News @ M-Media

Blog

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၆၊ ၂၀၁၈
    M-Media

    အင်ဒိုလေယာဉ်ပျက်ကျမှု မြင်ကွင်း

    ပျက်ကျသွားသည့်အင်ဒိုလေယာဉ် နောက်ဆုံးပျံသန်းမှု ၄ ကြိမ်တွင် ချို့ယွင်းမှုရှိခဲ့
    ===========
    ပြီးခဲ့တဲ့တစ်ပတ်မှာ ဂျာဗားပင်လယ်ထဲ ပျက်ကျသွားခဲ့တဲ့ Lion Air လေကြောင်းလိုင်းက Boeing Co 737 MAX လေယာဉ်ဟာ အဲဒီမတိုင်ခင် ပျံသန်းမှုလေးကြိမ်မှာ အရှိန်ပြဒိုင်ခွက် ပျက်ဆီးမှု ဖြစ်ခဲ့တယ်လို့ Black Box က ရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး အင်ဒိုအာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ပျက်ကျမှုဟာ အဲဒီချို့ယွင်းချက်ကြောင့် ဖြစ်ခဲ့တာလား ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ ပျက်ဆီးမှုကို လမ်းညွှန်စာအုပ်အတိုင်း ပြန်လည်ပြင်ဆင်ခဲ့ကြောင်း၊ ဒီကိစ္စကို ဘိုးအင်းကုမ္ပဏီနဲ့ အမေရိကန်တာဝန်ရှိသူတွေကို အသိပေးထားကြောင်း အင်ဒိုအာဏာပိုင်တွေက ဆိုပါတယ်။ Boeing Co 737 MAX လေယာဉ်ဟာ မြို့တော်ဂျကာတာကနေ ပျံတက်ပြီး ၁၃ မိနစ်အကြာမှာ ပျက်ကျသွားခဲ့တာဖြစ်ကာ လေယာဉ်ပေါ် လိုက်ပါသွားသူ ၁၈၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။

    အိုမန်-ဗြိတိန် ပူးတွဲလေ့ကျင့်ရေးစစ်စခန်းတစ်ခု ဖွင့်လှစ်မည်
    ===============
    အိုမန်နဲ့ ဗြိတိန်တို့ဟာ လာမယ့်နှစ်မတ်လမှာ ပူးတွဲ စစ်ရေးလေ့ကျင့်စခန်းတစ်ခု ဖွင့်လှစ်သွားမယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂါဗင် ၀ီလီယံဆန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ပတ်ဝန်းကျင်က ရန်လိုတဲ့နိုင်ငံတွေ၊ အစွန်းရောက်အုပ်စုတွေကို တန်ပြန်တိုက်ဖျက်ဖို့အတွက် ဒီလို စစ်စခန်း ဖွင့်လှစ်ရတာဖြစ်ပြီး သမိုင်းနဲ့ချီ ရှိခဲ့တဲ့ ဗြိတိန်-အိုမန် စစ်ရေးဆက်ဆံမှုကောင်းကို အနာဂတ်မှာလည်း ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ၀ီလီယံဆန်က ဆိုပါတယ်။ ဗြိတိန်ဟာ အခုနှစ်အစောပိုင်းက အခြားပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ဘာရိန်းမှာ အမြဲတမ်း စစ်အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။

    အီရန်ကို အစ္စရေးက ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်
    ===================
    အီရန်ရဲ့ ဆက်သွယ်ရေးကွန်ယက်တွေကို အစ္စရေးက ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ကာကွယ်နိုင်ခဲ့တယ်လို့ အီရန် သတင်းအချက်အလက်ဝန်ကြီး မိုဟာမက် ဂျာဗဒ် အဇာရီ ဂျာရိုမီက မနေ့မှာ ပြောကြားခဲ့ပါတယ်။ အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းတီထွင်ထားတဲ့ Stuxnet ဗိုင်းရပ်စ်နဲ့ တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဘာအချက်အလက်မှ မရသွားဘူးလို့လည်း ဆိုပါတယ်။ တိုက်ခိုက်မှုအသေးစိတ်ကို အီရန်က နိုင်ငံတကာ ဖိုရမ်တွေမှာ ထုတ်ဖော်ရှင်းလင်းသွားဖို့ ရှိနေပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ဟာ ၂၀၁၀ ခုနှစ်က Stuxnet ဗိုင်းရပ်စ်နဲ့ အီရန်ရဲ့ နျူကလီးယား စီမံကိန်းကို တိုက်ခိုက်ခဲ့ဖူးပါတယ်။

