News @ M-Media

Blog

  • ကယ်လီဖိုးနီးယားတောမီး ပျောက်ဆုံးသူ တစ်ထောင်ကျော်လာ

    ကယ်လီဖိုးနီးယားတောမီး ပျောက်ဆုံးသူ တစ်ထောင်ကျော်လာ

    နိုဝင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    မီးလောင်မှုပြမြေပုံ

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝှမ်း ပြီးခဲ့တဲ့တစ်ပတ်က စတင်ခဲ့တဲ့ တောမီး အကြီးအကျယ် လောင်ကျွမ်းမှုကြောင့် ပျောက်ဆုံးသူအရေအတွက်ဟာ တစ်ထောင်ကျော်လာခဲ့ပြီလို့ ပြည်နယ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    တောမီးလောင်ကျွမ်းနေတာ ၈ ရက်မြောက် ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်ဟာ သောကြာနေ့က ၆၃ ဦး ရှိရာကနေ စနေနေ့မှာ ၇၁ ဦးအထိ တက်လာခဲ့ပါတယ်။ ပျောက်ဆုံးနေတယ်လို့ စာရင်းပေးသူအရေအတွက်က သိသိသာသာ တက်လာခဲ့ပြီး သောကြာနေ့က ၆၃၁ ဦး ရှိလာရာကနေ စနေနေ့မှာ ၁၀၁၁ ဦးအထိ မြင့်တက်ခဲ့ပါတယ်။

    ပျောက်ဆုံးစာရင်းမှာ နာမည်ထပ်တာတွေရှိနိုင်သလို၊ ဘေးကင်းတဲ့သူတွေလည်း ရှိနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    အခုလောင်ကျွမ်းနေတဲ့ တောမီးဟာ ကယ်လီဖိုးနီးယားပြည်နယ် သမိုင်းတစ်လျှောက်မှာ အဆိုးဝါးဆုံး လောင်ကျွမ်းမှုဖြစ်ပြီး လူပေါင်း ၂၇၀၀၀ လောက်နေထိုင်တဲ့ ပါရာဒိုက်ဇ်မြို့က ဒေသအများစုအပါအ၀င် မြေဧက ၁၄၂၀၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

    မီးဘေးကြောင့် လူ ၄၇၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။

    ပြည်နယ်အာဏာပိုင်တွေက မီးအကြီးအကျယ်လောင်နေတဲ့ ကမ့်ဖိုင်းယားဒေသမှာ ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျန်တဲ့တစ်ဝက်ကိုတော့ အခုလကုန်ပိုင်းအထိ ဆက်လက်ငြှိမ်းသက်ရအုံးမယ်လို့ ပြောကြားခဲ့ပါတယ်။ ပြည်နယ်က အခြားဒေသတွေမှာလည်း မီးငြိမ်းဖို့အတွက် ရုန်းကန်နေရပါတယ်။

    မီးဘေးဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရတဲ့နေရာက ပါရာဒိုက်ဇ်မြို့ဖြစ်ပြီး ပြည်လည်တည်ဆောက်ဖို့အတွက် နှစ်ပေါင်းများစွာ ကြာလိမ့်မယ်လို့ ဆိုပါတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်းကို အတည်မပြုနိုင်သေးဘဲ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

    Ref: BBC

  • ပြီးခဲ့သည့်နှစ်က ပျောက်ဆုံးသွားသည့် အာဂျင်တီးနားရေငုပ်သင်္ဘောကို သမုဒ္ဒရာအောက်တွင် ပြန်တွေ့

    ပြီးခဲ့သည့်နှစ်က ပျောက်ဆုံးသွားသည့် အာဂျင်တီးနားရေငုပ်သင်္ဘောကို သမုဒ္ဒရာအောက်တွင် ပြန်တွေ့

    နိုဝင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    နစ်မြှုပ်သွားသည့် ရေငုပ်သင်္ဘောကို ၂၀၁၄ ခုနှစ်က ရိုက်ကူးထားသည့်ပုံ

    – လွန်ခဲ့တဲ့တစ်နှစ်က ပျောက်ဆုံးသွားတဲ့ ARA San Juan ရေငုပ်သင်္ဘောကို အတ္တလန်တိတ်သမုဒ္ဒရာအောက် မီတာ ၈၀၀ လောက်မှာ ပြန်တွေပြီလို့ အာဂျင်တီးနား စစ်တပ်က ဒီကနေ့မှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။

