News @ M-Media

Blog

  • စစ်ရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်းကို အစ္စရေးက ဗုံးကြဲ

    စစ်ရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်းကို အစ္စရေးက ဗုံးကြဲ

    နို၀င်ဘာ ၄၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – စစ်ရှောင်များခိုလှုံရာ ကုလ စာသင်ကျောင်းတစ်ခု)

    -ဂါဇာမြောက်ပိုင်း ဂျာဘာလီယာ ဒုက္ခသည်စခန်းက အလ် ဖက္ကဟူရာ စာသင်ကျောင်းကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရှိခဲ့ပါတယ်။ 

    စာသင်ကျောင်းကို ကုလသမဂ္ဂက စီမံနေတာဖြစ်ပြီး စစ်ရှောင်တွေ အဓိက ခိုလှုံရာနေရာပါ။ တိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူတွေဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    “အမျိုးသမီးတွေနဲ့ ကလေးတွေ စာသင်ကျောင်း ရင်ပြင်မှာ ထိုင်နေတဲ့အချိန် ပစ်ခံလိုက်ရတာပါ။ သေဆုံးသူတွေဟာ အရိုး၊ အသား တစ်စစီဖြစ်သွားပြီး ပလက်စတစ်အိတ်နဲ့ လိုက်ကောက်ထည့်ခဲ့ ရပါတယ်”လို့ ပါလက်စတိုင်း ကျန်းမာရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရက်ဖ် အလ်ကွဒ်ရာက ပြောပါတယ်။ 

    သောကြာနေ့တစ်ရက်တည်း ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် အနည်းဆုံး ၂၃၁ ဦး သေဆုံးခဲ့ပြီး အောက်တိုဘာ ၇ ရက်နေ့ နောက်ပိုင်း ဂါဖာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရသူ စုစုပေါင်း ၉၄၈၈ ဦး ရှိလာပြီ ဖြစ်ပါတယ်။ 

    အဲဒီအထဲက ၃၉၀၀ ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • လူနာတင်ယာဥ်တန်းကို ဒုံးကျည်နဲ့ပစ်ကာ စစ်ရာဇ၀တ်မှု ထပ်ကျူးလွန်လိုက်တဲ့ အစ္စရေး

    လူနာတင်ယာဥ်တန်းကို ဒုံးကျည်နဲ့ပစ်ကာ စစ်ရာဇ၀တ်မှု ထပ်ကျူးလွန်လိုက်တဲ့ အစ္စရေး

    နို၀င်ဘာ ၄၊ ၂၀၂၃

    M-Media 


    -ဂါဇာကမ်းမြှောင် အလ်ရှီဖာ ဆေးရုံအနီးမှာ လူနာတင်ယာဥ်တန်းကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ၁၅ ဦးသေဆုံးကာ ၆၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

    တိုက်ခိိုက်မှုဟာ သောကြာနေ့မှာ ဖြစ်ပွားခဲ့တာပါ။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရနေတဲ့သူတွေ အီဂျစ်မှာ ဆေးကုဖို့ အလ်ရှီဖာ ဆေးရုံကနေ ရာဖာနယ်ခြားကို သွားပို့မယ့် လူနာတင်ကား ယာဥ်တန်းကို အစ္စရေးက ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ 

    ကြက်ခြေနီ၊ လခြမ်းနီအဖွဲ့နဲ့ ကမ္ဘာကြီးကို အသိပေးလိုတာက လူနာတင်ယာဥ်တန်း တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေဟာ လူနာတင်ယာဥ်မှာ တန်းစီထိုင်နေကြသူတွေပါ။ ဒီယာဥ်တန်းဟာ ဆေးဖက်ဆိုင်ရာယာဥ်တန်းဖြစ်ပါတယ် လို့ ပါလက်စတိုင်း ကျန်းမာရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရက်ဖ် အလ်ကွဒ်ရာက ပြောပါတယ်။

    ပါလက်စတိုင်း လခြမ်းနီအဖွဲ့ကလည်း အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။

    တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူ အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ 

