News @ M-Media
Blog
  • မြန်မာစစ်တပ်၏ သတင်းမှား၊ လှုံ့ဆော်ဝါဒဖြန့် အကောင့်များ၊ ပေ့ခ်ျများကို Facebook က ထပ်ပိတ်
    မြန်မာစစ်တပ်၏ သတင်းမှား၊ လှုံ့ဆော်ဝါဒဖြန့် အကောင့်များ၊ ပေ့ခ်ျများကို Facebook က ထပ်ပိတ်
    အောက်တိုဘာ ၁၆၊ ၂၀၁၈
    M-Media
    ၂၀၁၇ ခုနှစ်အတွင်း လူ့အဖွဲ့အစည်းနှစ်ခုအကြား ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ဝါဒဖြန့်မှု
    – မြန်မာစစ်တပ်ဟာ Facebook မှာ လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုတွေ ၀ါဒဖြန့်ဖို့အတွက် အခြေစိုက်စခန်းတစ်ခု သပ်သပ်ထားပြီး၊ လူ ၇၀၀ လောက်နဲ့ ငွေကြေးအမြောက်အများ သုံးစွဲကာ လုပ်ဆောင်နေတယ်လို့ အမေရိကန်သတင်းဌာန New York Times က အောက်တိုဘာ ၁၅ ရက်နေ့မှာ ဖော်ပြခဲ့ပြီးတဲ့နောက် Facebook က စစ်တပ်နဲ့နွယ်တဲ့ အကောင့်တွေနဲ့ page တွေကို ထပ်မံ ပိတ်ပင်လိုက်ပါတယ်။
    page ၁၃ ခုနဲ့ အကောင့် ၁၀ ခုတို့ကို ပိတ်ပင်လိုက်တာဖြစ်ပြီး ဒီအကောင့်တွေ၊ စာမျက်နှာတွေဟာ ဖျော်ဖြေရေး၊ အလှအပ၊ သတင်းမျှဝေရေးအဖြစ် အသွင်ယူထားပေမယ့် မြန်မာစစ်တပ်နဲ့ နွယ်နေတဲ့ ၀ါဒဖြန့်ချီရေးအကောင့်တွေ ဖြစ်တယ်ဆိုတာ စုံစမ်းစစ်ဆေးမှုအတွင်း တွေ့ခဲ့ရတယ်လို့ Facebook ရဲ့ Blog မှာ မနေ့က ရေးသားဖော်ပြထားပါတယ်။
    ပိတ်ပင်လိုက်တဲ့ အကောင့်တွေ၊ page တွေမှာ စုစုပေါင်း follower ၁.၃၅ သန်းလောက်ရှိပြီး၊ follower အများဆုံး စာမျက်နှာတွေက ‘Beauty and Classic’ ၊ ‘ဆရာမလေးများ’၊ ‘စစ်သားဓာတ်ပုံများစုစည်းမှု’ နဲ့ ‘မိုးနတ်မင်း’ တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ Facebook သုံးစွဲသူတွေကြားမှာ လူသိများတဲ့ Opposite Eyes ၀ါဒဖြန့်ပေ့ခ်ျကို ကိုင်တွယ်တဲ့ မြန်မာစစ်တပ်က လက်ဖြောင့်တပ်သား Ohn Maung ရဲ့ အကောင့်ကိုလည်း Facebook က ပိတ်ပစ်ခဲ့ပါတယ်။
    ဘာသာရေး၊ လူမျိုးရေးတွေကို အခြေခံကာ အခြားသူတွေ လမ်းမှားအောင် ပြုလုပ်တဲ့ ကိစ္စတွေကို မိမိတို့ရဲ့ ၀ဘ်ဆိုက်မှာ အဖြစ်မခံလိုတဲ့အတွက် ဒီအကောင့်တွေကို ဖယ်ရှားရတာဖြစ်တယ်လို့ Facebook က ပြောကြားခဲ့ပြီး၊ စစ်တပ်ရဲ့ အမုန်းဝါဒဖြန့်မှုနဲ့ပတ်သက်လို့ New York Times သတင်းဌာနရဲ့ ဖော်ပြမှုဟာ စုံစမ်းစစ်ဆေးရာမှာ အထောက်အကူဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
    အမုန်းဝါဒဖြန့်မှုနဲ့ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့် အပါအ၀င် စစ်တပ်နဲ့ ဆက်နွယ်တဲ့ အကောင်တွေ၊ page တွေ စုစုပေါင်း ၅၂ ခုလောက်ကို ဖယ်ရှားခဲ့တယ်လို့ Facebook ဟာ သြဂုတ်လမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီ page တွေ၊ အကောင့်တွေမှာ Follower ၁၂ သန်းလောက် ရှိတယ်လို့လည်း ဆိုပါတယ်။
