News @ M-Media

Blog

  • ဂါဇာမှာ ကလေးသင်္ချိုင်းဖြစ်နေပြီဟု ကုလအတွင်းရေးမှူးပြော

    ဂါဇာမှာ ကလေးသင်္ချိုင်းဖြစ်နေပြီဟု ကုလအတွင်းရေးမှူးပြော

    နို၀င်ဘာ ၇၊ ၂၀၂၃

    M-Media 


    -အစ္စရေးလက်ချက်ကြောင့် ဂါဇာကမ်းမြှောင်ဟာ ကလေးသင်္ချိုင်းဖြစ်နေပြီလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး အန်တိုနီယို ဂူတာရက်စ်က ၀ေဖန်ရှုတ်ချလိုက်ပါတယ်။ 

    ဟားမက်စ်ကို လက်တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာက ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးက တိုက်ခိုက်သတ်ဖြတ်လာတာ တစ်လနဲ့ တစ်ရက် ရှိလာပါပြီ။

    သေဆုံးသူအရေအတွက် စုစုပေါင်း တစ်သောင်းကျော်လာပြီး ကလေးငယ် ၄၁၀၀ ပါ၀င်ပါတယ်။ 

    “နေ့စဥ် ကလေးငယ်တွေ ရာနဲ့ချီ အသတ်ခံနေရပါတယ်။ ၄ ပတ်တာအတွင်း အသတ်ခံရတဲ့ ဂျာနယ်လစ်အရေအတွက်ဟာ နှစ်ပေါင်း ၃၀ အတွင်းမှာ အများဆုံး ဖြစ်ပါတယ်။ ကုလသမဂ္ဂသမိုင်းမှာလည်း အခုချိန်လောက် အကူအညီပေးရေး လုပ်သားတွေ သတ်ခံရတာမျိုး မရှိခဲ့ပါဘူး” လို့ ဂူတာရက်စ်က အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်ပြီး နယူးယောက်မြို့ ကုလဌာနချုပ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဒီလို သိမ်းကြုံး သတ်ဖြတ်နေတာတွေကို ရပ်တန့်ရေးနဲ့ အကူအညီပေးနိုင်ရေးအတွက် အပစ်ရပ်ဖို့ ကြိုးပမ်းရေး နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ တာ၀န်ရှိနေပြီလို့လည်း ဂူတာရက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အစ္စရေးရဲ့ လူသတ်ပွဲနဲ့ပတ်သက်ပြီး ဂူတာရက်စ်ရဲ့ ရှုတ်ချပြောဆိုမှုတွေထဲမှာ ဒီတစ်ခေါက်ပြောဆိုမှုက အပြင်းထန်ဆုံး ဖြစ်ပါတယ်။ 

    အစ္စရေးဟာ ဂါဇာမှာ လူနေအဆောက်အဦး၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဒုက္ခသည်စခန်းမကျန် တိုက်ခိုက်သတ်ဖြတ်နေတာဖြစ်ပါတယ်။ 

    ဂူတာရက်စ်က ဂါဇာမှာ ဘယ်သူမှ လုံခြုံမှုမရှိဘူးလို့ ပြောကြားခဲ့ပြီး ဟားမက်စ်အဖွဲ့ကိုလည်း ၀ေဖန်ကာ ဓားစာခံတွေလွှတ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေး၏ ဂါဇာလူသတ်ပွဲကို တောင်အာဖရိကက သံတမန်နည်းလမ်းဖြင့် ဆန့်ကျင်ရှုတ်ချ

    အစ္စရေး၏ ဂါဇာလူသတ်ပွဲကို တောင်အာဖရိကက သံတမန်နည်းလမ်းဖြင့် ဆန့်ကျင်ရှုတ်ချ

    နို၀င်ဘာ ၆၊ ၂၀၂၃

    M-Media 


    -ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးရဲ့ သတ်ဖြတ်မှုတွေကို ဆန့်ကျင်ကာ သံတမန်တွေ ပြန်ခေါ်တဲ့ နိုင်ငံတွေထဲမှာ တောင်အာဖရိကလည်း ပါ၀င်ပါတယ်။ 

    တောင်အာဖရိကဟာ အာဖရိကတိုက် အင်အားကြီးနိုင်ငံတွေထဲက တစ်ခုပါ။

    ဂါဇာကအခြေအနေတွေအပေါ် မိမိတို့ မနှစ်မြို့တာကို ပြသတဲ့အနေနဲ့ အစ္စရေးမှာရှိတဲ့ သူတို့ရဲ့ သံတမန်အားလုံးကို ပြန်ခေါ်သွားမယ်လို့ တောင်အာဖရိက သမ္မတရုံးက ထုတ်ပြန်ပါတယ်။ 

