News @ M-Media
Blog
  • လူပျောက်မှုအတွက် နာမည်ကြီးရသေ့၏ ကျောင်းသင်္ခမ်းတစ်ခုကို နီပေါရဲတပ်ဖွဲ့ ၀င်ရောက်ရှာဖွေ
    လူပျောက်မှုအတွက် နာမည်ကြီးရသေ့၏ ကျောင်းသင်္ခမ်းတစ်ခုကို နီပေါရဲတပ်ဖွဲ့ ၀င်ရောက်ရှာဖွေ
    ဇန်န၀ါရီ ၁၃၊ ၂၀၁၉
    M-Media
    – နီပေါနိုင်ငံက နာမည်ကျော်တဲ့ ရသေ့တစ်ပါးဖြစ်တဲ့ ရာမ ဘဟာဒူးရ် ဘွမ်ဂျန်ရဲ့ တရားကျင့်ရာနေရာတစ်ခုကို ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး ဒကာ၊ ဒကာမ ၄ ဦး ပျောက်ဆုံးမှုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
    ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက ပြောရေးဆိုခွင့်ရှိသူ အူမာ ပရာဆဒ် ချာတူရ် ဗီဒီက ပျောက်ဆုံးသူတစ်ဦးရဲ့အလောင်း မြှုပ်ထားတယ်လို့ သတင်းရတဲ့အတွက် မြို့တော် ခတ္တာမန်ဒူမြောက်ပိုင်းက တရားကျင့်ရာနေရာမှာ ၀င်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    ရှာဖွေမှုအတွင်း လူသားရုပ်ကြွင်းနဲ့ ပတ်သက်တာတွေ တွေ့ရှိခဲ့ခြင်း မရှိပါဘူး။
    လက်ရှိမှာ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘွမ်ဂျန်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ် တောထဲမှာ မစားမသောက် တရားကျင့်မှုအတွက် နာမည်ကျော်ခဲ့ပြီး နောက်လိုက်တွေလည်း အမျာအပြား ရှိလာခဲ့ပါတယ်။
    ဂေါတမ ဗုဒ္ဓ ၀င်စားတယ်လို့မှတ်ယူကာ ဘွမ်ဂျန်ကို ‘ဗုဒ္ဓအငယ်စားလေး’ လို့လည်း ခေါ်ဝေါ်သမုတ်ခဲ့ကြပါတယ်။ ဘွမ်ဂျန်ဟာ နိုင်ငံတစ်ဝှမ်း တရားကျင့်ရာနေရာတွေ တည်ဆောက်ခဲ့ပြီး သူ့ကိုယုံကြည်သူတွေကို တရားဟောတာ၊ အပူဇော်ခံတာတွေလည်း လုပ်ဆောင်နေပါတယ်။
    ဒါပေမယ့် သူ့ကိုယုံကြည်သူ ဒကာ ၂ ယောက်၊ ဒကာမ ၂ ယောက် လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ပျောက်ဆုံးမှုအတွက် နီပေါရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
    “ဘွမ်ဂျန်ကို သီးသန့် တိုင်ကြားတာမျိုးတော့ မဟုတ်ပါဘူး။ ဒီလူတွေဟာ သူ့ရဲ့ တရားကျင့်ရာနေရာတွေကနေ ပျောက်ဆုံးသွားတာကြောင့် နောက်ဆုံးမှာ သူ့ကို မေးမြန်းစစ်ဆေးတာတွေ လုပ်ရပါလိမ့်မယ်။ အခုအချိန်အထိတော့ မလုပ်ရသေးပါဘူး” လို့ ဗီဒီက ပြောကြားခဲ့ပါတယ်။
    ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း ဘွမ်ဂျန်အပေါ် စွပ်စွဲမှုတစ်ခု စတင် ပေါ်ပေါက်ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် သီလရှင်တစ်ပါးက ဘွမ်ဂျန်ဟာ တရားကျင့်ရာနေရာတစ်ခုမှာ သူမကို အဓမ္မကျင့်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ ရဲတပ်ဖွဲ့ကိုတော့ တိုင်ကြားခြင်း မရှိပါဘူး။
    ဘွမ်ဂျန်ရဲ့အဖွဲ့ဖြစ်တဲ့ Bodhi Shrawan Dharma Sangha က ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့သလို လက်ရှိ လူပျောက်မှုကိစ္စအတွက်လည်း မနေ့က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ကာ နောက်လိုက်တွေအနေနဲ့ သည်းခံကြဖို့၊ လမ်းမလွဲကြဖို့ တိုက်တွန်းခဲ့ပါတယ်။
    “မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ဆက်လျှောက်ပြီး အချက်အလက်အမှန်တွေရရေး နီပေါအစိုးရကို ဆက်လက်ကူညီသွားဖို့အတွက် နောက်လိုက်တွေနဲ့ ထောက်ခံသူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်”