    နယူးယောက်တိုင်းမ်စ်ရဲ့ ဖော်ပြချက်
    ပါကစ္စတန်-ဘင်္ဂလားဒေ့ရှ်စစ်ပွဲမှ ဓာတ်ပုံများကို အသုံးပြုကာ ကာကွယ်ရေးဦးစီးချုပ်ရုံးစာမျက်နှာမှ ရိုဟင်ဂျာဆန့်ကျင်ရေး ၀ါဒဖြန့်မှု
    ‘A Genocide Incited on Facebook, With Posts From Myanmar’s Military’ (မြန်မာစစ်တပ်ရဲ့ Facebook ပို့စ်တွေက လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်အောင် လှုံ့ဆော်နေ) ဆိုတဲ့ခေါင်းစဉ်နဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ဖော်ပြခဲ့တဲ့ ဆောင်းပါးမှာ မြန်မာနိုင်ငံအတွင်း အမုန်းဝါဒဖြန့်ဖို့အတွက် စစ်တပ်က စီမံကိန်းနဲ့ လုပ်ဆောင်နေတယ်လို့ စစ်တပ်အသိုင်းအ၀ိုင်းအပါအ၀င် သတင်းရင်းမြစ် တော်တော်များများကို ကိုးကားပြီး ရေးသားထားပါတယ်။
    မြန်မာနိုင်ငံမှာ Facebok ကိုသုံးစွဲသူအရေအတွက်ဟာ ၁၈ သန်းလောက် ရှိနေတာပါ။
    မြန်မာစစ်တပ်ရဲ့ Facebook ၀ါဒဖြန့်ချီရေးလုပ်ငန်းမှာ တပ်ဖွဲ့ဝင်ပေါင်း ရာနဲ့ချီပါဝင်ပြီး သတင်းစာမျက်နှာတွေ၊ ဖျော်ဖြေရေး၊ အနုပညာ စာမျက်နှာတွေ၊ အလှယ်မယ်တွေရဲ့ စာမျက်နှာတွေအဖြစ် အသွင်ယူထားကြကာ ကြည့်ရှုသူအရေအတွက် အများဆုံးရောက်တဲ့အချိန်တွေမှာ အစ္စလာမ်ဆန့်ကျင်ရေး လုပ်ကြံဇာတ်လမ်းတွေ၊ မွတ်စလင်အမျိုးသားက ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို အဓမ္မကျင့်တယ်ဆိုတဲ့ လုပ်ကြံသတင်းတွေလို သွေးထိုးလှုံ့ဆော်တဲ့ ပို့စ်တွေ၊ မှတ်ချက်တွေကို ရေးသားလေ့ရှိတယ်လို့ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် အမည်မဖော်လိုတဲ့ ရင်းမြစ် ၅ ခုက New York Times သတင်းစာကို ပြောကြားခဲ့ပါတယ်။
    ဒီတပ်ဖွဲ့ကို နေပြည်တော်နားက တောင်ခြေတွေမှာ အခြေစိုက်ထားပြီး ၀ါဖြန့်လုပ်ငန်းအပြင် ထင်ရှားတဲ့အကောင့်တွေ၊ စစ်တပ်ကို ဝေဖန်တဲ့ အကောင့်တွေကို ထောက်လှမ်းတာတွေကိုပါ လုပ်ရကြောင်း၊ အလွန်လျှို့ဝှက်ပြီး တင်းကြပ်ကြောင်း ဒီရင်းမြစ်တွေက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ဒီကိစ္စနဲ့ပတ်သက်ပြီး Facebook ရဲ့ ဆိုက်ဘာလုံခြုံရေးပေါ်လစီ အကြီးအကဲ နသန်နီယဲလ် ဂလီချာက ‘မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေသူတွေဟာ ၀ါဒဖြန့်ချီရေးလုပ်ငန်းတွေကို အသွင်ယူ ဆောင်ရွက်နေတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်’ လို့ ပြောကြားခဲ့ပါတယ်။