    “ပါလက်စတိုင်းပိုင်နက်တွေမှာ ကလေးငယ်တွေနဲ့ အပြစ်မဲ့ အရပ်သားတွေ အသတ်ခံနေရတာကို အလွန်အမင်း စိုးရိမ်မကင်း ဖြစ်မိပါတယ်။ အစ္စရေးရဲ့ တုန့်ပြန်ပုံတွေဟာ သိမ်းကြုံး အပြစ်ပေးသလို ဖြစ်နေပါတယ်။ ဒီကိစ္စကို ထောက်ပြဖို့ အရေးကြီးတယ်လို့ ကျွန်မတို့ ခံယူပြီး ရက်စက်ကြမ်းကြုတ်မှုတွေ လုံး၀ ရပ်တန့်ဖို့လည်း ထပ်လောင်း တိုက်တွန်းလိုက်ပါတယ်” လို့ တောင်အာဖရိက နိုင်ငံခြားရေး၀န်ကြီး နာလီဒီ ပန်ဒေါရ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

    အစ္စရေးဆိုင်ရာ တောင်အာဖရိက သံအဖွဲ့ကို ပြန်ခေါ်ကာ အခြေအနေတွေကို သုံးသပ်ပြီး သံအဆက်အသွယ် ဆက်ထားမလား၊ မထားဘူးလားဆိုတာကို ဆုံးဖြတ်သွားမယ်လို့ ပန်ဒေါရ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ဂါဇာမှာသတ်ဖြတ်မှုတွေကြောင့် တောင်အမေရိကနိုင်ငံ တော်တော်များများ အစ္စရေးဆိုင်ရာ သူတို့ရဲ့ သံအမတ်တွေကို ပြန်ခေါ်ထားပြီး၊ တူရကီ၊ ဂျော်ဒန်နဲ့ ဘာရိန်းတို့လည်း သံအမတ်တွေကို ပြန်ခေါ်ထားပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေး၏ ဂါဇာလူသတ်ပွဲတွင် သေဆုံးသူ တစ်သောင်းကျော်ပြီ

    အစ္စရေး၏ ဂါဇာလူသတ်ပွဲတွင် သေဆုံးသူ တစ်သောင်းကျော်ပြီ

    နို၀င်ဘာ ၆၊ ၂၀၂၃

    M-Media 


    -အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ အစ္စရေးရဲ့ ဂါဇာကမ်းမြှောင် တိုက်ခိုက်သတ်ဖြတ်မှုအတွင်း သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ တစ်သောင်းကျော်လာပြီ ဖြစ်ပါတယ်။ 

    ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်လို့ အစ္စရေးက ခေါင်းစဥ်တပ်ထားပေမယ့် ဂါဇာပြည်သူတွေကို အဓိက ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ 

    လူနေအိမ်တွေ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဒုက္ခသည်စခန်း၊ စစ်ရှောင်စခန်း စတဲ့ အရပ်သားနေရာတွေကို အစ္စရေးက တိုက်ခိုက်နေပြီး သေဆုံးသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    နို၀င်ဘာ ၅ ရက်နေ့အထိ ဂါဇာမှာ သေဆုံးသူ အရေအတွက် ၁၀၀၂၂ ဦးရှိပြီး၊ အဲဒီအထဲက ၄၁၀၄ ဦးဟာ ကလေးငယ်တွေပါ။ တိုက်ခိုက်မှုကြောင့် ပျက်ဆီး ပြိုကျသွားတဲ့ အဆောက်အဦးအောက်မှာ ပိတ်မိနေသူတွေ ရှိတာကြောင့် သေဆုံးသူအရေအတွက် ပိုမို များပြားလာနိုင်ပါတယ်။ 

    အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူဟာ ၂၅၀၀ ကျော်လာပြီး၊ လူဦးရေ ၂ သန်းသာရှိတဲ့ ဂါဇာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက် ၁ ဒဿမ ၅ သန်းကျော် ရှိနေပါတယ်။