    Ref: CNN
  • ဆော်ဒီမှထွက်ပြေးလာသည့် ဆယ်ကျော်သက်အမျိုးသမီး ကနေဒါတွင် အခြေချ
    ဆော်ဒီမှထွက်ပြေးလာသည့် ဆယ်ကျော်သက်အမျိုးသမီး ကနေဒါတွင် အခြေချ
    ဇန်န၀ါရီ ၁၃၊ ၂၀၁၉
    M-Media
    အလ်-ကွန်နွန် (လယ်) ကို ကနေဒါနိုင်ငံခြားရေးဝန်ကြီး (ယာ) နှင့်အတူ တွေ့ရစဉ်
    – ဆော်ဒီကနေ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံမှာ သောင်တင်နေတဲ့ အမျိုးသမီးဟာ မနေ့က ကနေဒါနိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
    တိုရွန်တိုလေဆိပ်ကို ရောက်ရှိလာတဲ့ အသက် ၁၈ နှစ်အရွယ် ရာဟက်ဖ် မိုဟာမက် အလ်-ကွန်နွန်ကို ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာ ဖရီးလန်းက ကြိုဆိုခဲ့ပါတယ်။
    “သိပ်ကို ရဲရင့်တဲ့ ကနေဒါနိုင်ငံသားအသစ်လေးပါ” လို့ ဖရီးလန်းက ပြောကြားခဲ့ပါတယ်။
    မိသားစုရဲ့ ဖိနှိပ်မှုကြောင့် ထွေပြေးလာရတယ်လို့ဆိုတဲ့ အလ်-ကွန်နွန်ဟာ ကူဝိတ်နိုင်ငံကနေတစ်ဆင့် ဇန်န၀ါရီ ၅ ရက်နေ့က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။
    ဆော်ဒီရဲ့ မေတ္တာရပ်ခံမှုကြောင့် ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်ပို့ဖို စီစဉ်ခဲ့ပေမယ့် အလ်-ကွန်နွန်ဟာ သူ့ကိုကူညီဖို့အတွက် Twitter စာမျက်နှာကနေတစ်ဆင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုခဲ့ပါတယ်။
    အဲဒီနောက် ကုလ ဒုက္ခသည်များဆိုင်ရာအဖွဲ့ UNHCR ရဲ့ ကြားဝင်မှုကြောင့် ကနေဒါက အလ်-ကွန်နွန်ကို ခိုလှုံခွင့်ပေးဖို့ လက်ခံလိုက်တာဖြစ်ပါတယ်။ အလ်-ကွန်နွန်ဟာ ထိုင်းကနေ တောင်ကိုရီးယား၊ အဲဒီကမှ ကနေဒါကို ရောက်ရှိခဲ့တာပါ။
    ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဖရီးလန်းက အလ်-ကွန်နွန်ကို လက်ခံခဲ့ခြင်းဟာ ‘ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို ကူညီပံ့ပိုးရေး ပေါ်လစီ’ ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုဟာ တစ်ရက်လောက်နဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စ မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ အမှောင်ထုကို ကျိန်ဆဲနေတာထက် မီးတိုင်လေးတစ်တိုင် ထွန်းပေးလိုက်တာက ပိုကောင်းတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ အမျိုးသမီးတစ်ဦး၊ လူတစ်ဦးကို ကယ်တင်လိုက်နိုင်တာကလည်း ကောင်းတဲ့ကိစ္စတစ်ခုပါ”
    အလ်-ကွန်နွန်က သူ့မိသားစုဟာ သူ့အပေါ် အလွန်ချုပ်ချယ်ပြီး ဆံပင်ညှပ်တဲ့အတွက် ၆ လလောက် အခန်းထဲမှာ ပိတ်လှောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဝေဖန်ရေးဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အစ္စတန်ဘူလ်က တူရကီသံရုံးထဲ အသတ်ခံရမှုကြောင့် ဆော်ဒီဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်ပြစ်တင်မှုကို ခံနေရတဲ့အချိန် အလ်-ကွန်နွန်ကိစ္စ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
