News @ M-Media

ဆီးရီးယားရှိ အမေရိကန်တပ်များ ဆုတ်ခွာမည့်ကိစ္စ နှောင့်နှေးနေမှု တူရကီသတိပေး

ဇန်န၀ါရီ ၁၁၊ ၂၀၁၈
M-Media

ဆီးရီးယားနိုင်ငံအတွင်းရှိ တူရကီတပ်ဖွဲ့များ

– အမေရိကန်တပ်တွေ ဆီးရီးယားကနေ ထွက်ခွာဖို့ နှောင့်နှေကြန့်ကြာနေမယ်ဆိုရင် မိမိတို့က ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်သွားမယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က မနေ့မှာ ပြောကြားလိုက်ပါတယ်။

“တူရကီတွေဟာ ကာ့ဒ်တွေကို အစုလိုက်အပြုံလိုက် သတ်နေတယ်ဆိုတာမျိုး လက်တွေ့ကို အခြေမခံတဲ့ ကြောင်တောင်တောင်ဆင်ခြေတွေပေးပြီး (ဆုတ်ခွာရေး) နှောင့်နှေးနေမယ်ဆိုရင် ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အကောင်အထည်ဖော်ပေးသွားမှာပါ”

ဆီးရီးယားမှာ အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ ကာ့ဒ်တပ်ဖွဲ့ YPG ကို တူရကီ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး ဒီထောက်ပံ့မှုအတွက်လည်း အမေရိကန်ကို တူရကီက ဝေဖန်မှုတွေ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်အတွင်း ဆီးရီးယားနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ကာ YPG ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားမှာရှိတဲ့ သူတို့တပ်ဖွဲ့ဝင်တွေအားလုံးကို ပြန်ခေါ်မယ်လို့ ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။ ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀၀ လောက်ရှိပြီး အစပိုင်းမှာ အလျင်အမြန်ဆုတ်ခွာဖို့ စီစဉ်ထားပေမယ့် နောက်ပိုင်းမှာတော့ ကြန့်ကြာမယ့်အနေအထား ဖြစ်လာခဲ့ပါတယ်။

ပြင်သစ်၊ ဗြိတိန်နဲ့ ဆီးရီးယား လက်နက်ကိုင်အဖွဲ့တွေက အမေရိကန်တပ်ဖွဲ့တွေ ထွက်ခွာသွားမယ်ဆိုရင် IS အကြမ်းဖက်အဖွဲ့ ပြန်လည်အားကောင်းလာလိမ့်မယ်လို့ သတိပေးထားပါတယ်။

Mevlut Cavusoglu က အမေရိကန်တပ်ဖွဲ့တွေ ထွက်ခွာသည်ဖြစ်စေ၊ မထွက်ခွာသည်ဖြစ်စေ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ YPG တပ်ဖွဲ့ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

Ref : Aljazeera