News @ M-Media

Blog

  • ကြာသာပတေးနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    ဖိလစ်ပိုင်မှသိမ်းထားသည့် ခေါင်းလောင်း ၂ လုံး

    အစ္စရေးကာကွယ်ရေးဝန်ကြီးနှုတ်ထွက်မှု မိမိတို့အောင်ပွဲဟု ဟားမက်စ်ပြော
    =================
    အစ္စရေးကာကွယ်ရေးဝန်ကြီး အာဗစ်ဒေါရ် လီဘာမန် နှုတ်ထွက်သွားမှုဟာ မိမိတို့ရဲ့ နိုင်ငံရေးအောင်ပွဲဖြစ်တယ်လို့ ဂါဇာကမ်းမြှောင်အခြေစိုက် ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်က ပြောကြားလိုက်ပါတယ်။ အခုသီတင်းပတ်အစောပိုင်း အစ္စရေးက ဂါဇာကမ်းမြှောင်မှာ အရပ်သားအသွင်ယူ ကွန်မန်ဒိုတွေစေလွှတ်ကာ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း ဟားမက်စ်နဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် အီဂျစ်ရဲ့ကြားဝင်ပေးမှုနဲ့ အင်္ဂါနေ့မှာ အစ္စရေး-ဟားမက်စ် အပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ လီဘာမန်က အဲဒီသဘောတူညီချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်တော့မယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေငြာခဲ့ပါတယ်။ ဟားမက်စ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာမီ အဘူဇူဟ်ရီက လီဘာမန်နှုတ်ထွက်မှုဟာ ပါလက်စတိုင်းတော်လှန်ရေးကို ရင်မဆိုင်နိုင်ကြောင်း ၀န်ခံမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စစ်ပွဲတွင်သိမ်းထားသည့် ခေါင်းလောင်း ၃ လုံးကို အမေရိကန်က ဖိလစ်ပိုင်ကို ပြန်ပေးမည်
    ===============
    အမေရိကန်-ဖိလစ်ပိုင်စစ်ပွဲအတွင်း ၁၉၀၁ ခုနှစ် တိုက်ပွဲက သိမ်းယူခဲ့တဲ့ ဘုရားကျောင်းသုံး ခေါင်းလောင်း ၃ ခုကို လာမယ့် ဒီဇင်ဘာလ အစောဆုံးထားပြီး
    ဖိလစ်ပိုင်ကို ပြန်ပေးတော့မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ဟာ အဲဒီခေါင်းလောင်းတွေကို စစ်ပွဲလက်ရပစ္စည်းတစ်ခု သတ်မှတ်ထားပြီး ယိုမင်းပြည်နယ်မှာ ၂ လုံး၊ တောင်ကိုရိးယားက အမေရိကန်စစ်သမိုင်းပြတိုက်မှာတစ်ခု ပြသထားတာပါ။ ဖိလစ်ပိုင်ဘက်ကလည်း ခေါင်းလောင်းပြန်ရရေးအတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာ တောင်းဆိုခဲ့ပါတယ်။ ဒါတွေကိုပြန်ပေးဖို့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို စစ်ပြန်တစ်ချို့က ကန့်ကွက်နေကြပါတယ်။

    မဟာမိတ်များမှာ ငွေဝယ်ကျွန်မဟုတ်ဟု ထရမ့်ကို ပြင်သစ်သမ္မတပြော
    ================
    မဟာမိတ်ဖြစ်တဲ့ မိမိတို့ကို အမေရိကန်က လေးလေးစားစား ဆက်ဆံသင့်ပြီး မိမိတို့ဟာ ငွေဝယ်ကျွန်မဟုတ်ဘူးလို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ပထမကမ္ဘာစစ် အောက်မေ့ဖွယ်အခမ်းအနားအတွက် ပြင်သစ်ကို ရောက်လာတဲ့ထရမ့်ကို မာခရွန်က ဥရောပတပ်ပေါင်းစုဖွဲ့ရေး ပြောဆိုခဲ့ပြီးတဲ့နောက် ထရမ့်က ပြင်သစ်ဟာ ကမ္ဘာစစ်နှစ်ခုမှာ ဂျာမနီကို ရှုံးနိမ့်မယ်ဆဲဆဲ မိမိတို့က ကယ်တင်ခဲ့တာဖြစ်တယ်လို့ Twitter စာမျက်နှာမှာ စကားနာထိုးခဲ့ပါတယ်။ မာခရွန်က ထရမ့်ဟာ ပြည်တွင်းမှာ နိုင်ငံရေးကစားဖို့ ဒီလိုတွေ ပြောဆိုနေတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ မာခရွန်ဟာ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ကို ရင်ဆိုင်နိုင်ရေး ဥရောပတပ်ပေါင်းစုဖွဲ့စည်းဖို့ အားထုတ်ကြိုးပမ်းနေပါတယ်။

