News @ M-Media
Blog
  • အဓမ္မကျင့်မှု တိုင်ကြားချက်အတွက် ရော်နယ်ဒိုထံမှ DNA နမူနာယူရန် အမေရိကန်ရဲတပ်ဖွဲ့ ၀ရမ်းထုတ်
    အဓမ္မကျင့်မှု တိုင်ကြားချက်အတွက် ရော်နယ်ဒိုထံမှ DNA နမူနာယူရန် အမေရိကန်ရဲတပ်ဖွဲ့ ၀ရမ်းထုတ်
    ဇန်န၀ါရီ ၁၁၊ ၂၀၁၉
    M-Media
    – စွပ်စွဲခံထားရတဲ့ မုဒိမ်းမှုဆွဲချက်အတွက် ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုထံကနေ DNA နမူနာ ရယူဖို့ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလီစ်ရဲတပ်ဖွဲ့က မနေ့မှာ ၀ရမ်းထုတ်လိုက်ပါတယ်။
    ရော်နယ်ဒိုရဲ့ရှေ့နေ ပီတာ အက်စ် ခရစ္စတီယန်ဆန်က ဒါဟာ လုပ်ထုံးလုပ်နည်းအတိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ အဲဒီဝရမ်းကို အီတလီက တရားရုံးကို ရောက်ရှိနေတယ်လို့ Wall Street ဂျာနယ်က ဖော်ပြပါတယ်။
    အမေရိကန်မော်ဒယ်တစ်ဦးဖြစ်တဲ့ ကက်သရင်း မာယောဂါက ရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ် လက်စ်ဗီးဂပ်စ်မှာ သူမကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်မှာ တိုင်ကြားခဲ့ပါတယ်။
    ရှေ့နေ ခရစ္စတီယန်ဆန်က ဒီကိစ္စဟာ နှစ်ဦးသဘောတူ ဖြစ်ခဲ့တာဖြစ်တဲ့အတွက် DNA ကျန်ရှိနေမှာ သေချာတယ်လို့ ပြောဆိုခဲ့ပါတယ်။
    မာယာဂေါဟာ ဒီအဖြစ်အပျက် ဖြစ်ပွားပြီးပြီးချင်းမှာ ရဲစခန်းသွားပြီး တိုင်ကြားခဲ့ကာ ဒီကိစ္စကို လူသိရှင်ကြား ထုတ်မပြောဖို့အတွက် ရော်နယ်ဒိုထံကနေ ကန်ဒေါ်လာ ၃၇၅၀၀၀ ယူပြီး ၂၀၁၀ ခုနှစ်မှာ ကျေအေးခဲ့တယ်လို့ ဂျာမနီသတင်းစာ Der Spiegel က ဖော်ပြပါတယ်။
    ခရစ္စတီယန်ဆန်က သူ့ရဲ့အမှုသည်ဟာ ဒီငွေကြေးပေးကာ သဘောတူညီချက် ရယူခဲ့တဲ့အပေါ် ငြင်းဆိုခဲ့ခြင်း မပြုပေမယ့် အပြစ်ရှိကြောင်း ၀န်ခံတာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    မာယောဂါရဲ့ရှေ့နေက သူ့ရဲ့အမှုသည်ဟာ အမျိုးသမီးတွေ အဓမ္မကျင့်ခံမှုကို ကိုယ်တိုင်ဖော်ထုတ်တဲ့ #MeToo လှုပ်ရှားမှုကို အားကျတဲ့အတွက် ဒီလို ပြန်လည်တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
    ရော်နယ်ဒိုက ဒီကိစ္စတွေဟာ သတင်းအမှားတွေဖြစ်တယ်လို့ အစပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။
    Ref: BBC
  • Tesla နှင့် Space X ပိုင်ရှင် အေလွန်မက်စ်ကို အမြဲတမ်းနေထိုင်ခွင့်ပေးရန် တရုတ်ကမ်းလှမ်း
    Tesla နှင့် Space X ပိုင်ရှင် အေလွန်မက်စ်ကို အမြဲတမ်းနေထိုင်ခွင့်ပေးရန် တရုတ်ကမ်းလှမ်း
    ဇန်န၀ါရီ ၁၁၊ ၂၀၁၉
    M-Media
    တရုတ်သမ္မတ လီကီကျန်းနှင့်တွေ့ရသည့် အေလွန်မက်စ်
    – အမေရိကန်က ထိပ်တန်း နည်းပညာ စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်ဖြစ်တဲ့ အေလွန်မက်စ်ကို အမြဲတမ်းနေထိုင်ခွင့်ပေးဖို့ တရုတ်က ကမ်းလှမ်းလိုက်ပါတယ်။
    အေလွန်မက်စ်ဟာ သူ့ရဲ့ လျှပ်စစ်ကားကုမ္ပဏီ Tesla ရဲ့ ပထမဆုံး နိုင်ငံရပ်ခြားစက်ရုံ ဖွင့်ပွဲအခမ်းအနားအတွက် တရုတ်နိုင်ငံကို ရောက်ရှိနေပြီး ဗုဒ္ဓဟူးနေ့က တရုတ်ဝန်ကြီးချုပ် လီကီကျန်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
