News @ M-Media

Blog

  • ကချင်ဒုက္ခသည်များကို အကူအညီပေးသူ ၁၅ ဦး ဖမ်းဆီးခံရ

    ကချင်ဒုက္ခသည်များကို အကူအညီပေးသူ ၁၅ ဦး ဖမ်းဆီးခံရ

    နိုဝင်ဘာ ၁၊ ၂၀၁၈
    M-Media

    KBC မှ ၀န်ထမ်းအချို့

    – ကချင်ပြည်နယ် တရုတ်နယ်စပ်အနီးက ရွာတစ်ရွာမှာ သူတို့ရဲ့အသင်းဝင် အကူအညီပေးရေးဝန်ထမ်း ၁၅ ဦးကို မြန်မာစစ်တပ်က အောက်တိုဘာ ၂၄ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ကချင်နှစ်ခြင်းအသင်းတော် KBC က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    အဲဒီ ၀န်ထမ်း ၁၅ ဦးဟာ မြစ်ကြီးနားကို ပြန်လာစဉ် နမ့်ဆန်ယန်းရွာမှာ ဖမ်းဆီးခံလိုက်ရပြီး ပဋိပက္ခဖြစ်ပွားရာဇုန်အတွင်း ခွင့်ပြုချက်မရှိဘဲ သွားလာမှုအတွက် ဖမ်းတာဖြစ်တယ်လို့ KBC ဥက္ကဌ သိက္ခာတော်ရဆရာတော် Samson က ပြောကြားခဲ့ပါတယ်။

    “အဲဒီနေရာက ကန့်သတ်နယ်မြေဖြစ်ပြီး ခရီးသွားဖို့အတွက် တပ်မတော်ရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ သွားရောက်လို့ ကျွန်တော်တို့အသင်းဝင်တွေကို ဖမ်းတယ်လို့ သူတို့က ပြောပါတယ်”

    ဖမ်းဆီးခံရသူတွေဟာ အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၇ ဦးဖြစ်ပြီး ၂ ဦးက KBC ရဲ့ အကြီးတန်း တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ ကျောင်းဆရာမတစ်ယောက်လည်း ပါဝင်ပြီး ကျန်တဲ့သူတွေဟာ နယ်စပ်အနီး ဒုက္ခသည်စခန်းက အကူအညီပေးရေး လုပ်သားတွေ ဖြစ်ပါတယ်။

    ဖမ်းဆီးထားသူတွေထဲက ၃ ဦးကို ရက်အနည်းငယ်အကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆရာတော် Samson က ပြောကြားခဲ့ပါတယ်။

    သူတို့ကို ဖမ်းဆီးလိုက်တဲ့နေရာဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာအနီးမှာတည်ရှိပြီး အဲဒီပတ်ဝန်းကျင်ကို  မြန်မာစစ်တပ်က အကြီးအကျယ် ကန့်သတ်မှုတွေ လုပ်ထားတာ ဖြစ်ပါတယ်။

    ဖမ်းဆီးထားသူတွေကို ဘယ်မှာထိန်းသိမ်းထားလဲဆိုတာ မသိရှိရသေးဘဲ ဆရာတော် Samson က ညှင်းပမ်းနှိပ်စက်ခံရမှာကို စိုးရိမ်နေပါတယ်။

    “စစ်ကြောခဲ့တယ်လို့ပဲ ကျွန်တော်တို့ သိရတယ်။ အပြစ်မရှိဘူးလို့တွေ့ရရင် ပြန်လွှတ်ပေးမယ်လို့ သူတို့က ပြောပါတယ်”

    ကချင်ဒုက္ခသည်တွေကို ကူညီတွေသူသာ ဖြစ်တဲ့အတွက် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့အတွက် ကချင်ပြည်နယ် အစိုးရကို KBC က အသနားခံစာ ပေးပို့ထားပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီအင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)

