News @ M-Media
Blog
  • လူနည်းစုကို ကာကွယ်မပေးသည့် ယူကရိန်းအစိုးရကို ဥရောပလူ့အခွင့်အရေးတရားရုံးက အရေးယူ
    လူနည်းစုကို ကာကွယ်မပေးသည့် ယူကရိန်းအစိုးရကို ဥရောပလူ့အခွင့်အရေးတရားရုံးက အရေးယူ
    နိုဝင်ဘာ ၈၊ ၂၀၁၈
    M-Media
    – ၂၀၀၂ ခုနှစ်က အိုဒက်ဆာပြည်နယ်မှာ ရိုးမားလူမျိုးတွေကို အမုန်းအခြေပြု တိုက်ခိုက်မှုမှာ လုံခြုံရေးတပ်ဖွဲ့တွေက ကာကွယ်မပေးခဲ့တဲ့အတွက် ယူကရိန်းအစိုးရက နစ်နာကြေးပေးဖို့ ဥရောပလူ့အခွင့်အရေးခုံရုံး (ECHR) က မနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
    စက်တင်ဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ ပီထရစ်ဗ်ကာရွာက ရိုမားလူမျိုးတွေရဲ့ အိမ်တွေကို ရာနဲ့ချီတဲ့ လူအုပ်က အကြမ်းဖက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
    ဒီကိစ္စကို ၂၀၀၈ ခုနှစ်ကတည်းက ကိုင်တွယ်နေတဲ့ ဥရောကရိုးမားလူမျိုးများအခွင့်အရေးစင်တာ ERRC က တိုက်ခိုက်သူတွေဟာ ရိုးမားလူမျိုးတွေကို ဒေသကနေ မောင်းထုတ်ဖို့အတွက် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ယူကရိန်းရဲတပ်ဖွဲ့ကလည်း ဒီအဖြစ်အပျက်ကို ရပ်ကြည့်နေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    ECHR က ၂၀၁၀ ခုနှစ်ကနေစတင်ကာ ဒီကိစ္စကို ကိုင်တွယ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း ပျက်ဆီးမှုတန်ဖိုး ကန်ဒေါ်လာ ၂ သိန်းကျော်ကို ယူကရိန်းအစိုးရက ပြန်လျော်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
    ယူကရိန်းရဲ့ ၄၈.၅ သန်းသော လူဦးရေမှာ ရိုးမားလူမျိုးအရေအတွက်ဟာ ၂ သိန်း ၆ သောင်းခန့် ရှိနေပြီး ဟန်ဂေရီစကားပြောတဲ့ သူတို့တွေဟာ ယူကရိန်းနိုင်ငံ အနောက်ပိုင်းမှာ အများစု နေထိုင်ကြပါတယ်။
    ယူကရိန်းမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရိုးမားလူမျိုးတွေအပေါ် တိုက်ခိုက်သတ်ဖြတ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
    Ref: Aljazeera
  • ကလေးများအပေါ် ကက်သလစ်ဘုန်းကြီးများ၏ လိင်ကျူးလွန်မှုများကို ပြင်သစ်စုံစမ်းမည်
    ကလေးများအပေါ် ကက်သလစ်ဘုန်းကြီးများ၏ လိင်ကျူးလွန်မှုများကို ပြင်သစ်စုံစမ်းမည်
    နိုဝင်ဘာ ၈၊ ၂၀၁၈
    M-Media
    – ၁၉၅၀ ပြည့်နှစ်ကစလို့ ခရစ်ယာန်ကက်သလစ်အသင်းတော်မှာ ဖြစ်ပွားခဲ့တဲ့ ဘုန်းကြီးတွေ လိင်စော်ကားမှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ပြင်သစ်က ကက်သလစ်ဂိုဏ်းအုပ်ဘုန်းကြီးတွေဟာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေကော်မရှင်တစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။