    ကုန်သွယ်ရေးကိစ္စအတွက် ကန်နှင့်ဆွေးနွေးရန် တရုတ် အဆင်သင့်ရှိ
    =============
    နှစ်ဖက်စလုံး လက်ခံနိုင်မယ့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုရရှိအောင် အမေရိကန်နဲ့ ဆွေးနွေးဖို့ အဆင်သင့်ရှိနေတယ်လို့ တရုတ်ဒုတိယသမ္မတ ၀မ်ကျီရှန်းက စင်ကာပူ စီးပွားရေးဖိုရမ့်မှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း သွင်းကုန်တွေအတွက် အပြန်အလှန် စည်းကြပ်ခွန်တွေ တိုးကောက်တာကြောင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်တော့မယ်လို့ စိုးရိမ်မှုတွေ ရှိခဲ့တာပါ။ ၀မ်က နှစ်နိုင်ငံအကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့အတွက် စီးပွားရေးနဲ့ ကုန်သွယ်ရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့လိုပြီး ဒါမှ ကမ္ဘာ့စီးပွားရေးမှာ တည်ငြိမ်မှု တိုးတက်မှု ရရှိလိမ့်မယ်လို့ ဆိုပါတယ်။

    Ref: Aljazeera, Arab News, CNA

  • တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    နိုဝင်ဘာ ၅၊ ၂၀၁၈
    M-Media

    အီရန်ပြည်သူများ၏ ဆန္ဒပြမှု

    အီရန်အပေါ် အမေရိကန်က ပိတ်ဆို့မှုအားလုံး ပြန်လည်ပြုလုပ်
    ===============
    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်နောက်ပိုင်း အီရန်အပေါ် အမေရိကန်က ဖယ်ရှားပေးခဲ့တဲ့ ပိတ်ဆို့မှုတွေအားလုံးကို ဒီကနေ့မှာ ပြန်လည်ပြုလုပ်တော့မှာဖြစ်ပါတယ်။ အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ လက်မှတ်ထိုးထားတဲ့ အဲဒီ နျူသဘောတူညီချက်ကို အီရန်က လိုက်နာနေတယ်လို့ နိုင်ငံတကာ နျူစွမ်းအင်အဖွဲ့ IAEA က ပြောကြားထားပေမယ့် အမေရိကန်က မေလမှာ သဘောတူညီချက်နေ နှုတ်ထွက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ပြန်လည်ဆောင်ရွက်မှုအပေါ် မကျေနပ်တဲ့အတွက် အီရန်ပြည်သူတွေက မနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

    အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးနှင့် မြောက်ကိုရီးယား နံပါတ် ၂ ခေါင်းဆောင်တို့ တွေ့ဆုံမည်
    =====================
    အခုသီတင်းပတ်အတွင်း မြောက်ကိုရီးယား နံပါတ် ၂ ခေါင်းဆောင် ကင်ယုံချိုနဲ့ နယူးယောက်မှာ တွေ့ဆုံကာ နျူကင်းစင်ရေးနဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ကျင်းပရေးတို့ကို ဆွေးနွေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဇွန်လက ထရမ့်နဲ့ ကင်ဂျုံအွန်တို့ တွေ့ဆုံမှုနောက်ပိုင်း ၅ လနီးပါး ကြာမြင့်လာခဲ့ပေမယ့် သိသာတဲ့ တိုးတက်မှုတွေ မရှိသေးပါဘူး။ မြောက်ကိုရီးယားကတော့ အမေရိကန်အနေနဲ့ သူတို့အပေါ်ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားမပေးဘူးဆိုရင် နျူပေါ်လစီကို ပြန်သွားမယ်လို့ သတိပေးထားပါတယ်။ ပွပ်ပီယိုက သူ့အနေနဲ့ ဒီကိစ္စကို မစိုးရိမ်ဘဲ ဆွေးနွေးမှုအပေါ် အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။

