News @ M-Media

Blog

  • ဂါဇာတွင် ဗလီ ၆၀ ကျော်ကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထား

    ဂါဇာတွင် ဗလီ ၆၀ ကျော်ကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထား

    နို၀င်ဘာ ၁၃၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ- အစ္စရေးက အကြမ်းဖက်ဖျက်ဆီးထားသည့် ဗလီ၀တ်ကျောင်းတော်တစ်လုံး)

    -အောက်တိုဘာ ၇ ရက်နေ့ကစတင်တဲ့ အစ္စရေးရဲ့ ဂါဇာကမ်းမြှောင်ကို ကျူးကျော်တိုက်ခိုက်မှုမှာ ဗလီ၀တ်ကျောင်းတော်ပေါင်း ၆၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။ 

    မနေ့က ဂါဇာစီးတီးမှာရှိတဲ့ အလ်-ဆလမ် ဗလီ၀တ်ကျောင်းတော်ကို အစ္စရေးက ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ တစ်လကျော်အတွင်း အစ္စရေးဖျက်ဆီးခဲ့တဲ့ ဗလီ၀တ်ကျောင်းတော်ပေါင်း ၆၀ ကျော်လာပြီ ဖြစ်ပါတယ်။ 

    ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာကမ်းမြှောင်ကို အစ္စရေးက တိုက်ခိုက်ရာမှာ ပါလက်စတိုင်း ပြည်သူလူထုအပေါ် အဓိက အကြမ်းဖက်နေတာ ဖြစ်ပါတယ်။ 

    လူနေအိမ်၊ ဆေးရုံတွေ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးတွေ၊ ဒုက္ခသည်စခန်း၊ အကူအညီပေးရေး ယာဥ်မကျန် အစ္စရေးက တိုက်ခိုက်နေတာပါ။ 

    အစ္စရေးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် တစ်လကျော်အတွင်း ပါလက်စတိုင်းပြည်သူ ၁၁၀၇၈ ဦး သေဆုံးပြီး အများစုက ကလေးငယ်နဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေး၏ တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် ဂါဇာရှိ အဓိက ဆေးရုံနှစ်ခု ရပ်တန့်

    အစ္စရေး၏ တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် ဂါဇာရှိ အဓိက ဆေးရုံနှစ်ခု ရပ်တန့်

    နို၀င်ဘာ ၁၃၊ ၂၀၂၃

    M-Media  


    (ဓာတ်ပုံ- အလ်ရှီဖာဆေးရုံမြင်ကွင်း)

    -အစ္စရေးက ပိတ်ဆို့မှုတွေနဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် ဂါဇာကမ်းမြှောင်က အဓိက ဆေးရုံနှစ်ခုဟာ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။ 

    အလ်ရှီဖာနဲ့ အလ်ကွဒ်စ်တို့ဖြစ်ပြီး ဂါဇာကမ်းမြှောင်က အကြီးဆုံး ဆေးရုံတွေပါ။ 

    အစ္စရေးက ဂါဇာကမ်းမြှောင်ကို အစာဖြတ်၊ ရေဖြတ်၊ လောင်စာဖြတ်၊ မီးဖြတ်စနစ် လုပ်ဆောင်ထားတာကြောင့် ဆေးရုံတွေ မလည်ပတ်နိုင်တော့တာဖြစ်ပါတယ်။ 

    ဆေးရုံကို တင့်ကားတွေ စနိုက်ပါတွေနဲ့ ၀ိုင်းထားပြီး တိုက်ခိုက်သတ်ဖြတ်မှုတွေကိုလည် အစ္စရေးက တိုးမြှင့် လုပ်ဆောင်နေပါတယ်။ 

    ဆေးရုံက လူနာတွေ၊ ၀န်ထမ်းတွေနဲ့ စစ်ဘေးရှောင်တွေဟာ လျှပ်စစ်မီး၊ ရေနဲ့ ထွက်ပြေးနိုင်မယ့် လမ်းကြောင်းတွေ လိုအပ်နေတယ်လို့ အလ်ရှီဖာဆေးရုံက ဆရာ၀န် နီဒါလ် အဘူ ဟဒ်ရက်ဇ်က ပြောပါတယ်။ 

    “ဒီလို အကြာကြီးဖြစ်နေလို့ မရပါဘူး။ ၀န်ထမ်းတွေနဲ့ လူနာတွေကို ချက်ခြင်းကယ်ထုတ်ဖို့ လိုအပ်ပါတယ်” 