    ဆော်ဒီနဲ့ ကနေဒါတို့ဟာ လက်နက်အရောင်းအ၀ယ်ကိစ္စအပါအ၀င် စီးပွားရေးဆက်ဆံမှု ခိုင်ခိုင်မာမာ ရှိနေကြပြီး အလ်-ကွန်နွန်ကို လက်ခံလိုက်မှုက ဒီဆက်ဆံရေးကို ထိခိုက်စေလိ့မ်မယ်ဆိုတဲ့ ပြောကြားမှုတွေလည်း ရှိနေပါတယ်။
    ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူက ဒီဝေဖန်မှုတွေကို ပယ်ချခဲ့ပြီး ကနေဒါဟာ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးတို့အပေါ် အမြဲတမ်း ခိုင်ခိုင်မာမာ ရပ်တည်သွားမယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
    Ref: Aljazeera
  • ဂါဇာဆန္ဒပြမှုတွင် အစ္စရေးလက်ချက်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံး
    ဂါဇာဆန္ဒပြမှုတွင် အစ္စရေးလက်ချက်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံး
    ဇန်န၀ါရီ ၁၂၊ ၂၀၁၈
    M-Media
    – မနေ့က ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းပြည်သူတွေရဲ့ ဆန္ဒပြမှုအတွင်း အစ္စရေးလက်ချက်ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
    သေဆုံးသူဟာ အသက် ၄၃ နှစ်အရွယ် အေမဲလ် အလ်-တာရမ်ဆီဆိုသူဖြစ်ပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်ခံလိုက်ရတာ ဖြစ်တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
    ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်နိုင်ရေးအတွက် မတ်လကစလို့ ဂါဇာမှာ အပတ်စဉ်သောကြောနေ့တိုင်း ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
    အစ္စရေးကလည်း ဒီဆန္ဒပြမှုကို အင်အားသုံးနှိမ်နှင်းခဲ့ပြီး လက်ရှိအချိန်အထိ အနည်းဆုံး ပါလက်စတိုင်း ၂၄၁ ဦးသေဆုံးခဲ့ပါတယ်။ မနေ့က ဆန္ဒပြမှုအတွင်း မီဒီယာသမား ၂ ဦးနဲ့ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတစ်ဦး အပါအ၀င် အနည်းဆုံး ၂၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
    ဂါဇာက ပါလက်စတိုင်းပြည်သူတွေဟာ ဆယ်စုနှစ်တစ်ခု ရှိလာပြီဖြစ်တဲ့ အီဂျစ်နဲ့ အစ္စရေးတို့ရဲ့ ပိတ်ဆို့မှု ဖယ်ရှားရေးအတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။
    Ref: Aljazeera
  • နောက်ထပ် ၃ နှစ်အတွင်း ပြောင်းရွှေ့အချေချသူ ၁ သန်းကျော်ကို ကနေဒါ လက်ခံမည်
    နောက်ထပ် ၃ နှစ်အတွင်း ပြောင်းရွှေ့အချေချသူ ၁ သန်းကျော်ကို ကနေဒါ လက်ခံမည်
    ဇန်န၀ါရီ ၁၂၊ ၂၀၁၉
    M-Media
    – ၂၀၁၉ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းက ပြောင်းရွှေ့အခြေချသူ ၃ သိန်းခွဲလောက်ကို လက်ခံမှာဖြစ်တယ်လို့ ကနေဒါနိုင်ငံက ကြေငြာလိုက်ပြီး ၃ နှစ်အတွင်း ၁ သန်းကျော် လက်ခံဖို့လည်း စီစဉ်နေပါတယ်။
    အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေက ပြောင်းရွှေ့အခြေချသူတွေ လက်ခံရေးနဲ့ပတ်သက်လို့ သဘောထားတင်းမာနေတဲ့အချိန်မှာ ကနေဒါက ဒီလိုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