    ရေတပ်သား ၄၄ ဦးကို တင်ဆောင်သွားတဲ့ အဲဒီရေငုပ်သင်္ဘောဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့က ပုံမှန် ရေအောက်သွားလာမှု ပြုလုပ်စဉ် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ မပျောက်ဆုံးခင် သင်္ဘောကပ္ပတိန်က ဘတ္ထရီအခန်းထဲမှာ ရှော့ဖြစ်မှုရှိတယ်လို့ စစ်အခြေစိုက်စခန်းကို အကြောင်းကြားခဲ့ပါတယ်။

    အာဂျင်တီးနားစစ်တပ်က ရေငုပ်သင်္ဘောမှာ ရှော့ဖြစ်ပြီး မီးလောင်ရာကနေ ပေါက်ကွဲနစ်မြုပ်သွားတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ပြီး ၁၅ ရက်အကြာ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ရှာဖွေမှုလုပ်ငန်းကို ရပ်တန့်ခဲ့ပါတယ်။

    ရေငုပ်သင်္ဘောရှာဖွေရေး အာဂျင်တီးနားစစ်တပ်နဲ့ စာချုပ်ချုပ်ထားတဲ့ အမေရိကန်ကုမ္ပဏီ Ocean Infinity က တစ်နှစ်အကြာမှာ ရှာတွေ့ခဲ့ပြီး ရေအနက်ပိုင်းကို ရောက်ရှိနေတဲ့အတွက် ရေငုပ်သင်္ဘောမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ သွားမကြည့်နိုင်သေးသလို၊ အပေါ်ကို ဆယ်တင်မလားဆိုတာကိုလည်း အာဂျင်တီးနားရေတပ်က မဆုံးဖြတ်ရသေးပါဘူး။

    သင်္ဘောထဲ လိုက်ပါသွားသူတွေရဲ့ ဆွေမျိုးတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က Mar del Plata ရေတပ်စခန်းကို လာရောက်ကာ အောက်မေ့ဖွယ်အခမ်းအနားတစ်ခုကို ကျင်းပခဲ့ကြပါတယ်။

    Ref: RT

  • အိန္ဒိယမှ အစ္စလာမ့်တက္ကသိုလ်တစ်ခု သက္ကတဘာသာရပ်ကို အထူးပြုဘာသာရပ်အဖြစ် သင်ကြားမည်

    အိန္ဒိယမှ အစ္စလာမ့်တက္ကသိုလ်တစ်ခု သက္ကတဘာသာရပ်ကို အထူးပြုဘာသာရပ်အဖြစ် သင်ကြားမည်

    နိုဝင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    သက္ကတဘာသာစကားဖြင့်ရေးသားထားသည့် ပေလွှာ

    – အိန္ဒိယနိုင်ငံက ဟိုက်ဒရာဘတ်မြို့က အစ္စလာမ့်ဓမ္မတက္ကသိုလ်တစ်ခုဟာ သက္ကတဘာသာစကားကို အထူးပြုဘာသာရပ်အဖြစ် ထည့်သွင်းသင်ကြားဖို့ စီစဉ်နေပါတယ်။

    Harmain Sharifain Arabic English Islamic Model Unitersity တက္ကသိုလ်ဖြစ်ပြီး အင်္ဂလိပ်၊ အာရဘီ၊ အူရဒူ၊ ဟင်ဒီ၊ ပါရှန် ဘာစကားတွေ ပြီးတဲ့နောက် သက္ကတဘာသာစကားကို ထည့်သွင်းသင်ကြားတော့မှာ ဖြစ်ပါတယ်။ ဒီတက္ကသိုလ်မှာ ကုရ်အာန်ကျမ်းတော်မြတ် အဌကထာဖွင့်ဆိုခြင်းနဲ့ တမန်တော် မိုဟာမက်သခင်ရဲ့ သြ၀ါဒတော်ကျမ်း အနက်ပြန်မှု ဘာသာရပ်တွေကိုလည်း သင်ကြားပို့ချပေးပါတယ်။

    သက္ကတဘာသာစကား တန်းခွဲသစ်ဖွင့်လှစ်မှုအခမ်းအနားကို ဒီကနေ့ အဲဒီတက္ကသိုလ်မှာ ကျင်းပခဲ့ပြီး ကူဝိတ်၊ အိုမန်နဲ့ အီရတ်တို့က ထိပ်တန်း အစ္စလာမ့်ဓမ္မပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။

    သက္ကတဘာသာစကားဟာ အိန္ဒိယရဲ့ ဂန္တ၀င်ဘာသာစကားတစ်ခုဖြစ်ပြီး နိုင်ငံရဲ့ တရားဝင်ဘာသာစကား ၂၂ မျိုးစာရင်းထဲမှာလည်း ပါဝင်ပါတယ်။ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာနဲ့ ဂျိန်းဘာသာတို့ရဲ့ ကျမ်းစာတွေကိုလည်း သက္ကတဘာသာစကားနဲ့ ရေးသားခဲ့ကြပါတယ်။