    “Tesla က ရှန်ဟိုင်းမှာ စက်ရုံတည်ဆောက်မှုဟာ ကမ္ဘာကြီးအတွက် နမူနာတစ်ခုဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော် တရုတ်နိုင်ငံကိုချစ်တယ်။ မကြာခဏ လာလည်ဖို့လည်း စိတ်ကူးရှိပါတယ်” လို့ အေလွန်မက်စ်က ပြောကြားခဲ့ပါတယ်။
    တရုတ်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး လျှပ်စစ်ကားဈေးကွက် တည်ရှိရာနိုင်ငံလည်း ဖြစ်ပါတယ်။
    တရုတ်နိုင်ငံမှာ နိုင်ငံခြားသားတွေ Green Card ရဖို့ဟာ အခက်အခဲဆုံးဖြစ်ပြီး အထူးသဖြင့် နိုင်ငံခြားသား ထိပ်တန်းပညာရှင်တွေကိုသာ ပေးတာဖြစ်ပါတယ်။
    ၂၀၁၆ ခုနှစ်အထိ လူ တစ်သောင်းလောက်ကိုသာ တရုတ်က Green Card ပေးထားပြီး အဲဒီအထဲမှာ ၂၀၁၆ ခုနှစ် ဓာတုဗေဒနိုဘယ်ဆု ရရှိခဲ့တဲ့ တရုတ်သိပ္ပံပညာရှင် ဘားနတ် ဖီရင်ဂါ၊ နိုဘယ်ဆုရ စီးပွားရေးပညာရှင် ရောဘတ် မွန်ဒဲလ်၊ NBA ကစားသမားဟောင်း မာဘူရီတို့ ပါဝင်ပါတယ်။
    တရုတ်နိုင်ငံမှာတည်ဆောက်မယ့် Tesla ရဲ့ စက်ရုံသစ်ဟာ တစ်နှစ်ကို လျှပ်စစ်ကားပေါင်း ၅ သိန်းလောက် ထုတ်နိုင်မှာ ဖြစ်ပါတယ်။ အေလွန်မက်စ်ဟာ အမေရိန်ကန်က ထိပ်တန်း အာကာသလုပ်ငန်း Space X ကို တည်ထောင်သူလည်း ဖြစ်ပါတယ်။
    Ref: CNA
  • ဆီးရီးယားရှိ အမေရိကန်တပ်များ ဆုတ်ခွာမည့်ကိစ္စ နှောင့်နှေးနေမှု တူရကီသတိပေး
    ဆီးရီးယားရှိ အမေရိကန်တပ်များ ဆုတ်ခွာမည့်ကိစ္စ နှောင့်နှေးနေမှု တူရကီသတိပေး
    ဇန်န၀ါရီ ၁၁၊ ၂၀၁၈
    M-Media
    ဆီးရီးယားနိုင်ငံအတွင်းရှိ တူရကီတပ်ဖွဲ့များ
    – အမေရိကန်တပ်တွေ ဆီးရီးယားကနေ ထွက်ခွာဖို့ နှောင့်နှေကြန့်ကြာနေမယ်ဆိုရင် မိမိတို့က ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်သွားမယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က မနေ့မှာ ပြောကြားလိုက်ပါတယ်။
    “တူရကီတွေဟာ ကာ့ဒ်တွေကို အစုလိုက်အပြုံလိုက် သတ်နေတယ်ဆိုတာမျိုး လက်တွေ့ကို အခြေမခံတဲ့ ကြောင်တောင်တောင်ဆင်ခြေတွေပေးပြီး (ဆုတ်ခွာရေး) နှောင့်နှေးနေမယ်ဆိုရင် ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အကောင်အထည်ဖော်ပေးသွားမှာပါ”
    ဆီးရီးယားမှာ အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ ကာ့ဒ်တပ်ဖွဲ့ YPG ကို တူရကီ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး ဒီထောက်ပံ့မှုအတွက်လည်း အမေရိကန်ကို တူရကီက ဝေဖန်မှုတွေ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်အတွင်း ဆီးရီးယားနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ကာ YPG ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားမှာရှိတဲ့ သူတို့တပ်ဖွဲ့ဝင်တွေအားလုံးကို ပြန်ခေါ်မယ်လို့ ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။ ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀၀ လောက်ရှိပြီး အစပိုင်းမှာ အလျင်အမြန်ဆုတ်ခွာဖို့ စီစဉ်ထားပေမယ့် နောက်ပိုင်းမှာတော့ ကြန့်ကြာမယ့်အနေအထား ဖြစ်လာခဲ့ပါတယ်။
