ပျောက်တိုက်လေယာဉ်သစ်ကို ဖန်တီးထုတ်လုပ်နေပြီး ၂၀၂၅ မှာ ပထမဆုံး စတင်အသုံးပြုနိုင်မယ်လို့ ပင်တဂွန်က အစီရင်ခံစာမှာ ထုတ်ဖော် ရေးသားထားပါတယ်။
    စစ်ဖက်ဆိုင်ရာ သုတေသန လုပ်ငန်းတွေကို ဂြိုဟ်တုကနေ ခြေရာခံလို့မရအောင် မြေအောက် အဆောက်အဦးတွေမှာ လုပ်ဆောင်နေတယ်လို့လည်း ပင်တဂွန်က ဆိုပါတယ်။
    Ref: CNA
  • တိုင်းပြည်၏ ကြွယ်ဝမှုကို နိုင်ငံသားတိုင်း ညီတူမျှတူ ခံစားနိုင်ရမည်ဟု မလေးဝန်ကြီးချုပ် ပြော
    တိုင်းပြည်၏ ကြွယ်ဝမှုကို နိုင်ငံသားတိုင်း ညီတူမျှတူ ခံစားနိုင်ရမည်ဟု မလေးဝန်ကြီးချုပ် ပြော
    ဇန်န၀ါရီ ၁၆၊ ၂၀၁၉
    M-Media
    – တိုင်းပြည်ရဲ့ ကြွယ်ဝမှုတွေကို လူမျိုးအားလုံးက ညီတူညီမျှ မျှဝေခံစားနိုင်ဖို့ လိုအပ်ပြီး နိုင်ငံအတွင်း လူမျိုးရေးညီညွတ်ရေး ပိုမိုဆောင်ရွက်ရမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။
    တနင်္လာနေ့က အစိုးရအဖွဲ့ ၀န်ထမ်းတွေကိုပြောတဲ့ လပတ်မိန့်ခွန်းမှာ မဟာသီက ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။ နိုင်ငံသားတွေထဲမှာ တစ်စုတစ်ဖွဲ့က နောက်မှာကျန်နေခဲ့ရင် မလေးရှားဟာ အောင်မြင်တဲ့တိုင်းပြည်တစ်ခု ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။
    “တိုင်းပြည်က ချမ်းသာပေမယ့် နိုင်ငံသားတိုင်းကို မမျှဝေဘူး ဒါမှမဟုတ် အုပ်စုတစ်ခုတည်းကိုပဲ ပေးနေမယ်ဆိုရင် အဲဒီချမ်းသာကြွယ်ဝမှုက အသုံးမ၀င်ပါဘူး။ ကျွန်တော်တို့မှာ ရှိတာတွေကို အတူတကွ မျှဝေခံစားရမှာ ဖြစ်ပါတယ်။ တိုင်းပြည်က ချမ်းသာပြီး လူနည်းစုတွေက ဒီချမ်းသာမှုကို မခံစားရတာမျိုး ကျွန်တော်တို့ မဖြစ်ချင်ပါဘူး”
    နိုင်ငံသားတွေထဲမှာ ဆင်းရဲ၊ ချမ်းသာ အလွန်ကွာဟနေမယ်ဆိုရင် ပဋိပက္ခတွေနဲ့ ကြုံတွေ့ရမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် လူမျိုးစုတိုင်းမှာ ဆင်းရဲမွဲတေမှုတွေမရှိအောင် ဆောင်ရွက်ဖို့လိုကြောင်း မဟာသီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “တိုင်းပြည်ရဲ့ကြွယ်ဝမှုကို ညီတူညီမျှ မျှဝေခံစားနိုင်အောင် ဆောင်ရွက်ရမှာက ကျွန်တော်တို့တာဝန်ပါ။ အနည်းဆုံး ကျွန်တော်တိုင်းပြည်က လူ့အဖွဲ့အစည်းအားလုံး လက်ခံနိုင်တဲ့ အဆင့်မျိုးရောက်တဲ့အထိ ဆောင်ရွရမှာ ဖြစ်ပါတယ်”
    မလေးရှားနိုင်ငံမှာ ဌာနေတိုင်းရင်းသားတွေကို ဘူမိပူထရာလို့ခေါ်ပြီး နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း ရေးဆွဲထားတဲ့ အခြေခံဥပဒေအရ ဌာနေတိုင်းရင်းသားတွေဟာ အခြားနိုင်ငံသားတွေထက် အခွင့်အရေး ပိုရနေပါတယ်။
    ပဋိပက္ခက တိုင်းပြည်အတွက် အကျိုးမဖြစ်
    တစ်ချိန်က မလေးရှားကို ဘာသာစကားတစ်ခုတည်း ပြောဆိုပြီး၊ ယဉ်ကျေးမှုတစ်ခုတည်းကို လိုက်နာတဲ့ နိုင်ငံတစ်ခုအဖြစ် ရည်မှန်းခဲ့ပမယ့်၊ လူမျိုးပေါင်းစုံရှိတယ်ဆိုတဲ့ အရှိတရားကို လက်ခံခဲ့ရတယ်လို့ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဆိုပါတယ်။
    မလေးရှားမှာ ၁၉၆၉ ခုနှစ်က တရုတ်-မလေး အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး မဟာသီက ဒီလို ပဋိပက္ခတွေဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “ပဋိပက္ခတွေက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးဆိုတဲ့ သမိုင်းကပေးတဲ့သင်ခန်းစာ ရှိပါတယ်။ လူမျိုးပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဟာ ဘယ်လောက်အထိအရေးပါလဲဆိုတာ အဲဒီသင်ခန်းစာကနေ ကျွန်တော်တို့ နားလည်ခဲ့ပါတယ်”
    ပြီးခဲ့တဲ့နှစ် ဇွန်လက ပြုလုပ်ခဲ့တဲ့ မလေးရှားရွေးကောက်ပွဲမှာ ဘာသာရေး၊ လူမျိုးရေးတွေ ရှေ့တန်းရောက်ခဲ့ပြီး နိုဝင်ဘာလအတွင်း ဆီလန်ဂေါပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဟိန္ဒူဘုရားကျောင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတို့အကြား ပြဿနာမှာလည်း လူမျိုးရေးပုံဖော်မှုတွေ ရှိခဲ့ပါတယ်။
    Ref: CNA