News @ M-Media

Blog

  • တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    ဒီဇင်ဘာ ၁၀၊ ၂၀၁၈
    M-Media

    ပါလက်စတိုင်းတွင် သေနတ်ပစ်ခေတ်မှုဖြစ်
    ====================
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက အစ္စရေးရဲ့ တရားမ၀င်အခြေချအိမ်ယာတစ်ခုအနီး ဘတ်စ်ကားမှတ်တိုင်နားမှာ ရပ်နေတဲ့ လူတွေကို ပါလက်စတိုင်းတစ်ဦးက ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်မှု မနေ့က ဖြစ်ပွားခဲ့ပြီး အစ္စရေးအခြေချအိမ်ယာမှာ နေထိုင်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့ရဲ့ပိုင်နက်ကို အစ္စရေးက ကျူးကျော်သိမ်းပိုက်ကာ တရားမ၀င်အိမ်ယာတွေ ဆောက်လုပ်မှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေဟာ အဲဒီအိမ်ယာတွေ၊ အိမ်ယာမှာနေထိုင်သူတွေကို မကြာခဏ တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အစ္စရေးစစ်တပ်က မနေ့က တိုက်ခိုက်မှုမှာ ပါဝင်သူကို ရှာဖွေနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    ပြည်တွင်းရေးကို ၀င်မစွက်ရန် ထရမ့်ကို ပြင်သစ် သတိပေး
    =====================
    အမေရိကန်ရဲ့ နိုင်ငံရေးကို ပြင်သစ်က ၀င်မရှုပ်တဲ့အတွက် ပြင်သစ်နိုင်ငံရေးကို အမေရိကန်က ၀င်ရှုပ်တာလည်း မကြိုက်ဘူးလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အခွန်မြင့်တက်မှု၊ လူနေမှုအဆင့်အတန်း နိမ့်ကျမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ဆန္ဒပြမှုဟာ ၄ ပတ်တိုင်လာခဲ့ပြီး ခဲတွေနဲ့ပစ်ပေါက်တာ၊ ကားတွေမီးရှို့တာ၊ ဆိုင်တွေ၊ စားသောက်ဆိုင်တွေ ဖျက်ဆီးတာတွေလည်း ဖြစ်နေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ပြင်သစ်အစိုးရပေါ်လစီကို လှောင်ပြောင်တဲ့ မှတ်ချက်တစ်ခုကို မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။  Jean-Yves Le Drian က အဲဒီရေးသားမှုမှာ ထရမ့်အသုံးပြုခဲ့တဲ့ဓာတ်ပုံဟာ ပြင်သစ်ကဓာတ်ပုံမဟုတ်ဘဲ လွန်ခဲ့တဲ့လအနည်းငယ်က လန်ဒန်မှာဖြစ်ခဲ့တဲ့ ဓာတ်ပုံဖြစ်ကြောင်း၊ ထရမ့်ရဲ့ရေးသားမှုကို ရှုတ်ချကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ခြစားမှုကို တိုက်ဖျက်မှ အာဏာဆက်ရှိမည်ဟု မလေးဝန်ကြီးချုပ်ပြော
    ===============
    ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အနိုင်ရချင်ရင် ခြစားမှုကင်းရမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က မနေ့မှာ ပြုလုပ်ခဲ့တဲ့ ပရဟိတ ညစာစားပွဲမှာ သူဦးဆောင်တဲ့ အာဏာရ ညွန့်ပေါင်းအဖွဲ့ Pakatan Harapan (PH) ကို တိုက်တွန်းလိုက်ပါတယ်။ အတိုက်အခံပါတီတွေ ပေါင်းစည်းထားတဲ့ PH ဟာ အခုနှစ်ဇွန်လမှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး မဟာသီက ဒီလိုအနိုင်ရမှုဟာ ခြစားမှုကို ဆန့်ကျင်တိုက်ဖျက်မယ်လို့ ပြောကြားခဲ့တဲ့အတွက်ဖြစ်ကြောင်း၊ ဒီကိစ္စကို ဆက်မလုပ်တော့ဘူးဆိုရင် သူဦးဆောင်နေလည်း ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မရှိတော့ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ မလေးရှားအစိုးရဟာ လက်ရှိမှာ စီးပွားရေး ပြန်လည်ထူထောင်လာအောင် လုပ်ဆောင်နေပြီး မဟာသီက ဒီအကျိုးကျေးဇူးတွေကို လာမယ့်နှစ်မှာ ခံစားရမယ်လို့ ဆိုပါတယ်။

