News @ M-Media
Blog
  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    နိုဝင်ဘာ ၂၈၊ ၂၀၁၈
    M-Media
    ဟိန္ဒူဘုရားကျောင်းကိစ္စ မလေးရဲတပ်ဖွဲ့က လူတစ်ချို့ကို ထပ်မံဖမ်းဆီ
    =============
    မလေးရှားနိုင်ငံ ဆူဘန်ဂျာယာမြို့က ဟိန္ဒူဘုရားကျောင်း ရွှေ့ပြောင်းရေးကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က မနေ့မှာ လူတစ်ချို့ကို ထပ်ဖမ်းလိုက်ပါတယ်။ မြေပိုင်ဆိုင်ထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏီက နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ အဲဒီ ဘုရားကျောင်းကို ဖယ်ရှားဖို့ စီစဉ်နေတာဖြစ်ပြီး ဟိန္ဒူဘာသာဝင်တွေက အစိုးရကပေးထားတဲ့ နေရာသစ်ကို ဘုရားကျောင်းပြောင်းရွှေ့ဖို့ လက်မခံပါဘူး။ ဆောက်လုပ်ရေးကုမ္ပဏီက ကြေးစားတွေလွှတ်ပြီး ဘုရားကျောင်းကိုဖျက်စီးဖို့ ကြိုးစားမှုကြောင့် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ဟိန္ဒူဘာသာဝင်တွေ ဆန္ဒပြခဲ့ကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကာ မီးသတ်ကားအပါအ၀င် ကား ၂၃ စီး မီးရှို့ခံခဲ့ရပါတယ်။
    မီးသတ်သမားတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆန္ဒပြသူတွေရဲ့ ရိုက်နှက်ထိုးကြိတ်မှုကို ခံခဲ့ရပြီ မီးသတ်သမားက စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်။
    မနေ့ညပိုင်းမှာ အင်္ကျီအနက်တွေဝတ်ထားတဲ့မလေးအမျိုးသားတစ်စုဟာ ဟိန္ဒူဘုရားကျောင်းနားကို ကပ်လာခဲ့တာကြောင့် ရဲတပ်ဖွဲ့က လူစုခွဲဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။ သတိပေးမှုကို မလိုက်နာတဲ့သူတွေကို ဖမ်းဆီးခဲ့ပါတယ်။ လက်ရှိမှာ ဘုရားကျောင်းနဲ့ ပတ်ဝန်းကျင်မှာ ရဲတပ်ဖွဲ့ဝင် ၁၄၀၀ လောက် ချထားပြီး စောင့်ကြပ်နေပါတယ်။ ရဲတပ်ဖွဲ့ဟာ အင်္ဂါနေ့မှာ လူ ၂၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
    ကာတာအပေါ် ပိတ်ဆို့မှုကို ဆော်ဒီနှင့် အီဂျစ်တို့ ဆက်လုပ်မည်
    ================
    ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ကာတာအပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ အီဂျစ်နဲ့ ဆော်ဒီတို့က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဆော်ဒီ၊ အီဂျစ်၊ ဘာရိန်းနဲ့ ယူအေအီးတို့က ကာတာဟာ အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုတယ်လို့ စွပ်စွဲကာ ကာတာကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း အားလုံးအဆက်အသွယ်ဖြတ်တောက် ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ အီဂျစ်ကို အလည်အပတ်ခရီး ရောက်ရှိနေပြီး မနေ့က အီဂျစ်သမ္မတ အလ်စီစီနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပိတ်ဆို့မှုတွေ ဖယ်ရှားဖို့အတွက် ဆော်ဒီဦးဆောင်တဲ့အဖွဲ့က ကာတာကို အချက်တော်တော်များများ တောင်းဆိုထားပြီး အဲဒီအထဲမှာ အလ်ဂျာဇီးရားသတင်းဌာနကို ပိတ်ပစ်ဖို့၊ အီရန်နဲ့ အဆက်အသွယ်ဖြတ်ဖို့၊ နိုင်ငံအတွင်းမှာရှိတဲ့ တူရကီတပ်ဖွဲ့တွေကို