  • အမေရိကန်နိုင်ငံရေးတွင် သမိုင်းသစ်ရေးရန် ပြင်ဆင်နေသည့် မွတ်စလင်အမျိုးသမီးနှင့် တွေ့ဆုံခြင်း

    အမေရိကန်နိုင်ငံရေးတွင် သမိုင်းသစ်ရေးရန် ပြင်ဆင်နေသည့် မွတ်စလင်အမျိုးသမီးနှင့် တွေ့ဆုံခြင်း

    နိုဝင်ဘာ ၁၊ ၂၀၁၈
    M-Media

    ရရှီဒါ တလာအစ်ဘ်

    – အမေရိကန်မှာ လာမယ့် သီတင်းပတ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲတစ်ခု ကျင်းပဖို့ ရှိနေပြီး ရွေးကောက်ခံမှုနဲ့ မဲပေးမှု ကဏ္ဍတွေမှာ အမျိုးသမီးတွေ ထူးထူးခြားခြား လုပ်ပြဖို့ ရှိနေပါတယ်။

    လွှတ်တော်မှာ ပထမဆုံး မွတ်စလင်အမျိုးသမီး ဖြစ်လာဖို့အတွက် ဒီမိုကရက်တစ်အမတ်လောင်း ရာရှီဒါ တလာအစ်ဘ်ဟာ မီချီဂန်ပြည်နယ်ရဲ့ ခရိုင် ၁၃ မဲဆန္ဒနယ်က ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သြဂုတ်လက ပါတီကိုယ်စားပြု လွှတ်တော်အမတ်လောင်း ရွေးကာက်ပွဲမှာ တလာအစ်ဘ်တစ်ယောက် အနိုင်ရခဲ့တာပါ။

    ပြည်နယ်လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ တလာအစ်ဘ်ဟာ ရှေ့နေတစ်ဦးဖြစ်ပြီး ပါလက်စတိုင်းနွယ်ဖွားလည်း ဖြစ်ပါတယ်။ လူတွေက မဖြစ်နိုင်ဘူးလို့ ထင်နေတဲ့အချိန်မှာ သမိုင်းကြောင်းကို ပြောင်းလဲချင်တယ်လို့ တလာအစ်ဘ်က ဆိုပါတယ်။

    ” ‘ရှင် အမေရိကန်ရဲ့ ပထမဆုံး လွှတ်တော်အမတ် ဖြစ်တော့မယ်’ လို့ လူတွေက ကျွန်မကို ပြောတဲ့အခါ ကျွန်မ ပထမဆုံး စဉ်းစားတာက ဒီအခြေအနေကို အသုံးချဖို့ပါ။ မဖြစ်နိုင်ဘူးလို့ လူတွေကထင်နေတဲ့အချိန်မှာ ကျွန်မတို့ဟာ သမိုင်းကြောင်းကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ တစ်ခုခုကို ယုံကြည်ချင်တယ်ဆိုရင် ကျွန်မလို ဖြစ်နိုင်ချေရှိတဲ့ လူတစ်ယောက်ယောက်အပေါ်ကို ယုံကြည်ကိုးစားလိုက်ပါ”

    လူတော်တော်များများက သူမရဲ့ ကိုးကွယ်ယုံကြည်မှုကို ပိုမိုအာရုံစိုက်နေကြပြီး တလာအစ်ဘ်က အခုအချိန်ဟာ ဘာသာတရားကို ဖယ်ကြည့်ဖို့ ပိုအရေးကြီးတဲ့အချိန် ဖြစ်တယ်လို့ ဆိုပါတယ်။

