News @ M-Media

Blog

  • အမေရိကန် လွှတ်တော်အမတ်ရွေးကောက်ပွဲတွင် မွတ်စလင်အမျိုးသမီးများ သမိုင်းသစ်ရေးထိုး

    အမေရိကန် လွှတ်တော်အမတ်ရွေးကောက်ပွဲတွင် မွတ်စလင်အမျိုးသမီးများ သမိုင်းသစ်ရေးထိုး

    နိုဝင်ဘာ ၇၊ ၂၀၁၈
    M-Media

    ရရှီဒါ တလာအစ်ဘ်နဲ့ အီလ်ဟမ် အိုမာရ်

    – မနေ့က အမေရိကန်လွှတ်တော်အမတ် ရွေးကောက်ပွဲမှာ မွတ်စလင်အမျိုးသမီးနှစ်ဦး အနိုင်ရခဲ့ကြပြီး အမေရိကန်သမိုင်းမှာ ပထမဆုံး မွတ်စလင်အမျိုးသမီး လွှတ်တော်အမတ်တွေအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    မီချီဂန်ရဲ့ အမှတ် ၁၃ ခရိုင်က အနိုင်ရခဲ့တဲ့ ပါလက်စတိုင်း-အမေရိကန်အမျိုးသမီး ရရှီဒါ တလာအစ်နဲ့ မင်နီဆိုတာ အမှတ် ၅ ခရိုင်ကနေ အနိုင်ရခဲ့တဲ့ ဆိုမာလီ-အမေရိကန် အီလ်ဟမ် အိုမာရ်တို့ဖြစ်ပါတယ်။

    အသက် ၄၂ နှစ်အရွယ် တလာအစ်ဘ်ဟာ ဒီထရွိုက်မြို့မှာ ပါလက်စတိုင်း ပြောင်းရွှေ့အခြေချသူ မိဘနှစ်ပါးကနေ မွေးဖွားလာသူဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ မီချီဂန်ပြည်နယ်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရကာ ပြည်နယ်လွှတ်တော်က ပထမဆုံး မွတ်စလင် အမျိုးသမီးအမတ် ဖြစ်လာပါတယ်။

    အခု လွှတ်တော်အမတ်ရွေးကောက်ပွဲ မဲဆွယ်မှုမှာ တလာအစ်ဘ်က တစ်နာရီအနိမ့်ဆုံးလုပ်ခ ၁၅ ဒေါ်လာ ရရှိရေး၊ လှုမှုဖူလှုံရေး စီမံကိန်းတွေအတွက် ဘက်ဂျက်ဖြတ်တောက်မှုကို တားဆီးရေး၊ စီးပွားရေးလုပ်ငန်းကြီးတွေအတွက် အခွန်လျှော့ချပေးရေး စတာတွေကို လုပ်ဆောင်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

    အီလ်ဟမ် အိုမာရ်ဟာ ဆိုမာလီ ပြည်တွင်းစစ်ကနေ ထွက်ပြေးရင်း အသက် ၁၄ နှစ်ရောက်မှ အမေရိကန်ကို ရောက်ရှိလာတာဖြစ်ပြီး အားလုံးအတွက် အကျိုးရှိမယ့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်၊ ကျူရှင်စရိတ်မရှိတဲ့ တက္ကသိုလ်ပညာရေးရရှိအောင် ဆောင်ရွက်ပေးမယ်လို့ မဲဆွယ်ခဲ့ပါတယ်။

    အမေရိကန်မှာ အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာနေတဲ့အချိန် သူတို့နှစ်ဦး ရွေးကောက်တင်မြှောက်ခံရမှုက အမေရိကန် ပြည်သူတွေရဲ့ အစ္စလာမ်အပေါ် အထင်မှားအမြင်မှား ဖြစ်နေမှုကို လျှော့ချနိုင်မယ့် အခွင့်အလမ်းဖြစ်တယ်လို့ လေ့လာဆန်းစစ်သူတွေက သုံးသပ်ကြပါတယ်။