    ဖယ်ရှားပေးဖို့ ပါဝင်ပါတယ်။
    ======================
    ရှင်ကျန်းပြည်နယ်က ၀ီဂါမွတ်စလင်တွေကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်က ပိတ်ဆို့မှုတွေလုပ်လာရင် ပြန်လည်တုန့်ပြန်သွားမယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကျွီတင်ကိုင်က ပြောကြားလိုက်ပါတယ်။ တရုတ်အစိုးရဟာ ၀ီဂါမွတ်စလင်တွေအပေါ်ဖိနှိပ်ချုပ်ချယ်မှုတွေ ပြုလုပ်ပြီး တစ်သန်းကျော်လောက်ကိုလည်း အကျဉ်းစခန်းတွေထဲမှာ ထိန်းသိမ်းထားတယ်လို့ ကုလ လူ့အခွင့်အရေး အဖွဲ့က သြဂုတ်လမှာ ပြောကြားခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံခြားအစိုးရတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက တရုတ်အစိုးရကို ဝေဖန်ခဲ့ပါတယ်။ ကျွီတင်ကိုင်က သူတို့ဟာ အကြမ်းဖက်သမားတွေကို အသိပညာပေးတာနေတာဖြစ်ပြီး အမေရိကန် IS အဖွဲ့ကို တိုက်ခိုက်မှုနဲ့ ခိုင်းနှိုင်း ပြောဆိုခဲ့ပါတယ်။
    Ref : Aljazeera
  • အင်္ဂါဂြိုဟ်အတွင်းပိုင်းကိုလေ့လာမည့် ယာဉ်ငယ် ဂြိုဟ်မျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်
    အင်္ဂါဂြိုဟ်အတွင်းပိုင်းကိုလေ့လာမည့် ယာဉ်ငယ် ဂြိုဟ်မျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်
    နိုဝင်ဘာ ၂၇၊ ၂၀၁၈
    M-Media
    အင်္ဂါဂြိုဟ်မှ ပုံရိပ်
    – နာဆာရဲ့ အင်္ဂါဂြိုဟ် စူးစမ်းရေးယာဉ်ဖြစ်တဲ့ InSight ဟာ မနေ့က ဂြိုဟ်မျက်နှာပြင်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး ပထမဆုံး ပုံရိပ်ကိုလည်း ပေးပို့နိုင်ခဲ့ပါတယ်။
    အဲဒီယာဉ်ငယ်ဟာ ‘အင်္ဂါဂြိုဟ်ရဲ့ အကြီးမားဆုံး ပါကင်နေရာ’ လို့ နာဆာက သမုတ်ထားတဲ့ Elysium Planitia လွင်ပြင်မှာ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ InSight ကို ဓာတ်ပုံရိုက်ကူးရေးအတွက် သုံးမှာမဟုတ်ဘဲ အင်္ဂါဂြိုဟ်ရဲ့ မြေကြီးအောက် အတွင်းပိုင်းအခြေအနေကို လေ့လာဖို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒီလို အတွင်းပိုင်းလေ့လာမှုကို ကမ္ဘာကလွဲပြီး အခြားဂြိုတစ်ခုမှာ လူသားတွေ ပထမဆုံး လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။
    ဂြိုဟ်ပေါ်မှာ အချိန်အကြာကြီးနေဖို့အတွက် အရေးပါတဲ့ ဆိုလာပြားတွေကို ဆင်းသက်ပြီး ၇ နာရီအကြာမှာ ဖြန့်ထုတ်နိုင်ခဲ့ပါတယ်။
    “ဂြိုလ်ရဲ့ လေထုတဲကိုဝင်ရောက်မှုနဲ့ ဆင်းသက်မှုလို စိတ်လှုပ်ရှားစရာ လုပ်ငန်းစဉ်က အချက်အလက်တွေအားလုံးကို InSight ကနေ အောင်မြင်စွာ ရယူနိုင်ခဲ့ပါတယ်။ ခင်ဗျားတို့ရှေကမှာ အခုမြင်နေရတဲ့ပုံဟာ ကမ္ဘာမြေကနေ မိုင်ပေါင်း ၄၇၀၀ ဝေးတဲ့ အင်္ဂါဂြိုဟ်က ပုံရိပ်ဖြစ်ပါတယ်။ ဆင်းသက်ပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်အကြာမှာ ရိုက်ထားတာပါ” လို့ ဒီအစီအစဉ်ရဲ့ တာဝန်ရှိသူ အင်ဂျင်နီယာ အန်ဒီကလက်ရှ်က ပြောကြားခဲ့ပါတယ်။
