News @ M-Media

Blog

  • ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ ယခင်ကလို အရေးလှပါ့မလား

    ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ ယခင်ကလို အရေးလှပါ့မလား

    နိုဝင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    – လွန်ခဲ့တဲ့ ၃ နှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့မှုက ဆယ်စုနှစ်ချီရှိခဲ့တဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးကို အဆုံးသတ်သွားစေကာ ဒီမိုကရေစီမျှော်လင့်ချက်လည်း ရှင်သန်လာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲလာဖို့ သိပ်မလိုတော့တဲ့ အခုအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သြဇာဟာ တစ်ဖြည်းဖြည်းချင်း လျော့ပါးလာပါတယ်။

    သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကိုယူပြီး ယုံကြည်ရတဲ့ သူတွေကနေတစ်ဆင့် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံအတွင်း လူနည်းစုတွေ၊ တိုင်းရင်းသားလူမျိုးစုတွေကိစ္စမှာ အကိုင်အတွယ်မတတ်မှုကြောင့် ဂုဏ်သိက္ခာကျဆင်းမှုတွေကို ကြုံတွေ့နေရပါတယ်။ တိုင်းပြည်ရဲ့ လူများစုဖြစ်ပြီး ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဗမာတွေဟာ ခရစ်ယာန်အများစုဖြစ်တဲ့ ကချင်လူမျိုး၊ အစ္စလာမ်အများစုဖြစ်တဲ့ ရိုဟဂျာလူမျိုးတွေလို လူနည်းစုတွေနဲ့ ပဝေသဏီထဲက ပြဿနာတွေ ရှိခဲ့ကြပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ညှင်းပမ်းနှိပ်စက်မှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မျက်နှာလွှဲခဲပစ် လုပ်နေတယ်လို့ စွပ်စွဲခံနေရပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လကစလို့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်လက်ချက်ကြောင့် လူသိန်းချီ အိုးအိမ်စွန့်ခွာကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဖက်ကို အစုလိုအပြုံလိုက် ထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    လူနည်းစုများနှင့် NLD ဓာတ်မတည့်

    စစ်တပ်ရဲ့ ပစ်မှတ်ထား ဖိနှိပ်မှုကိုခံခဲ့ရတဲ့ မြန်မာနိုင်ငံက ဘာသာရေးလူနည်းစု၊ တိုင်းရင်းသားလူမျိုးစုတွေက ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ဖက်ကမရှိဘူးဆိုတာ သိရှိလာကြတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဗမာသူရဲကောင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုကို တိုင်းရင်းသားပြည်နယ်တွေမှာ စိုက်ထူမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်မှာ ဆန္ဒပြမှုတွေ တော်တော်များများ ဖြစ်ပွားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူနည်းစုတွေက နိုင်ငံ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ရှိပြီး သူတို့တွေရဲ့ ထောက်ခံမှု လျော့ကျလာတာက ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ရဲ့ အခြေအနေကို ထိခိုက်စေမှာပါ။ ၂၀၂၀ မှာလည်း NLD ပဲ နိုင်လိမ့်မယ်လို့ လူတော်တော်များများက ယူဆထားပေမယ့် ၀ါရှန်တန်အခြေစိုက် လွတ်လပ်တဲ့ မြန်မာ့အရေး လေ့လာဆန်းစစ်သူ ဟန်တာ မာစတန်က ‘အပြတ်အသတ်မနိုင်လောက်ဘူး’ လို့ သုံးသပ်ပါတယ်။

    စစ်တပ်ကျောထောက်နောက်ခံပြု အဓိကအတိုက်အခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသား ပါတီတွေက ‘၂၀၂၀ ရွေးကောက်ပွဲမှာ NLD ရဲ့ လွှမ်းမိုးမှု၊ လွှတ်တော်ကိုချုပ်ကိုင်တွေကို ဖဲ့ယူသွားမယ်’ လို့လည်း မာစတန်က ပြောကြားခဲ့ပါတယ်။