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီအကဲ တက်ဒရို အဒ်ဟာနွမ်က ဒဏ်ရာရသူတွေကို ကယ်ထုတ်တဲ့ လူနာတင်ယာဥ်တန်းကို တိုက်ခိုက်တယ်ဆိုတဲ့သတင်းကြောင့် အလွန်အမင်း တုန်လှုပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    လူနာတွေ၊ ကျန်းမာရေး၀န်ထမ်းတွေ၊ ကျန်းမာရေးအဆောက်အအုံတွေ၊ ဆေးရုံကားတွေကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကာကွယ်ပေးရမယ်ဆိုတာ ထပ်လောင်းပြောကြားလိုပါတယ် 

    အလ်ရှီဖာဆေးရုံဟာ သတ်မှတ်ပမာဏထပ်ပိုပြီး လူနာတွေကို လက်ခံကုသပေးနေရတဲ့ ဆေးရုံပါ။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာရတဲ့ စစ်ရှောင်တွေကိုလည်း ဆေးရုံမှာ လက်ခံထားရပါတယ်။ 

    အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်မှုတွေ၊ လောင်စာမရှိမှုတွေကြောင့် ဂါဇာက ဆေးရုံ ၁၆ ခု မလည်ပတ်နိုင်တော့ဘူးလို့ WHO က ပြောပါတယ်။

    အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ပါလက်စတိုင်း အရေအတွက်ဟာ ၉၂၀၀ ကျော်လာခဲ့ပြီး ဒဏ်ရာရသူက ၃၂၀၀၀ ကျော် ရှိနေပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာတွင် အစ္စရေးက စစ်ရာဇ၀တ်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေ

    ဂါဇာတွင် အစ္စရေးက စစ်ရာဇ၀တ်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေ

    နို၀င်ဘာ ၂၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ဂျာဘာလီယာ ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူများ)

    -ဂါဇာကမ်းမြှောင်မှာ အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လုပ်နေပြီး ကမ္ဘာတစ်၀ှမ်းက ၀ေဖန်ရှုတ်ချသံတွေလည်း ပိုမို ကျယ်လောင်လာပါတယ်။ 

    ဂျာဘာလီယာ ဒုက္ခသည်စခန်းကို ၂၄ နာရီအတွင်း ၂ ကြိမ် ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ အနည်းဆုံး လူ ၂၀၀ လောက် သေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၁၂၀ ရှိနေပါတယ်။ 

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က ဒီတိုက်ခိုက်မှုတွေဟာ အလွန်စက်ဆုပ်စရာကောင်းပြီး စစ်ရာဇ၀တ်မှုမြောက်တယ်လို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။ 

    ကုလသမဂ္ဂ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ ယူနီဆက်ဖ်ကလည်း ဂျာဘာလီယာ ဒုက္ခသည်စခန်းကို တိုက်ခိုက်မှုဟာ စက်ဆုပ်စရာကောင်းတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ၂၅ ရက်အတွင်း ကလေးငယ်ပေါင်း ၃၅၀၀ ကျော် အသတ်ခံရတာကို သိပ်မကြာခင်က သိရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    “ကလေးတွေ ထိခိုက်ခံစားရတာတွေ သိပ်များနေပါပြီ။ ကလေးတွေကိုသတ်တာ၊ ဖမ်းဆီးထားတာတွေကို ရပ်တန့်ရပါတော့မယ်” လို့ ယူနီဆက်ဖ်က ထုတ်ပြန်ပါတယ်။ 

    မီးဖွားဆောင်ကို တိုက်ခိုက်

    ဂါဇာစီးတီးက အလ်ဟီလူဆေးရုံရဲ့ မီးဖွားဆောင်ကို နို၀င်ဘာ ၁ ရက်နေ့မှာ အစ္စရေးက တိုက်ခိုက်ခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး၀န်ကြီးဌာန အက်ရှ်ရက်ဖ် အလ်ကွဒ်ရာက ပြောပါတယ်။ 