    ဂျာနယ်လစ်အသတ်ခံရမှုကိစ္စအတွက် သံသယရှိသူများကို ဆော်ဒီက တူရကီထံ လွှဲပေးမည် မဟုတ်
    ===================
    အောက်တိုဘာလအတွင်းက အစ္စဘူလ် ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံလိုက်ရတဲ့ ကိစ္စအတွက် တူရကီက ဖမ်းဝရမ်းထုတ်ထားသူတွေကို လွှဲပြောင်းပေးသွားမှာ မဟုတ်ဘူးလို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီရ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဆော်ဒီ ထောက်လှမ်းရေးအကြီးအကဲဟောင်း အဟ်မဒ် အလ်-အက်ဆရီနဲ့ ဆော်ဒီတော်ဝင်မိသားစုအကြံပး အာအွဒ် အလ်- ကာတာနီတို့ကို တူရကီက ဗုဒ္ဓဟူးနေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ အက်ဆရီဟာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အနီးကပ်လူယုံဖြစ်ပြီး သူ့ရဲ့ တံးခါးပိတ်အစည်းအဝေးတွေမှာ အမြဲတမ်း
    ပါဝင်ခွင့်ရခဲ့ပါတယ်။ အလ်-ဂျူဘီရ်က တူရကီထံကနေ အထောက်အထားတွေ တောင်းထားပေမယ့် ရသင့်ရထိုက်တဲ့ လမ်းကြောင်းကနေ မရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera,CNA

  • ဟွာဝေးဘဏ္ဍာရေးအကြီးအကဲကို ဖမ်းဆီးမှုကိစ္စ ဆိုးကျိုးရင်ဆိုင်ရမည်ဟု ကနေဒါကို တရုတ်သတိပေး

    ဟွာဝေးဘဏ္ဍာရေးအကြီးအကဲကို ဖမ်းဆီးမှုကိစ္စ ဆိုးကျိုးရင်ဆိုင်ရမည်ဟု ကနေဒါကို တရုတ်သတိပေး

    ဒီဇင်ဘာ ၉၊ ၂၀၁၈
    M-Media

    – တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေးရဲ့ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲ မန်ဝေကျိုးကို လွှတ်မပေးဘူးဆိုရင် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေနဲ့ ကြုံတွေ့ရမယ်လို့ တရုတ်က ကနေဒါကို သတိပေးလိုက်ပါတယ်။

    ဟွာဝေးကုမ္ပဏီကို တည်ထောင်သူရဲ့ သမီးလည်းဖြစ်တဲ့ မန်ဝေကျိုးဟာ ဒီဇင်ဘာ ၁ ရက်နေ့က ဗန်ကူးဗားမှာ လေယာဉ်ပြောင်းစီးစဉ် ကနေဒါအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

    စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ထားတဲ့ အီရန်ကို ပစ္စည်းကိရိယာတွေရောင်းဖို့ကြိုးစားတဲ့ ကုမ္ပဏီတစ်ခုနဲ့ ဟွာဝေးရဲ့ ဆက်နွယ်မှုကို အသက် ၄၆ နှစ်အရွယ် မန်က ဖုံးကွယ်ဖို့ ကြိုးစားတယ်လို့ အမေရိကန်က စွပ်စွဲထားပြီး ကနေဒါကလည်း အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် မန်ကို ဖမ်းဆီးပေးလိုက်တာ ဖြစ်ပါတယ်။

    လက်ရှိမှာ ကနေဒါက မန်ကို အမေရိကန်လွှဲပြောင်းပေးဖို့ စီစဉ်နေပြီး တကယ်လို့ ဒီလိုဖြစ်လာမယ်ဆိုရင် ဘဏ္ဍာရေးဆိုင်ရာ လိမ်လည်မှုနဲ့ တရားစွဲဆိုခံရာ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၃၀ လောက် ကျခံရနိုင်ပါတယ်။

    တရုတ် ဒုတိယနိုင်ငံခြားရေ၀န်ကြီး လီယူချန်က ကနေဒါရဲ့ ဒီလိုဖမ်းဆီးမှုဟာ မန်ရဲ့ အခွင့်အရေးကို ချိုးဖောက်တာဖြစ်ပြီး၊ တော်တော်လေးကို ရိုင်းစိုင်းတဲ့လုပ်ရပ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မန်ဝေကျိုးကို သောကြာနေ့မှာ ရုံးထုတ်ခဲ့ပေမယ့် ၆ နာရီကြာ ကြားနာမှုအတွင်း အမေရိကန်ကို လွှဲပြောင်းပေးရေးကိစ္စနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။

    ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်ဖက်က ပြင်းပြင်းထန်ထန် တုန့်ပြန်လာနိုင်လားလို့ သောကြာနေ့က သတင်းထောက်တွေ မေးမြန်းရာမှာ ကနေဒါဝန်ကြီးချုပ် ထရူဒူက သူတို့အစိုးရဟာ တရုတ်အစိုးရနဲ့ တော်တော်လေးကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တရုတ်မယားအဖြစ် ရောင်းစားခံရသည့် မြန်မာအမျိုးသမီးအရေအတွက် ၇ ထောင်ကျော် ရှိလာ