    ဒီလို အမုန်းဝါဒဖြန့်တာတွေကို ဖယ်ရှားဖို့နဲ့ Facebook ပေါ် တက်မလာအောင် အားစိုက်ဆောင်ရွက်နေပြီး၊ စုံစမ်းမှုတွေကိုလည်း ဆက်လက် လုပ်ဆောင်နေတယ်လို့ ဂလီချာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ပြီးခဲ့တဲ့ နှစ်အနည်းငယ်က စတင်ခဲ့တဲ့ စစ်တပ်ရဲ့ ၀ါဒဖြန့်ချီရေးလုပ်ငန်းမှာ လူ ၇၀၀ လောက် ပါဝင်ပြီး ငွေကြေးအပါအ၀င် အခြားရင်းမြစ်တွေကို အကြီးအကျယ် သုံးစွဲနေတယ်လို့ ဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက New York Times သတင်းစာကို ပြောကြားခဲ့ပါတယ်။
    အဲဒီအကောင့်တွေ၊ စာမျက်နှာတွေဟာ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေအပေါ် မုန်းတီးလာစေမယ့် သတင်းမှားတွေအပါအ၀င် သွေးထိုးလှုံ့ဆော်တဲ့ပို့စ်တွေ၊ ပုံတွေ လွှင့်တင်လေ့ရှိတယ်လို့လည်း သတင်းရင်းမြစ်တွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ရခိုင်ပြည်နယ်က ပြဿနာနဲ့ပတ်သက်လို့ ဒီအကောင့်တွေ၊ page တွေဟာ တစ်ခြားနိုင်ငံတွေက သေဆုံးသူတွေရဲ့ ပုံတွေကို အသုံးပြုကာ ရိုဟင်ဂျာတွေက လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်လို့ ၀ါဒဖြန့်ကြောင်း၊ ဒစ်ဂျစ်တယ် ခြေရာလက်ရာတွေကို လိုက်ကြည့်ရင် နေပြည်တော်အထွက်မှာရှိတဲ့ စစ်စခန်းတွေကို ဦးတည်နေကြောင်း ရင်းမြစ်တွေက ဆိုပါတယ်။
    သတင်းရင်းမြစ်တွေထဲက ၂ ဦးက စစ်တပ်ရဲ့ ၀ါဒဖြန့်လုပ်ငန်းမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူတွေ အကြည်အညိုပျက်စေဖို့အတွက် သူမနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ ဖြန့်ဝေတာကိုလည်း လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားခရီးစဉ်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေတဲ့ပုံကို အသုံးပြုကာ သူမဟာ တောင်ကိုရီးယားမှာ အသားအရေတင်းဆေး သွားထိုးလာတယ်ဆိုတဲ့ သတင်းဟာ စစ်တပ်ဝါဒဖြန့်အုပ်စုရဲ့ လက်ချက်ဖြစ်တယ်လို့လည်း သူတို့က ဆိုပါတယ်။
    စစ်တပ်ရဲ့ အဲဒီလို ၀ါဒဖြန့်မှုတွေထဲမှာ ကြောက်စရာအကောင်းဆုံးကိစ္စက ၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး မွတ်စလင်တွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ကြရင်
    ဂျီဟတ်လုပ်မယ်လို့ ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းကို Facebook Messenger ကနေ ၀ါဒဖြန့်ကာ တစ်ဖက်မှာလည်း ဗုဒ္ဓဘာသာ အမျိုးသားရေး ဘုန်းကြီးတွေက မွတ်စလင်ဆန့်ကျင်ရေး ချီတက်ပွဲလုပ်မယ့်အတွက် အသင့်အနေအထားနဲ့ သတိထားနေဖို့ မွတ်စလင်အသိုင်းအ၀ိုင်းဖက်ကို ၀ါဒဖြန့်မှု ဖြစ်တယ်လို့ New York Times ကို ပြောကြားခဲ့တဲ့ သတင်းရင်းမြစ်တွေထဲက နှစ်ဦးက ဖွင့်ဟခဲ့ပါတယ်။