    Ref: Aljazeera

  • နိုင်ငံသားဟိန္ဒူများအတွက် မလေးဝန်ကြီးချုပ်က ဒီပ၀ါလီဆုမွန်ကောင်းတောင်း

    နိုင်ငံသားဟိန္ဒူများအတွက် မလေးဝန်ကြီးချုပ်က ဒီပ၀ါလီဆုမွန်ကောင်းတောင်း

    နိုဝင်ဘာ ၆၊ ၂၀၁၈
    M-Media

    – မလေးရှားမှာ ဒီပ၀ါလီပွဲတော်ဟာ လူမျိုးစုံဘာသာစုံ ကြည်နူးပျော်ရွှင်ရတဲ့ ပွဲတော်ဖြစ်ပြီး နိုင်ငံရဲ့ ဘာသာစုံ၊ လူမျိုးစုံဝါဒကို ထင်ဟင်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က သူ့ရဲ့ မနေ့က ဒေပ၀ါလီ နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “မလေးရှာနိုင်ငံသားတွေ ဆင်နွှဲကြတဲ့ ပွဲတော်အားလုံးလိုပဲ ဒေပ၀ါလီပွဲတော်ဟာလည်း ဘာသာစုံ၊ လူမျိုးစုံ ပျော်ရွှင်မျှဝေ ခံစားကြမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ အတူတကွ ဆင်နွှဲကြတဲ့ ပွဲတော်မျိုးပါ”

    ကမ္ဘာတစ်ဝှမ်းက ဟိန္ဒူဘာသာဝင်တွေဟာ နိုဝင်ဘာ ၆ ရက်နေ့မှာ ဒီပ၀ါလီပွဲတော်ကို ကျင်းပကြမှာ ဖြစ်ပါတယ်။

    မဟာသီက ဒီပ၀ါလီနေ့ဟာ ဟိန္ဒူတွေရဲ့ပွဲတော် ဖြစ်ပေမယ့် မလေးရှားနိုင်ငံသားအားလုံး ပျော်ရွှင်ရတဲ့ပွဲတော် ဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒီလိုခံစားမှုမျိုးက အပြန်အလှန်နားလည်မှု၊ မတူကွဲပြားစွာ ညီညွတ်မှုဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒီအချက်ကို အခြေခံပြီး ပျော်ရွှင်စရာ ဒီပ၀ါလီနေ့ဖြစ်ပါစေလို့ ဆုမွန်တောင်းလိုက်ပြီး၊ ဒီနှစ်ပွဲတော်ဟာ ပိုမိုအဓိပ္ပါယ်ရှိတဲ့ အနာဂတ်ကို ဆောင်ကျဉ်းပေးမယ်လို့လည်း မျှော်လင့်ပါတယ်”

    Ref : The Star

  • ဂျပန်တွင် ကလေးများ မိမိကိုယ်ကိုသတ်သေမှု နှစ် ၃၀ အတွင်း အမြင့်ဆုံးရောက်

    ဂျပန်တွင် ကလေးများ မိမိကိုယ်ကိုသတ်သေမှု နှစ် ၃၀ အတွင်း အမြင့်ဆုံးရောက်

    နိုဝင်ဘာ ၆၊ ၂၀၁၈
    M-Media

    – ဂျပန်နိုင်ငံမှာ လူငယ်တွေ မိမိကိုယ်ကို သတ်သေမှုဟာ နှစ် ၃၀ အတွင်း အမြင့်ဆုံးကို ရောက်လာခဲ့တယ်လို့ နိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

    ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းက ကလေးငယ် ၂၅၀ မိမိကိုယ်ကို သတ်သေခဲ့ပြီး ပြီးခဲ့တဲ့နှစ်ဘဏ္ဍာရေးနှစ်မှာတော့ ၂၅၅ ဦး ရှိလာကာ ၁၉၈၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအရေအတွက် ဖြစ်ပါတယ်။