    အလ်ရှီဖာဆေးရုံကို အစ္စရေးက အဆက်မပြတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်တာကြောင့် ပြီးခဲ့တဲ့ ၃ ရက်အတွင်း သူနာပြု ၃ ဦး သေဆုံးခဲ့ပါတယ်။ 

    ဂါဇာမြောက်ပိုင်းက ကမာလ် အဒ်၀မ် ဆေးရုံလည်း မီးစက်နှိုးစရာ ဆီမရှိတော့တဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရပါတယ်။ 

    ဂါဇာကမ်းမြှောင်မှာ ဆေးရုံ ၃၅ လုံးရှိပြီး အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် ထက်၀က်ကျော်လောက် ပျက်ဆီးခဲ့ပါတယ်။ 

    တစ်လကျော်အတွင်း ပါလက်စတိုင်းပြည်သူ ၁၁၀၇၈ ဦးကို အစ္စရေးက သတ်ဖြတ်ထားပြီး ထက်၀က်နီးပါးဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေးသံအမတ်ကို မောင်းထုတ်ရန် အိုင်ယာလန် စီစဥ်နေ

    အစ္စရေးသံအမတ်ကို မောင်းထုတ်ရန် အိုင်ယာလန် စီစဥ်နေ

    နို၀င်ဘာ ၁၂၊ ၂၀၂၃


    M-Media 

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရှုတ်ချတဲ့အနေနဲ့ အစ္စရေးသံအမတ်ကို မောင်းထုတ်ဖို့ အိုင်ယာလန်နိုင်ငံက စီစဥ်နေပါတယ်။ 

    သံအမတ် ဒါနာ အာရ်လစ်ချ်ကို တိုင်းပြည်ကနေ မောင်းထုတ်ရေးအတွက် လက်၀ဲယိမ်း ဆိုရှယ်ဒီမိုကရက် အမတ်တွေက လာမယ့် ဗုဒ္ဓဟူးနေ့မှာ လွှတ်တော်အတွင်း အဆိုတင်သွင်း မဲခွဲမှာ ဖြစ်ပါတယ်။ 

    အရပ်သားတွေ၊ ဂျာနယ်လစ်တွေ၊ ကုလ၀န်ထမ်းတွေ၊ ကျန်းမာရေးလုပ်သားတွေကို တမင်သက်သက် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် အခုလို မောင်းထုတ်ဖို့ ဆောင်ရွက်ရတာဖြစ်တယ်လို့ ဆိုရှယ်ဒီမိုကရက်အမတ်တွေက ပြောပါတယ်။ 

    လွှတ်တော်အတွင်းက လက်၀ဲနိုင်ငံရေးပါတီတွေ၊ လွှတ်တော်က အကြီးဆုံးပါတီ Sinn Fein၊ လက်ယာပါတီ Fianna Fail တို့ကလည်း အစ္စရေးသံအမတ်ကို မောင်းထုတ်ရေး ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ 

    ဗြိတိန်ထံကနေ လွတ်လပ်ရေးရဖို့ ကြိုးစားတဲ့ သမိုင်းရှိတဲ့ အိုင်ယာလန်နိုင်ငံဟာ ပါလက်စတိုင်းလွတ်မြောက်ရေးကို အပြည့်အ၀ ထောက်ခံတဲ့နိုင်ငံဖြစ်ပြီး အခြားဥရောပနိုင်ငံတွေနဲ့မတူဘဲ အစ္စရေးနဲ့ ဆက်ဆံရေး အဖုအထစ်ရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေးကို ဆန့်ကျင်ရှုတ်ချမှုကလွဲ၍ ဘာမှ မတတ်နိုင်သည့် အာရပ်နိုင်ငံများ

    အစ္စရေးကို ဆန့်ကျင်ရှုတ်ချမှုကလွဲ၍ ဘာမှ မတတ်နိုင်သည့် အာရပ်နိုင်ငံများ

    နို၀င်ဘာ ၁၂၊ ၂၀၂၃

    M-Media 


    -ဂါဇာက တိုက်ခိုက်သတ်ဖြတ်မှုတွေဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်မှုလို့ အစ္စရေးရဲ့ ပြောဆိုမှုကို လက်မခံဘူးလို့ အာရပ်နိုင်ငံတွေက ပြောကြားလိုက်ပါတယ်။ 