    အခုလအစောပိုင်းကပြုလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က အနိုင်ရရှိတဲ့ရာခိုင်နှုန်း များပေမယ့် အရင်ကနိုင်ခဲ့တဲ့ တိုင်းရင်းသားဒေသတွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။ NLD ရဲ့ အမာခံနယ်မြေဖြစ်တဲ့ ရန်ကုန်မှာ မဲပေးသူနည်းသွားပြီး ဒါဟာ စိုးရိမ်စရာဖြစ်တယ်လို့ မာစတန်က ထောက်ပြပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရဟာ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ယိမ်းယိုင်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ မတ်လမှာ သမ္မတဦးထင်ကျော် ရာထူးကနေ ရုတ်တရက် နှုတ်ထွက်သွားပြီး ဒါဟာ နိုင်ငံရေးခေါင်းဆောင်မှုပိုင်းအတွက် စိုးရိမ်ရတဲ့ လက္ခဏာတစ်ခုပါ။

    နိုင်ငံရေးစောင့်ကြည့်သုံးသပ်သူတွေက တိုင်းရင်းသားလူနည်းစုတွေဟာ NLD အပေါ် အချဉ်ပေါက်လာတာ မထူးဆန်းဘူးလို့ သုံးသပ်ပါတယ်။

    “ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် တိုက်ပွဲတွေ ပိုလုပ်လာပြီး၊ နိုင်ငံရဲ့မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတွေမှာ သက်ရောက်မယ့် ငြိမ်းချမ်းရေးသဘောတူညီချက်တွေကိုလည်း တိုင်းရင်းသားလက်နက်ကိုင်တွေက သိပ်ပြီး စိတ်မ၀င်စားကြပါဘူး ” လို့ တတ်သိပညာရှင်များအဖွဲ့တစ်ခုဖြစ်တဲ့ Council on Foreign Relations က အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ ဂျိုရှူဝါ ကာလန်ဇစ်က မကြာသေးမီကပဲ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာ့ခေါင်းဆောင်များ၏ ဝေဖန်မှု

    မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို အစုလိုအပြုံလိုက်သတ်ဖြတ်တာ၊ အုပ်စုဖွဲ့အဓမ္မကျင့်တာ၊ ရွာလုံးကျွတ် မီးရှို့တာတွေ လုပ်ခဲ့တယ်လို့ ကုလက စွပ်စွဲထာပြီး စစ်ခေါင်းဆောင်တွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲဖို့လည်း ဆော်သြတိုက်တွန်းထားပါတယ်။ မကြာသေးခင်က ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုဘွဲ့ကို ရုပ်သိမ်းခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ဟာ ‘ဥပဒေအရ’ စစ်ဆင်ရေးလုပ်တာလို့ ပြောကြားခဲ့ပါတယ်။ လူမျိုးစုလိုက် သုတ်သတ်မှု မရှိဘူးလို့ သူမက ပြောကြားခဲ့သလို၊ ရခိုင်က ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှုကို ဖော်ထုတ်တဲ့ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုကိုလည်း
    ကာကွယ်ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စတွေအပေါ် သူမရဲ့ လစ်လျုရှုမှုကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရပါတယ်။

    အခုလအစောပိုင်း စင်ကာပူက အာဆီယံထိပ်သီးအစည်းအဝေးမှာ အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းမှုအတွက် ဆင်ခြေပေးလို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်ပြီး အမေရိကန်က သြဂုတ်လမှာ စစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။

    မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ‘သိပ်ကို စိတ်ပျက်ရတယ်’ လို့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု လျော့ကျရာမှာ နိုင်ငံရေးတင်မကဘဲ NLD ရဲ့ စီးပွားရေးပေါ်လစီကြောင့်လည်း ပါဝင်ပါတယ်။ အင်တာနက်မှာ ပိတ်ဆို့မှုတွေလုပ်တာ၊ ကုန်ဈေးနှုန်းတက်တာ၊ အခြေခံအဆောက်အဦးတွေ အားနည်းတာတွေကြောင့်လည်း လူထုကဒေါသထွက်မှု မြင့်တက်လာတယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။

    “မြန်မာ့စီးပွားရေး တိုးတက်လာအောင် အစိုးရက မလုပ်နိုင်သလို၊ စီးပွားရေးစီမံကိန်းတွေကလည်း ရေရေရာရာ မရှိပါဘူး။ လူထုကြားထဲ ဆင်းရဲချမ်းသာ ကွာဟမှုလည်း ဆက်လက်ရှိနေဆဲပါ” လို့ ကာလန်ဇစ်က သုံးသပ်ပါတယ်။ နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲလာပေးသူအရေအတွက် နည်းတာဟာ စီးပွားရေး ပေါ်လစီနဲ့ တရားဥပဒေစိုးမိုးရေး မလုပ်ဆောင်နိုင်မှုတွေကို မကျေနပ်တာကြောင့် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    “၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ရဲ့ ရှေ့ပြေးနိမိတ်တွေဟာ မကောင်းတဲ့အနေအထား ဖြစ်နေပါတယ်”