    သတ်သေရတဲ့ အကြောင်းအရင်းတွေက မိသားစုပြဿနာ၊ အနာဂတ်အတွက် စိတ်ပူပင်မှုနဲ့ အနိုင်ကျင့်ခံရမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပေမယ့် စာသင်ကျောင်းတွေက သတ်သေသွားတဲ့ ကျောင်းသား ၁၄၀ လောက်ဟာ စာမချန်ထားတဲ့အတွက် ဘာ့ကြောင့် သတ်သေရလဲဆိုတာကို မသိနိုင်ဘူးလို့ ဆိုပါတယ်။

    မိမိကိုယ်ကို သတ်သေကြတဲ့ လူငယ်အများစုဟာ အထက်တန်းကျောင်းသားတွေ ဖြစ်ပါတယ်။ ဂျပန်ကျောင်းသားတွေဟာ အသက် ၁၈ နှစ်လောက်အထိ အထက်တန်းကျောင်း တက်ရတာပါ။

    ကလေးတွေ မိမိကိုယ်ကို သတ်သေမှုနဲ့ပတ်သက်ပြီး ၂၀၁၅ ခုနှစ် ဂျပန်အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေထဲမှာ သေဆုံးမှုအများစုဟာ စက်တင်ဘာ ၁ ရက်ကနေ စတင်လေ့ရှိတဲ့ စာသင်နှင့် ဒုတိယနှစ်ဝက်မှာ အဖြစ်များတယ်ဆိုတာ တွေ့ရပါတယ်။

    ၂၀၁၅ ခုနှစ်က ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ မိမိကိုယ်ကို သတ်သေသူ အများဆုံးနိုင်ငံ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်း ကြိုတင်ကာကွယ်ရေး အစီအမံတွေကြောင့် အရေအတွက် လျော့ကျသွားတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • အမေရိကန်၏ ပိတ်ဆို့မှုကို ဖောက်ထွက်မည်ဟု အီရန်သမ္မတ ပြော

    အမေရိကန်၏ ပိတ်ဆို့မှုကို ဖောက်ထွက်မည်ဟု အီရန်သမ္မတ ပြော

    နိုဝင်ဘာ ၆၊ ၂၀၁၈
    M-Media

    – အမေရိကန်က အီရန်အပေါ် ပြန်လည်ပြုလုပ်ခဲ့တဲ့ ပိတ်ဆို့မှုတွေကနေ ဖောက်ထွက်သွားမယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ၂၀၁၅ ခုနှစ်က အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကြောင့် ဖယ်ရှားပေးခဲ့တဲ့ ပိတ်ဆို့မှုတွေအားလုံးကို အမေရိကန်က မနေ့မှာ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။ သဘောတူညီချက်ပါ အချက်အလက်တွေကို မလိုက်နာဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ဟာ မေလမှာ သဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့တာပါ။

    အမေရိကန်က ပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်ပြီးပြီးချင်း နာရီပိုင်းအကြာ မနေ့က စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ သမ္မတ ရူဟာနီက သူတို့အနေနဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖောက်ထွက်သွားမယ်လို့ ဆိုပါတယ်။

    “အီရန်နိုင်ငံကို ဖိအားတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ စကားပြောဆိုလို့ မရဘူးဆိုတာကို ကျွန်တော်တို့တိုင်းပြည်က ပြည်သူတွေရဲ့အကူအညီ၊ စည်းလုံးညီညွတ်မှုတွေနဲ့ အမေရိကန်တွေနားလည်အောင် ဆောင်ရွက်သွားမှာပါ။ တစ်ကြိမ်တည်းနဲ့ မှတ်လောက်သားလောက်အောင် သူတို့ကို ပညာပေးရပါမယ်”

