News @ M-Media

Blog

  • ဂါဇာပြည်သူများအား Starlink ပေးသုံးမည်ဟု အီလွန်မက်စ်ပြော

    ဂါဇာပြည်သူများအား Starlink ပေးသုံးမည်ဟု အီလွန်မက်စ်ပြော

    အောက်တိုဘာ ၂၉၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – လျှပ်စစ်မီးပြတ်တောက်နေ၍ ဆိုလာဖြင့် ဖုန်းအားသွင်းနေရသည့် ဂါဇာပြည်သူများ)

    -အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူတွေကို Starlink ဂြိုဟ်တု အင်တာနက်ဆက်သွယ်ရေးလိုင်း အသုံးပြုခွင့်ပေးမယ်လို့ ဘီလီယံနာ အီလွန်မက်စ်က ပြောပါတယ်။ 

    ဂါဇာကို အစ္စရေးက ကျူးကျော်တိုက်ခိုက်လာတာ ၂၃ ရက်ရှိလာပြီဖြစ်ပြီး သေဆုံးသူ ၈ ထောင်နီးပါး ရှိလာပါတယ်။

    အစ္စရေးဟာ ဂါဇာကို လျှပ်စစ်မီး ဖြတ်တောက်ထားသလို၊ ဆက်သွယ်ရေးအဆောက်အဦးတွေကိုလည်း တိုက်ခိုက်ဖျက်ဆီးထားတာကြောင့် ဂါဇာပြည်သူတွေဟာ မှောင်အတိ ကျနေတာ ဖြစ်ပါတယ်။ 

    Starlink အင်တာနက်ဆက်သွယ်ရေးလုပ်ငန်း ပိုင်ရှင်ဖြစ်တဲ့ အီလွန်မက်စ်က နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကနေတစ်ဆင့် ဂါဇာမှာ Starlink အင်တာနက် အသုံးပြုလို့ရအောင် ဆောင်ရွက်ပေးမယ်လို့ စနနေ့က X(ယခင်တွစ်တာ) စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

    ဂါဇာက မြေပြင်မှာ ဆက်သွယ်ရေးနဲ့ပတ်သက်ပြီး ဘယ်သူက ကြီးကြပ်ဆောင်ရွက်နေလဲဆိုတာ တိတိကျကျ မသိရသေးဘဲ Starlink ကို လာရောက် ချိတ်ဆက်တာလည်း မရှိသေးဘူးလို့ မက်စ်က ပြောပါတယ်။

    မက်စ်ဟာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခံနေရတဲ့ ယူကရိန်းပြည်သူတွေကိုလည်း Starlink အင်တာနက်လိုင်း အခမဲ့ အသုံးပြုခွင့် ပေးခဲ့ပါတယ်။ 

    အစ္စရေး ဆက်သွယ်ရေး၀န်ကြီး ရှလိုမို ကာဟီက အီလွန်မက်စ်ရဲ့ ဒီဆောက်ရွက်ချက်ကို တားဆီးမှာဖြစ်ပြီး၊ 

    Starlink နဲ့ ဆက်သွယ်ဆောင်ရွက်မှု အားလုံး ရပ်ဆိုင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: Reuters 

  • ပါလက်စတိုင်း လယ်သမားကို သေနတ်နဲ့ပစ်သတ်တဲ့ ဂျူးအခြေချ နေထိုင်သူများ

    ပါလက်စတိုင်း လယ်သမားကို သေနတ်နဲ့ပစ်သတ်တဲ့ ဂျူးအခြေချ နေထိုင်သူများ

    အောက်တိုဘာ ၂၉၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းက နဘ်လုစ်မြို့မှာ ပါလက်စတိုင်း လယ်သမားတစ်ဦး မနေ့က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။ 

    အသက် ၄၀ အရွယ် ဘီလာ ဆာလေဆိုသူဟာ လယ်ထဲမှာ သံလွင်ပင်တွေ ရိတ်သိမ်းနေတဲ့အချိန် ဂျူးအခြေချလူအုပ်က လာရောက်နှောက်ယှက်ပြီး သေနတ်တဲ့ ပစ်ခတ်သတ်ဖြတ်သွားတာ ဖြစ်ပါတယ်။ 

    ဂါဇာမှာ အစ္စရေးက ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းက ဂျူးအခြေချ နေထိုင်သူတွေဟာ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ အရင်ကထက် တိုးမြှင့်ပြုလုပ်လာခဲ့ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အနောက်ဖက်ကမ်းမှာ ဂျူးလူအုပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ 

    ပါလက်စတိုင်းပိုင်နက်က အစ္စရေးရဲ့ တရားမ၀င် အိမ်ယာတွေမှာ နေထိုင်ကြတဲ့ အခြေချဂျူးတွေကို အစ္စရေးအစိုးရကိုယ်တိုင်က လက်နက်တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ 