    ဂိုဏ်းအုပ်ဘုန်းတော်ကြီးများအဖွဲ့ CEF ရဲ့ မနေ့က ကြေငြာချက်မှာ ကော်မရှင်အနေနဲ့ ဒီအဖြစ်အပျက်တွေ ဖြစ်ပွားတဲ့ အကြောင်းအရင်းတွေကို ကိုယ်တွယ်ခဲ့ပုံကို နားလည်ဖို့နဲ့ အကြံပြုချက်တွေ ပေးဖို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
    ၂၀၀၀ ပြည့်နှစ်ကစလို့ CEF က ဆောင်ရွက်ခဲ့မှုတွေနဲ့ပတ်သက်လို့လည်း ကော်မရှင်က သုံးသပ်သွားမှာဖြစ်ပြီး ၂ နှစ်အတွင်းမှာ တွေ့ရှိချက် အစီရင်ခံစာကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။
    သြစတေးလျ၊ ဥရောပ၊ မြောက်အမေရိကနဲ့ တောင်အမေရိကတို့က ခရစ်ယာန်ကက်သလစ်အသင်းတော်တွေမှာ ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပြီး၊ ဗာတီကန်အပါအ၀င် ကက်သလစ်အသင်းတော် အာဏာပိုင်တွေဟာ ဒီကိစ္စတွေကို ဖုံးကွယ်မှုရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
    ပင်ဆဲလ်ဗားနီးယားပြည်နယ်အစိုးရက သြဂုတ်လမှာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြီးခဲ့တဲ့ နှစ် ၇၀ အတွင်း ကက်သလစ်ဘုန်းတော်ကြီး ၃၀၀ ကျော်ဟာ ကလေးငယ်ပေါင်း တစ်ထောင်ကျော်လောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့တယ်ဆိုတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ စော်ကားခံရသူ အများစုတွေဟာ ယောက်ျားလေးတွေဖြစ်ပြီး၊ မိန်းကလေးငယ်တွေလည်း လိင်ကျူးလွန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ မှတ်တမ်းတွေ ပျောက်ဆုံးတာ၊ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေတာတွေ ရှိတာကြောင့် အမှန်တကယ် ကျူးလွန်ခံရတဲ့အရေအတွက်ဟာ အခုထက် ပိုများနိုင်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    ပြီးခဲ့တဲ့လမှာ ပြင်သစ်အွန်လိုင်းဂျာနယ်တစ်ခုဖြစ်တဲ့ Mediapart က နိုင်ငံအတွင်းက ကက်သလစ်ဘုန်းတော်ကြီးတစ်ချို့ဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ရှိခဲ့ပြီး၊ အသင်းတော်ရဲ့ ထိပ်ပိုင်းဘုန်းကြီးတွေပါ ပါဝင်တယ်လို့ ဖွင့်ချခဲ့ပါတယ်။
    Ref: Aljazeera
  • နှစ် ၃၀ အရင်က စစ်သားများ၏ကြမ်းကြုတ်မှုအတွက် ကာကွယ်ရေးဝန်ကြီး ပြည်သူကိုတောင်းပန်
    နှစ် ၃၀ အရင်က စစ်သားများ၏ကြမ်းကြုတ်မှုအတွက် ကာကွယ်ရေးဝန်ကြီး ပြည်သူကိုတောင်းပန်
    နိုဝင်ဘာ ၈၊ ၂၀၁၈
    M-Media
    – ၁၉၈၀ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုကို နှိမ်နှင်းမှုအတွင်း စစ်သားတွေက အမျိုးသမီးတွေကို အဓမ္မကျင့်ခဲ့မှုတွေအတွက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဂျွန်ကယွန်ဒူးက ဒီကနေ့မှာ ပြည်သူကို တောင်းပန်လိုက်ပါတယ်။
    ဗိုလ်ချုပ် ချွန်ဒူဝမ်ဦးဆောင်တဲ့ အာဏာသိမ်းအစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဂွမ်ဂျူးမှာ ပြည်သူတွေ အကြီးအကျယ် ဆန္ဒပြခဲ့ကြပြီး တောင်ကိုရီးယား စစ်တပ်က ဆန္ဒပြသူတွေကို ရိုက်နှက်သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ လှံစွပ်နဲ့ထိုးသတ်တာ၊ သေနတ်နဲ့ ပစ်သတ်တာတွေ လုပ်ခဲ့ပါတယ်။
