News @ M-Media

Blog

  • စင်ကာပူ ဘတ်စ်ကားလိုင်း ၁၈ လိုင်းတွင် လာမည့်နှစ်ဆန်းပိုင်းမှစ၍ အခမဲ့ ၀ိုင်ဖိုင် အသုံးပြုနိုင်မည်

    စင်ကာပူ ဘတ်စ်ကားလိုင်း ၁၈ လိုင်းတွင် လာမည့်နှစ်ဆန်းပိုင်းမှစ၍ အခမဲ့ ၀ိုင်ဖိုင် အသုံးပြုနိုင်မည်

    နိုဝင်ဘာ ၁၆၊ ၂၀၁၈
    M-Media

    – စင်ကာပူမှာပြေးဆွဲနေတဲ့ အများပြည်သူသုံး ဘတ်စ်ကားလိုင်းတွေမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကနေစတင်ပြီး အခမဲ့ဝိုင်ဖိုင် အသုံးပြုနိုင်တော့မယ်လို့ စင်ကာပူ ဘတ်စ်ကားဝန်ဆောင်မှုအဖွဲ့ SBS Transit က ဗုဒ္ဓဟူးနေ့မှာ ပောကြားခဲ့ပါတယ်။

    လိုင်ပေါင်း ၁၈ လိုင်းက ဘတ်စ်ကား ၃၀၀ လောက်မှာ အသုံးပြုနိုင်မှာဖြစ်ပြီး Bukit Merah Bus Package အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ SBS Transit အဖွဲ့ရဲ့ စီအီးအို ဂျူအေ ကီယက်က မိမိတို့အနေနဲ့ ဘတ်စ်ကားစီးနင်းသူတွေ အဆင်ပြေစေမယ့် နည်းလမ်းတွေကို ဆက်လက်ရှာဖွေကာ ၀န်ဆောင်မှုပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “နည်းပညာရဲ့ အားသာချက်ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုအရည်အသွေးကို ပိုမိုကောင်းမွန်အောင်၊ ပြည်သူတွေ သတင်းအချက်အလက် ရရှိနိုင်မှု တိုးတက်လာအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်”

    Bukit Merah နဲ့ HarbourFront ဘတ်စ်ကားမှတ်တိုင်တွေမှာ ဘတ်စ်ကားလိုင်းတွေရဲ့ သတင်းအချက်အလက်တွေကို ရယူနိုင်ပြီး၊ အဆင်မပြေတာရှိရင် သတင်းပေးပို့နိုင်မယ့် ဒစ်ဂျစ်တယ် ဘုတ်တွေကိုလည်း နိုဝင်ဘာ ၁၈ ရက်နေ့ကနေစပြီး ထားပေးထားပါတယ်။

    အခြား ဘတ်စ်ကားဂိတ်နှစ်ခုမှာ ဖုန်းအားသွင်းပေါက်တွေ၊ အခမဲ့ငှားလို့ရမယ့်ထီးတွေ၊ အချက်အလက်တွေ၊ အခမ်းအနားတွေနဲ့ ပွဲတော်တွေကို ကြေငြာပေးနေမယ့် စခရင်ကြီးတွေကို ထားရှိသွားဖို့လည်း SBS Transit က စီစဉ်ထားပါတယ်။

    Ref: CNA

  • ခမာအာဏာရှင်များ၏ ကျူးလွန်မှုများကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ကမ္ဘောဒီးယား သတ်မှတ်

    ခမာအာဏာရှင်များ၏ ကျူးလွန်မှုများကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ကမ္ဘောဒီးယား သတ်မှတ်

    နိုဝင်ဘာ ၁၆၊ ၂၀၁၈
    M-Media

    – ၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အတွင်း ခမာအာဏာရှင်တွေ ကျူးလွန်သတ်ဖြတ်ခဲ့မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်တယ်လို့ ကုလကျောထောက်နောက်ခံပြု ကမ္ဘောဒီးယား ရာဇ၀တ်ခုံရုံးက ဒီကနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