    Ref: Aljazeera 

    (ဓာတ်ပုံ- လက်နက်ကိုင်ဆောင်ထားကြသည့် တရားမ၀င် အခြေချဂျူးများ)

  • ဂါဇာသတ်ဖြတ်မှုအတွက် အစ္စရေးနှင့် တူရကီတို့အကြား တင်းမာမှု မြင့်တက်

    ဂါဇာသတ်ဖြတ်မှုအတွက် အစ္စရေးနှင့် တူရကီတို့အကြား တင်းမာမှု မြင့်တက်

    အောက်တိုဘာ ၂၉၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – တူရကီသမ္မတ အာဒိုဂန်)

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေအတွက် တူရကီက ၀ေဖန်တာကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်လာပါတယ်။ 

    ပြီးခဲ့ရက်တွေအတွင်း တူရကီသမ္မတ အာဒိုဂန်ဟာ အစ္စရေးရဲ့ ကျူးကျော်သတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန် ၀ေဖန်ပြောဆိုခဲ့ပြီး၊ ဟားမက်စ်ဟာ အကြမ်းဖက်အဖွဲ့အစည်းမဟုတ်ဘဲ လွတ်မြောက်ရေးအတွက် လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့သာ ဖြစ်တယ်ဆိုပြီး အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။ 

    အစ္စရေးနဲ့ ဘာအပေးအယူမှ မရှိတဲ့အတွက် အစ္စရေးရဲ့ လုပ်ရပ်တွေကို တူရကီက ကာကွယ်ပေးစရာ အကြောင်းမရှိဘူးလို့လည်း အာဒိုဂန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အစ္စရေးက အာဒိုဂန်ဟာ ဂျူးဆန့်ကျင်ရေး၀ါဒီဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး တူရကီက သံအမတ်ကိုပြန်ခေါ်ကာ ဆက်ဆံရေး ပြန်လည်သုံးသပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ 

    တူရကီနိုင်ငံခြားရေး၀န်ကြီးဌာနကလည်း ဒီပြောဆိုချက်ကို တုန့်ပြန်ပါတယ်။ 

    အစ္စရေးဟာ တစ်ကမ္ဘာလုံးရှေ့မှာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတာတောင် ၀ေဖန်ရှုတ်ချမခံနိုင်ဘူးလို့ ထုတ်ပြန်ပါတယ်။ 

    အာဒိုဂန်ဟာ ဂျူးဆန့်ကျင်ရေး၀ါဒီဆိုတဲ့ အစ္စရေးရဲ့ပြောကြားမှုတွေက အခြေအမြစ်မရှိဘဲ၊ တူရကီဟာ ဂျူးလူမျိုးတွေကို အကာအကွယ်ပေးရာ နေရာတစ်ခုအဖြစ် အခုအချိန်အထိ ရှိနေတယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: Aljazeera 

  • မလေးရှားဘုရင် အပြောင်းအလဲဖြစ်မည်

    မလေးရှားဘုရင် အပြောင်းအလဲဖြစ်မည်

    အောက်တိုဘာ ၂၈၊ ၂၀၂၃

    M-Media 


    -လာမယ့်နှစ်မှာ သက်တမ်းကုန်မယ့် မလေးရှားဘုရင်မင်းမြတ်နေရာကို ဂျိုဟိုးပြည်နယ်စော်ဘွား ဆူလ်တန် အီဘရာဟင် ဆူလ်တန် အစ္စကန်ဒါက ဆက်ခံသွားမယ်လို့ မလေးရှား နန်းတော်ထိန်းက သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

    မလေးရှားမှာ ပြည်နယ်တွေကို မျိုးရိုးစဥ်ဆက် အုပ်စိုးလာတဲ့ စော်ဘွား ၉ ဦးရှိပြီး ၅ နှစ်တစ်ကြိမ် နိုင်ငံတော်ဘုရင်နေရာကို တာ၀န်ယူဆောင်ရွက်ရတာဖြစ်ပါတယ်။ 

    ဆူလ်တန် အစ္စကန်ဒါဟာ ဖခင်ဖြစ်သူ တာ၀န်ယူပြီး ၃၄ နှစ်အကြာမှ ပထမဆုံးအကြိမ် ဒီနေရာကို တာ၀န်ယူရတာ ဖြစ်ပါတယ်။ 

    မလေးရှားဟာ စည်းမျဥ်ခံဘုရင်စနစ်ဖြစ်ပြီး ဘုရင်မင်းမြတ်ဟာ နိုင်ငံရဲ့ ဦးသျှောင်ဖြစ်ပါတယ်။ ဘုရင်ဟာ အုပ်ချုပ်ရေးပိုင်းမှာ ၀င်ရောက်စွက်ဖက်တာမျိုးမရှိဘဲ နိုင်ငံရေးပါတီတွေအကြား၊ လူ့အဖွဲ့အစည်းတွေအကြား သဟဇတဖြစ်အောင် အဓိက ဆောင်ရွက်ပေးပါတယ်။ 