    Ref: Aljazeera 

  • ဂါဇာရှိ မဂ်ဟာဇီ ဒုက္ခသည်စခန်းကို အစ္စရေးက ဗုံးကြဲ

    ဂါဇာရှိ မဂ်ဟာဇီ ဒုက္ခသည်စခန်းကို အစ္စရေးက ဗုံးကြဲ

    နို၀င်ဘာ ၅၊ ၂၀၂၃

    M-Media 


    -ဂါဇာကမ်းမြှောင်က မဂ်ဟာဇီ ဒုက္ခသည်စခန်းကို အစ္စရေးက စနေနေ့ညမှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၃၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။ 

    သေဆုံး ဒဏ်ရာရသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    အစ္စရေးဟာ ဒုက္ခသည်စခန်းတွေ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စစ်ရှောင်တွေ ခိုလှုံရာနေရာတွေကို အဓိက တိုက်ခိုက်နေတာဖြစ်ပါတယ်။ 

    အကြီးဆုံး ဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ ဂျဘာလီယာကို ပြီးခဲ့တဲ့ ၂ ရက်အတွင်း အနည်းဆုံး ၃ ကြိမ်တိုက်ခိုက်ခဲ့ပြီး ၂၀၀ နီးပါသေဆုံးကာ ထောင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။ 

    ဂါဇာမှာ ပါလက်စတိုင်း ဒုက္ခသည်စခန်း အများအပြား ရှိနေပါတယ်။ ၁၉၄၈ ခုနှစ် ဂျူးအစွန်းရောက် စစ်သွေးကြွအဖွဲ့တွေက ပါလက််စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ် နယ်မြေလုကာ အစ္စရေးနိုင်ငံ ထူထောင်တဲ့အချိန် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေဟာ အဲဒီဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတာဖြစ်ပါတယ်။ 

    အစ္စရေးဟာ ဂါဇာကို အရင်ကလည်း အကြိမ်ကြိမ် ကျူးကျော်တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဂါဇာမှာ သတ်ဖြတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ တစ်သောင်းနီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    Ref: Aljazeera

  • အစ္စရေးဆိုင်ရာ သံအမတ်ကို တူရကီ ပြန်လည်ခေါ်ယူ

    အစ္စရေးဆိုင်ရာ သံအမတ်ကို တူရကီ ပြန်လည်ခေါ်ယူ

    အောက်တိုဘာ ၅၊ ၂၀၂၃

    M-Media 


    -ဂါဇာကမ်းမြှောင်က ပါလက်စတိုင်း ပြည်သူတွေအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ တူရကီက အစ္စရေးဆိုင်ရာ သူတို့ရဲ့ သံအမတ်ကို ပြန်လည်ခေါ်ယူလိုက်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အစ္စရေးက ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ရာမှာ သေဆုံးသူ တစ်သောင်းနီးပါး ရှိလာပြီး ၃၉၀၀ က ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    တူရကီနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ တနင်္ဂနွေနေ့ထုတ်ပြန်ချက်မှာ အစ္စရေးက အရပ်သားတွေအပေါ် တိုက်ခိုက်နေမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖြစ်ဆိုးတွေ၊ အစ္စရေးက အပစ်ရပ်ရေး ငြင်းဆန်မှုတွေကို ပြန်လည်သုံးသပ်သွားဖို့အတွက် အစ္စရေးဆိုင်ရာ တူရကီသံအမတ် ဆာကီရ် အိုဇ်ကန် တိုရွန်လာကို ပြန်လည်ခေါ်ယူခဲ့တာလို့ ဖော်ပြထားပါတယ်။

    တူရကီခေါင်းဆောင်ပိုင်းဟာ အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက် သတ်ဖြတ်မှုတွေအတွက် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပြင်းပြင်းထန်ထန် ၀ေဖန်လာခဲ့တာဖြစ်ပါတယ်။ 

    သမ္မတအာဒိုဂန်က အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်ကြောင်း သောကြာနေ့မှာ ပြောကြားခဲ့ပြီး နေတန်ယာဟုဟာ ဆွေးနွေးပြောဆိုလို့ ရသူမဟုတ်သူလို့ ၀ေဖန်ခဲ့ပါတယ်။ 

    နိုင်ငံတကာက လက်ခံသတ်မှတ်ထားတဲ့ နယ်နမိတ်အတိုင်း အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်တဲ့ ငြိမ်းချမ်းတဲ့ ပါလက်စတိုင်းနိုင်ငံကို တူရကီက မြင်ချင်တယ်လို့လည်း အာဒိုဂန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Aljazeera