    တိုင်းပြည်ကို ရက်ရက်စက်စက်အုပ်ချုပ်ခဲ့တဲ့ အဲဒီ ကွန်မြူနစ်အုပ်စု ခေါင်းဆောင်တွေထဲမှာ နံပါတ်နှစ်အစ်ကိုလို့ အမည်တွင်တဲ့ အသက် ၉၂ နှစ်အရွယ် နွမ်ချာနဲ့ အသက် ၈၂ နှစ်အရွယ် ခွီဆမ်ဖန်တို့သာ အသက်ရှင် ကျန်ရစ်ပါတော့တယ်။ သူတို့နှစ်ဦးဟာ သန်းပေါင်းများစွာသော ကမ္ဘောဒီးယားပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် ကြားနာမှုအတွင်း ထောင်ဒဏ်တစ်သက် ချခံထားရသူတွေ ဖြစ်ပါတယ်။

    ပိုပေါ့ဦးဆောင်တဲ့ အဲဒီအုပ်စု ကမ္ဘောဒီးယားကို အုပ်စိုးမှုအတွင်း အဓမ္မလုပ်အားခိုင်းစေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် လူပေါင်း ၂ သန်းလောက် သေဆုံးခဲ့ပါတယ်။

    သူတို့အုပ်စုရဲ့အမှုကို စစ်ဆေးတဲ့ ကမ္ဘောဒီးယား အထူးတရားရုံး ECCC က နွမ်ချာဟာ ဗီယက်နမ်လူမျိုးတွေ၊ အစ္စလာမ်ဘာသာဝင် ချမ်လူမျိုးတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ပြီး၊ ပိုပေါ့နဲ့အတူ အာဏာဆုပ်ကိုင်ကာ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တဲ့အတွက် ခမာအာဏာရှင်လက်ထက် ရာဇ၀တ်မှုအားလုံးအတွက် အန္တရာယ်ရှိတယ်လို့ ဒီကနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

    ခွီဆမ်ဖန်ဟာ ဗီယက်နမ်လူမျိုးစုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တယ်လို့ တရားရုံးက သတ်မှတ်ခဲ့ပါတယ်။

    နိုင်ငံတစ်ဝှမ်း အကျဉ်းထောင်တွေနဲ့ အလုပ်စခန်းတွေမှာ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အဓမ္မ လက်ထက်ခိုင်းမှု၊ အဓမ္မကျင့်မှု၊ ဗုဒ္ဓဘာသာဝင်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေအတွက်လည်း ဒီခေါင်းဆောင်နှစ်ဦးမှာ အပြစ်ရှိတယ်လို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

    တိုင်းပြည်ကို ၄ နှစ်ကြာ အုပ်စိုးခဲ့တဲ့ ခမာကွန်မြူနစ်ခေါင်းဆောင်တွေကို တရားစွဲဆိုဖို့အတွက် ECCC ကို ၂၀၀၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

    အာဏာရှင်ဟောင်း ပိုပေါ့ဟာ ၁၉၉၈ ခုနှစ်မှာ သေဆုံးသွားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး အီနဂ် ဆာရီနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ဟာ တရားစွဲဆိုခြင်း မခံရဘဲ သေဆုံးသွားခဲ့ပါတယ်။

    ECCC ဟာ ခမာခေါင်းဆောင် ၃ ဦးကိုသာ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပြီး ဒီကနေ့ ကြားနာမှုဟာ တရားရုံးရဲ့ နောက်ဆုံးကြားနာမှု ဖြစ်လာနိုင်ပါတယ်။ တရားရုံးသက်တမ်းတစ်လျှောက်မှာ ကမ္ဘောဒီးယားအစိုးရက နိုင်ငံရေးအရ ၀င်ရောက်စွက်ဖက်မှုတွေ ရှိတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