    Ref: Aljazeera

  • ကိုယ့်နိုင်ငံအကြောင်း ကိုယ်သာပိုသိဟု ကန်ဒုသမ္မတကို ဒေါ်အောင်ဆန်းစုကြည်ပြော

    ကိုယ့်နိုင်ငံအကြောင်း ကိုယ်သာပိုသိဟု ကန်ဒုသမ္မတကို ဒေါ်အောင်ဆန်းစုကြည်ပြော

    နိုဝင်ဘာ ၁၄၊ ၂၀၁၈
    M-Media

    – မိမိတို့နိုင်ငံအကြောင်းကို မိမိတို့သာ ပိုသိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်ကို ပြောကြားလိုက်ပြီး ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်တဲ့ ပန့်စ်ရဲ့ မှတ်ချက်တွေကို တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

    အာဆီယံထိပ်သီးအစည်းအဝေးအတွက် စင်ကာပူကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ မိုက်ပန့်စ်နဲ့ တွေ့ဆုံခဲ့တာပါ။ မိုက်ပန့်စ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းမှုကိစ္စအတွက် ဘယ်လိုဆင်ခြေမျိုးမှ ပေးလို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သတင်းထောက်တွေနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။

    “ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားအောင် စစ်တပ်နဲ့ တုတ်ဓားကိုင်လူအုပ်ရဲ့ အကြမ်းဖက်မှု၊ ညှင်းပမ်းမှုတွေအတွက် ဆင်ခြေပေးလို့ မရပါဘူး။ လူသိန်းချီထွက်ပြေးအောင် အကြမ်းဖက်ခဲ့တဲ့သူတွေ၊ သတ်ဖြတ်မှုအပါအ၀င် ထိခိုက်ခံစားရအောင် လုပ်တဲ့သူတွေကို အရေးယူနိုင်အောင် ဆောင်ရွက်နေတာမျိုးကို ခင်ဗျားဆီက ကျွန်တော်တို့ ကြားချင်ပါတယ်”

    ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေ မိမိတို့ သဘောဆန္ဒအလျောက် နေရပ်ပြန်တာမျိုးကိုပဲ အမေရိကန်က မြင်ချင်တယ်လို့ မိုက်ပန့်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းက မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်တယ်လို့ ကုလက ပြောကြားထားပြီး၊ အမေရိကန်က ဒီလုပ်ရပ်တွေဟာ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုဖြစ်တယ်လို့ ဆိုပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က လူတွေမှာ အမြင်ခြင်းမတူတာတွေ ရှိနိုင်ပြီး၊ မိမိတို့တိုင်းပြည်အကြောင်း မိမိတို့သာပိုသိတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    “လူတွေရဲ့အမြင်တွေ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးဆိုတာက ဓမ္မတာပါပဲ။ အရေးကြီးတာက အမြင်ချင်းဖလှယ်ဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်လာအောင် ကြိုးစားဖို့ပါ။ ကိုယ့်တိုင်းပြည်အကြောင်းကို တစ်ခြားသူတွေထက် ကိုယ်က ပိုသိတယ်လို့ ကျွန်မတို့ ပြောလို့ရတယ်။ ကျုပ်တို့တိုင်းပြည်အကြောင်းကို တစ်ခြားသူတွေထက် ကျုပ်တို့က ပိုသိတယ်လို့ ရှင်တို့လည်း ပြောမှာပဲလေ”

    မိုက်ပန့်စ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့ပြီး ဒုသမ္မတက ရိုက်တာသတင်းထောက် ၂ ဦးကို လွှတ်ပေးရေး အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