    Ref: CNBC

    (CNBC သတင်းဌာနတွင် ဖော်ပြထားသည့် Myanmar’s government won a landslide victory in 2015. It may not be so lucky next time ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • နိုင်ငံသားများ အပျင်းထူနေ၍ ဗီယက်နမ်က မကြာမီကျော်တက်မည်ဟု မလေးဝန်ကြီးချုပ် သတိပေး

    နိုင်ငံသားများ အပျင်းထူနေ၍ ဗီယက်နမ်က မကြာမီကျော်တက်မည်ဟု မလေးဝန်ကြီးချုပ် သတိပေး

    နိုဝင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    – မလေးရှားနိုင်ငံသားအများစုဟာ အစိုးရထောက်ပံ့ကြေးကိုသာ မျှော်ကိုးနေကြသောကြောင့် ဒေသတွင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဗီယက်နမ်က ကျော်တက်သွားတော့မယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က သတိပေးလိုက်ပါတယ်။

    မလေးလူမျိုးအပါအ၀င် ဌာနေလူမျိုးတွေကို အစိုးရက သီးခြားထောက်ပံ့ပေးဖို့အတွက် မလေးရှားအခြေခံဥပဒေမှာ ထည့်သွင်း ပြဌာန်းထားပြီး ၀န်ကြီးချုပ်ဟောင်း နာဂျစ်အစိုးရကလည်း 1Malaysia People’s Aid (BR1M) လို အဖွဲ့တွေထောင်ကာ ချို့တဲ့တဲ့ နိုင်ငံသားတွေကို ကူညီထောက်ပံ့မှု ပိုမိုပြုလုပ်ခဲ့ပါတယ်။

    ဒီကနေ့ လန်ကာဝီမှာပြုလုပ်တဲ့ Dash Resort အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားမှာ မဟာသီက မလေးရှားနိုင်ငံသား တော်တော်များများဟာ အပြင်းထူတာကြောင့် နိုင်ငံအတွင်းက အလုပ်တွေကို နိုင်ငံခြားသားတွေ ခေါ်ပြီး ခိုင်းနေရတယ်လို့ ဆိုပါတယ်။

    “အစိုးရဟာ အဲဒီနိုင်ငံခြားသားတွေဆီက အခွန်တွေ၊ ပါမစ်ကြေးတွေ ကောက်ခံပြီး သူတို့ကိုယ်သူတို့ မသန်စွမ်းတွေလို့ ထင်နေကြတဲ့ မလေးနိုင်ငံသားတွေကို ထောက်ပံ့နေရပါတယ်”

    အလုပ်ကြိုးစားလုပ်တဲ့သူတွေရှိနေတဲ့ ဗီယက်နမ်နိုင်ငံဟာ စီးပွားရေးမှာ မလေးရှားကို ကျော်တက်တော့မယ်လို့လည်း မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဗီယက်နမ်ပြည်သူတွေဟာ လုံ့လ၀ိရိယရှိပြီး မကြာခင် မလေးရှားရဲ့ရှေ့ကိုရောက်တော့မယ်။ မလေးရှားမှာ အစိုးရက ထောက်ပံ့နေတာကြောင့် လူတွေက အလုပ်မလုပ်ချင်ကြဘူး”

    မဟာသီက အစိုးရဆိုတာ စီးပွားရေးလုပ်ဖို့မဟုတ်ဘဲ ဥပဒေပြဌာန်းကာ ဒါတွေကို အသက်ဝင်အောင် လုပ်ဖို့ဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အစိုးရဆိုတာမျိုးက စီးပွားရေးမှာ ကျွမ်းကျင်ကြတာမဟုတ်ဘူး။ လုပ်ရင် အရှုံးဘဲပေါ်မှာ။ ငွေဘယ်လိုရှာရတယ်ဆိုတာ ပုဂ္ဂိလိက လုပ်ငန်းတွေက ကောင်းကောင်းသိတယ်။ သူတို့မှာ အိုက်ဒီယာတွေလည်း ရှိတယ်လေ”

    Ref: The Star

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    ဒဏ်ရာရ ဘိုကာကစားသမားများကို တွေ့ရစဉ်