    တရုတ်မယားအဖြစ် ရောင်းစားခံရသည့် မြန်မာအမျိုးသမီးအရေအတွက် ၇ ထောင်ကျော် ရှိလာ

    ဒီဇင်ဘာ ၉၊ ၂၀၁၈
    M-Media

    – တရုတ်နိုင်ငံက အမျိုးသမီးလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် မြန်မာနိုင်ငံက အမျိုးသမီးထောင်ချီ လူကုန်ကူးခံနေရပြီး၊ တစ်ဆင့်တစ်ဆင့် ရာင်းစားခံရတာတွေလည်း ရှိနေတယ်လို့ Johns Hopkins Bloomberg School of Public Health က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဆယ်စုနှစ်များစွာကြာ ရှိခဲ့တဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် ပေါ်လစီကြောင့် တရုတ်နိုင်ငံမှာ အမျိုးသမီးအရေအတွက် ၃၃ သန်းလောက် လိုအပ်နေတာ ဖြစ်ပါတယ်။

    ဒီကွာဟချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ကမ္ဘောဒီးယား၊ လာအိုနဲ့၊ မြန်မာနဲ့ ဗီယက်နမ်တို့က ဆင်းရဲတဲ့အမျိုးသမီးတွေဟာ ပစ်မှတ်ဖြစ်လာခဲ့ပြီး တရုတ်ဇနီးလုပ်ဖို့ ရောင်းစားခံရတာတွေလည်း ရှိလာခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ Johns Hopkins Bloomberg School of Public Health က ပထမဆုံး လေ့လာပြီး သောကြာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံမြောက်ပိုင်း စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က အမျိုးသမီး ၇၅၀၀ လောက်ဟာ တရုတ်မယားအဖြစ် အဓမ္မ ရောင်းစားခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

    ဒီလိုရောင်းစားခံရပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသူတွေ၊ လူကုန်ကူးခံရမှုကနေ လွတ်မြောက်လာသူတွေ၊ တရုတ်နိုင်ငံမှာ လက်ရှိ ရှိနေဆဲသူတွေကို လေ့လာမှုအတွင်းမှာ တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံကနေ ရောင်းစားခံရတဲ့ အမျိုးသမီးအများစုဟာ သူတို့ ယောက်ျားတွေအတွက် ကိုယ်ဝန်ဆောင်ပေးဖို့ အဓမ္မ ဖိအားပေး ခံခဲ့ရတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

    အစီရင်ခံစာကိုရေးသားသူ ဒဗလျူ ကော့လန်း ရော်ဘင်ဆင်က ‘ပဋိပက္ခ၊ ထွက်ပြေးရမှုနဲ့ ဆင်းရဲမွဲတေမှုတွေ’ ကြောင့် မြန်မာနိုင်ငံကအမျိုးသမီးတွေဟာ ထွက်ပြေးနေရပြီး၊ ‘တရုတ်နိုင်ငံ – အထူးသဖြင့် ကျေးလက်ဒေသတွေက အမျိုးသား-အမျိုးသမီး အရေအတွက် ကွာဟချက်ကလည်း’ နိုင်ငံရပ်ခြားက အမျိုးသမီးဝယ်လိုအားကို မြင့်တက်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက အမျိုးသမီးတစ်ဦးက သူမဟာ တရုတ်နိုင်ငံကို ၃ ကြိမ်တိုင်တိုင် ရောင်းစားခံခဲ့ရပြီး အကြိမ်တိုင်းမှာ ‘ကလေးမွေးဖို့’ ဖိအားပေး ခံခဲ့ရတယ်လို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မြေပြင်လေ့လာမှုတွေလုပ်ခဲ့တဲ့ ထိုင်းအမျိုးသမီးအသင်းက တာဝန်ရှိသူ မွန်နေလီကို ပြောကြားခဲ့ပါတယ်။

    “နိုင်ငံရေးမတည်ငြိမ်မှု၊ ပဋိပက္ခတွေနဲ့ မြေယာသိမ်းမှုတွေကြောင့် မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ လုံခြုံရေးဟာ  စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်” လို့ မွန်နေလီက ပြောပါတယ်။

    တရုတ်အမျိုးသားတွေနဲ့ အဓမ္မလက်ထက်မှုကို မိသားစုဝင်တွေထဲကသူတွေ၊ ရပ်မိရပ်ဖတွေက ပွဲစားအဖြစ် စီစဉ်ပေးတာကြောင့် အမျိုးသမီးတွေဖက်က ငြင်းလို့မရဘဲ အသက်အရွယ်ကိုလိုက်ပြီး ကန်ဒေါ်လာ တစ်သောင်းကနေ၊ ၁၅၀၀၀ အထိ ဈေးပေါက်တယ်လို့ ဆိုပါတယ်။