    အက်စစ်ဖြင့်တိုက်ခိုက်ခံရသည့် ယူကရိန်း တက်ကြွလှုပ်ရှားသူ သေဆုံး 
    ========================
    ယူကရိန်းက ထင်ရှားတဲ့ ခြစားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ ကက်တရီနာ ဟန်ဒယုက်ဟာ လွန်ခဲ့တဲ့ ၃ လက အက်စစ်နဲ့  တိုက်ခိုက်ခံရမှုအတွင်း ရရှိတဲ့ဒဏ်ရာကြောင့် မနေ့က ကွယ်လွန်သွားခဲ့ပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့ တိုက်ခိုက်မှုအတွင်း ခန္ဓာကိုယ်ရဲ့ ၄၀ ရာခိုင်နှုန်း ပျက်ဆီးသွားပြီး မျက်လုံးတွေလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။ သူမကိစ္စအတွက် လူ ၅ ဦးကို ဖမ်းဆီးထားပြီး ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုက ကျူးလွန်သူတွေကို အပြစ်ပေးဖို့ မနေ့မှာ ဆော်သြခဲ့ပါတယ်။ ကက်တရီနာဟာ ရုရှားကျောထောက်နောက်ခံပြုတဲ့ ခွဲထွက်ရေးအုပ်စုကို ဆန့်ကျင်သူလည်း ဖြစ်ပါတယ်။

    လုံခြုံရေးထုတ်ကုန်ပြပွဲတစ်ခု ဆော်ဒီတွင် ပြုလုပ်
    =================
    Saudi National Security and Risk Prevention Expo လို့ အမည်ပေးထားတဲ့ လုံခြုံရေးဆိုင်ရာ ထုတ်ကုန်ပြပွဲတစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့မှာ မနေ့က စတင်ကျင်းပခဲ့ပါတယ်။ ၃ ရက်တာကြာမြင့်မယ့် အဲဒီပြပွဲမှာ နိုင်ငံ ၂၂ နိုင်ငံက ကုမ္ပဏီပေါင်း ၁၃၀ ကျော်ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် လုံခြုံရေးဆိုင်ရာ ပစ္စည်းတွေကို ပြသကြမှာ ဖြစ်ပါတယ်။ ပြပွဲဟာ နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာနဲ့ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရမယ်ဆိုတဲ့ ဆော်ဒီရဲ့ ၂၀၃၀ ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    Ref: Aljazeera, CNA, Arab News, BBC

  • နျူပေါ်လစီကို ပြန်သွားမည်ဟု အမေရိကန်ကို မြောက်ကိုရီးယား သတိပေး

    နျူပေါ်လစီကို ပြန်သွားမည်ဟု အမေရိကန်ကို မြောက်ကိုရီးယား သတိပေး

    နိုဝင်ဘာ ၄၊ ၂၀၁၈
    M-Media

    မြောက်ကိုရီးယား စစ်သားများ

    – အမေရိကန်အနေနဲ့ ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို မဖယ်ရှားပေးဘူးဆိုရင် နျူလက်နက်ထုတ်လုပ်မယ့် ပေါ်လစီကို ပြန်သွားဖို့ စဉ်းစားနေတယ်လို့ မြောက်ကိုရီးယားက မနေ့မှာ သတိပေးလိုက်ပါတယ်။