    Ref: CNA

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၁၄၊ ၂၀၁၈
    M-Media

    ကယ်လီဖိုးနီးယား မီးလောင်မှုမြင်ကွင်း

    သမ္မတခန့်အပ်သည့် ၀န်ကြီးချုပ်နှင့် အစိုးရသစ်ကို သီရိလင်္ကာလွှတ်တော် လက်မခံ
    ====================
    သမ္မတ မိုင်သရီပါလာ ဆရီဆီနာ အောက်တိုဘာ ၂၆ ရက်နေ့က ခန့်အပ်ခဲ့တဲ့ ၀န်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ဆာနဲ့ သူ့အစိုးရကို အယုံအကြည်မရှိဘူးလို့ သီရိလင်္ကာလွှတ်တော်က ဒီကနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ ဆရီဆီနာဟာ ၀န်ကြီးချုပ် ရာနီးလ်ဝစ္စကီမီဆင်ဟီနေရာကို ရာဂျာပက်ဆာနဲ့ အစားထိုးခဲ့တာဖြစ်ပြီး အခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်ခဲ့တဲ့အတွက် နိုင်ငံရေးတင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သမ္မတက လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲလုပ်မယ်လို့ ကြေငြာခဲ့ပေမယ့် တရားရုံးချုပ်က ဒီဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပါတယ်။ လွှတ်တော်မှာ ရာနီးလ်ရဲ့ပါတီက အများစုဖြစ်ပေမယ့် ၀န်ကြီးချုပ်သစ်ခန့်အပ်နိုင်တဲ့ အာဏာဟာ သမ္မတ ဆရီဆီနာမှာ ရှိနေတာဖြစ်ပါတယ်။ လက်ရှိအနေအထားကြောင့် သီရိလင်္ကာရဲ့ နိုင်ငံရေးအကြပ်အတည်းဟာ ပိုမို ပြင်းထန်လာဖွယ် ရှိနေပါတယ်။

    ကယ်လီဖိုးနီးယားမီးလောင်မှုကြောင့် သေဆုံးသူ ၅၀ နိးပါးရှိလာ
    ====================
    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်မှုကြောင့် သေဆုံးအရေအတွက်ဟာ မနေ့ကအထိ ၄၈ ဦး ရှိလာခဲ့ပြီး ပြည်နယ်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး တောမီးလောင်မှုလည်း ဖြစ်ပါတယ်။ တောမီးလောင်မှုဟာ ၆ ရက်တာ ကြာမြင့်လာပြီဖြစ်ပြီး လူပေါင်း ၂၇၀၀၀ ထောင်လောက်နေထိုင်တဲ့ ပါရာဒိုက်စ်မြို့က နေအိမ်အများအပြားအပါအ၀င် အဆောက်အဦးပေါင်း ၇၀၀၀ ကျော်လောက် မီးလောင်ပျက်ဆီးခဲ့ပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သိန်းနဲ့ချီ ရှိနေပြီး ပျောက်ဆုံးတယ်လို့ စာရင်းပေးထားသူအရေအတွက် ၂၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်နယ်သစ်တောရေးရာဌာနရဲ့ နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက် ဒီလိုဖြစ်ရတာလို့ အပြစ်တင်ထားပါတယ်။

    ဒီဘောက်တီဆိပ်ကမ်းတစ်ခုကို တရုတ်သိမ်းမည့်အရေး ကန်လွှတ်တော်အမတ်များ သတိပေး
    ===============
    အာဖရိက ဒီဘောက်တီနိုင်ငံက Doraleh Container Terminal ဆိပ်ကမ်းကို တရုတ်က ထိန်းချုပ်ခွင့်ရသွားရင် အရှေ့အာဖရိကမှာ တရုတ်က နိုင်ငံရေးနဲ့ စစ်ရေးလွှမ်းမိုးမှု ပိုမိုအားကောင်းလာနိုင်တယ်လို့ ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ်နှစ်ဦးက နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုနဲ့ ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်တို့ကို ပေးပို့တဲ့စာမှာ သတိပေးလိုက်ပါတယ်။ အဲဒီဆိပ်ကမ်းကို အရင်က ယူအေအီးနိုင်ငံက လုပ်ကိုင်နေတာဖြစ်ပြီး ဖေဖော်ဝါရီမှာ ဒီဘောက်တီက စာချုပ်ဖျက်သိမ်းကာ၊ စက်တင်ဘာမှာ ပြည်သူပိုင်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဒီဘောက်တီနိုင်ငံဟာ တရုတ်ရဲ့ အကြွေးနွံထဲ နစ်နေတဲ့အတွက် ဒီဆိပ်ကမ်းကို တရုတ်နိုင်ငံပိုင် ကုမ္ပဏီတစ်ခုထံ ထိုးအပ်ဖို့ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီဘောက်တီမှာ တရုတ်ရဲ့ ပထမဆုံး နိုင်ငံခြား စစ်အခြေစိုက်စခန်းကို ပြီးခဲ့တဲ့နှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