    အာရပ်နဲ့ အခြား အစ္စလာမ့်မစ် နိုင်ငံတွေဟာ နို၀င်ဘာ ၁၁ ရက်နေ့က ဆော်ဒီအာရေဗျမှာ ထိပ်သီးအစည်းအ၀ေးတစ်ခု ကျင်းပကာ ဂါဇာကမ်းမြှောင်ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ 

    ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေဟာ စစ်ရာဇ၀တ်မှုမြောက်ပြီး၊ လူမဆန် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ အစည်းအ၀ေးအပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    အစ္စရေးက ဂါဇာကို ပိတ်ဆို့ထားမှု အဆုံးသတ်ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ၀င်ခွင့်ပေးရေး၊ အစ္စရေးကို လက်နက်ရောင်းချမှု ပိတ်ပင်ရေး အစည်းအ၀ေးမှာ တောင်းဆိုခဲ့သလို၊ ဂါဇာမှာ အစ္စရေးရဲ့ ကျူးကျော်သတ်ဖြတ်မှုတွေကို တားဆီးရေးအတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာနိုင်ရေး ကုလလုံခြုံရေးကောင်စီက ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

    အစည်းအ၀ေးကို အာရပ် ၂၂ နိုင်ငံနဲ့ အိုအိုင်စီအဖွဲ့၀င်နိုင်ငံတစ်ချို့ တက်ရောက်ခဲ့ကြပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေးပေးသည့် ဒုက္ခကြောင့် ပျောက်ကွယ်ရတော့မည့် ပါလက်စတိုင်းက ခရစ်ယာန်သာသနာ

    အစ္စရေးပေးသည့် ဒုက္ခကြောင့် ပျောက်ကွယ်ရတော့မည့် ပါလက်စတိုင်းက ခရစ်ယာန်သာသနာ

    နို၀င်ဘာ ၁၀၊ ၂၀၂၃

    M-Media 

    -တစ်ချိန်က ကြက်ပျံမကျစည်ကားတဲ့ ဂါဇာစီးတီးက လမ်းတွေမှာ အစ္စရေးက ဗုံးမိုးရွာလာတဲ့အချိန် ဒီယာနာ တာရာဇီနဲ့ သူမရဲ့ မိသားစုဟာ Holy Family Church ဘုရားကျောင်းကို သွားရောက်ခိုလှုံခဲ့ရပါတယ်။ 

    Holy Family Church ဟာ ဂါဇာကမ်းမြှောင်က တစ်ခုတည်းသော ရိုမန်ကက်သလစ် ဘုရားကျောင်း ဖြစ်ပါတယ်။ 

    အသက် ၃၈ နှစ်အရွယ် ခရစ်ယာန်ဘာသာ၀င်တစ်ယောက်ဖြစ်တဲ့ တာရာဇီ၊ သူမရဲ့ ခင်ပွန်းနဲ့ ကလေး ၃ ယောက်တို့ဟာ တစ်ခြား ခရစ်ယာန်ဘာသာ၀င်တွေ၊ မွတ်စလင် အိမ်နီးချင်းတွေ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ဘုရားကျောင်းထဲမှာ ခိုလှုံရင်း ကလေးတွေကို ချော့မြူသိပ်ရင်း၊ တစ်ယောက်နဲ့တစ်ယောက် အားပေးစကားပြောကြားရင်း ဗုံးသံဆူညံနေတဲ့ နေ့တွေကို ရင်တထိတ်ထိတ်နဲ့ ဖြတ်သန်းခဲ့ရပါတယ်။ 

    “ဒီစစ်ပွဲကို အဆုံးအထိ အတူတကွကျော်ဖြတ်ရင်း ကျွန်မတို့ ဆက်လက်ရှင်သန်ကြမယ်” လို့ တာရာဇီက ပြောပါတယ်။ 

    ဒါပေမယ့် သူမရဲ့ မျှော်လင့်ချက်တွေဟာ အောက်တိုဘာ ၁၉ ရက်နေ့မှာ ပျက်သုဥ်းသွားခဲ့ရပါတယ်။ သူတို့ခိုလှုံရာ ဘုရားကျောင်းနဲ့ သိပ်မ၀ေးတဲ့ Church of Saint Porphyrius ဘုရားကျောင်းကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ တိုက်ခိုက်မှုဟာ ဘုရားကျောင်းကို ပစ်မှတ်ထားတာမဟုတ်ဘူးလို့ အစ္စရေးက ပြောပါတယ်။ 