    “အခုအချိဟာ တိုင်းပြည် အမှောင်ကျနေပြီလို့ ခံစားနေရတဲ့အချိန်ပါ။ အစ္စလာမ်ကြောက်ရောဂါလည်း အရမ်းကို မြင့်တက်နေတယ်။ မွတ်စလင်တစ်ယောက်ဖြစ်လို့ ကျွန်မကို ထောက်ခံတာထက် ကျွန်မရဲ့အပြုအမူ၊ ကျွန်မရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီးတော့ ထောက်ခံပါ။ ဒါတွေကို ကြည့်မှသာလျှင် လူတွေအနေနဲ့ ကြောက်ရွံ့မှုတွေ၊ သမရိုးကျအမြင်တွေကို ကျော်ပြီး မြင်လာမှာ ဖြစ်ပါတယ်”

    လာမယ့်တစ်ပတ် ရွေးကောက်ပွဲမှာသာ ရွေးချယ်ခံလိုက်ရရင် သူမဟာ အမေရိကန် လွှတ်တော်မှာ ပထမဆုံး မွတ်စလင်အမျိုးသမီးအမတ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူမကတော့ ဆောက်ဖြစ်မှ ကျောင်းဒကာလို့ ဆိုပါတယ်။

    “ရွေးကောက်ပွဲဟာ ဘယ်လောက်တောင် အတက်အကျများသလဲဆိုတာကို လူတွေ မသိကြဘူးလို့ ထင်ပါတယ်။ ဒါဟာ ပျော်ရွှင်စရာ ၀ရုန်းသုန်းကား ဖြစ်မှုကြီးပါ”

    တလာအစ်ဘ်ကို ၁၉၇၀ ပြည့်နှစ်တွေမှာ ပါလက်စတိုင်း ပြောင်းရွှေ့အခြေချ မိဘနှစ်ပါးက ဒီထရွိုက်မှာ မွေးဖွားခဲ့ပြီး ဘ၀ကို ခက်ခဲစွာ ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။

    လွှတ်တော်အမတ်ဖြစ်လာရင် တစ်နာရီ အနည်းဆုံးလုပ်ခလစာ ၁၅ ဒေါ်လာအထိ ရရှိရေး၊ အမျိုသား၊ အမျိုးသမီး လုပ်ခ တန်းတူရရှိရေး၊ ပြည်သူအားလုံး ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးတွေကို အဓိကထား ဆောင်ရွက်သွားမယ်လို့လည်း တလာအစ်ဘ်က ပြောကြားခဲ့ပါတယ်။

    Ref : CBS News

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၁၊ ၂၀၁၈
    M-Media

    ဆော်ဒီဂျာနယ်လစ် လည်ပင်းညှစ်အသတ်ခံရဟု တူရကီ ထုတ်ပြန်
    ================
    ဆော်ဒီဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့ အစ္စတန်ဘူလ်က ကောင်စစ်ဝန်ရုံးထဲ ၀င်သွားပြီးချင်းမှာပဲ လည်ပင်းညှစ် အသတ်ခံလိုက်ရတယ်လို့ တူရကီ ရှေ့နေချုပ်ရုံးက မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ တူရကီကိုရောက်နေတဲ့ ဆော်ဒီရှေ့နေချုပ် စအွဒ် အလ်-မူဂျဘ်နဲ့ ၃ ရက်တာ ဆွေးနွေးပြီးနောက်ပိုင်းမှာ တူရကီက ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ကာရှိုဂျီဘယ်လို သတ်ဖြတ်ခံလိုက်ရတယ်ဆိုတာနဲ့ပတ်သက်လို့ ပထမဆုံး ထုတ်ပြန်မှုလည်း ဖြစ်ပါတယ်။ သတ်ဖြတ်မှုကို မူလက စီစဉ်ထားတဲ့အတိုင်း ဆောင်ရွက်တာဖြစ်ပြီး အဲဒီနောက် အလောင်းကို တစ်စစီပိုင်းကာ ဖျောက်ဖျက်လိုက်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ ဒီကိစ္စအတွက် ဆော်ဒီက လူ ၁၈ ဦးကို ဖမ်းဆီးထားကာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