    “ဆေး၀ါးပစ္စည်းတွေ၊ လောင်စာဆီတွေ မရအောင် ပိတ်ဆို့ကာ အစ္စရေးက ကျန်းမာရေးစနစ် ပြိုလဲအောင် လုပ်ဆောင်ထားပါတယ်။ အစ္စရေးကို ရပ်တန့်ရေး၊ ဆေးရုံတွေ၊ ကျန်းမာရေး၀န်ထမ်းတွေ၊ လူနာတွေကို ကာကွယ်ပေးရေး၊ နောက်ထပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ မဖြစ်အောင် တားဆီးရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြား၀င်ဆောင်ရွက်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်”

    အလ်ကွဒ်စ်ဆေးရုံ 

    ဂါဇာက အဓိကဆေးရုံတစ်ခုဖြစ်တဲ့ အလ်ကွဒ်စ်ဆေးရုံ ပတ်၀န်းကျင်ကိုလည်း အစ္စရေးက တောက်လျှောက်တိုက်ခိုက်နေတာကြောင့် လူနာတွေ၊ ၀န်ထမ်းတွေနဲ့ စစ်ရှောင်တွေမှာ ထိတ်လန့်ကြောက်ရွံ့မှုတွေ ရှိနေတယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောပါတယ်။ 

    အောက်တိုဘာ ၃၀ ရက်နေ့မှာ ဆေးရုံ၀န်းအတွင်းက လခြမ်းနီအဖွဲ့ရဲ့ အဆောက်အဦးတွေကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ 

    ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အစ္စရေးဟာ အောက်တိုဘာ ၇ ရက်နေ့က စတင်ပြီး ဂါဇာက ပါလက်စတိုင်းပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်နေတာပါ။ 

    နို၀င်ဘာ ၁ ရက်နေ့အထိ အသတ်ခံရသူ ၈၈၀၀ နီးပါး ရှိလာပြီး အများစုဟာ အမျိုးသမီတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ၂၀၃၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဆော်ဒီက ကျင်းပခွင့်ရဖွယ်ရှိနေ

    ၂၀၃၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဆော်ဒီက ကျင်းပခွင့်ရဖွယ်ရှိနေ

    နို၀င်ဘာ ၁၊ ၂၀၂၃

    M-Media 


    -၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို လက်ခံကျင်းပဖို့ အမည်စာရင်းတင်သွင်းထားတဲ့ နိုင်ငံတွေစာရင်းမှာ ဆော်ဒီအာရေဗျ တစ်နိုင်ငံသာ ကျန်ရှိပါတော့တယ်။ 

    ၂၀၃၀ ကမ္ဘာဖလားကို စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကိုတို့က ပူးတွဲကျင်းပခွင့် ရရှိခဲ့ပြီး ၂၀၃၄ ခုနှစ်အတွက် အာရှတိုက်နဲ့ သမုဒ္ဒရာပိုင်းဇုန်က အလှည့်ကြတာ ဖြစ်ပါတယ်။ 

    အင်ဒိုနီးရှားက နယူးဇီလန်၊ မလေးရှား၊ စင်ကာပူတို့နဲ့ ပူးတွဲကျင်းပဖို့ စိတ်၀င်စားကြောင်း အစောပိုင်းမှာ ပြောကြားခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ ရုပ်သိမ်းသွားပါတယ်။ 

    အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ စာရင်းပေးထားတဲ့ သြစတေးလျကလည်း အောက်တိုဘာ ၃၁ ရက်နေ့မှာ နှုတ်ထွက်သွားခဲ့ပြီး လက်ရှိ ဆော်ဒီအာရေဗျ တစ်နိုင်ငံသာ ကျန်တော့ပါတယ်။ 

    ဆော်ဒီအာရေဗျဟာ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ထောက်ခံမှုကို အပြည့်အ၀ ရရှိထားပါတယ်။ 

    ဖီဖာဟာ လိုအပ်ချက်တွေ ပြည့်မီချင်း ရှိ၊ မရှိ စစ်ဆေးကာ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ အိမ်ရှင်နိုင်ငံကို ထုတ်ပြန်ကြေငြာသွားမှာ ဖြစ်ပါတယ်။ 