    “ဒုံးကျည်က ဘုရားကျောင်းကို တိုက်ရိုက်ကျတာ။ ဘုရားကျောင်းကို ပစ်မှတ်မထားဘူးဆိုတဲ့စကားကို ကျွန်မတို့ ဘယ်လိုယုံရမှာလဲ”လို့ တာရာဇီက မေးခွန်းထုတ်ပါတယ်။ 

    ၂ ရက်အရင် အောက်တိုဘာ ၁၇ ရက်နေ့ကလည်း အင်ဂလိကန် ခရစ်ယာန်အသင်းတော်က အုပ်ချုပ်စီမံတဲ့ Al-Ahli Arab ဆေးရုံ တိုက်ခိုက်ခံရပြီး လူရာချီ သေဆုံးခဲ့ပါတယ်။ ဒီဆေးရုံကလည်း တာရာဇီ ခိုလှုံနေတဲ့ ဘုရားကျောင်းနဲ့ အနည်းငယ်သာ ၀ေးပါတယ်။ 

    အစ္စရေးက သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းပြီး ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ Islamic Jihad ကို အပြစ်ပုံချပါတယ်။ တကယ်တော့ ဂါဇာစီးတီးနဲ့ ပတ်၀န်းကျင်က ဒုက္ခသည်စခန်းတွေကို အစ္စရေးတပ်တွေ ၀ိုင်းထားပြီး လေကြောင်းကနေ တောက်လျှောက် ဗုံးကြဲနေတာပါ။ 

    တာရာဇီကတော့ ဘုရားကျောင်းထဲက မထွက်ဘူးလို့ ဆိုပါတယ်။ 

    “ကျွန်မတို့ တိုင်းပြည်၊ ကျွန်မတို့မြေ၊ ကျွန်မတို့ ဘုရားကျောင်းတွေကနေ ဘယ်ကိုမှ သွားမပေးနိုင်ပါဘူး။ သေချင်သေပါစေ။ ဘုရားကျောင်းထဲကနေ တစ်ဖ၀ါးမှ မခွာဘူး” 

    မျိုးသုဥ်းတော့မည်

    ဂါဇာကမ်းမြှောင်မှာ အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့  အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ပါလက်စတိုင်း အရေအတွက်ဟာ ၁၀၅၆၉ ဦး ရှိပါပြီ။ 

    ဂါဇာမှာ ခရစ်ယာန်ဘာသာ၀င်အရေအတွက်ဟာ ၈၀၀ ကနေ ၁၀၀၀ ကြားသာ ရှိပါတယ်။ အေဒီ ပထမရာစုကတည်းက နေထိုင်ခဲ့တဲ့ ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ခရစ်ယာန်လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ 

    ဧ၀ံဂေလိ လူသာရင်အသင်းတော်က တရားဟောဆရာတစ်ဦးဖြစ်ပြီး ဘက်သလီဟမ်မြို့မှာ Dar al-Kalima တက္ကသိုလ် တည်ထောင်ထားတဲ့ ဘုန်းတော်ကြီး မီထရီ ရာဟဘ်က လက်ရှိ ပြဿနာတွေကြောင့် ဂါဇာကမ်းမြှောင်က ခရစ်ယာန်လူ့အဖွဲ့အစည်း အဆုံးသတ်သွားနိုင်တယ်လို့ ပြောပါတယ်။ 

    “ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ မျိုးသုဥ်းတော့မယ့် အန္တရာယ် ရှိနေပါပြီ။ အစ္စရေးရဲ့ ဗုံကြဲတိုက်ခိုက်မှုကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်မလားဆိုတာ မသေချာပါဘူး။ အသက်ရှင်တယ်ပဲထားအုံး။ တော်တော်များများထွက်ပြေးကြမှာပါ။ ဒီမျိုးဆက်အတွင်းမှာပဲ ခရစ်ယာန်သာသနာဟာ ဂါဇာကနေ ပျောက်ကွယ်သွားပါလိ့မ်မယ်”