    ကနေဒါ လူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်နှင့် နိုင်ငံသားရေးရာဝန်ကြီးဌာန ၀န်ကြီး အဟ်မဒ် ဟူဆန်က ပြောင်းရွှေ့အခြေချသူတွေကို ဒီလိုလက်ခံမှုဟာ နိုင်ငံရဲ့ သက်ကြီးလူဦးရေးများပြားမှု၊ မွေးဖွားနှုန်းကျဆင်းမှုတွေကို ကျော်လွှားနိုင်မှာဖြစ်သလို လုပ်သားအင်အားကိုလည်း မြင့်တက်လာစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဒီကနေ့ ကျွန်တော်တို့ ရရှိခံစားနေတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်လာတာမှာ သမိုင်းတစ်လျှောက် ကျွန်တော်တို့ လက်ခံခဲ့တဲ့ သွေးသစ်တွေရဲ့ ကျေးဇူးတွေလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်”
    ကနေဒါဟာ အခုနှစ်မှာ ပြောင်းအရွှေ့အခြေချသူ ၃ သိန်းခွဲ၊ ၂၀၂၀ ခုနှစ်မှာ ၃ သိန်း ၆ သောင်း၊ ၂၀၂၁ ခုနှစ်မှာ ၃ သိန်း ၇ သောင်း လက်ခံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
    ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း ဒုက္ခသည်အရေအတွက်ဟာ စံချိန်တင် မြင့်တက်လာခဲ့ပြီး ၆၈.၅ သန်းအထိ ရှိလာတယ်လို့ UNHCR က ထုတ်ပြန်ထားပါတယ်။
    Ref: CNN
  • ဘာသာအားလုံးကို အလေးထားဆက်ဆံမည်ဟု မလေးဝန်ကြီးချုပ်ပြော
    ဘာသာအားလုံးကို အလေးထားဆက်ဆံမည်ဟု မလေးဝန်ကြီးချုပ်ပြော
    ဇန်န၀ါရီ ၁၂၊ ၂၁၀၉
    M-Media
    – နိုင်ငံအတွင်းမှာရှိတဲ့ ဘာသာအားလုံးကို အလေးထားဆက်ဆံသွားမှာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။
    မဟာသီဟာ မနေ့က ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဆစ်ခ်နဲ့ တာအိုဘာသာတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အတိုင်ပင်ခံအဖွဲ့ MCCBCHST  က တာဝန်ရှိသူတွေကို လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
    “MCCBCHST အဖွဲ့ဝင်တွေရဲ့ တွေ့ဆုံဖို့ တောင်းဆိုမှုကို လက်ခံပြီး ဒီနေ့မနက် ကွာလာလမ်ပူက ကျွန်တော့်ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။ ကွဲပြားခြားနားမှုတွေ ရှိနေပေမယ့် ကျွန်တော်တို့တိုင်းပြည်ဟာ လူမျိုးရေးညီညွတ်မှု၊ ဘာသာရေးသည်းခံနိုင်မှုတွေမှာ အခြားနိုင်ငံတွေထက် ပိုမိုကောင်းမွန် ငြိမ်းချမ်းတဲ့တိုင်းပြည် ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဘာသာတရားအားလုံးကို အလေးထား ဆက်ဆံသွားမှာဖြစ်သလို၊ ကျွန်တော်တို့ တစ်ဦးချင်း တစ်ယောက်ချင်းစီကလည်း တိုင်းပြည်ရဲ့ဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်ပါတယ်” လို့ တွေ့ဆုံဆွေးနွေးအပြီး သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    ဒါအပြင် MCCBCHST ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ ဓာတ်ပုံ ၄ ပုံကိုလည်း ထည့်သွင်းလွှင့်တင်ခဲ့ပါတယ်။
    မဟာသီဦးဆောင်တဲ့ အတိုက်အခံအဖွဲ့ PH အာဏာရခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လက ကျင်းပခဲ့တဲ့ မလေးရှားရွေးကောက်ပွဲမှာ လူမျိုးရေး၊ ဘာသာရေးကိစ္စတွေဟာ ရှေ့တန်းရောက်ခဲ့ပါတယ်။
    ကုလရဲ့ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး သဘောတူညီချက်ကို မလေးရှားက လက်မှတ်ထိုးမယ်လို့ မဲဆွယ်မှုမှာ ကတိပြုခဲ့ပေမယ့် မလေးလူမျိုးတွေက ကန့်ကွက်တဲ့အတွက် PH အစိုးရက ဒီကတိကို ဖျက်ခဲ့ပါတယ်။ မလေးရှားနိုင်ငံရေးစနစ်အရ မလေးလူမျိုးအပါအ၀င် တိုင်းရင်းသားတွေဟာ လူမှုရေး၊ စီးပွားရေးမှာ အထူးအခွင့်အရေး ရရှိနေတာ ဖြစ်ပါတယ်။
    Ref: Straits Times