    တရုတ်နိုင်ငံက လူများစုဖြစ်တဲ့ ဟန်တရုတ်တွေ သဘောမကျတဲ့ ကျေးလက်ဒေသက အဖိုးကြီးတွေ၊ နေထိုင်မကောင်းသူတွေ၊ မသန်စွမ်းသူတွေနဲ့ လက်ထက်ရလေ့ရှိပြီး အမျိုးသမီးတွေက လက်ထပ်ရလေ့ရှိပြီး၊ ကလေးယူပြီးတဲ့နောက် ပိုက်ဆံပြန်ဖော်ဖို့အတွက် တစ်ဆင့် ပြန်လည်ရောင်းစားခံရတာတွေလည်း ရှိနေပါတယ်။

    ရော်ဘင်ဆင်က တစ်ချို့အမျိုးသမီးတွေဟာ ကိုယ့်သဘောဆန္ဒနဲ့ လက်ထပ်တာတွေ ရှိပေမယ့် ကိစ္စတစ်ခုနဲ့တစ်ခု အခြေအနေတွေ မတူညီကြဘူးလို့လည်း ပြောပါတယ်။ မိဘတွေ ငွေရတဲ့အတွက် အမျိုးသမီးတွေဟာ တရုတ်ဇနီးအဖြစ် မလုပ်ချင်ဘဲ လုပ်ရတာတွေ ရှိနေပြီး ခံစားခဲ့ရတဲ့ ဒုက္ခတွေကို မိဘတွေ စိတ်မကောင်းဖြစ်မှာ စိုးရိမ်တဲ့အတွက် ပြန်မပြောကြဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီလို အမျိုးသမီးတွေ တရုတ်မယားအဖြစ် ရောင်းစားခံရမှုကို တားဆီးနိုင်ရေးအတွက် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ပဋိပက္ခတွေရပ်တန့်ရေး ဆောင်ရွက်ဖို့၊ လူကုန်ကူးမှုတိုက်ဖျက်ရေး တာဝန်ရှိသူတွေအနေနဲ့ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပြီး အမျိုးသမီးတွေ သားကောင်းဖြစ်နေတယ်ဆိုတာကို သိရှိရေး ပညာပေးဖို့ မြန်မာအစိုးရကို အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

    Ref: CNA

  • ကွန်မြူနစ်တရုတ်အစိုးရရဲ့ နှိပ်ကွပ်မှုကို ပိုမိုခံစားလာရတဲ့ ကမ္ဘာ့ဘာသာကြီးများ

    ကွန်မြူနစ်တရုတ်အစိုးရရဲ့ နှိပ်ကွပ်မှုကို ပိုမိုခံစားလာရတဲ့ ကမ္ဘာ့ဘာသာကြီးများ

    ဒီဇင်ဘာ ၅၊ ၂၀၁၈
    M-Media

    – တရုတ်ဟာ ဘာသာတရားတွေအပေါ် မကြုံစဖူးစစ်ပွဲမျိုး စစ်နွှဲနေပါတယ်။

    ပြီးခဲ့တဲ့တစ်နှစ်အတွင်မှာပဲ အစ္စလာမ်ဘာသာဝင်တွေကို အုံလိုက်ကျင်းလိုက် ဖမ်းဆီးတာ၊ ဗုဒ္ဓဘာသာဝင်တွေကို ကွန်မြူနစ်ပါတီအပေါ် သစ္စာခံခိုင်းတာ၊ ခရစ်ယာန်ဘုရားကျောင်းက လက်ဝါးကပ်တိုင်တွေ ဖြုတ်ချဖို့ ဖိအားပေးတာ၊ ဘုရားကျောင်း ပိတ်သိမ်းတာတွေ တော်တော်များများ လုပ်ဆောင်ခဲ့ပါတယ်။

    ဘာသာတရားကို တရုတ်ဇာတ်သွင်းခြင်း

    ဘာသာမဲ့လို့ တရားဝင်ကြေငြာထားတဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ သူတို့ရဲ့လွှမ်းမိုးမှုကို ထိန်းသိမ်းဖို့အတွက် ဘာသာရေးအဖွဲ့အစည်းတွေအပေါ် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ထိန်းချုပ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ၁၉၅၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ကွန်မြူနစ်အစိုးရရဲ့ သာသနာရေးဌာနဟာ ဘာသာတရား ၅ ခုကို ခွင့်ပြုထားပေးမယ့် သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာထားပြီး ကွန်မြူနစ်ပါတီက ပုံဖော်တဲ့ ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ခရစ်ယာန်ဘာသာတွေကိုသာ ပြည်သူက ကျင့်သုံးရတာ ဖြစ်ပါတယ်။