    အမေရိကန်ရဲ့ အခု ပိတ်ဆို့မှုမှာ ရေနံလုပ်ငန်း၊ အီရန်ဗဟိုဘဏ်တွေအပြင် အီရန်စီးပွားရေးလုပ်ငန်းရှင်တွေပါ ပါဝင်သလို အီရန်နဲ့ စီးပွားရေးလုပ်နေတဲ့ တတိယနိုင်ငံတွေဟာလည်း ပိတ်ဆို့မှုဒဏ်ကို ခံစားရဖို့ ရှိနေပါတယ်။ သြဂုတ်လက ပိတ်ဆို့မှု ပထမအဆင့်နဲ့ ဒုတိယအဆင့်တွေကို အမေရိကန်က ပြုလုပ်ခဲ့ပြီး အခု တတိယအဆင့်က အပြင်းထန်ဆုံး ဖြစ်ပါတယ်။

    Ref: Press TV

  • နျူသုတေသနဓာတ်ပေါင်းဖို ဆောက်လုပ်မည့် စီမံကိန်းကို ဆော်ဒီအိမ်ရှေ့မင်းသား ကြေငြာ

    နျူသုတေသနဓာတ်ပေါင်းဖို ဆောက်လုပ်မည့် စီမံကိန်းကို ဆော်ဒီအိမ်ရှေ့မင်းသား ကြေငြာ

    နိုဝင်ဘာ ၆၊ ၂၀၁၈
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    – နိုင်ငံအတွင်းမှာ ပထမဆုံး နျူကလီးယား သုတေသနဓာတ်ပေါင်းဖို့ ဆောက်လုပ်မယ့်အစီအစဉ် အပါအ၀င် စီမံကိန်း ၇ ခုကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ပြည့်ဖြိုးမြဲစွမ်းအင်၊ နျူစွမ်းအင်၊ ပင်လယ်ရေးသန့်စင်မှု၊ မျိုးရိုးဗီဇဆိုင်ရာ ဆေးပညာ၊ လေကြောင်းကဏ္ဍ စတဲ့ နယ်ပယ်တွေမှာ ပြုလုပ်မယ့် မဟာဗျူဟာမြောက် စီမံကိန်းတွေ ဖြစ်ပြီး မနေ့က ‘ကင်းအဘ်ဒူလ်အဇစ် သိပ္ပံနဲ့ နည်းပညာမြို့တော်’ ကို သွားရောက်လည်ပတ်စဉ်မှာ မင်းသားက ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    အဲဒီအထဲက အရေးပါတဲ့ စီမံကိန်းနှစ်ခုကတော့ နျူသုတေသန လေ့လာရေးစင်တာနဲ့ လေယာဉ်စက်ရုံတို့ ဖြစ်ပါတယ်။

    မိမိတို့နိုင်ငံဟာ နျူလက်နက်ကို မပိုင်ဆိုင်ချင်ပေမယ့် အီရန်က ထုတ်လုပ်လာမယ်ဆိုရင် အမြန်ဆုံး နျူဗုံးထုတ်သွားမယ်လို့ မိုဟာမက် ဘင် ဆလ်မန်က ယခင်က ပြောကြားထားဖူးပါတယ်။

    ဆော်ဒီအစိုးရဟာ စွမ်းအင်အတွက် နျူဓာတ်ပေါင်းဖို ၂ ခု ဆောက်လုပ်ရေး တင်ဒါတွေ ခေါ်ခဲ့တယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA က ပြီးခဲ့တဲ့နှစ်မှာ ပြောကြားခဲ့ပါတယ်။ ၂၀၃၂ ခုနှစ်မှာ ဓာတ်အား ၁၇.၆ ဂီဂါဝပ်ကို နျူစွမ်းအင်ကနေ ထုတ်လုပ်ရေးအတွက် ဆော်ဒီက ရည်မှန်းထားပါတယ်။

    လက်ရှိ ပင်လယ်ကွေ့မှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တစ်နိုင်ငံတည်းသာ တောင်ကိုရီးယားနဲ့ ပူးပေါင်းပြီး နျူဓာတ်ပေါင်းဖို ဆောက်လုပ်နေပါတယ်။

    Ref: Aljazeera