    Ref: RT
  • ပြည်တွင်းဖြစ်တိုက်လေယာဉ်ကို တင်ပို့ရောင်းချရန် အီရန် ပြင်ဆင်
    ပြည်တွင်းဖြစ်တိုက်လေယာဉ်ကို တင်ပို့ရောင်းချရန် အီရန် ပြင်ဆင်
    နိုဝင်ဘာ ၂၇၊ ၂၀၁၈
    M-Media
    – ပြည်တွင်းမှာထုတ်လုပ်တဲ့ တိုက်လေယာဉ်တွေကို နိုင်ငံရပ်ခြားတင်ပို့ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ အီရန်က ပြောကြားလိုက်ပါတယ်။
    အီရန်ဟာ နိုင်ငံတောင်ပိုင်း ကစ်ရှ်ကျွန်းမှာ လေကြောင်းပြပွဲတစ်ခုကို မနေ့က စတင်ကျင်းခဲ့ပြီး အဖွင့်မိန့်ခွန်းမှာ အီရန် လေကြောင်းပစ္စည်းထုတ်လုပ်ရေးဌာန အကြီးအကဲ ဗိုလ်မှူးချုပ် အဘ်ဒိုလ်ကရင် ဘာနီနာရာဖီက သူတို့အနေနဲ့ အရင်က လေ့ကျင့်ရေးလေယာဉ်တွေ ရောင်းချရာကနေ အခု တိုက်ပွဲဝင်လေယာဉ်တွေကိုပါတင်ပို့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    “ရောင်းဖို့အတွက် ခွင့်ပြုချက်ရထားတဲ့ လေယာဉ်တွေကို နိုင်ငံခြား တင်ပို့ဖို့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်”
    အီရန်ဟာ ပြည်တွင်းဖြစ် Kowsar တိုက်လေယာဉ်ကို သြဂုတ်လက တီဟီရန်မှာပြုလုပ်တဲ့ လေကြောင်းပြပွဲမှာ ထုတ်ပြခဲ့ပါတယ်။ စတုတ္ထမျိုးဆက်ဖြစ်တဲ့ အဲဒီလေယာဉ်မှာ နောက်ဆုံးပေါ် လေကြောင်းနည်းပညာတွေ၊ ပစ်ခတ်မှုစနစ်တွေကို တပ်ဆင်အသုံးပြုထားပါတယ်။
    ဘာနီတာရာဖီက သူတို့အနေနဲ့ ဒီတိုက်လေယာဉ်တွေကို တင်ပို့ဖို့ တရုတ်၊ ရုရှား၊ အင်ဒိုနီးရှားတို့နဲ့ သဘောတူညီချက် ရရှိထားတယ်လို့ ပြောကြားခဲ့ပါတယ်။
    အီရန်ဟာ စစ်လက်နက်ပစ္စည်း တင်သွင်းမှုအပါအ၀င် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုဒဏ်ကို ဆယ်စုနှစ်ချီ ခံစားခဲ့ရပြီး အဲဒီအချိန်အတွင်း ကာကွယ်ရေးအတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားခဲ့ပါတယ်။
    တိုက်လေယာဉ်အပြင် ဒုံးကျည်တွေကိုလည် အီရန်က ကိုယ်ပိုင် ထုတ်လုပ်နိုင်ပြီး အခုသီတင်းပတ်နှောင်းပိုင်းမှာ ပြည်တွင်းဖြစ် စစ်သင်္ဘောတစ်စီးကို ထုတ်ပြဖို့လည်း ရှိနေပါတယ်။
    Ref: Press TV
  • တရုတ်တွင် ၀ီဂါအပါအ၀င် လူနည်းစုများ ဖိနှိပ်ခံရသည့်ကိစ္စကို ကမ္ဘာ့ပညာရှင်များ ရှုတ်ချ
    တရုတ်တွင် ၀ီဂါအပါအ၀င် လူနည်းစုများ ဖိနှိပ်ခံရသည့်ကိစ္စကို ကမ္ဘာ့ပညာရှင်များ ရှုတ်ချ
    နိုဝင်ဘာ ၂၇၊ ၂၀၁၈
    M-Media
    – တရုတ်အစိုးရက ၀ီဂါလူမျိုးတွေကို အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းထားမှုကို ကမ္ဘာနယ်ပယ်အသီးသီးက ပညာရှင်တွေက ကန့်ကွက် ရှုတ်ချလိုက်ပြီး ဒီကိစ္စအတွက် တရုတ်အစိုးရကို ကမ္ဘာ့နိုင်ငံတွေက အရေးမယူဘူးဆိုရင် ‘အရပ်သားတွေကိုအပေါ် စိတ်ပိုင်းဆိုင်ရာ ညှင်းပမ်းမှု’ ကို လက်ခံလိုက်ရာရောက်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။