    ကွန်မြူနစ်အစိုးရဟာ ဘာသာရေးအဖွဲ့စည်းက လူတစ်ဦးချင်း၊ သူတို့ရဲ့ ထုတ်ဝေမှုတွေ၊ ငွေကြေးသုံးစွဲမှုတွေကို စောင့်ကြည့် ထိန်းချုပ်ပါတယ်။ သဘောတရားအားဖြင့် လွတ်လပ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားပေမယ့် အစိုးရက ဆင်ဆာဖြတ်ထားတဲ့ ဘာသာတရားတွေကို လိုက်နာကျင့်သုံးရတာမျိုးပါ။

    ၂၀၁၅ ခုနှစ် အစိုးရရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အာဏာပိုင်တွေက ‘တရုတ်ဇာတ်သွင်းမှု’ စကားလုံးကို တရားဝင် မိတ်ဆက်ခဲ့ပြီး ဘာသာတရားကို တရုတ်ရဲ့ဆိုရှယ်လစ်အတွေးအခေါ်နဲ့ ကိုက်ညီအောင် ပြုပြင်ဖို့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်နဲ့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    ဘေဂျင်းက ဗြိတိသျှသံရုံးမှာ အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရိုဒီရစ် ၀ိုင်က “ဘာသာရေး လှုပ်ရှားမှုတွေဟာ တစ်ခါတစ်လေမှာ တစ်ချို့အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်နေတာကြောင့် ကွန်မြူနစ်ပါတီဟာ ဘာသာတရားတွေအပေါ် တစ်နည်းမဟုတ်တစ်နည်းနဲ့ မျက်မုန်းကျိုးနေတာပါ။ အဲဒီလိုအဖွဲ့အစည်းတွေ ရှိလာပြီဆိုရင် ပါတီက ထိန်းချုပ်ဖို့ ကြိုးစားတော့တာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် သမ္မတ ရှီကျင့်ဖျင်ရဲ့လက်ထက်မှာ တရုတ်အစိုးရရဲ့ ဘာသာတရားတွေအပေါ် နှိပ်ကွပ်မှုဟာ စိုးရိမ်စရာကောင်းတဲ့အဆင့်အထိ မြင့်တက်လာခဲ့ပါတယ်။

    အစ္စလာမ်နဲ့ အဆက်ဖြတ်ချင်နေ

    အစ္စလမ်ဘာသာဝင် ၀ီဂါလူမျိုးတွေရဲ့ပြည်နယ်ဖြစ်တဲ့ နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာဆိုရင် တရုတ်အာဏာပိုင်တွေဟာ ရဲတပ်ဖွဲ့အင်အားကို အုံနဲ့ကျင်းနဲ့ ချထားပြီး၊ ၀ီဂါလူမျိုး တစ်သန်းလောက်ကို အကျဉ်းချထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

    ဖမ်းဆီးခံရသူ တော်တော်များများက သူတို့ဟာ ၀တ်ရုံခြုံတာ၊ မုတ်ဆိတ်ထားတာလို့ အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်း ထင်ထင်ရှားရှားဖော်ပြတဲ့အတွက် ဒီလို ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စလာမ်ဘာသာ နှိပ်ကွပ်ရေးဟာ သူတို့ဆီကိုပါ ရောက်လာမလားဆိုပြီး တရုတ်ပြည်မကြီးတစ်ဝိုက်မှာ ပြန့်ကျဲနေထိုင်ကြတဲ့ ဟွေလူမျိုး အစ္စလာမ်ဘာသာဝင်တွေကလည်း ကြောက်ရွံ့နေကြပါတယ်။

    ဟွေလူမျိုးတွေ အများအပြားနေထိုင်ကြတဲ့ နိုင်ငံမြောက်ပိုင်းက ယွင်ချွမ်မြို့မှာ အစိုးရအာဏာပိုင်တွေဟာ ပတ်ဝန်းကျင် ဆူညံတယ်လို့ဆိုကာ ဗလီဝတ်ကျောင်းတော်က နေ့စဉ် ၀တ်ပြုဖို့နှိုးဆော်မှုကို ပိတ်ပင်ခဲ့ကြောင်း South China Morning Post က ဖော်ပြခဲ့ပါတယ်။