    ဒုတိယကျောင်းအုပ် ပရော်ဖက်ဆာ မိုဟာမက် ဂျာဟန်ဂီရ်က သူတို့တက္ကသိုလ်ရဲ့ အဓိကရည်မှန်းချက်ဟာ ဘာသာစကားတွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့ဖြစ်ပြီး အိန္ဒိယက အစ္စလာမ့်ဓမ္မတက္ကသိုလ်တွေထဲမှာ သက္ကတဘာသာစကားကို အထူးပြု ဘာသာရပ်အနေနဲ့ သင်ကြားပို့ချတာဟာ သူတို့က ပထမဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အစ္စလာမ့်ဓမ္မတက္ကသိုလ်တွေထဲမှာ သက္ကတဘာသာစကားကို အထူးပြုဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားတာဟာ ကျွန်တော်တို့  ပထမဆုံးဖြစ်ပါတယ်။ ဟင်ဒီ၊ ပါရှန် ဘာသာစကားတွေနဲ့အတူ လာမယ့်စာသင်နှစ်မှာ သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်”

    Harmain Sharifain တက္ကသိုလ်မှာ သက္ကတဘာသာစကားကို သင်ကြားမယ့်ကာလဟာ ၁၁ လ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒီတက္ကသိုလ်မှာ အစ္စလာမ်ဝိပဿနာ ဘာသာရပ်ဖြစ်တဲ့ သစောင်ဝုဖ်ကိုလည်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။

    ဂျာန်ဟန်ဂီရ်က တက္ကသိုလ်ရဲ့ ဒီလို ကျယ့်ပြန့်တဲ့ ဘာသာရပ်တွေကြောင့် ကမ္ဘာတစ်ဝှမ်းက သူတို့ကျောင်းမှာ တက်ချင်သူတွေ များပြားလာခဲ့ပြီး အီဂျစ်နိုင်ငံက နာမည်ကြီး အလ်အဇ်ဟာရ်တက္ကသိုလ်ကလည်း သူတို့ကျောင်းကို အသိအမှတ်ပြုတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Times of India

  • ဂျာနယ်လစ်ကာရှိုဂျီကို ဆော်ဒီအိမ်ရှေ့မင်းသားက သတ်ခိုင်းခဲ့ဟု စီအိုင်အေ ကောက်ချက်ချ

    ဂျာနယ်လစ်ကာရှိုဂျီကို ဆော်ဒီအိမ်ရှေ့မင်းသားက သတ်ခိုင်းခဲ့ဟု စီအိုင်အေ ကောက်ချက်ချ

    နိုဝင်ဘာ ၁၇၊ ၂၀၁၈
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    – တူရကီနိုင်ငံ အစ္စတန်ဘူလ်က ကောင်စစ်ဝန်ရုံးမှာ ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံရမှုမှာ သတ်ဖို့အမိန့်ကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပေးတာဖြစ်တယ်လို့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ CIA တာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး ၀ါရှင်တန်ပို့စ် သတင်းဌာနက မနေ့မှာ ဖော်ပြလိုက်ပါတယ်။

    အိမ်ရှေ့မင်းသားနဲ့ ဆော်ဒီအစိုးရကို ဝေဖန်ရေးသားလေ့ရှိတဲ့ ဆော်ဒီထိပ်တန်း ဂျာနယ်လစ် ကာရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က ကောင်စစ်ဝန်ရုံးထဲ ၀င်သွားပြီးနောက် သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

    ဒီကိစ္စအတွက် အစောပိုင်းမှာ ဆော်ဒီက ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ရုံးထဲမှာ စကားများရင်း သတ်ဖြတ်ခံလိုက်ရတာ  ဖြစ်တယ်လို့ ဆိုပါတယ်။

    ကြာသာပတေးနေ့က ဆော်ဒီရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ထောက်လှမ်းရေး ဒုတိယအကြီးအကဲဟောင်းက လူ ၁၅ ဦးပါဝင်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းကာ တူရကီလွှတ်ပြီး ကာရှိုဂျီကို ဆော်ဒီပြန်လာရေး ဖျောင်းဖျဖို့ စီစဉ်ခဲ့ကြောင်း၊ ဒါပေမယ့် ဖျောင်းဖျလို့ မရတဲ့အတွက် ကြိုတင်စီစဉ်ပြီး သတ်ဖြတ်ခိုင်းခဲ့ကြောင်း၊ ကျူးလွန်သူ ၅ ဦးကို သေဒဏ်ပေးနိုင်အောင် မိမိတို့က စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ဒါပေမယ့် ၀ါရှန်ပို့စ်က ဖော်ပြရမှာ စီအိုင်အေက ဒီသတ်ဖြတ်မှုကို အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က တိုက်ရိုက် အမိန့်ပေးခဲ့တာဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပြီး အမေရိကန်အစိုးရ တာဝန်ရှိသူတွေကလည်း ဒီသုံးသပ်ချက်ကို ယုံကြည်ကြောင်း ရေးသားထားပါတယ်။