    နိုင်ငံအနောက်ပိုင်းမှာ နေထိုင်ပြီး တူရကီစကားပြော အစ္စလာမ်ဘာသာကိုးကွယ်ကြတဲ့ ၀ီဂါလူမျိုးတွေနဲ့ အခြားလူမျိုးစုငယ်တွေအပေါ် တရုတ်က ဖိနှိပ်ချုပ်ချယ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ အစိုးရတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ပညာရှင်တွေက ပြီးခဲ့တဲ့လတွေအတွင်း တရုတ်အစိုးရကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
    ကုလ လူ့အခွင့်အရေးအဖွဲ့ကလည်း တရုတ်ဟာ ၀ီဂါနဲ့ အခြား လူမျိုးစု တစ်သန်းကျော်လောက်ကို ရှင်ကျန်းပြည်နယ်က ‘လျှို့ဝှက် အကျဉ်းစခန်းကြီးတွေမှာ ထိန်းသိမ်းထားတယ်’ ဆိုတဲ့ အထောက်အထားတွေ တော်တော်များများ ရရှိခဲ့ကြောင်း သြဂုတ်လမှာ ထုတ်ပြန်ခဲ့ပါတယ်။
    မနေ့က ၀ါရှင်တန်မှာပြုလုပ်တဲ့ အခမ်းအနားမှာ ကမ္ဘာ့နိုင်ငံတော်တော်များများက ပညာရှင် ၂၇၈ ဦးဟာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး တရုတ်အနေနဲ့ ဒီလို ထိန်းသိမ်းထားမှုကို ရပ်ဆိုင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီလို ညှင်းပမ်းမှုမှာပါဝင်တဲ့ တရုတ် ခေါင်းဆောင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုက်ရိုက်ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့လည်း သူတို့က တောင်းဆိုခဲ့ပါတယ်။
    “နိုင်ငံတစ်နိုင်ငံဟာ နိုင်ငံအတွင်းက လူ့အဖွဲ့အစည်းတစ်ခုကို လူမျိုးဘာသာ အခြေခံပြီး ဖိနှိပ်ချုပ်ချယ်တာကို အရင်ကလည်း လက်ခံခဲ့တာပဲဆိုတဲ့ အမြင်မျိုး ဖြစ်မလာအောင် ဒီကိစ္စကို ဖြေရှင်းဖို့ လိုအပ်ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    တရုတ်နိုင်ငံမှာ ဖိနှိပ်ခံရတဲ့ လူနည်းစုတွေကို နိုင်ငံတကာက ခိုလှုံခွင့်ပေးသင့်ပြီး “ဒီလိုအကျဉ်းစခန်းကြီးတွေကိစ္စကို စုံစမ်းစစ်ဆေးဖို့၊ ပိတ်သွားအောင် ဆောင်ရွက်ဖို့ ကုလက ဦးစီးဦးဆောင်ပြုသင့်တယ်” လို့လည်း ပညာရှင်တွေက ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။
    ရှင်ကျန်းပြည်နယ်မှာ ၀ီဂါတွေကို ဖိနှိပ်တယ်ဆိုတဲ့သတင်းတွေကို တရုတ်ဖက်က ငြင်းဆိုထားပြီး နိုင်ငံခြားက အစွန်းရောက်အဖွဲ့တွေရဲ့ သြဇာလွှမ်းမိုးမှုမရှိအောင် ဆောင်ရွက်တာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။
    အကျဉ်းစခန်းတွေကိစ္စကို အစောပိုင်းမှာ ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ဒီစခန်းတွေမှာ ၀ီဂါတွေကို အသက်မွေးဝမ်းကြောင်း ပညာရပ်တွေ သင်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
    တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ကမ္ဘာကြီးအနေနဲ့ ရှင်ကျန်းပြည်နယ်အကြောင်း အတင်းအဖျင်းတွေကို လစ်လျူရှုပြီး သူတို့အစိုးရကို ယုံကြည်သင့်တယ်လို့ ပြောကြားထားပါတယ်။
    Ref: Reuters
  • အိမ်ယာကုမ္ပဏီက ဘုရားကျောင်းရွှေ့ခိုင်းမှုကို မကျေနပ်၍ မလေးရှားတွင် ဟိန္ဒူဘာသာဝင်များ ဆန္ဒပြ
    အိမ်ယာကုမ္ပဏီက ဘုရားကျောင်းရွှေ့ခိုင်းမှုကို မကျေနပ်၍ မလေးရှားတွင် ဟိန္ဒူဘာသာဝင်များ ဆန္ဒပြ