    ရွေးကောက်ပွဲရှုံးမှုကြောင့် ထိုင်ဝမ်အာဏာရပါတီခေါင်းဆောင် ရာထူးမှ နှုတ်ထွက်
    ==================
    ထိုင်ဝမ်မှာ မနေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရ လွတ်လပ်ရေးပါတီ DPP ဟာ အဓိကဒေသတွေအပြင် နေရာတော်တော်များမှာ ရှုံးနိမ့်ခဲ့ပြီး ပါတီဥက္ကဌဖြစ်တဲ့ သမ္မတ Tsai Ing-wen လည်းရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ DPP ဟာ သူတို့ရဲ ခြေကုပ်မြို့ ကောင်းရှုံမှာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ပြီး နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ တိုင်ချုံမှာလည်း ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနေရာ နှစ်ခုစလုံးမှာ တရုတ်နဲ့နီးစပ်တဲ့ Kuomintang ပါတီက အနိုင်ရခဲ့ပါတယ်။ Tsai Ing-wen က ပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီ ရရှိရေး၊ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေးတို့ကို DPP က ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ Tsai Ing-wen အာဏာရပြီးတဲ့နောက်ပိုင်းမှာ ထိုင်ဝမ်နဲ့တရုတ်တို့ရဲ့ ဆက်ဆံရေးဟာ ပိုမိုတင်းမာလာခဲ့ပါတယ်။

    အီဘိုလာဒဏ်ခံ ကွန်ဂိုတွင် ဆေးဝါးသစ် ၄ မျိုးကို လက်တွေ့စမ်းသပ်
    =================
    အီဘိုလာရောဂါ ပြန့်နှံ့မှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ ကွန်ဂိုနိုင်ငံမှာ ဆေးအသစ်လေးမျိုးကို လက်တွေ့စမ်းသပ်ဖို့အတွက် အာဏာပိုင်တွေက ခွင့်ပြုလိုက်ပါတယ်။ အမေရိကန်အစိုးရက ထုတ်လုပ်တဲ့ ဆေးဝါးလေးမျိုးကို စမ်းသပ်မှာ ဖြစ်ပါတယ်။ ဆေးဝါးတစ်မျိုးမျိုးနဲ့ ကုသမှု ခံယူထားသူ ၁၅၁ ဦးမှာ ၄၄ ဦးသေဆုံးပြီး ၇၆ ဦး ပြန်လည်သက်သာလာကာ ၃၁ ဦးကတော့ ဆေးကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။ ဆေးဝါးအသစ် စမ်းသပ်မှုအတွင်း သေဆုံးမှုနှုန်းဟာ ၃၇ ရာခိုင်နှုန်းရှိပြီး ဒီဆေးဝါးသစ်တွေ မရရှိသူတွေထဲမှာ သေဆုံးမှုနှုန်းက ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ လက်ရှိ ကွန်ဂိုက အီဘိုလာ ပြန့်နှံ့မှုဟာ သမိုင်းတစ်လျှောက် အဆိုးဝါးဖြစ်ပြီး ပြည်တွင်းစစ်ကလည်း အခြေအနေကို ပိုမို ဆိုးရွားစေပါတယ်။

    ဆီးရီးယားတွင် အစိုးရတပ်နှင့် သူပုန်တို့ အကျဉ်းသား လဲလှယ်
    ================
    ဆီးရီးယားနိုင်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ သူပုန်တပ်ဖွဲ့တွေအကြား ဒီကနေ့မှာ အကျဉ်းသားတွေ လဲလှယ်ခဲ့ကြတယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါဟာ တူရကီ၊ ရုရှား၊ အီရန်နဲ့ ကုလတို့ပေါင်းကာ စီစဉ်တဲ့ ‘အက်စ်တာနာ’ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ယူကေအခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ Syrian Observatory for Human Rights က တစ်ဖက်ကို ၁၀ ဦးစီ အပြန်အလှန် လဲလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရုရှား၊ အီရန်နဲ့ တူရကီတို့ဟာ ‘အက်စ်တာနာ’ လုပ်ငန်းစဉ်အောက်မှာ ဆွေးနွေးညှိနှိုင်းမှုတွေကို အကြိမ်ကြိမ်လုပ်ကာ အပစ်ရပ်ရေးဇုန်တွေကိုလည်း ဖော်ထုတ်ထားကြပါတယ်။