    “‘byungjin’ ဆိုတဲ့ စကားလုံး ပြန်ပေါ်လာနိုင်ပြီး အခြေအနေ ပြောင်းလဲဖို့ကို သေအချာ စဉ်းစားလာနိုင်ပါတယ်” လို့ သောကြာနေ့က မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြတဲ့ ကြေငြာချက်မှာ ရေးသာထားပါတယ်။

    byungjin ဆိုတာ နိုင်ငံရဲ့ စီးပွားရေးနဲ့အတူ နျူလက်နက်ဖန်တီးမှုကို ယှဉ်တွဲလုပ်ဆောင်မယ့် မြောက်ကိုရီးယားရဲ့ ပေါ်လစီ ဖြစ်ပါတယ်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သူတို့တိုင်းပြည်ဟာ နျူလက်နက် ယှဉ်ပြိုင်မှုကို အောင်မြင်စွာ ဆောင်ရွက်ပြီးတဲ့အတွက် ဆိုရှယ်လစ်စီးပွားရေးကို အာရုံစိုက်သွားတော့မယ်လို့ ဧပြီလမှာ ကြေငြာခဲ့ပါတယ်။

    ဇွန်လမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့သလို တောင်ကိုရီးယားသမ္မတနဲ့လည်း ၃ ကြိမ်အထိ တွေ့ဆုံကာ ကိုရီးယားကျွန်းဆွယ် နျူကင်းရှင်းရေးကိစ္စကို ဆွေးနွေးခဲ့ပါတယ်။

    ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ သိသိသာသာ တိုးတက်မှုကို မမြင်ရဘဲ မြောက်ကိုရီးယားအနေနဲ့ လုံးဝ နျူကင်းစင်မှသာ ပိတ်ဆို့မှုတွေကို ဖွင့်ပေးမယ်လို့ အမေရိကန်က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ အမေရိကန်ဟာ လူဆိုးဂိုဏ်းတွေပုံသဏ္ဍာန် ဆောင်ရွက်နေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    “ပိတ်ဆို့မှုတွေ ဆက်ရှိနေတာဟာ ဆက်ဆံရေးတိုးတက်ဖို့အတွက် အဟန့်အတား ဖြစ်နေပါတယ်။ အမေရိကန်အနေနဲ့ လုပ်ရမှာက အလိုက်အထိုက်တုန့်ပြန်ဆောင်ရွက်ဖို့ပါ” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • ခရစ်ယာန်များအား အကြမ်းဖက်သည့်အဖွဲ့ကို အီဂျစ်က ပိုက်စိတ်တိုက်ရှာဖွေနှိမ်နှင်း၊ ၁၉ ဦးသေဆုံး

    ခရစ်ယာန်များအား အကြမ်းဖက်သည့်အဖွဲ့ကို အီဂျစ်က ပိုက်စိတ်တိုက်ရှာဖွေနှိမ်နှင်း၊ ၁၉ ဦးသေဆုံး

    နိုဝင်ဘာ ၄၊ ၂၀၁၈
    M-Media

    – သောကြာနေ့က ကော့ပတစ်ခရစ်ယာန်တွေ လိုက်ပါစီးနင်းလာတဲ့ ဘတ်စ်ကားကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို အီဂျစ် ရဲတပ်ဖွဲ့က ပိုက်စိတ်တိုက် ရှာဖွေနှိမ်နှင်းနေပြီး အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ခရစ်ယာန် ၇ ဦး သေဆုံးခဲ့တဲ့ မင်ယာပြည်နယ်က အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အကြမ်းဖက်အဖွဲ့က ကြေငြာထားတာပါ။

    အီဂျစ်လုံခြုံရေးတပ်ဖွဲ့တွေက ဒီအုပ်စုကို လိုက်လံနှိမ်နှင်းရာမှာ အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၁၉ ဦးသေဆုံးခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ခရစ်ယာန်တွေရဲ့ ဈာပနအခမ်းအနားကို မနေ့က ကျင်းပပြုလုပ်ခဲ့ပြီး အီဂျစ်ပြည်သူရာနဲ့ချီ တက်ရောက်ခဲ့ပါတယ်။