    ဒီသတင်းကို အမည်မဖော်လိုတဲ့ စီအိုင်အေအရာရှိတွေထံကနေ ၀ါရှင်တန်ပို့စ်က ရရှိခဲ့တာ ဖြစ်ပါတယ်။ အိမ်ဖြူတော်နဲ့ အမေရိကန်အစိုးရတို့ကတော့ ဒီသတင်းအတွက် အတည်ပြုချက် ပေးတာမျိုး မရှိပါဘူး။

    Ref: Ajazeera

  • အာဖရိက၏ အမြန်ဆုံးရထားလိုင်းကို မော်ရိုကိုတွင်ဖွင့်လှစ်

    အာဖရိက၏ အမြန်ဆုံးရထားလိုင်းကို မော်ရိုကိုတွင်ဖွင့်လှစ်

    နိုဝင်ဘာ ၁၆၊ ၂၀၁၈
    M-Media

    – အာဖရိကတိုက်ရဲ့ အမြန်ဆုံး ကျည်ဆန်ရထားလိုင်းတစ်ခုကို မော်ရိုကိုနိုင်ငံက ကြာသာပတေးနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

    နိုင်ငံရဲ့အကြီးဆုံးမြို့ ကာဆာဘလန်ကာနဲ့ မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းမြို့ တန်ဂီယာရ်ကို ဆက်သွယ်ထားတဲ့ ရထားလမ်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို မော်ရိုကိုဘုရင် မိုဟာမက် ၆ နဲ့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်တို့ တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

    ရထားလမ်းဟာ မြန်နှုန်း တစ်နာရီကို ၃၅၇ ကီလိုမီတာအထိ ပြေးဆွဲနိုင်မှာဖြစ်ပြီး ပုံမှန်အားဖြင့် တစ်နာရီ ၃၂၀ ကီလိုမီတာနဲ့ ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ ဒီရထားလိုင်းကြောင့် ကာဆာဘလန်ကာနဲ့ တန်ဂီယာရ်တို့ကို ခရီးသွားချိန်ဟာ ၂ နာရီဝန်းကျင်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။

    အရင်က အာဖရိကတိုက်ရဲ့ အမြန်ဆုံးရထားလမ်းဟာ တောင်အာဖရိကမှာရှိပြီး ဂျိုဟန်နစ္စဘတ်လေဆိပ်နဲ့ စီးပွားရေးမြို့တော် ဆန်ဒ်တန် တို့ကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။ အခု မော်ရိုကိုရထားလိုင်းဟာ တောင်အာဖရိက ရထားလိုင်းထက် ၂ ဆ မြန်မှာ ဖြစ်ပါတယ်။

    ရထားလိုင်းအတွက် ကုန်ကျစားရိတ် စုစုပေါင်း ကန်ဒေါ်လာ ၂.၄ ဘီလီယံကုန်ကျခဲ့ပြီး ပြင်သစ်နိုင်ငံက ၅၁ ရာခိုင်နှုန်း၊ ဆော်ဒီ၊ ကူဝိတ်နဲ့ ယူအေအီးတို့က ၂၁ ရာခိုင်နှုန်း ကျခံကာ မော်ရိုကိုနိုင်ငံက ၂၈ ရာခိုင်နှုန်း စိုက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

    ရထားလိုင်းအမည်ကို ‘အလ်ဘိုရက်’ လို့ အမည်ပေးထားပြီး တမန်တော် မိုဟာမက်သခင် ကောင်းကင်ခရီးသွားခဲ့စဉ်က စီးနင်းခဲ့တဲ့ မြင်းပျံရဲ့အမည်ကို မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေက တမန်တော်ဟာ ဘုရားသခင်ရဲ့အစီအစဉ်နဲ့ ကောင်းကင်ခရီး သွားရောက်ခဲ့ပြီး လူသားတွေ သေဆုံးပြီးနောက် ကြုံတွေ့ရမယ့် သုခဘုံနဲ့ ငရဲဘုံတွေကို မျက်မြင် သွားကြည့်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

    Ref: Arab News