    အာဂျင်တီးယားနာမည်ကြီးဘောလုံးအသင်း ပြိုင်ဘက်ပရိတ်သတ်များ၏ တိုက်ခိုက်မှုခံရ
    =================
    အာဂျင်တီးနားနိုင်ငံမှာ နာမည်ကြီးဘောလုံးကလပ် ဘိုကာဂျူနီယာအသင်းရဲ့ ဘတ်စ်ကားကို ခါးသီးတဲ့ပြိုင်ဘက် ရေးဗားပလိတ် ပရိတ်သတ်တွေက မနေ့မှာ တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အသင်းကစားမယ့် ပြိုင်ပွဲကို ၂၄ နာရီ ရွှေ့ဆိုင်းလိုက်ရပါတယ်။ ရေးဗားပလိတ်ကွင်းမှာ Copa Libertadores ဖလားဖိုင်နယ် ဒုတိယအကျော့ကစားဖို့ လာရောက်စဉ် ဒီလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး မန်ယူတိုက်စစ်မှူးဟောင်း တီဗက်ဇ်အပါအ၀င် ဘိုကာကစားသမားတစ်ချို့ ခေါင်းမူးတာ၊ အော့အန်တာတွေ ရှိခဲ့သလို၊ ၂ ဦးကိုလည်း ဒဏ်ရာ ပြင်းထန်တာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

    Ref: Aljazeera, CNA

  • နေရောင်ကို မှိန်အောင်လုပ်ကာ ကမ္ဘာကြီးပူနွေးမှုကိုလျှော့ချမည့် အစီအစဉ် သိပ္ပံပညာရှင်များချပြ

    နေရောင်ကို မှိန်အောင်လုပ်ကာ ကမ္ဘာကြီးပူနွေးမှုကိုလျှော့ချမည့် အစီအစဉ် သိပ္ပံပညာရှင်များချပြ

    နိုဝင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    – ကမ္ဘာ့လေထုထဲမှာ နေရောင်ခြည်ကို မှေးမှိန်စေမယ့် ဓာတုဆေးတွေဖြန်းပြီး ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်မယ့် အစီအစဉ်တစ်ခုကို ဟားဗဒ်နဲ့ ယေးလ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဖော်ထုတ်တင်ပြလာကြပါတယ်။

    ဒီအစီအစဉ်ကို Environmental Research Letters ဂျာနယ်မှာ ဖော်ပြထားတာဖြစ်ပြီး ကမ္ဘာမြေပြင်အထက် ၁၂ မိုင်မှာရှိတဲ့ လေထုအလွှာ stratosphere မှာ ဆာလ်ဖိတ်အမှုန် ပမာဏ တော်တော်များများကို ထည့်သွင်းမယ့်နည်းလမ်း ဖြစ်ပါတယ်။

    ဒီနည်းလမ်းကြောင့် နေရောင်မှိန်သွားကာ ကမ္ဘာကြီးပူနွေးမှုကို ထက်ဝက်လောက် လျှော့ချနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းပြောဆိုထားပေမယ့် လိုအပ်တဲ့ဆာလ်ဖိတ်အမှုန်တွေကို stratosphere ထဲ ထည့်သွင်းဖို့ အသုံးပြုနိုင်မယ့် လေယာဉ်မျိုး၊ နည်းပညာမျိုး လက်ရှိမှာ မရှိသေးပါဘူး။

    ဒါပေမယ့် Environmental Research Letters က စာတမ်းမှာတော့ လိုအပ်တဲ့ ကုန်တင်လေယာဉ်မျိုး တည်ဆောက်ဖို့ဆိုတာ နည်းပညာအရရော၊ ကုန်ကျစားရိတ်အရပါ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

    ဒီစီမံကိန်းအတွက် ခန့်မှန်း သတ်မှတ်ကာလက ၁၅ နှစ်နဲ့ ကုန်ကျစားရိတ်က ကန်ဒေါ်လာ ၃.၅ ဘီလီယံ ရှိမှာဖြစ်တယ်လို့လည်း စာတမ်းက ဆိုပါတယ်။ အသုံးပြုဖို့အတွက် ကုန်ကျစားရိတ်ဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၂.၂၅ ဘီလီယံလောက် ရှိမှာ ဖြစ်ပါတယ်။

    လက်ရှိမှာ စီမံကိန်းက စိတ်ကူးသက်သက်သာဖြစ်ပြီး မိုးခေါင်တာ၊ ရာသီဥတုဆိုးရွားတာတွေလို ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက စာတမ်းမှာ ၀န်ခံထားပါတယ်။