    Ref: Aljazeera

  • လွတ်လပ်ရေးရစဉ်ကရှိခဲ့သည့် နိုင်ငံခြားနွယ်ဖွားများကို နိုင်ငံသားအဖြစ် လက်ခံရမည်ဟု မလေးဝန်ကြီးချုပ်ပြော

    လွတ်လပ်ရေးရစဉ်ကရှိခဲ့သည့် နိုင်ငံခြားနွယ်ဖွားများကို နိုင်ငံသားအဖြစ် လက်ခံရမည်ဟု မလေးဝန်ကြီးချုပ်ပြော

    နိုဝင်ဘာ ၁၃၊ ၂၀၁၈
    M-Media

    – ဗြိတိန်ထံမှ လွတ်လပ်ရေးယူစဉ်က တိုင်းပြည်မှာရှိနေတဲ့ နိုင်ငံခြားနွယ်ဖွားတွေကို နိုင်ငံသားအဖြစ်လက်ခံရမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဒီကနေ့မှာ ပြောကြားလိုက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖုံးဖိလို့မရတဲ့ကိစ္စကို ဖုံးဖိနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

    အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ စင်ကာပူနိုင်ငံကိုရောက်နေတဲ့ အသက် ၉၃ နှစ်အရွယ် မဟာသီဟာ ဒီကနေ့ သတင်းထောက်တွေရဲ့ မေးမြန်းမှုမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ကာကွယ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပျက်ကွက်မှုအပေါ် စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ်လ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်တွေ ၀င်ရောက်တိုက်ခိုက်မှုနောက်ပိုင်း မြန်မာစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးတွေမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ အုပ်စုဖွဲ့ အဓမ္မကျင့်တာတွေ ရှိခဲ့တယ်လို့ နိုင်ငံတကာက စွပ်စွဲထားပါတယ်။

    မြန်မာအစိုးရနဲ့ စစ်တပ်တို့က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

    ကုလစုံစမ်းစစ်ဆေးသူတွေက ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်နိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

    “အရင်က ဒီလူတွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရသူတစ်ဦးအနေနဲ့ ကိုယ်ဘယ်လိုခံစားခဲ့ရတာကို သတိရသင့်ပြီး၊ ဒီမကောင်းတဲ့ကိစ္စမှာ ကြံရာပါ မဖြစ်သင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖုံးဖိလို့မရတဲ့ကိစ္စကို ဖုံးဖိဖို့ ကြိုးစားနေသလိုပါပဲ ” လို့ မဟာသီက ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို ဘင်္ဂါလီလို့ခေါ်ဝေါ်ပြီး ဘင်္ဂလားဒေ့ရှ်က တရားမ၀င် ၀င်ရောက်လာသူတွေလို့သတ်မှတ်ထားပါတယ်။

    မဟာသီက မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးသင့်ပြီး မလေးရှားအနေနဲ့လည်း လွတ်လပ်ရေးရစဉ် တိုင်းပြည်မှာ ရှိနေတဲ့ နိုင်ငံခြားနွယ်ဖွားတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “၁၉၅၇ ခုနှစ် မလေးရှားနိုင်ငံ လွတ်လပ်ရေးရစဉ်တုန်းက ကျွန်တော်တို့ဆီမှာလည်း နိုင်ငံခြားနွယ်ဖွားတွေ အများကြီးရှိခဲ့တာပဲ။ သူတို့အားလုံးကို ကျွန်တော်တို့ အသိအမှတ်ပြုခဲ့တယ်။ အခုဆိုရင် သူတို့ဟာ နိုင်ငံသားတွေအဖြစ် နိုင်ငံရေးမှာတောင် အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပြီ။ သူတို့လွတ်လွတ်လပ်လပ် နေထိုင်သွားလာနေကြတယ်။ လူမျိုး၊ ဘာသာကို အခြေပြုပြီး ပိတ်ထားတာ၊ လှောင်ထားတာမျိုး ကျွန်တော်တို့ မလုပ်ဘူး”

    အာဆီယံထိပ်သီးအစည်းအဝေးက ထုတ်ပြန်မယ့် ကြေငြာချက်မူကြမ်းမှာ ရခိုင်ပြည်နယ်က ကိစ္စတွေအတွက် တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးက တောင်းဆိုထားပြီး ဒါဟာ အာဆီယံအဖွဲ့အတွင်း ပြင်းထန်တဲ့ ပြောဆိုမှုလည်း ဖြစ်ပါတယ်။ ကြေငြာချက်အပြည့်အစုံကို ဒီကနေ့နှောင်းပိုင်းမှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