    အရင်က ကွန်မြူနစ်ကေဒါတစ်ယောက်ဖြစ်ခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်က နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ခွင့်မပြုတော့ဘူးလို့ ခြိမ်းခြောက်ထားဖူးပါတယ်။

    Ref: Aljazeera, CNA

  • ဂျာနယ်လစ်ကာရှိုဂျီအား သတ်ဖြတ်သူများကို သေဒဏ်ပေးမည်ဟု ဆော်ဒီကြေငြာ

    ဂျာနယ်လစ်ကာရှိုဂျီအား သတ်ဖြတ်သူများကို သေဒဏ်ပေးမည်ဟု ဆော်ဒီကြေငြာ

    နိုဝင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    အသတ်ခံလိုက်ရသည့် ဂျာနယ်လစ် ကာရှိုဂျီ

    – အောက်တိုဘာ ၂ ရက်နေ့ အစ္စတန်ဘူလ်မြို့က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဂျာနယ်လစ် ကာရှိုဂျီကို သတ်ဖြတ်မှုမှာ ပါဝင်သူ ၅ ဦးကို သေဒဏ်ပေးဖို့ ဆောင်ရွက်မယ်လို့ ဆော်ဒီ ဒုတိယရှေ့နေချုပ် ရှာလန် အလ်-ရှာလန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အဲဒီကိစ္စအတွက် လက်ရှိမှာ ဆော်ဒီက လူ ၂၁ ဦးကို စစ်ဆေးနေပြီး ၁၁ ဦးကို လူသတ်မှုနဲ့ တရားစွဲထားပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ ရာဇ၀တ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ ဒီလူတွေရဲ့အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    ကာရှိုဂျီဟာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ ဆော်ဒီအစိုးရကို ဝေဖန်သူဖြစ်ပြီး သူအသတ်ခံရမှုမှာ ဆော်ဒီထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်တယ်လို့ တူရကီက စွပ်စွဲထားပါတယ်။ ဆော်ဒီဟာ အစပိုင်းက ဒီလူသတ်မှုကို ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ကောင်စစ်ဝန်ရုံးက ၀န်ထမ်းတွေနဲ့ ထိုးကြိတ်ကြရင်း ကာရှိုဂျီ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီကနေ့ မြို့တော်ရီယာ့ဒ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အလ်-ရှာလန်က ထောက်လှမ်းရေးဒုတိယအကြီးအကဲ အဟ်မဒ် အလ်-အက်ဆီရီကိုဟာ ကာရှိုဂျီ ဆော်ဒီပြန်လာအောင် ဆွဲဆောင်ဖို့အတွက် အဖွဲ့တစ်ခုဖွဲ့ကာ တူရကီကို စေလွှတ်ခဲ့တယ်ကြောင်း၊ ဆွေးနွေးမှု အဆင်မပြေတဲ့အတွက် သတ်ခိုင်းခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    သတ်ဖြတ်ဖို့အတွက် စက်တင်ဘာ ၂၉ ရက်နေ့ကတည်းက စီစဉ်ခဲ့တာဖြစ်ပြီး လူသတ်မှုမဖြစ်ခင် ကောင်စစ်ဝန်ရုံးက စောင့်ကြည့်ကင်မရာတွေကို တစ်စုံတစ်ယောက်က ပိတ်ထားခဲ့ကြောင်း၊ အဲဒီလူတွေကို စုံစမ်းစစ်ဆးမှုမှာ ဖော်ထုတ်နိုင်ခဲ့ကြောင်း သူက ဆိုပါတယ်။

    နန်းတော်ရဲ့အကြံပေးဟောင်း ဆအွဒ် အလ်-ကွာတာနီကို တိုင်းပြည်ကနေထွက်ခွာခွင့် ပိတ်ပင်ထားပြီး စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့လည်း အလ်-ရှာလန်က ပြောကြားခဲ့ပါတယ်။