    ပါလက်စတိုင်းဟာ ခရစ်ယာန်သာသနာ မွေးဖွားရာဒေသ ဖြစ်ပါတယ်။ ဓမ္မဟောင်းနဲ့ ဓမ္မသစ် နှစ်ခုစလုံးမှာပါတဲ့ အဖြစ်အပျက် တော်တော်မျာများဟာ ပါလက်စတိုင်းဒေသမှာ ဖြစ်ပွားခဲ့တာပါ။ 

    ဆိပ်ကမ်းထွက်ပေါက်နဲ့ အဓိကကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီး လူမျိုးစုံတဲ့ ဂါဇာကမ်းမြှောင်ဟာ ခရစ်နှစ် ၄ ရာစုတုန်းက ခရစ်ယာန်သာသနာပြုရာ အဓိကဒေသ ဖြစ်ခဲ့ပါတယ်။ 

    ၁၉၄၈ ခုနှစ် ဂျူးလက်နက်ကိုင်တွေ ပါလက်စတိုင်းမှာ အစ္စရေးနိုင်ငံ ထူထောင်တဲ့အချိန် ပါလက်စတိုင်းပြည်သူ ၇ သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဂါဇာကမ်းမြှောင်မှာ လာရောက်ခိုလှုံခဲ့ကြရပါတယ်။ အဲဒီအထဲမှာ ခရစ်ယာန်ဘာသာ၀င်တွေလည်း ပါ၀င်ပါတယ်။ 

    ၂၀၀၇ ခုနှစ်က ဂါဇာကမ်းမြှောင်မှာ ခရစ်ယာန်ဘာသာ၀င် ၃၀၀၀ လောက်ရှိပြီး အဲဒီနောက်ပိုင်းမှာ တစ်ဖြည်းဖြည်း ကျဆင်းလာပါတယ်။ အစ္စရေးက ဂါဇာကမ်းမြှောင်ကို ထိန်းချုပ် ပိတ်ဆို့ထားတာကြောင့် ဂါဇာပြည်သူတွေ ဆင်းရဲ ငတ်ပြတ်လာခဲ့ပြီး၊ ခရစ်ယာန်တွေလည်း ဒီဒဏ်ကို မခံနိုင်တာကြောင့် ဌာနေကို စွန့်ခွာက ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ 

    အနောက်ဖက်ကမ်းမှာလည်း အကြမ်းဖက်ခံရ

    ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း ခရစ်ယာန်တွေဟာ အစ္စရေးနဲ့ ဂျူးအခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုးမြှင့်ခံစားလာရပါတယ်။ 

    ၂၀၁၇ ခုနှစ် သန်းခေါင်စာရင်းအရ အနောက်ဖက်ကမ်းမှာ ခရစ်ယာန်ဘာသာ၀င် ၄၇၀၀၀ ကျော်ရှိပါတယ်။ ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေကို ကြံ့ကြံ့ခံနေရဆဲပါ။ 

    အခုနှစ်အတွင်း ခရစ်ယာန်ဘုန်းကြီးတွေ၊ ဘုရားကျောင်းတွေကို တိုက်ခိုက်မှုဟာ ယခင်နှစ်ကထက်စာရင် ၄ ဆ ပိုများလာပါတယ် လို့ ခရစ်ယာန်ဘုန်းတော်ကြီး မီထရီ ရာဟဘ်က ပြောပါတယ်။ 

    ရာဟဘ်တည်ထောင်ထားတဲ့ တက္ကသိုလ်ဟာ ခရစ်ယာန်တွေအပေါ် အစ္စရေးနဲ့ ဂျူးအခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်မှုကို စစ်တမ်းကောက်ယူ မှတ်တမ်းတင်တာကိုလည်း လုပ်ဆောင်ပါတယ်။ 

    အစ္စရေးမှာ ဘာသာရေးအစွန်းရောက်ဆုံး အစိုးရ ကျမ်းကျိန်တဲ့ ဇန်န၀ါရီ ၁ ရက်နေ့မှာပဲ ဂျေရုစလင်က Protestant Mount Zion Cemetery ခရစ်ယာန်သင်္ချိုင်းကို ဂျူးနှစ်ဦး ၀င်ရောက်ပြီး အုတ်ဂူ ၃၀ ထက်မနည်း ဖျက်ဆီးသွားပါတယ်။ 