    ပြင်သစ်၊ ဗြိတိန်နဲ့ ဆီးရီးယား လက်နက်ကိုင်အဖွဲ့တွေက အမေရိကန်တပ်ဖွဲ့တွေ ထွက်ခွာသွားမယ်ဆိုရင် IS အကြမ်းဖက်အဖွဲ့ ပြန်လည်အားကောင်းလာလိမ့်မယ်လို့ သတိပေးထားပါတယ်။
    Mevlut Cavusoglu က အမေရိကန်တပ်ဖွဲ့တွေ ထွက်ခွာသည်ဖြစ်စေ၊ မထွက်ခွာသည်ဖြစ်စေ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ YPG တပ်ဖွဲ့ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    Ref : Aljazeera
  • ရခိုင်စစ်ရှောင်ပြည်သူများကို အကူအညီပေးရေး စစ်တပ်က ပိတ်ပင်မှုရှိနေ
    ရခိုင်စစ်ရှောင်ပြည်သူများကို အကူအညီပေးရေး စစ်တပ်က ပိတ်ပင်မှုရှိနေ
    ဇန်န၀ါရီ ၁၀၊ ၂၀၁၉
    M-Media
    ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ (Photo Credit – ဧရာဝတီ)
    – ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို အကူအညီပေးရာမှာ မြန်မာစစ်တပ်က တားမြစ်ပိတ်ပင်မှုတွေ ရှိနေတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။
    ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၄ မြို့နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅၀၀၀ ကျော်လောက် ရှိနေတာ ဖြစ်ပါတယ်။
    IDP စခန်းတွေမှာ အမိုးအကာ မလုံလောက်မှုတွေ ကြုံတွေ့နေရပြီး စစ်တွေမြို့အခြေစိုက် ၀ံလက်ဖောင်ဒေးရှင်းက ဦးခိုင်ကောင်းစံက ကျောက်တော်မြို့နယ်မှာရှိတဲ့ စခန်းမှာ ပြည်သူတွေဟာ သီးတင်းပတ်နဲ့ချီ တာပေါ်လင်တဲတွေနဲ့ နေထိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။
    ကျောက်တော်မြို့နယ်မှာရှိတဲ့ ရွာတွေက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ဆန်နဲ့ တခြားအကူအညီတွေပေးဖို့ စီစဉ်မှုတွေကို စစ်တပ်က တားမြစ်တာတွေလည်း ရှိနေပါတယ်။
    ဦးခိုင်ကောင်းစံက သူတို့ဖောင်ဒေးရှင်းက ဆန်အိတ်တွေ သွားပို့မယ့်အစီအစဉ်ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက နှုတ်မိတ်နဲ့ ခွင့်ပြုခဲ့ပေမယ့် စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့က အကူအညီပေးရေးဝန်ထမ်းတွေကို တားဆီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်သူတွေအပေါ် အကူအညီပေးမှုကို စစ်တပ်က တားမြစ်ပိတ်ပင်တဲ့ ဖြစ်ရပ်တွေဟာ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ကချင်လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသမှာ အကူအညီပေးရေးလုပ်ငန်းတွေကို စစ်တပ်က ပိတ်ပင်ခဲ့တယ်လို့ ကချင်နှစ်ခြင်းအသင်းတော် KBC က
    ပြီးခဲ့တဲ့နှစ်မှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