    တည်တည်ငြိမ်ငြိမ်ရှိကြဖို့ တိုင်းပြည်ကို ပါကစ္စတန်ဝန်ကြီးချုပ် မေတ္တာရပ်ခံ
    ==================
    နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ အကြီးအကျယ်လုပ်ဆောင်နေကြတဲ့ လယ်ယာသမားတွေအနေနဲ့ စိတ်ထိန်းကြဖို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အစ္စလာမ်ကို စော်ကားတယ်ဆိုတဲ့စွဲချက်နဲ့ သေဒဏ်ချခံထားရတဲ့ ခရစ်ယာန်အမျိုးသမီး အာဆီယာဘီဘီကို တရားရုံးချုပ်က မနေ့မှာ တရားသေ လွှတ်ပေးခဲ့ပြီး တရားရင်ဆိုင်မှုမှာ မျှတမှု မရှိတာကြောင့်လို့ ဆိုပါတယ်။ ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် လက်ယာစွန်း နိုင်ငံရေးပါတီ Tehreek-e-Labbaik Pakistan က ဦးဆောင်ကာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ အကြီးအကျယ် လုပ်ဆောင်နေပြီး တရားသေလွှတ်ပေးတဲ့ တရားသူကြီးတွေကို သတ်ဖြတ်ဖို့ လှုံ့ဆော်မှုတွေလည်း ရှိနေပါတယ်။ လက်ရှိ နိုင်ငံတစ်ဝှမ်းမှာ လုံခြုံရေးကို တင်းကြပ်စွာ ချထားပါတယ်။

    ပျက်ကျ အင်ဒိုလေယာဉ်၏ Black Box ရှာတွေ့ပြီ
    ====================
    အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က တနင်္လာနေ့မှာ ပျက်ကျသွားခဲ့တဲ့ Boeing 737 MAX 8 လေယာဉ်ရဲ့ Black Box ကလို့ ယူဆရဲ့ အချက်ပြမှုကို ပိုပြီး ရှင်းရှင်းလင်းလင်း ကြားလာရပြီလို့ အမျိုးသား ပို့ဆောင်ရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းမှုကော်မတီက မနေ့မှာ ပြောကြားခဲ့ပါတယ်။ လူ ၁၈၉ ဦး တင်ဆောင်သွားတဲ့ အဲဒီလေယာဉ်ဟာ ပျံတက်ပြီး ၁၃ မိနစ်အကြာမှာ ပျက်သွားတာဖြစ်ပြီး လေယာဉ်ပေါ်လိုက်ပါသူအားလုံး သေဆုံသွားပါတယ်။ လက်ရှိမှာ Black Box ရရှိရေးအတွက် အချက်ပြရာနေရာကို အဝေးထိန်း ရေအောက်ယာဉ်ငယ်တွေ လွှတ်ထားပြီး ရေငုပ်သမားတွေနဲ့ ရှာဖွေသွားမှာဖြစ်တယ်လို့လည်း ကော်မတီက ဆိုပါတယ်။ ဒီကနေ့မနက်မှာတော့ Black Box ကို ရှာတွေ့သွားပြီလို အင်ဒိုက ထုတ်ပြန်ခဲ့ပါတယ်။ Black Box မှာ လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတွေကို သိမ်းဆည်းထားပြီး ပျက်ကျရတဲ့ အကြောင်းအရင်းကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

    ကမ္ဘာ့ဖလား ၄၈ သင်း တိုးချဲ့မှု ပုံမှန်ထက်စော၍ ၂၀၂၂ ခုနှစ်တွင် ဖြစ်လာနိုင်
    =============
    ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃၂ သင်းကနေ ၄၈ သင်းအထိ တိုးချဲ့ဖို့ဟာ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားမှာ ဖြစ်လာနိုင်တယ်လို့ ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက မနေ့မှာ ပြောကြားလိုက်ပါတယ်။ လက်ရှိ ၄၈ သင်းတိုးချဲ့ဖို့ကို ၂၀၂၆ ခုနှစ် အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့ ပူးတွဲကျင်းပမယ့် ကမ္ဘာ့ဖလားမှာ ဆောင်ရွက်ဖို့ စီစဉ်ထားတာပါ။ အင်ဖန်တီနိုကတော့ ကာတာပြိုင်ပွဲမှာပဲ တိုးချဲ့နိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