    အီဂျစ်နိုင်ငံရဲ့ သန်း ၉၀ သော လူဦးရေမျာ ကော့ပတစ်နဲ့ အောသို့ဒေါ့စ် ခရစ်ယာန်အသင်းဝင်တွေဟာ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိ ရှိနေပြီး အရှေ့အလယ်ပိုင်းရဲ့ ခရစ်ယာန်လူဦးရေ အများဆုံးလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဆော်ဒီဂျာနယ်လစ် ကာရှုဂျီ၏အလောင်းကို အပိုင်းပိုင်းတစ်ကာ အိတ် ၅ လုံးဖြင့် သယ်ထုတ်

    ဆော်ဒီဂျာနယ်လစ် ကာရှုဂျီ၏အလောင်းကို အပိုင်းပိုင်းတစ်ကာ အိတ် ၅ လုံးဖြင့် သယ်ထုတ်

    နိုဝင်ဘာ ၄၊ ၂၀၁၈
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား၏ အကြံပေး မဟာရ် မူထရဘ်ကို အောက်တိုဘာ ၂ ရက်နေ့က တူရကီလေဆိပ်တွင် တွေ့ရစဉ်

    – အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အသတ်ခံလိုက်ရတဲ့ ဆော်ဒီဂျာနယ်လစ် ကာရှိုဂျီကို သတ်ဖြတ်ပြီး အပိုင်းပိုင်းတစ်ကာ ခရီးဆောင်အိတ် ၅ လုံးနဲ့ထည့်ပြီး သယ်ဆောင်သွားတယ်လို့ တူရကီအစိုးရဖက်ယိမ်းတဲ့ Sabah သတင်းစာက ဒီကနေ့မှာ ဖော်ပြလိုက်ပါတယ်။

    အမည်မဖော်လိုတဲ့ တူရကီတာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားဖော်ပြတာဖြစ်ပါတယ်။

    အောက်တိုဘာ ၂ ရက်နေ့က ဂျမားလ် ကာရှိုဂျီဟာ ကောင်စစ်ဝန်ရုံးထဲဝင်သွားပြီးတဲ့နောက် လည်ပင်းညှစ်အသတ်ခံလိုက်ရတာ ဖြစ်တယ်လို့ ဆော်ဒီက ထုတ်ပြန်ထားပါတယ်။ ဆော်ဒီဟာ ကာရှိုဂျီပျောက်ဆုံးမှုကို ပထမပိုင်းမှာ ငြင်းဆိုခဲ့ပြီး နိုင်ငံတကာရဲ့ဖိအားကြောင့် နောက်ပိုင်းမှာ အသတ်ခံလိုက်ရတယ်လို့ ၀န်ခံခဲ့ပါတယ်။

    Sabah သတင်းစာက ကာရှိုဂျီရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခရီးဆောင်အိတ် ၅ လုံးနဲ့ထည့်ကာ ကောင်စစ်ဝန်ရဲ့ နေအိမ်ကို ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

    တူရကီက ကာရှိုဂျီကို သတ်ဖြတ်တဲ့အဖွဲ့မှာ လူ ၁၅ ဦး ပါဝင်ပြီး မဟာရ် မူထရဘ်၊ ဆာလာဟ် တူဘီဂျီနဲ့ သာရ် အလ်-ဟာဘီတို့က အဓိက ဦဆောင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ မဟာရ် မူထရဘ်ဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အကြံပေး ဖြစ်ပါတယ်။

    သမ္မတ အာဒိုဂန်က ကာရှိုဂျီကို သတ်ဖြတ်မှုမှာ ဆော်ဒီအစိုးရရဲ့ ထိပ်ပိုင်းအာဏာပိုင်တွေ ပါဝင်နေတယ်လို့ ပြောကြားခဲ့ပြီးတဲ့နောက်ဒီအချက်အလက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    Ref: Aljazeera