    ၂၀၃၀ ဖွံ့ဖြိုးရေး ရည်မှန်းချက် ထားရှိဆောင်ရွက်နေတဲ့ ဆော်ဒီအာရေဗျဟာ အားကစားပိုင်းမှာလည်း ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် ပြုလုပ်နေတာပါ။ 

    အခုနှစ်ကုန်ပိုင်းမှာ ကလပ်အသင်းများကမ္ဘာ့ဖလား၊ ၂၀၂၇ ခုနှစ်မှာ အာရှဖလားနဲ့ ၂၀၂၉ ခုနှစ်မှာ အာရှဆောင်းရာသီ အားကစားပြိုင်ပွဲတွေကို ဆော်ဒီက လက်ခံကျင်းပဖို့ ရှိနေပါတယ်။ 

    Ref: Arab News 

  • ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်နေကြတဲ့ တောင်အမေရိက နိုင်ငံများ

    ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်နေကြတဲ့ တောင်အမေရိက နိုင်ငံများ

    နို၀င်ဘာ ၁၊ ၂၀၂၃

    M-Media 


    -ဟားမက်စ်ကိုပစ်မှတ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ အစ္စရေးကို လက်တင်အမေရိက နိုင်ငံတွေက ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ရှုတ်ချလာပါတယ်။ 

    အစ္စရေးဟာ စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ် ရာဇ၀တ်မှုတွေ ကျူးလွန်နေတာလို့လည်း ၀ေဖန်ခဲ့ပါတယ်။ 

    ဘိုလီဗီယားနိုင်ငံဟာ အခုသီတင်းပတ်အတွင်း အစ္စရေးနဲ့ သံအဆက်အသွယ် ဖြတ်တောက်ကြောင်း ကြေငြာခဲ့ပြီး ကုလဆိုင်ရာ ဘိုလီဗီးယားသံအမတ် ဒီယေဂို ပါရီက အင်္ဂါနေ့ ကုလအစည်းအ၀ေးမှာ သူတို့ရဲ့ ရပ်တည်ချက်ကို ထပ်ပြောခဲ့ပါတယ်။ 

    “ပါလက်စတိုင်းလွတ်မြောက်ရေးဟာ ပါလက်စတိုင်းပြည်သူတွေအတွက်ပဲမဟုတ်ပါဘူး။ တရားမျှတမှု၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကမ္ဘာကြီးကို မေးခွန်းထုတ်တာဖြစ်ပါတယ်။ (ပါလက်စတိုင်းပြည်သူတွေကို) ထပ်ပြောချင်တာက ခင်ဗျားတို့ကို ပစ်မထားပါဘူး။ ဘိုလီဗီယားနဲ့ ကမ္ဘာ့လူထုဟာ ခင်ဗျားတို့နဲ့အတူ ရပ်တည်နေပါတယ်”

    ကိုလံဘီယာနိုင်ငံကလည်း အစ္စရေးဆိုင်ရာ သူတို့ရဲ့ သံအမတ်ကို အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြန်ခေါ်ခဲ့ပါတယ်။ 

    “ပါလက်စတိုင်းတွေအပေါ် အစုလိုအပြုံလိုက် သတ်ဖြတ်မှုကို အစ္စရေးက မရပ်တန့်သ၍ ငါတို့လည်း အစ္စရေးမှာ ရှိနေလို့ မရဘူး” လို့ သမ္မတ ဂူစတာဗို ပက်ထရိုက ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ် 

    ဂါဇာကမ်းမြှောင်မှာ အစ္စရေးက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တာကို တွေ့ရတဲ့အတွက် အစ္စရေးဆိုင်ရာ သံအမတ် ဂျော်ဂျီ ကာဗာဂျယ်ကို ပြန်ခေါ်သွားမယ်လို့ ချီလီသမ္မတ ဂါဘရီယဲလ် ဘောရစ်က အောက်တိုဘာ ၃၁ ရက်နေ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

    “အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ပါလက်စတိုင်းပြည်သူ တစ်ခုလုံးအပေါ် အစုလိုအပြုံလိုက် ပြစ်ဒဏ်ပေးသလို ဖြစ်နေပါတယ်” 

    Ref: Aljazeera