    တရားဝင် စာရင်းဇယားတွေအရ အဲဒီ ဆန္ဒပြမှုအတွင်း လူ ၂၀၀ ကျော်လောက် သေဆုံးတာ ပျောက်ဆုံးတယ်လို့ ဖော်ပြထားပေမယ့် တက်ကြွလှုပ်ရှားသူတွေက ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။
    ဗိုလ်ချုပ် ချွန်ဒူဝမ်ရဲ့ စစ်သားတွေဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် စော်ကားခံရသူတွေဟာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။
    ဒါပေမယ့် လက်ရှိသမ္မတ မွန်ဂျယ်အင်လက်ထက်မှာ ဂွမ်ဂျူးအဖြစ်အပျက်နဲ့ပတ်သက်တဲ့ အမှန်တရားကို ထုတ်ဖော်ဖို့ ကြိုးစားလာခဲ့ပြီး စော်ကားခံရတဲ့ အမျိုးသမီးတွေကလည်း ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဖွင့်ဟလာကြပါတယ်။
    Ref: CNA
  • ကယ်လီဖိုးနီးယား အရက်ဘားတွင် ပစ်ခတ်မှုဖြစ်၊ လူ ၁၂ ဦးသေဆုံး
    ကယ်လီဖိုးနီးယား အရက်ဘားတွင် ပစ်ခတ်မှုဖြစ်၊ လူ ၁၂ ဦးသေဆုံး
    နိုဝင်ဘာ ၈၊ ၂၀၁၈
    M-Media
    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ဘားမှာ ဒီကနေ့မနက် အစောပိုင်းက သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအ၀င် ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
    ပြည်နယ်တောင်ဘက် ဗန်တူရာခရိုင် သောင်ဆင်အုတ်မြို့က Borderline Bar & Grill ဘားမှာ သေနတ်သမားက အစောင့်ကို တိုက်ခိုက်ကာ ဘားအတွင်း ၀င်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
    ပစ်ခတ်မှုဖြစ်ပွားတဲ့အချိန်မှာ ကောလိပ်ကျောင်းသားအများစုအပါအ၀င် လူရာချီ ဘားထဲမှာရှိနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သတင်းပေးပို့မှု ပထမဆုံး ရရှိတဲ့အချိန် ဘားထဲဝင်ရောက်ကာ သေနတ်သမားကို တုန့်ပြန်ဖို့ကြိုးစားခဲ့တဲ့ ရဲတပ်ကြပ် ရွန် ဟီလက်စ်ဟာ သေနတ်ဒဏ်ရာကြောင့် ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။
    သေနတ်သမားလည်း နေရာမှာ သေဆုံးသွားခဲ့ပြီး ဘယ်လိုကြောင့်သေဆုံးသွားတယ်ဆိုတာနဲ့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အာဏာပိုင်တွေက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
    ဒဏ်ရာရသူအရေအတွက်ကိုလည်း အသိအကျ မသိရှိရသေးဘဲ ရဲတပ်ဖွဲ့ကတော့ ပြည်သူလူထုကို သတိနဲ့နေကြဖို့ ထုတ်ပြန်ထားပါတယ်။
    Ref: CNN
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    နိုဝင်ဘာ ၈၊ ၂၀၁၈
    M-Media
    အမေရိကန် ရှေ့နေချုပ်ကို သမ္မတထရမ့်က ဖိအားပေး နှုတ်ထွက်ခိုင်း
    ===============