    Ref: CNA

  • ဆော်ဒီဂျာနယ်လစ်ကို သတ်သူများ “ကိစ္စပြီးပြီလို့ ခင်ဗျားဘော့စ်ကို ပြောလိုက်” ဟု သတင်းပို့ခဲ့

    ဆော်ဒီဂျာနယ်လစ်ကို သတ်သူများ “ကိစ္စပြီးပြီလို့ ခင်ဗျားဘော့စ်ကို ပြောလိုက်” ဟု သတင်းပို့ခဲ့

    နိုဝင်ဘာ ၁၃၊ ၂၀၁၈
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    – အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဂျာနယ်လစ်ဂျမားလ်ကာရှိုဂျီကို သတ်ဖြတ်ခဲ့ပြီးတဲ့နောက် ကြေးစားအဖွဲ့ကတစ်ယောက်ဟာ အထက်ကလူတစ်ဦးကို အလုပ်ပြီးကြောင်းသတင်းပို့ခဲ့တယ်လို့ New York Times သတင်းစာက ဖော်ပြလိုက်ပြီး အဲဒီအထက်လူဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဖြစ်မယ်လို့ အမေရိကန်ထောက်လှမ်းရေးတွေက သုံးသပ်ကြပါတယ်။

    တူရကီထောက်လှမ်းရေးက ရရှိထားတဲ့ ကာရှိုဂျီအသတ်ခံရမှု အသတ်မှတ်တမ်းကို နားထောင်ခဲ့ရသူတွေထဲက လူ ၃ ဦးရဲ့ ပြောကြားမှုကို ကိုးကားပြီး နယူးယောက်တိုင်းမ်စ်သတင်းစာက ဖော်ပြခဲ့တာပါ။

    ကာရှိုဂျီကိုသတ်ဖြတ်ဖို့အတွက် ဆော်ဒီကနေ အစ္စတန်ဘူလ်ကို ရောက်လာတဲ့ လူ ၁၅ ယောက်ထဲက မဟာရ် အဘ်ဒူလ်အဇစ် မူထရဘ်က သတ်ဖြတ်မှုပြီးတဲ့နောက် သူ့ရဲ့အထက်အရာရှိကို ဖုန်းဆက်ပြီး “ကိစ္စပြီးပြီလို့ ခင်ဗျားဘော့စ်ကိုပြောလိုက်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်တာဝန်ရှိသူတွေက မူထရဘ်ဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အတွင်းစည်းထဲက အကြံပေးတစ်ယောက်ကို ဖုန်းခေါ်တာဖြစ်တယ်လို့ ယူဆနေကြောင်း တူရကီထောက်လှမ်းအာဏာပိုင်တွေက ပြောပေမယ့်၊ ဘင် ဆလ်မန်ကို တိုက်ရိုက် ရည်ညွှန်းတာမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

    ကာရှိုဂျီဟာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ ဆော်ဒီအစိုးရကို ဝေဖန်လေ့ရှိသူဖြစ်ပြီး အောက်တိုဘာ ၂ ရက်နေ့က အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ၀င်သွားပြီးတဲ့နောက် ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ ဆော်ဒီက ကာရှိုဂျီ ပျောက်ဆုံးမှုကို ပထမပိုင်းမှာ ငြင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ၀န်ထမ်းတွေ ထိုးကြိတ်ရင်း သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    တူရကီအာဏာပိုင်တွေက ကာရှိုဂျီဟာ ရုံးထဲဝင်ဝင်ချင်း လည်ပင်းညှစ် အသတ်ခံလိုက်ရတာဖြစ်တယ်လို့ ပြောထားပါတယ်။ တူရကီသမ္မတ အာဒိုဂန်က အခင်းဖြစ်ပွားမှုကို မှတ်တမ်းတင်ထားတဲ့ တိပ်ခွေတွေကို ဆော်ဒီနဲ့ အမေရိကန်အပါအ၀င် နိုင်ငံ ၅ နိုင်ငံလောက်ကို ပေးထားတယ်လို့ ဆိုပါတယ်။

    ဆော်ဒီအာဏာပိုင်တွေက ကာရှိုဂျီအသတ်ခံရမှုမှာ မိုဟာမက် ဘင် ဆလ်မန် ပါဝင်ခြင်းမရှိဘူးလို့ ပြောဆိုထားပါတယ်။

    Ref: Aljazeera