    လက်ရှိ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကအကြောင်းအရင်းဟာ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ မြင့်တက်လာမှုကြောင့်ဖြစ်ပြီး ဒီကိစ္စကိုတော့ စာတမ်းမှာ ဆွေးနွေးထားခြင်း မရှိပါဘူး။

    Ref: CNN

  • တိုင်းပြည်ဆူပူအောင်လုပ်သည့် အမျိုးသားရေးပါတီခေါင်းဆောင်ကို ပါကစ္စတန်ဖမ်းဆီး

    တိုင်းပြည်ဆူပူအောင်လုပ်သည့် အမျိုးသားရေးပါတီခေါင်းဆောင်ကို ပါကစ္စတန်ဖမ်းဆီး

    နိုဝင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    – ဘာသာသာသနာ စော်ကားမှုတစ်ခုနဲ့ပတ်သက်ပြီး နိုင်ငံအတွင်းမှာ ဆန္ဒပြဖို့ ဆော်သြခဲ့တဲ့ ဘာသာရေးအခြေပြုပါတီ ခေါင်းဆောင်တစ်ဦးကို ပါကစ္စတန်က မနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

    ဖမ်းဆီးခံရသူဟာ Tehreek-e-Labbaik (TLP) ပါတီရဲ့ ခေါင်းဆောင် ခါသင် ဟူစိန် ရစ်ဇ၀ီဖြစ်ပြီး နိုင်ငံအရှေ့ပိုင်း လာဟိုးရ်မြို့က သူ့ရဲ့ဘာသာရေးသင်တန်းကျောင်းကို ရဲတပ်ဖွဲ့က၀င်စီးကာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    TLP က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ရစ်ဇ၀ီနဲ့အတူ သူတို့ကိုထောက်ခံတဲ့ အခြားလူတစ်ချို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြားပါတယ်။

    အစ္စလာမ်ကိုစော်ကားမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ခရစ်ယာန်အမျိုးသမီး အာဆီယာဘီဘီကို ပါကစ္စတန်တရားရုံးချုပ်က ပြီးခဲ့တဲ့လမှာ တရားသေလွှတ်ပေးခဲ့ပြီးတဲ့နောက် သဘောထားတင်းမာသူတွေဟာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေပြုလုပ်ကာ အာဆီယာကို သေဒဏ်ပြန်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြမှုတွေမှာ ရုန်းရင်းဆန်ခတ်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။

    တရားရုံးချုပ်က အောက်ရုံးတွေရဲ့ ကြားနာမှုအတွင်း အာဆီယာဘီဘီဟာ တရားမျှတမှုကို မရခဲ့ဘူးလို့ ကောက်ချက်ချကာ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းကလည်း တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်က အတည်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တရားရုံးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ဆန္ဒပြပွဲတွေလုပ်ဖို့အတွက် ရစ်ဇ၀ီရဲ့ TLP ပါတီက ဆော်သြခဲ့တာဖြစ်သလို၊ လွှတ်ပေးလိုက်တဲ့  တရားသူကြီးတွေကို သတ်ဖြတ်ဖို့လည်း လှုံ့ဆော်ခဲ့ပါတယ်။

    ပါစ္စတန် ပြည်ကြားရေးဝန်ကြီး ဖါဝဒ် ချောင်ဒရီက ရစ်ဇ၀ီကို ခေတ္တထိန်းသိမ်းထားတယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားထားပါတယ်။

    “နိုဝင်ဘာ ၂၅ ရက်နေ့ကျရင် ဆန္ဒပြမှုလုပ်ဖို့အတွက် ဆော်သြမှုကို ရုပ်သိမ်းဖို့ TLP က ငြင်းဆန်တဲ့အတွက် ဒီလို ဖမ်းဆီးလိုက်တာပါ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ဖို့၊ တရားဥပဒေစိုးမိုးစေဖို့ ဖြစ်ပါတယ်”

    ရစ်ဇ၀ီက နိုဝင်ဘာ ၂၅ ရက်နေ့ကို ‘အာဇာနည်နေ့’ အဖြစ် သတ်မှတ်ပြီး မြို့တော် အစ္စလာမ်မာဘတ်မှာ အကြီးအကျယ် ဆန္ဒပြဖို့ သူ့နောက်လိုက်တွေကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။

    Ref: Aljazeera