    လွှတ်တော်အမတ် ရွေးကောက်ပွဲရလဒ်ထွက်ပေါ်အပြီး ၂၄ နာရီအတွင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်ကို ရာထူးကနေ ဖိအားပေးပြီး နှုတ်ထွက်ခိုင်းခဲ့ပါတယ်။ ထရမ့်ရဲ့ မေတ္တာရပ်ခံမှုကြောင့် နှုတ်ထွက်ရခြင်းဖြစ်တယ်လို့ နှုတ်ထွက်စာမှာ ဆက်ရှင်က ရေးသားခဲ့ပါတယ်။ ထရမ့်က ဆက်ရှင်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ကျေးဇူးတင်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပြီး လက်ရှိ အရာရှိချုပ် မက်သယူး ဂျီ ၀ှိုက်တကာက ယာယီရှေ့နေချုပ်အဖြစ် ထမ်းဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
    ထိုင်းဝန်ကြီးချုပ်ဟောင်းမိသားစု ပါတီသစ်ထောင်
    ===================
    ထိုင်းဝန်ကြီးချုပ်ဟောင်းတွေဖြစ်ကြတဲ့ သက်ဆင်ရှင်နာဝပ်ထရာနဲ့ ယင်လပ်ရှင်နာဝပ်ထရာတို့ရဲ့ ဆွေမျိုးတွေနဲ့ မဟာမိတ်တွေဟာ မနေ့က နိုင်ငံရေးပါတီတစ်ခုကို ဖွဲ့စည်းခဲ့ပြီး လာမယ့်နှစ်ဆန်းပိုင်းမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ထိုင်းအာဏာသိမ်းစစ်အစိုးရဟာ ရွေးကောက်ပွဲလုပ်မယ့်အစီအစဉ်ကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပြီး လာမယ့်နှစ် ဖေဖော်ဝါရီနဲ့ မေလအတွင်း ကျင်းပပေးမယ်လို့ ကြေငြာထားပါတယ်။ အသစ်ဖွဲ့လိုက်တဲ့ Thai Raksa Chart ပါတီမှာ သက်ဆင်နဲ့ ယင်လပ်တို့ရဲ့ တူ၊ တူမတွေ၊ အနီးကပ်အကြံပေးတွေ၊ သူတို့မိသားစုရဲ့ နိုင်ငံရေးမဟာမိတ်အဖွဲ့တွေက လူငယ်တွေ တော်တော်များများ ပါဝင်လာပါတယ်။ ယင်လပ်ရဲ့ Puea Thai ပါတီဦးဆောင်တဲ့ အစိုးရကို ၂၀၁၄ ခုနှစ်မှာ စစ်တပ်က ဖြုတ်ချအာဏာသိမ်းခဲ့ပါတယ်။ အခုပါတီသစ်ဟာ Puea Thai က လွှတ်တော်မှာ အမတ်များများရဖို့ ဆောင်ရွက်တဲ့ ဗျူဟာဖြစ်ပြီး ပါတီကိုဦးဆောင်မယ့်သူကလည်း Puea Thai ပါတီရဲ့ လွှတ်တော်အမတ်ဟောင်း Preechapol Pongpanich ဖြစ်ပါတယ်။
    ထရမ့်ပေါ်လစီများကို တွန်းလှန်ရေး ဥရောပနိုင်ငံများညီညွတ်ရန် ဂျာမနီ တိုက်တွန်း
    ====================
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကိုယ့်ဘက်ကိုယ်ကြည့်တဲ့ ပေါ်လစီကို ဥရောပနိုင်ငံတွေအနေနဲ့ ညီညီညွတ်ညွတ် တုန့်ပြန်ကြဖို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟီကိုမက်စ်က မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ထရမ့်ဟာ အာဏာရပြီးတဲ့နောက် ဥရောပသမဂ္ဂကနေ သွင်းကုန်ကန့်သတ်မှု၊ Trans-Pacific Partnership ကုန်သွယ်ရေးသဘောတူညီချက်၊ Paris Climate Accord စာချုပ်၊ UN Commission on Human Rights သဘောတူညီချက်တွေကနေ နှုတ်ထွက်မှု အပါအ၀င် ပေါ်လစီတော်တော်များများကြောင့် ဥရောပနဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဟီကိုမက်စ်က လတ်တလော အမေရိကန်အောက်လွှတ်တော်ကို ဒီမိုကရက်တွေ ထိန်းချုပ်နိုင်မှုကြောင့် ထရမ့်ရဲ့ပေါ်လစီတွေအပေါ် ပိုမိုထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: Aljazeera, CNA, PressTV