    ဇန်န၀ါရီ ၂၆ ရက်နေ့က ဂျူးအခြေချနေထိုင်သူ တစ်စုဟာ ဂျေရုစလင် မြို့ဟောင်းက ခရစ်ယာန်ရပ်ကွက်ထဲ၀င်ပြီး အာမေးနီးယား ဘားတစ်ခုကို တိုက်ခိုက်က  “အာရပ်တွေကိုသတ်ပစ် ခရစ်ယာန်တွေကိုသတ်ပစ်”လို့ အော်ဟစ် သောင်းကျန်းသွားပါတယ်။ 

    နောက်နှစ်ရက်အကြာမှာတော့ အာမေးနီးယားရပ်ကွက်က ဘုရားကျောင်းမှာ ၀တ်ပြုဆုတောင်းပြီး ပြန်လာတဲ့ အာမေးနီးယား ခရစ်ယာန်တွေကို ဂျူးလူအုပ်က တုတ်တွေနဲ့၀င်ရိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ 

    အာမေးနီးယား သီလရှင်ကျောင်းက ခရစ်ယာန်သာသနာ့အလံကို တက်ဖြုတ်ဖို့ ဂျူးလူအုပ်က ကြိုးစားခဲ့ပြီး အာမေးနီးယားတစ်ဦးက ငရုပ်ကောင်းစပရေးဖြန်းကာ ကာကွယ်ခဲ့ရပါတယ်။ 

    ဌာနေခရစ်ယာန်တွေအပေါ် ဂျူးအခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်မှုက ဒီမှာတင် မရပ်သွားဘဲ ပိုဆိုးလာပါတယ်။ 

    “ဒီလူတွေက ဂျူးအခြေချ အကြမ်းဖက်သမားတွေပါ။ နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ ကိုလိုနီ စိတ်ဓာတ်တွေကြောင့် ဒါမျိုး မမြင်ကြဘူး”လို့ ရာဟဘ်က ပြောပါတယ်။ 

    ဒီလိုအကြမ်းဖက်မှုတွေ ဆက်လက်မြင့်တက်နေတာကြောင့် မြင့်မြတ်ရာဌာနေကနေ ခရစ်ယာန်တွေ လုံး၀ ပျောက်ကွယ်သွားမှာကို စိုးရိမ်မိတယ်လို့ ဘုန်းတော်ကြီး ရာဟဘ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ပုံပျက်ပန်းပျက်

    ဂါဇာမှာတော့ ရာမဇ် အလ်-ဆူရီဟာ ကလေး ၃ ယောက်ရဲ့ အလောင်းတွေကို ဖက်ပြီး ငိုကြွေးနေပါတယ်။ ဆူဟေးလ်၊ မာဂျဒ်နဲ့ ဂျူလီတို့ဖြစ်ပြီး Church of Saint Porphyrius ဘုရားကျောင်း တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားခဲ့တာပါ။ 

    “ဘုရားကျောင်းမှာ ဟားမက်စ်နဲ့ ဘာမှမပတ်သက်တဲ့ အရပ်သားတွေပဲ ရှိနေတာပါ”လို့ အလ်-ဆူရီက ပြောပါတယ်။ 

    သာသနာ့နယ်မြေမှာ သူနဲ့ သူချစ်ရတဲ့မိသားစု လုံခြုံမယ်လို့ အလ်-ဆူရီက ထင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မြင့်မြတ်ရာ သာသနာ့အဆောက်အဦးတွေကို အစ္စရေးက မရှောင်ဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

    အစ္စရေးစစ်တပ်ဟာ ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကုလစာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လူနာတင်ကားတွေ၊ အကူညီပေးရေး ယာဥ်တန်းတွေပါ မရှောင် တိုက်ခိုက်သတ်ဖြတ်တဲ့ သမိုင်းဆိုးရှိပါတယ်။ 

    “ဒုံးကျည်နဲ့ ကွဲထွက်လာတဲ့ အစတွေကြောင့် ကျွန်တော့်သားသမီးတွေ ပုံပျက်ပန်းပျက် သေဆုံးခဲ့ရပါတယ်။ ကျွန်တော့်ဘ၀မှာ သူတို့နဲ့ နောက်ထပ် ဘယ်တော့မှ စကားပြောနိုင်မှာ၊ ကစားနိုင်မှာ မဟုတ်တော့ဘူးဆိုတာ အခုအချိန်အထိ မယုံနိုင်သေးဘူးဗျာ” 

    Ref: Aljazeera