    ကျောက်တော်မှာ ရွာပေါင်း ၂၀ က ရွာသားအားလုံးနီးပါးလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး တစ်ချို့ဒေသတွေမှာ ကူညီလို့ရပမေယ့် ထွက်ပြေးလာသူတွေ တော်တော်များများ နေထိုင်နေတဲ့ နေရာနှစ်ခုမှာ လုံးဝ ကူညီလို့မရကြောင်း ဦးခိုင်ကောင်းစံက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “သူတို့လုပ်ရပ်က လူ့အခွင့်အရေးကို ပြောင်းပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်လို့ ပြောချင်ပါတယ်”
    မြန်မာနိုင်ငံက ကုလ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူး ကနု အောစ့်ဘီက ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၄၅၀၀ လောက် ရှိနေတယ်လို့ မနေ့က Twitter စာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။
    ရခိုင်ပြည်နယ်က အိုးစွန့်ခွာထွက်ပြေးရသူတွေကို ကူညီပေးမယ်လို့ ကုလ မြန်မာအာဏာပိုင်တွေကို ကမ်းလှမ်းထားပေမယ့် မြေပြင်မှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ကလွဲလို့ အခြား အကူအညီပေးရေးအဖွဲ့တွေကို မမြင်ရသေးဘူးလို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
    Ref: Irrawaddy
    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင်ဖော်ပြသည့် သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)
  • စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးအတွက် စီမံကိန်းသစ်တစ်ခုကို ဆော်ဒီ စတင်
    စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးအတွက် စီမံကိန်းသစ်တစ်ခုကို ဆော်ဒီ စတင်
    ဇန်န၀ါရီ ၁၀၊ ၂၀၁၈
    M-Media
    – နိုင်ငံအတွင်းက စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆော်ဒီက စီမံကိန်းတစ်ခုကို မနေ့မှာ စတင်ဖော်ဆောင်ခဲ့ပါတယ်။
    Sustainable Agricultural Rural Development Program လို့ အမည်ပေးထားတဲ့ အဲဒီစီမံကိန်းဟာ ကော်ဖီနဲ့ အခြား သီးနှံတွေ စိုက်ပျိုရေး၊ မွေးမြူရေးလုပ်ငန်းတွေကို အဓိကထားမှာ ဖြစ်ပြီး စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ဆော်ဒီဘုရင် ဆလ်မန် တက်ရောက်ခဲ့ပါတယ်။
    ဆော်ဒီ စိုက်ပျိုရေးဝန်ကြီး အဘ်ဒူလ် ရဟ်မန် ဘင် အဘ်ဒူလ် မိုရှန် အလ်-ဖဒ်လီက ဒီစီမံကိန်းက နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေ အကူအညီဖြစ်စေမှာဖြစ်ပြီး၊ နိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေကို မြင့်တက်လာစေမှာဖြစ်ကြောင်း၊ စားနပ်ရိက္ခာ ဖူလှုံရေးနဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ရေနံကို အလွန်အမင်း မှီခိုနေရတဲ့ တိုင်းပြည်ရဲ့စီးပွားရေးကို ပြောင်းလဲဖို့ ချမှတ်ထားတဲ့ ၂၀၃၀ စီမံကိန်းမှာ အခြားစီးပွားရေးကဏ္ဍတွေ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလှုံရေးတွေလည်း ပါဝင်ပါတယ်။
    စီမံကိန်းဖွင့်ပွဲအခမ်းအနားမှာ ဆော်ဒီဘုရင် ဆလ်မန်က နိုင်ငံအတွင်း ကဏ္ဍစုံ တိုးတက်နေတာကို တွေ့ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Arab News