    မြန်မာစစ်တပ်က စစ်သားတစ်ချို့ဟာ ရုရုားမှာ စိတ်ဓာတ်စစ်ဆင်ရေး၊ ဟက်ကင်းနဲ့ ကွန်ပျူတာဆိုင်ရာ ပညာရပ်တွေကို သင်ကြားခဲ့ပြီး မြန်မာနိုင်ငံကိုပြန်လာကာ တစ်ဆင့်ပြန်ပို့ချတယ်လို့ New York Times သတင်းစာက ဆောင်းပါးမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
    နယူးယောက်တိုင်းမ်စ် သဌာနရဲ့ ဆောင်းပါး၊ Facebook ရဲ့ အကောင်တွေ ထပ်မံပိတ်ပင်မှုနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ဖက်က တုန့်ပြန်တာမျိုး မရှိသေးပါဘူး။
    Ref: New York Times, Facebook Blog
  • ပိတ်ဆို့မှုလုပ်ပါက အမေရိကန်ကို ဆော်ဒီက ဆန့်ကျင်ရန်ရှိနေ
    ပိတ်ဆို့မှုလုပ်ပါက အမေရိကန်ကို ဆော်ဒီက ဆန့်ကျင်ရန်ရှိနေ
    အောက်တိုဘာ ၁၅၊ ၂၀၁၈
    M-Media
    – Washington Post သတင်းထောက် ဂျမားလ် ကာရှိုဂျီ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး အမေရိကန်က ပိတ်ဆို့မှုတွေ ပြုလုပ်မယ်ဆိုရင် အမေရိကန်ကိုဆန့်ကျင်မယ့် ဆောင်ရွက်မှု ၃၀ လောက်ကို ဆော်ဒီက ပြုလုပ်ဖို့ ရှိတယ်လို့ ဆော်ဒီအစိုးရနဲ့ နီးစပ်သူတွေကို ကိုးကားပြီး AlArabiya သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
    ကာရှိုဂျီဟာ အခုလအစောပိုင်းက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ၀င်သွားပြီးတဲ့နောက် ပျောက်သွားတာဖြစ်ပါတယ်။
    တူရကီတာဝန်ရှိသူတွေက ဆော်ဒီအစိုးရဟာ အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ကြေးစားအဖွဲ့နဲ့ ကာရှိုဂျီကို ကောင်စစ်ဝန်ရုံးထဲမှာ သတ်ဖြတ်ကာ အပိုင်းပိုင်းတုန်းပြီး လက်စဖျောက်ခဲ့ကြောင်း၊ ဒီအတွက် အသံအထောက်အထားတွေ၊ ဗီဒီယိုအထောက်အထားတွေ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
    ဆော်ဒီကတော့ ဒီကိစ္စကို ငြင်းဆိုထားပါတယ်။ သမ္မတထရမ့်ကလည်း ကာရှိုဂျီကို ဆော်ဒီအစိုးရက သတ်တာမှန်ရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ခြိမ်ခြောက်ထားပါတယ်။
    ဆော်ဒီအစိုးရနဲ့ နီးစပ်ပြီး Al-Arabiya သတင်းဌာနရဲ့ အထွေထွေမန်နေဂျာလည်းဖြစ်တဲ့ တာရ်ကီ အလ်ဒါခီလ်က အမေရိကန်က ပိတ်ဆို့မှုတွေလုပ်လာရင် ရေနံဈေးကို တက်ပစ်တာ၊ ရေနံကို တရုတ်ယွမ်နဲ့ အရောင်းအ၀ယ်လုပ်တာ၊ အီရန်နဲ့မဟာမိတ်ဖွဲ့တာ၊ ရုရှားတပ်တွေ လက်ခံတာအပါအ၀င် အမေရိကန်ကို ဆန့်ကျင်တဲ့ ဆောင်ရွက်မှု ၃၀ လောက် လုပ်သွားမယ့် ဆော်ဒီအစိုးရရဲ့ အစီအစဉ်တစ်ခုကို သိရှိခဲ့ရကြောင်း မနေ့က Al-Arabiya မှာ ဆောင်းပါးရေးပြီး ဖော်ပြခဲ့ပါတယ်။
    “ရေနံဈေးက တစ်စည်ကို ဒေါ်လာ ၈၀ လောက်ဖြစ်သွားရင် ထရမ့်ဒေါသထွက်မယ်။ ဒေါ်လာ ၁၀၀၊ ၂၀၀ ဒါမှမဟုတ် အဲဒီထက် ၂ ဆလောက်လည်း တက်သွားနိုင်ပါတယ်” လို့ တာရ်ကီက ဆိုပါတယ်။