    Ref: Aljazeera, CNA

  • နှစ် ၃၀ အရင်က မွတ်စလင်များအား အစုလိုက်သတ်ခဲ့သည့် ရဲ ၁၆ ဦးကို အိန္ဒိယက တစ်သက်တစ်ကျွန်းချ

    နှစ် ၃၀ အရင်က မွတ်စလင်များအား အစုလိုက်သတ်ခဲ့သည့် ရဲ ၁၆ ဦးကို အိန္ဒိယက တစ်သက်တစ်ကျွန်းချ

    အောက်တိုဘာ ၃၁၊ ၂၀၁၈
    M-Media

    အရပ်သားများအား အိန္ဒိယစစ်သားများက သေနတ်ချိန်ထားစဉ်

    – ၁၉၈၇ ခုနှစ်က အူတာပရာဒက်ရှ်ပြည်နယ် ရွာတစ်ရွာမှာ မွတ်စလင်အမျိုးသား ၄၂ ဦးကို သတ်ဖြတ်ခဲ့မှုအတွက် အငြိမ်းစား ပြည်နယ်ရဲအရာရှိ ၁၆ ဦးကို အိန္ဒိယ တရားရုံးတစ်ခုက ဒီကနေ့မှာ ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

    အောက်ရုံးက တရားသေလွှတ်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်ကို ဒီကနေ့ ဒေလီဟိုက်ကုတ်ရုံးက ပယ်ချကာ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ကြံရာပါမှု၊ သက်သေအထောက်အထား ဖျောက်ဖျက်မှုတွေနဲ့ အခုလို ပြစ်ဒဏ်ပေးလိုက်တာ ဖြစ်ပါတယ်။

    လက်နက်မဲ့ မွတ်စလင်တွေကို ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ ‘ကြိုတင်ကြံစည် သတ်ဖြတ်မှု’ ဖြစ်တယ်လို့ တရားသူကြီးတွေက ပြောကြားခဲ့ပါတယ်။

    “ဒီအဖြစ်အပျက်ဟာ ဖမ်းဆီးထားစဉ် သတ်ဖြတ်မှုတွေရဲ့ ဥပမာတစ်ခုဖြစ်ပြီး ဒီလို အခွင့်အရေး ချိုးဖောက်သူတွေကို တရားရေးစနစ်က ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့ပါဘူး။ လက်ရှိအမှုရဲ့ စက်ဆုပ်စရာ အချက်တစ်ခုက လူနည်းစု လူ့အဖွဲ့အစည်းက လူတွေကို ပစ်မှတ်ထား သတ်ဖြတ်မှု ဖြစ်ပါတယ်” လို့ တရားရုံးရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ် မီရွတ်ခရိုင်မှာ လူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားမှု နောက်ဆက်တွဲအဖြစ် ၁၉၈၇ ခုနှစ် မေလ ၂၂ ရက်နေ့ညမှာ ရဲတပ်ဖွဲ့က ဟာရှင်မ်ပူရွာကို ၀င်စီးကာ မွတ်စလင်အမျိုးသားတွေကို ဖမ်းဆီးပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ အလောင်းအများစုကို အနားက ချောင်းတစ်ခုမှာ ပစ်ချခဲ့ပါတယ်။