    နိုဝင်ဘာ ၂၇၊ ၂၀၁၈
    M-Media
    တိုက်ခိုက်မှုမြင်ကွင်း
    – မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ဆင်ခြေဖုံးမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုကို အိမ်ခြံမြေကုမ္ပဏီက ဖယ်ရှားဖို့ ကြိုးစားမှုကို မကျေနပ်တဲ့အတွက်
    ဟိန္ဒူဘာသာဝင်တွေဟာ တနင်္လာနေ့မှာ အကြီးအကျယ်ဆန္ဒပြခဲ့ကြပြီး ရုန်းရင်းဆန်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
    ဆူဘန်ဂျာယာမြို့က နှစ် ၁၀၀ သက်တမ်းရှိတဲ့ Sri Maha Mariamman ဘုရားကျောင်းနားမှာ မနေ့က ထောင်နဲ့ချီတဲ့ဟိန္ဒူဘာသာဝင်တွေ စုရုံးခဲ့ကြပြီး ဘုရားကျောင်းဖယ်ရှားဖို့ စီစဉ်မှုကို မကျေနပ်ကြောင်း ဆန္ဒပြရာမှာ အခြားအုပ်စုတစ်ခုက ဆန္ဒပြလူအုပ်ကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဆူပူမှုတွေ ဖြစ်လာတာဖြစ်ပါတယ်။
    ဆန္ဒပြသူတွေဟာ အနီးအနားမှာရှိတဲ့ One City ဈေးဝယ်စင်တာကိုတိုက်ခိုက်တာ၊ ကားမီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
    မီးငြှိမ်းဖို့ရောက်လာတဲ့ မီးသတ်ကားလည်း တိုက်ခိုက်ခံရပြီး မီးသတ်သမားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ဈေးဝယ်စင်တာရဲ့ အစိတ်အပိုင်းတစ်ချို့ ထိခိုက်ပျက်ဆီးခဲ့ပြီး၊ သတင်းသွားယူတဲ့ မီဒီယာသမားတစ်ဦး၊ အခြေအနေကို ထိန်းသိမ်းဖို့ကြိုးစားတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
    ဘုရားကျောင်းဆောက်ထားတဲ့မြေအပါအ၀င် ပတ်ဝန်းကျင်က မြေယာတော်တော်များများကို ဆီလန်ဂေါပြည်နယ်အစိုးရဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက One City Development ကုမ္ပဏီကို ရောင်းချခဲ့တာပါ။ ဘုရားကျောင်းအတွက် ပြည်နယ်အစိုးရက နေရာသစ်တစ်ခုပေးခဲ့သလို၊ One City Development ကုမ္ပဏီကလည်း ရင်းဂစ် ၁.၅ သန်း (ကန်ဒေါ်လာ ၃၅၇၀၀၀) ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။
    ရဲတပ်ဖွဲ့က အဖျက်မှောင့်လုပ်ငန်းတွေမှာပါဝင်သူ ၂၁ ဦးကို ဖမ်းဆီးခဲ့ပြီး ဆီလန်ဂေါပြည်နယ်ရဲတပ်ဖွဲ့ ထောက်လှမ်းရေးအကြီးအကဲ မိုဟာမက် ဖူဇီ ဟာရွန်က ဆူပူမှုဖြစ်အောင် ကြိုးကိုင်တဲ့သူတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေဆီကနေ ဓားရှည်တွေ၊ တုတ်တွေ စတဲ့ လက်နက်တွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
    မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး မိုဟာမက် အဇစ် ဂျန်မန်က ဒီပြဿနာဟာ အိမ်ခြံမြေကုမ္ပဏီနဲ့ ဘုရားကျောင်းကြားက ပြဿနာဖြစ်ပြီး လူမျိုးရေး၊ ဘာသာရေးနဲ့ မပတ်သက်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    လက်ရှိမှာ ဘုရားကျောင်းတစ်ဝိုက် တပ်ဖွဲ့ဝင် ၇၀၀ လောက်ချထားပြီး အခြေအနေကို ထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
    ဟိန္ဒူဘာသာဝင်တွေဟာ ဗုဒ္ဓဟူးနေ့မှာ ဆန္ဒထပ်ပြဖို့ စီစဉ်ထားကြပါတယ်။
    Ref: CNA