    ဒါ့အပြင် အမေရိကန်အပေါ် မှီခိုမှုကို လျှော့ချကာ တရုတ်၊ ရုရှား၊ အီရန်တို့နဲ့ ဆက်ဆံရေး နီးကပ်အောင် လုပ်နိုင်ကြောင်း၊ ရေနံရောင်းချမှုကိုလည်း တရုတ်ယွမ်ငွေနဲ့ လုပ်ဆောင်လာနိုင်ကြောင်း ဆောင်းပါးက ဆိုပါတယ်။
    “အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို တုန့်ပြန်ရာမှာ တဘူးက်မြို့မှာ ရုရှား စစ်အခြေစိုက်စခန်းကို လက်ခံသွားမယ့်ကိစ္စ မပါဘူးလို့ ပြောလို့မရပါဘူး” ဆော်ဒီရဲ့ အနောက်မြောက်ပိုင်းမှာတည်ရှိတဲ့ တဘူးက်မြို့မှာ မဟာဗျူမြောက် ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
    ဆော်ဒီအစိုးရဟာ ဟားမက်စ်နဲ့ ဟစ်ဇ်ဘိုလာတို့ကို ရန်သူကနေ မိတ်ဆွေအဖြစ် ဆက်ဆံပြီး၊ အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေဆီ ထောက်လှမ်းသတင်းအချက်အလက် မျှဝေတာတွေကို ရပ်ဆိုင်းနိုင်ကြောင်း၊ အမေရိကန်က လက်နက်ဝယ်ယူတာတွေကို ရပ်ဆိုင်းပြီး၊ အမေရိကန်လုပ်ငန်းတွေ ဆော်ဒီမှာ လုပ်ကိုင်ခွင့်ကို တားဆီးနိုင်ကြောင်း၊ အလ်ဒါခီလ်ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
    “တကယ်လို့ ပိတ်ဆို့မှုတွေသာ ပြုလုပ်မယ်ဆိုရင် ဒါတွေဟာ ဆော်ဒီအစိုးရက တွန့်ဆုတ်မှုမရှိဘဲ တန်ပြန်ဆောင်ရွက်မယ့် အချက် ၃၀ ကျော်ထဲက တစ်ချို့ဖြစ်တယ်လို့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေနဲ့ နီးစပ်တဲ့ ရင်းမြစ်တွေက ပြောပါတယ်”
    Ref: RT
  • မြန်မာနိုင်ငံ၏ ပထမဆုံး နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ မကြာမီ လည်ပတ်မည်
    မြန်မာနိုင်ငံ၏ ပထမဆုံး နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ မကြာမီ လည်ပတ်မည်
    အောက်တိုဘာ ၁၅၊ ၂၀၁၈
    M-Media
    – မြန်မာနိုင်ငံရဲ့ ပထမဆုံး နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို လာမယ့် နိုဝင်ဘာလမှာ စတင် လည်ပတ်သွားမယ်လို့ လျှပ်စစ်ဓာတ်အား ပေးဝေရေးလုပ်ငန်းအင်ဂျင်နီယာချုပ် ဦးမောင်မောင်ကျော်က ပြောကြားလိုက်ပါတယ်။
    မကွေးတိုင်း မင်းဘူးမြို့မှာတည်ရှိတဲ့ အဲဒီ နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဟာ ကနဦးအနေနဲ့ မီဂါဝပ် ၄၀ ထုတ်လုပ်နိုင်မှာဖြစ်ပြီး အပြည့်အ၀လည်ပတ်နိုင်ရင် ၁၇၀ မီဂါဝပ်အထိ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
    “ဒါဟာ ကျွန်တော်တို့ရဲ့ ပထမဆုံးစီမံကိန်း ဖြစ်တာကြောင့် အားနည်းချက်တွေကို စောင့်ကြည့်ပြုပြင်ကာ ၄၀ မီဂါဝပ်ထက် ပိုမို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်” လို့ ဦးမောင်တောင်ကျော်က ပြောပါတယ်။
    လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဟာ မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းနဲ့ မြင်းခြံမြို့တွေမှာ မီဂါဝပ် ၁၅၀ ထုတ်လုပ်နိုင်မယ့် နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တစ်ရုံစီ ဆောက်လုပ်ဖို့အတွက် ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။
    စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်မြို့တွေမှာလည်း ပြည့်ဖြိုးမြဲ စွမ်းအင်တွေကနေ မီဂါဝပ် ၉၀၀ လောက် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းလည်း ရှိနေပါတယ်။
    မြန်မာနိုင်ငံဟာ ၂၀၂၀ ခုနှစ်ရောက်ရင် နေရောင်ခြည်နဲ့ လေတို့လို ပြည့်ဖြိုးမြဲ စွမ်းအင်နေကနေ ဓာတ်အား ၈ ရာခိုင်နှုန်းအထိ ထုတ်လုပ်ဖို့ ၂၀၂၅ ခုနှစ်ရောက်ရင် ၁၂ ရာခိုင်နှုန်းအထိ ထုတ်လုပ်နိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။
    ဦးမောင်မောင်ကျော်ကတော့ နိုင်ငံရဲ့ မဟာဓာတ်အားလိုင်းမှာ နေရောင်ခြည်နဲ့ လေစွမ်းအင်တို့ကနေ ထုတ်လုပ်တဲ့ ဓာတ်အားတွေကို ဖြည်းဖြည်းချင်း တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    မကွေးမှာ မီဂါဝပ် ၂၀၀ လောက် ထုတ်လုပ်နိုင်မယ့် လေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်းကို ဆောင်ရွက်နေပါတယ်။
    Ref: mmtimes
  • ၀ီဂါများ ပြစ်မှုမကျူးလွန်သည့်အတွက် လွှတ်ပေးခြင်းဟု မဟာသီပြော
    အောက်တိုဘာ ၁၅၊ ၂၀၁၈
    M-Media
    – တရုတ်နိုင်ငံက ထွက်ပြေးလာတဲ့ ၀ီဂါလူမျိုး ၁၁ ယောက်ဟာ နိုင်ငံအတွင်း ဘာအပြစ်မှ မကျူးလွန်တဲ့အတွက် လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံကနေ ထောင်ဖောက်ပြီးပြေးလာတဲ့ အဲဒီ ၀ီဂါ ၁၁ ယောက်ကို မလေးရှားက တရားမ၀င် ၀င်ရောက်လာမှုနဲ့ ဖမ်းဆီးထားတာပါ။ တရုတ်က ဒီလူတွေကို ပြန်တောင်းပေမယ့် မလေးရှားက ပြီးခဲ့တဲ့တစ်ပတ်မှာ လွှတ်ပေးကာ တူရကီကို ပို့ဆောင်ခဲ့ပါတယ်။
    “ကျွန်တော်တို့တိုင်းပြည်မှာ သူတို့ ဘာပြစ်မှုမှ မကျူးလွန်ထားဘူးလေ။ ဒါ့ကြောင့် လွှတ်ပေးလိုက်တာပါ” လို့ ဒီကနေ့ လွှတ်တော်မှာ မဟာသီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
    ရှင်ကျန်းပြည်နယ်မှာ နေထိုင်တဲ့ ၀ီဂါလူမျိုးတွေဟာ တူရကီစကားပြောပြီး အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသူတွေ ဖြစ်ပါတယ်။
    တရုတ်ဟာ ၀ီဂါတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေ ရှိနေတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်ပြစ်တင်ထားပြီး တရုတ်ကတော့ ခွဲထွက်ရေးဝါဒ၊ အစွန်းရောက်ဝါဒ မပြန့်ပွားအောင် ဆောင်ရွက်တာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။