    နိုင်ငံအလယ်ပိုင်း လင်ရှာမြို့က အမည်မဖော်လိုတဲ့ ရှေ့ဆောင်အီမာမ်တစ်ဦးက “အာဏာပိုင်တွဟာ အစ္စလာမ်ဘာသာဝင်တွေကို အစ္စလာမ်နဲ့ အဆက်ပြတ်ပြီး လောကီဝါဒီသီးသန့်ဖြစ်လာအောင် လုပ်ဆောင်နေတာပါ။ ဒီနေ့ခေတ်မှာ သူတို့ဟာ ကလေးတွေကို ဘာသာရေးအဆုံးအမအောက်မှာ နေခွင့်မပေးဘဲ ကွန်မြူနစ်ဝါဒနဲ့ ပါတီကိုပဲ သစ္စာခံခိုင်းပါတယ်” လို့ ဇူလိုင်လတုန်းက Agence France-Presse သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဘုရားကျောင်းများကိုစောင့်ကြည့်၊ တရားများကို ဆင်ဆာဖြတ်

    ဖိနှိပ်ချုပ်ချယ်မှုကို ခံနေရတာဟာ အစ္စလာမ်ဘာသာတစ်ခုတည်း မဟုတ်ပါဘူး။

    ကွန်မြူနစ်အစိုးရ အာဏာပိုင်တွေဟာ သူတို့ထိန်းချုပ်ထားတာမဟုတ်တဲ့ ခရစ်ယာန် ကက်သလစ်နဲ့ ပရိုတက်စတင့်အသင်းတော်တွေကို ပစ်မှတ်ထားပြီး သမ္မာကျမ်းစာတွေ မီးရှို့တာ၊ ဘုရားကျောင်းတွေ ပိတ်ပစ်တာ၊ ခရစ်ယာန်ဘာသာကို စွန့်လွှတ်ဖို့ အမိန့်ပေးတာတွေ လုပ်ဆောင်နေတယ်လို့ AP သတင်းဌာနက စက်တင်ဘာလအတွင်းမှာ ဖော်ပြခဲ့ပါတယ်။

    တစ်ချို့ ခရစ်ယာန်ဘုရားကျောင်းတွေကို ဆက်လက်ဖွင့်ခွင့်ပြုထားပေမယ့် ဘုရားကျောင်းအဆောက်အဦးထဲမှာ မျက်နှာကို မှတ်တမ်းတင်တဲ့ ကင်မရာတွေ တပ်ဆင်ထားတာ၊ ဘုရားကျောင်းကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေပါတယ်။ ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေဟာ ခရစ်ယာန်တရားတော်တွေကို ဆင်ဆာဖြတ်တာ၊ သူတို့ရဲ့ ၀ါဒဖြန့်စကား ထည့်သွင်းတာတွေ လုပ်ဆောင်တယ်လို့ အမေရိကန်လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ ChinaAid ကို ဦးဆောင်တဲ့ သင်းအုပ်ဆရာ ဘော့ဘ်ဖူက France24 သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    စက်တင်ဘာလအတွင်းက တရုတအာဏာပိုင်တွေနဲ့ ဗာတီကန်တို့ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီသဘောတူညီချက်အရ ဗာတီကန်ဟာ တရုတ်စိုးရက ခန့်အပ်ထားတဲ့ ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီး ၇ ဦးကို အသိအမှတ်ပြုခဲ့ရပါတယ်။ အရင်က အဲဒီဘုန်းတော်ကြီးတွေဟာ ဗာတီကန်က တရားဝင်ခွင့်မပြုတဲ့အတွက် ကက်သလစ်အသင်းတော်မှာ တရားဝင် ပါဝင်ခွင့် မရခဲ့ပါဘူး။ အခုသဘောတူညီချက်ဟာ ဗာတီကန်က သူတို့ရဲ့ပါဝါကို တရုတ်ကွန်မြူနစ်ပါတီထံ လွှဲပေးလိုက်ရတာ ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    တရုတ်နိုင်ငံမှာ ခရစ်ယာန်ကက်သလစ်ဘာသာဝင် ၁၀ သန်းလောက်ရှိပြီး ဗာတီကန်ကို သစ္စာခံသူ၊ တရုတ်အစိုးရက ထိန်းချုပ်ထားတဲ့ တရုတ်မျိုးချစ်ကက်သလစ်အသင်းကို သစ္စာခံသူဆိုပြီး ကွဲပြားနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ပရိုတက်စတင့်ခရစ်ယာန်ဘာသာဝင် အရေအတွက်ကတော့ သန်း ၁၀၀ လောက် ရှိပတယ်လို့ Financial Times သတင်းစာက ဖော်ပြပါတယ်။

    ဘုန်းကြီးတွေလည်း အလံလွှင့်ထူရ

    အရှေ့အာရှမှာ သမိုင်းကြောင်းတစ်လျှောက် နက်နက်ရှိုင်းရိုင်းရှိနေတဲ့ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာတို့ကိုလည်း တရုတ်အစိုးရက အလွတ်မပေးပါဘူး။

    ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ တိဘက်မှာ တရုတ်က ဘာသာရေးဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုတွေ ပြုလုပ်ထားပြီး၊ ဗုဒ္ဓဘာသာခေါင်းဆောင် ဒလိုင်းလားမားလည်း အခုအချိန်အထိ ပြည်ပြေးဘ၀နဲ့ နေထိုင်နေရပါတယ်။ တိဘက်က နာမည်ကြီးဘုန်ကြီးကျောင်းတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို တရုတ်အာဏာပိုင်တွေက စောင့်ကြည့်နေတယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။ ဘုန်းကြီးတွေကို အကြမ်းဖက်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲဆိုတာတွေ ပုံမှန်လိုလိုဖြစ်လာတာဟာ ရှင်ကျန်းက အခြေအနေတွေနဲ့ မခြားနားပါဘူး။

    အခုနှစ်အစောပိုင်းက တရုတ်နိုင်ငံရဲ့ ရှေးဟောင်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဖြစ်ပြီး ကွန်ဖူးပညာရပ် မွေးဖွာရာလည်းဖြစ်တဲ့ ရှောင်လင်ဘုရားကျောင်းမှာ နှစ်ပေါင်း ၁၅၀၀အတွင်း ပထမဆုံအကြိမ်အဖြစ် တရုတ်နိုင်ငံအလံ လွှင့်ထူခဲ့ရပါတယ်။ ဒါဟာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးလို့ ခေါင်းစဉ်တပ်ထားတဲ့ တရုတ်အစိုးရရဲ့ လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    ရှေ့ဆက်နှိပ်ကွပ်မည်

    ကွန်မြူနစ်ပါတီဟာ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့ ကြိုးစားနေပြီး ဒါကိုထိခိုက်တယ်၊ ပြည်တွင်းလုံခြုံရေးကို ထိခိုက်တယ်လို့ သူတို့ယူဆတဲ့ အောက်ခြေက အသင်းအဖွဲ့အားလုံအပေါ် သဘောထားမကြီးပေးပါဘူး။

    တရုတ် ဗြိတိသျှသံရုံးက ၀န်ထမ်းဟောင်းဖြစ်ပြီး လက်ရှိ Chatham House အဖွဲ့မှာ ပါဝင်လှုပ်ရှားနေတဲ့ ၀ိုင်က ဘာသာတရားတွေကို တရုတ်အစိုးရက ထိန်းချုပ်ဖို့ စိတ်အား ထက်သန်နေတာဟာ နိုင်ငံရပ်ခြားကသြဇာကို ကန့်သတ်ဖို့ ကြိုးစားဖို့အတွက်လည်း ဖြစ်တယ်လို့ Business Insider ကို ပြောကြားခဲ့ပါတယ်။

    “ဘာသာတရားတွေကနေပြီး နိုင်ငံခြားသြဇာ ၀င်လာမလား၊ အဲဒီလိုဝင်လာပြီး နိုင်ငံအတွင်းက လူမှုအတွေးအခေါ်တွေကို အမြတ်ထုတ်လိုက်မလားဆိုတဲ့ စိုးရိမ်မှုတွေ တရုတ်အစိုးမှာ အမြဲတမ်း ရှိပါတယ်။ ဒါဟာ ပိုမို ကြီးမားတောင့်တင်းတဲ့ တရုတ်နိုင်ငံ ဖြစ်လာရေးဆိုတဲ့ ရှီကျင့်ဖျင်ရဲ့ ‘တရုတ်အိပ်မက်’ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်”

    “အနာဂတ် တရုတ်နိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး၊ ဘယ်လို ဖြစ်ပေါ် တိုးတက်မှုတွေပဲဖြစ်ဖြစ် ဒါတွေကို တရုတ်ကွန်မြူနစ်ပါတီက ဆုံးဖြတ် အကောင်အထည်ဖော်မှာဖြစ်ပြီး၊ ကိုယ်ကျင့်တရားပိုင်းနဲ့ လူမှုရေးပိုင်းမှာ တစ်ခြားအဖွဲ့က ဆောင်ရွက်တာကို သည်းခံမှာ မဟုတ်ပါဘူး”

    Ref : Business Insider

    (Business Insider တွင် ဖော်ပြထားသည့် Jailing Muslims, burning Bibles, and forcing monks to wave the national flag: How Xi Jinping is attacking religion in China ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၅၊ ၂၀၁၈
    M-Media

    ဆော်ဒီဘုရင်နှင့် ကာတာခေါင်းဆောင်တို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာက တွေ့ရစဉ်