    လက်ရှိ မလေးရှားဘုရင်မင်းမြတ်ဟာ ပါဟန်းပြည်နယ်စော်ဘွား အလ်-ဆူလ်တန် အဘ်ဒူလာ ရီအာယာသွတ်ဒင်း အလ်-မွတ်စ်တာဖာ ဘီလားရှားဖြစ်ပါတယ်။ သူ့ရဲ့သက်တမ်းဟာ ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာပါ။ 

    သောကြာနေ့က စော်ဘွား ၉ ဦးရဲ့ တံခါးပိတ်အစည်းအ၀ေးမှာ ဂျိုးဟိုးစော်ဘွား ဆူလ်တန် အစ္စကန်ဒါကို ဘုရင်သစ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်တာဖြစ်ပါတယ်။ 

    ဘုရင်သစ်ဟာ ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့က စတင်ကာ နောက်ငါးနှစ် တာ၀န်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ လက်ထောက်ဘုရင်အဖြစ် ပဲရက်ပြည်နယ်စော်ဘွား ဆူလ်တန် နာဇရင် မူအစ်ဇွတ်ဒင်းရှားက ရွေးချယ်ခံရပါတယ်။ 

    ဘယ်လိုလူလဲ 

    ဂျိုဟိုးပြည်နယ်စော်ဘွား ဆူလ်တန် အစ္စကန်ဒါဟာ ပွင့်ပွင့်လင်းလင်း ပြောတတ်သူအဖြစ် ထင်ရှားပါတယ်။ 

    မလေးရှားနိုင်ငံရေးကို ထောက်ပြပြောဆိုတတ်တာကြောင့် အစိုးရအကြီးအကဲတွေ၊ ၀န်ကြီးချုပ်တွေနဲ့ မကျေလည်မှုတွေ အရင်က ရှိခဲ့ဖူးပါတယ်။ 

    ခြစားမှုတိုက်ဖျက်ရေး၊ နိုင်ငံသားတိုင်း တန်းတူညီမျှရှိရေး၊ နိုင်ငံရေးမှာ ဘာသာရေးမစွက်ရေး ပွင့်ပွင့်လင်းလင်းပြတ်ပြတ်သားသား ပြောဆိုတတ်ပြီး လက်ရှိ ၀န်ကြီးချုပ် အန်န၀ါ အီဘရာဟင်နဲ့ သဘောထားချင်း တူညီမှုရှိတယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    ဆူလ်တန် အစ္စကန်ဒါရဲ့ ကြင်ယာတော်က မိဖုရား ရာဂျာ ဇာရစ် ဆူလ်တန် အီဒရစ်ရှား ဖြစ်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်ကနေ တရုတ်ဆိုင်ရာလေ့လာရေးဘာသာရပ်နဲ့ ဘွဲ့ရထားပြီး ခင်ပွန်းသည်နဲ့ အမြင်ချင်းထပ်တူကျသူ ဖြစ်ပါတယ်။

    Ref: CNA

  • လူ ၁၈ ယောက်သတ်ဖြတ်ခဲ့သည့် ကန်လူသတ်သမားကို သေဆုံးလျက်တွေ့

    လူ ၁၈ ယောက်သတ်ဖြတ်ခဲ့သည့် ကန်လူသတ်သမားကို သေဆုံးလျက်တွေ့

    အောက်တိုဘာ ၂၈၊ ၂၀၂၃
    M-Media 

    (ဓာတ်ပုံ – ရောဘတ်ကတ်)

    -ဗုဒ္ဓဟူးနေ့က မိန်းမြို့မှာ ပစ်ခတ်မှုလုပ်ခဲ့တဲ့ သေနတ်သမားကို သောကြာနေ့ညပိုင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ကန်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

    အသက် ၄၀ အရွယ် အမေရိကန်စစ်သားဟောင်း ရောဘတ်ကတ် ဆိုသူဟာ မိန်းမြို့က ဘားတစ်ခုနဲ့ ဘိုလင်းရုံတစ်ခုတို့မှာ သေနတ်နဲ့ ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး အသက် ၁၄ နှစ်ကနေ ၇၆ နှစ်အရွယ် လူ ၁၈ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ 

    ရောဘတ်ကတ်ကို ပိုက်စိပ်တိုက် လိုက်လံရှာဖွေရာမှာ ပစ်ခတ်မှုဖြစ်ပွားတဲ့ မိန်းမြို့နဲ့ သိပ်မ၀ေးတဲ့ လစ္စဘွန်းမြို့မှာ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

    မိမိကိုယ်ကို ပစ်ထားတယ်လို့ ယူဆရတဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။ ရောဘတ်ကတ်ဟာ သူပိုင်ဆိုင်တဲ့နေအိမ်မှာ စာတစ်စောင် ချန်ထားခဲ့ပေမယ့် တိုက်ခိုက်မှုလုပ်ရပ်တဲ့ အကြောင်းအရင်းကို ရေးမထားဘူးလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: BBC