    တရုတ်ကတော့ မလေးရှားအနေနဲ့ ၀ီဂါတွေ တူရကီ ပို့လိုက်တာကို ကန့်ကွက်တယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
    Ref: CNA
  • အင်ဒိုနီးရှားမှ လူငယ် နည်းပညာရှင်များကို ဂျက်မား မြေတောင်မြှောက်ပေးမည်
    အင်ဒိုနီးရှားမှ လူငယ် နည်းပညာရှင်များကို ဂျက်မား မြေတောင်မြှောက်ပေးမည်
    အောက်တိုဘာ ၁၄၊ ၂၀၁၈
    M-Media
    – အင်ဒိုနီးရှားက တက်သစ်စ နည်းပညာ စွန့်ဦးတီထွင်သူတွေကို ပျိုးထောင်ပေးဖို့အတွက် သင်တန်းကျောင်းတစ်ခု တည်ဆောက်သွားမယ်လို့ Alibaba ပိုင်ရှင် ဂျက်မားက မနေ့မှာ ပြောကြားလိုက်ပါတယ်။
    ဂျက်မားဟာ အင်ဒိုနီးရှားအစိုးရရဲ့ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး အကြံပေးအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး သင်တန်းကျောင်း ဘယ်တော့ဖွင့်မလဲဆိုတာ အတိအကျ မပြောခဲ့ပေမယ့် နောက်ထပ် ၁၀ နှစ်အတွင်း တစ်နှစ်ကို နည်းပညာ စွန့်ဦးလုပ်ငန်းရှင်ပေါင်း ၁၀၀၀ လောက်ကို မြေတောင်မြှောက်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
    “အင်ဒိုနီးရှားက လူငယ်တွေကို ပညာရေးအခွင့်အလမ်းတွေ အများကြီး ပေးသွားမှာပါ” လို့ အင်ဒိုနီးရှားမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာဘဏ်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ အင်ဒိုနီးရှားဝန်ကြီးတွေနဲ့  သီးခြားတွေ့ဆုံစဉ် ဂျက်မားက ပြောကြားခဲ့ပါတယ်။
    ဂျက်မားက ပြည်သူတွေ တိုးတက်လာမယ်၊ အတွေးအခေါ်တွေ ပြောင်းလဲလာမယ်၊ ကျွမ်းကျင့်မှုတွေ မြင့်တက်လာမယ်ဆိုမှ ဒစ်ဂျစ်တယ် ခေတ်ကို ဖြတ်သန်းနိုင်မှာ ဖြစ်တဲ့အတွက် အင်ဒိုနီးရှားရဲ့ လူသားအရင်းအမြစ်ကို မြှင့်တင်ဖို့ လိုအပ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိမှာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ပြတ်လတ်မှုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ Alibaba ရဲ့ cloud computing ဌာနဖြစ်တဲ့ Alibaba Cloud ဟာ သူတို့ရဲ့ အချက်အလက်စင်တာကို မတ်လက အင်ဒိုနီးရှားနိုင်ငံမှာ ဖွင့်လှစ်ခဲ့ပါတယ်။
    ဂျက်မားက သူ့ရဲ့ကုမ္ပဏီဟာ အင်ဒိုနီးရှားမှာ အီလက်ထရောနစ် ကုန်စည်ကူးသန်းရေး တစ်ခုတည်းသာမကဘဲ cloud computing၊ ကုန်စည်ပို့ဆောင်ရေးနဲ့ အခြေခံအဆောက်အဦး ကဏ္ဍတွေမှာပါ ရင်းနှီးမြှုပ်နှံသွားဖို့ ရှိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: CNA