    ဒေလီဟိုက်ကုတ်ရုံးက အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ လျှောက်ထားချက်၊ မျက်မြင်သက်သေရဲ့ ထွက်ဆိုချက်တွေ၊ အောက်ရုံးက တရားသေလွှတ်ပေးမှု အမိန့်နဲ့ အခြား သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို ပြန်လည်သုံးသပ်ကာ အခုလို တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အစ္စလာမ်ကိုစော်ကားသည်ဟုဆိုကာ သေဒဏ်ကျခံနေရသည့် ခရစ်ယာန်အမျိုးသမီးကို ပါကစ္စတန်က တရားသေလွှတ်

    အစ္စလာမ်ကိုစော်ကားသည်ဟုဆိုကာ သေဒဏ်ကျခံနေရသည့် ခရစ်ယာန်အမျိုးသမီးကို ပါကစ္စတန်က တရားသေလွှတ်

    အောက်တိုဘာ ၃၁၊ ၂၀၁၈
    M-Media

    တရားသေ လွတ်မြောက်သွားသည့် အာဆီယာဘီဘီ

    – တမန်တော် မိုဟာမက်နဲ့ အစ္စလာမ်ဘာသာကို စော်ကားတယ်ဆိုတဲ့စွဲချက်နဲ့ သေဒဏ်ကျခံနေရတဲ့ ခရစ်ယာန်အမျိုးသမီး အာဆီယာဘီဘီကို ပါကစ္စတန် တရားရုံးချုပ်က ဒီကနေ့မှာ တရားသေလွှတ်ပေးခဲ့ပြီး လက်ယာစွန်းအဖွဲ့တွေကတော့ ဝေဖန်မှုတွေ၊ ဆန္ဒပြမှုတွေ ပြုလုပ်လာပါတယ်။

    ၂၀၀၉ ခုနှစ်က ရေတွင်းကိစ္စ စကားများရာကနေ မွတ်စလင်အမျိုးသမီးနှစ်ဦးက အာဆီယာဟာ တမန်တော်နဲ့ အစ္စလာမ်ဘာသာကို စော်ကားခဲ့တယ်ဆိုပြီး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာတော့ သူမဟာ သာသနာ ညှိုးနွမ်းစေမှု စွဲချက်နဲ့ သေဒဏ်ပေးခံခဲ့ရပါတယ်။

    နောက်လေးနှစ်အကြာမှာ လာဟိုးမြို့အဆင့်မြင့်တရားရုံးက ဒီပြစ်ဒဏ်ကို ထပ်မံ အတည်ပြု ခဲ့ပါတယ်။

    ဒါပေမယ့် အာဆီယာရဲ့ တရားရင်ဆိုင်ရမှုဟာ မျှတမှုမရှိဘူးလို့ ဝေဖန်မှုတွေပေါ်ထွက်ခဲ့ပြီး၊ တရားရုံးချုပ်က ပြန်လည်စစ်ဆေးရာမှာ မမျှတမှုတွေ တွေ့ရှိခဲ့တာကြောင့် စွဲချက်တွေအားလုံး ရုပ်သိမ်းပြီး တရားသေ ပြန်လွှတ်ပေးဖို့အတွက် ဒီကနေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။

    တရားသူကြီး အာဆစ်ဖ်ခိုဆာက တရားစီရင်မှုအတွင်း အမှန်တရားကို အပြည့်အ၀ ထုတ်ဖော်နိုင်ခြင်း မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဒီဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။

    တရားရုံးဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ လယ်ယာစွန်းရောက် နိုင်ငံရေးနဲ့ ဘာသာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Tehreek-e-Labbaik Pakistan (TLP) ရဲ့ ဆော်သြမှုကြောင့် ပါကစ္စတန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး တရးသေလွှတ်ပေးလိုက်တဲ့ တရားသူကြီးတွေ၊ ၀န်ကြီးချုပ် အင်မရန်းခန်းအစိုးရကလူတွေကို သတ်ဖြတ်ဖို့အတွက် လှုံ့ဆော်လာပါတယ်။

    Ref: Aljazeera