    သတ်ဖြတ်ပြီးနောက် ကာရှိုဂျီရဲ့အ၀တ်အစားကို ၀တ်ဆင်ခဲ့သူတွေ၊ နာရီ၊ မျက်မှန်တွေအပါအ၀င် သူ့ရဲ့ပစ္စည်းတွေကို အမှိုက်ပုံးထဲ ပစ်ခဲ့သူတွေကိုလည်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆော်ဒီက ဆိုပါတယ်။

    တူရကီ စုံစမ်းစစ်ဆေးရေးမှူးတွေက ကာရှိုဂျီကို သတ်ဖြတ်ပြီးတဲ့နောက် အလောင်းကို အပိုင်းပိုင်းတစ်ကာ လက်ဆွဲအိတ် ၅ အိပ်နဲ့ သယ်ထုတ်သွားပြီး ကောင်စစ်ဝန်ရုံးနဲ့ သိပ်မဝေးတဲ့ ကောင်စစ်ဝန်အိမ်မှာ အက်စစ်နဲ့ဖျောကာ ဖျောက်ဖျက်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

    သတ်ဖြတ်မှုဖြစ်စဉ်ကို အသံသွင်းယူထားတဲ့မှတ်တမ်းတွေကို ဆော်ဒီ၊ အမေရိကန်နဲ့ အခြားနိုင်ငံတွေကို ပေးလိုက်တယ်လို့လည်း တူရကီက ပြောထားပါတယ်။

    ဒါပေမယ့် အလ်-ရှာလန်က တူရကီထံကနေ ဒီမှတ်တမ်းတွေရဖို့ တောင်းခံထားပေမယ့် အခုအချိန်အထိ မရသေးဘူးလို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    တူရကီနိုင်ငံခြားရေးဝန်ကြီးက ဆော်ဒီရဲ့ ဒီထုတ်ပြန်ချက်တွေဟာ ကျေနပ်စရာမကောင်းဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဘရာဇီးလ် ဂန္တ၀င်ကစားသမား ရော်နယ်ဒဟို ဆော်ဒီတွင် ဘောလုံးအကယ်ဒမီတစ်ခု ဖွင့်လှစ်မည်

    ဘရာဇီးလ် ဂန္တ၀င်ကစားသမား ရော်နယ်ဒဟို ဆော်ဒီတွင် ဘောလုံးအကယ်ဒမီတစ်ခု ဖွင့်လှစ်မည်

    နိုဝင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    ဖိုရမ်တွင်တွေ့ရသည့် ရော်နယ်ဒင်ဟို

    – လာမယ့်နှစ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့မှာ ဘောလုံးအကယ်ဒမီတစ်ခု ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ ဘရာဇီးလ်အသင်းရဲ့ ဂန္တ၀င်ဘောလုံးကစားသမား ရော်နယ်ဒင်ဟိုက Arab News သတင်းဌာနနဲ့ မနေ့က အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

    “ဆော်ဒီပြည်သူတွေထံကနေရရှိတဲ့ နွေးထွေးတဲ့ကြိုဆိုမှု၊ ဖော်ရွေမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဘောလုံးကစားသမားတစ်ယောက် ဖြစ်ချင်တဲ့ ဆော်ဒီကလေးငယ်တွေအတွက် သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ”

    ရော်နယ်ဒင်ဟိုဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် အတည်ထောင်ထားတဲ့ Misk Foundation က ကျင်းပတဲ့ Misk Global Forum ကို တက်ရောက်ဖို့ ဆော်ဒီအာရေဗျကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