    ကန်နှင့်ကုန်သွယ်ရေးပြဿနာကို အလျင်အမြန်ဖြေရှင်းမည်ဟု တရုတ်ပြော
    ====================
    ကုန်သွယ်ရေးစစ်ပွဲ ရပ်ဆိုင်းထားတဲ့ ရက်ပေါင်း ၉၀ အတွင်း အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး နှစ်နိုင်ငံ သဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်သွားမယ်လို့ တရုတ် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ပြီးခဲ့တဲ့တစ်ပတ် အာဂျင်တီးနားမှာ လုပ်တဲ့ G20 ထိပ်သီးအစည်းအဝေးမှာ ကုန်သွယ်ရေးစစ်ပွဲကို ရပ်ပေါင်း ၉၀ ရပ်ဆိုင်းထားဖို့အတွက် သဘောတူခဲ့တာ ဖြစ်ပါတယ်။ တရုတ်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ဟာ ဒီသဘောတူညီချက်ကို ပထမဆုံး ၀န်ခံတာဖြစ်ပါတယ်။ အိမ်ဖြူတော်က တရုတ်ဟာ နည်းပညာ၊ လယ်ယာ စိုက်ပျိုးရေး၊ စွမ်းအင်၊ စက်မှုထုတ်ကုန်တွေနဲ့ အခြား ကုန်သွယ်ရေး ကိစ္စတွေကို ဖြေရှင်းဖို့အတွက် သဘောတူခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။

    မက္ကဆီကိုနယ်စပ်တွင် စစ်တပ်ချထားမှုကာလကို အမေရိကန်က သက်တမ်းတိုး
    ===========================
    တောင်အမေရိကက ဒုက္ခသည်တွေ၊ ပြောင်းရွှေ့အခြေချသူတွေ ၀င်ရောက်လာမှုကို တားဆီးရေး မက္ကဆီကို နယ်စပ်မှာ စစ်သားတွေ ချထားမှု ကာလကို အမေရိကန်က ဇန်န၀ါရီ ၃၁ ရက်နေ့အထိ ထပ်တိုးလိုက်ပါတယ်။ ရက်ထပ်တိုးဖို့ ပြည်ထဲရေးဌာနရဲ့ တောင်းဆိုမှုကို ကာကွယ်ရေးဝန်ကြီး ဂျင်မ် မာတစ်က မနေ့မှာ ခွင့်ပြုခဲ့တာပါ။ တပ်ဖွဲ့ဝင်အရေအတွက်ကိုတော့ ၅၄၀၀ ကနေ ၄၀၀၀ အထိ လျှော့ချသွားမှာဖြစ်ပြီး မက္ကဆီကိုနဲ့ ကပ်နေတဲ့ ကယ်လီဖိုးနီးယား၊ အရီဇိုးနားနဲ့ တက္ကဆက်ပြည်နယ်တွေမှာ ချထားတာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေနဲ့ ပြောင်းရွှေ့အခြေချသူတွေဟာ လက်ရှိ မက္ကဆီကို နယ်စပ်မှာ ရှိနေပြီး ခိုလှုံခွင့်ရရေး အမေရိကန်အစိုးရရဲ့ စစ်ဆေးမှုကို ခံယူဖို့ စောင့်နေကြပါတယ်။

    GCC အစည်းအဝေးလာတက်ရန် ကာတာခေါင်းဆောင်ကို ဆော်ဒီဘုရင် ဖိတ်ကြား
    ====================
    ဒီဇင်ဘာ ၉ ရက်နေ့ ရီယာ့ဒ်မှာပြုလုပ်မယ့် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ GCC ရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့အတွက် ဆော်ဒီဘုရင် ဆလ်မန်က ကာတာခေါင်းဆောင် ရှိခ် တာမင် ဘင် ဟာမဒ် အလ် သာနီကို မနေ့မှာ ဖိတ်ကြား လိုက်ပါတယ်။ ဆော်ဒီ၊ ဘာရိန်း၊ ယူအေအီးနဲ့ အီဂျစ်တို့ဟာ ၂၀၁၇ ခုနှစ် ဇွန်လကစပြီး ကာတာနိုင်ငံအပေါ် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့သလို၊ မနှစ်က ကူဝိတ်မှာပြုလုပ်တဲ့ GCC ထိပ်သီးအစည်းအဝေးမှာ ဆော်ဒီ၊ ယူအေအီးနဲ့ ဘာရိန်းတို့ဟာ ၀န်ကြီးတွေ မလွှတ်ဘဲ ဒုတိယ၀န်ကြီးတွေသာ စေလွှတ်ခဲ့ပါတယ်။ ကာတာဟာ ရေနံထုတ်လုပ်တင်ပို့သူများအဖွဲ့ OPEC ကနေ ဒီနှစ်အကုန်မှာ နှုတ်ထွက်တော့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြေငြာခဲ့ပါတယ်။

    Ref : Aljazeera, CNA