    ဖိုရမ်မှာ ဒင်ဟိုက ဘုရားသခင်ဟာ သူ့ကို ဘောလုံးပါရမီပေးထားပြီး ကလပ်အသင်းနဲ့ နိုင်ငံအသင်းတွေမှာ ကမ္ဘာကျော် ကစားသမာတွေနဲ့ တွဲဖက်ကစားခွင့်ရခဲ့တာ ကံကောင်းမှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကိုယ့်ကိုယ်ကိုပြင်ဆင်ပါ။ လုပ်ဖောင်ကိုင်ဖက်တွေ၊ အသင်းဖော်တွေကို ကူညီပါ။ မာန်မတက်ဖို့က အရေးကြီးပါတယ်။ မိမိကိုယ်ကို နှိမ့်ချပါ” လို့ ရော်နယ်ဒင်ဟိုက ပရိတ်သတ်တွေကို အကြံပြုခဲ့ပါတယ်။

    ပြင်းပြင်းထန်ထန်ကြိုးစားဖို့၊ စာများများဖတ်ဖို့ အရှုံးကိုမကြောက်ရွံ့ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

    “ကျွန်တော်ဆို အကြိမ်ပေါင်းများစွာ ကျရှုံးဖူးပါတယ်။ ဘောလုံးမှာက ဒီလိုပါပဲ။ အမြဲတမ်း အနိုင်ကြီးပဲမဟုတ်ဘူး။ အရှုံးကနေလည်း သင်ခန်းစာယူတတ်ရတယ်။ မျှော်လင့်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့”

    ဘောလုံးကစားမှုကနေ အနားယူခဲ့ပြီးတဲ့နောက် မိမိအနေနဲ့ လူငယ်မျိုးဆက်သစ်တွေကို ပြန်လည်ပေးဆပ်ဖို့ ကြိုးစားနေတယ်လို့လည်း ရော်နယ်ဒင်ဟိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Arab News

  • တရုတ်သိပ္ပံပညာရှင်များ ‘နေ’ အတုကို ဖန်တီးတည်ဆောက်နေ

    တရုတ်သိပ္ပံပညာရှင်များ ‘နေ’ အတုကို ဖန်တီးတည်ဆောက်နေ

    နိုဝင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    – နေထက် အပူချိန် ပိုမိုထုတ်လွှတ်ပေးနိုင်မယ့် နေအတုတစ်ခုကို တီထွင်ဖန်တီးနေတယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက အင်္ဂါနေ့မှာ ကြေငြာလိုက်ပါတယ်။

    Institute of Plasma Physics နဲ့ တရုတ်သိပ္ပံအကယ်ဒမီတို့ ပူးပေါင်းတီထွင်နေတဲ့ အဲဒီ အနေအတုကို Experimental Advanced Superconducting Tokamak (EAST) လို့ အမည်ပေးထားပြီး အပူချိန် သန်း ၁၀၀ ဒီဂရီ ဆဲလ်စီးယက်စ်အထိ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ နေဟာ အပူချိန် ၁၅ သန်း ဒီဂရီ ဆဲလ်စီးယက်စ်သာ ထုတ်ပေးနိုင်ပါတယ်။

    အဲဒီနေအတုကို တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွီမြို့မှာ တည်ဆောက်နေတာဖြစ်ပြီး နျူကလီးယား ပေါင်းစည်းမှု သဘောတရားကို နားလည်အောင်နဲ့ တစ်ချိန်မှာ နေအစားထိုး သန့်ရှင်းတဲ့ စွမ်းအင်ရင်းမြစ်တစ်ခုအဖြစ် အသုံးပြုနိုင်အောင် ရည်ရွယ်ဖန်တီးနေတာ ဖြစ်ပါတယ်။ နေ့အတု တစ်နေ့တာလည်ပတ်ဖို့အတွက် ဒေါ်လာ ၁၅၀၀၀ လောက် ကုန်ကျမှာ ဖြစ်ပါတယ်။

    တရုတ်ဟာ မြို့ကြီးတွေမှာ ညဖက် အလင်းပေးနိုင်ဖို့နဲ့ စွမ်းအင်ချွေတာနိုင်ဖို့အတွက် လအတုကို ဖန်တီးနေတယ်လို့ ပြီးခဲ့တဲ့လမှာ သတင်းထွက်ခဲ့ပါတယ်။

    Ref: RT