News @ M-Media
Blog
  • ရှင်ကျန်းတွင် ၀ီဂါများအား ထိန်းသိမ်းမှု ဆက်လုပ်မည်ဟု တရုတ်ပြော
    ရှင်ကျန်းတွင် ၀ီဂါများအား ထိန်းသိမ်းမှု ဆက်လုပ်မည်ဟု တရုတ်ပြော
    အောက်တိုဘာ ၁၄၊ ၂၀၁၈
    M-Media
    – ရှင်ကျန်းပြည်နယ်က ၀ီဂါမွတ်စလင်တွေအပေါ် တရုတ်ဇာတ်သွင်းမှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး တိုင်းရင်းသားညီညွတ်မှုနဲ့ ဘာသာရေးသဟဇာတဖြစ်ဖို့ ရည်ရွယ်တယ်လို့ ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင် ယူချွမ်က ပြောကြားလိုက်ပါတယ်။
    ယိုချွမ်ဟာ ကွန်မြူနစ်ပါတီက တိုင်းရင်းသားနဲ့ ဘာသာရေးဆိုင်ရာ ကြီးကြပ်မှုဌာန United Front Work ရဲ့ အကြီးအကဲဖြစ်ပြီး အခုတစ်ပါတ်အတွင်း ရှင်ကျန်းပြည်နယ်ကို သွားရောက်လည်ပတ်ရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
    “ဘာသာရေးဆိုင်ရာမှာ ပါတီရဲ့ခေါင်းဆောင်မှု ဆက်ရှိသွားမှာပါ။ ဘာသာရေးအစွန်းရောက်ဝါဒ စိမ့်ဝင်မှုကို စောင့်ကြည့် ဆန့်ကျင်ရပါမယ်”
    တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်မှာ ၀ီဂါနဲ့ အခြားမွတ်စလင် ၁ သန်းလောက်ကို အကျဉ်းစခန်းတွေထဲမှာ ဖမ်းဆီးကာ အယူတိမ်းအောင် ဆောင်ရွက်နေတယ်၊ ညှင်းပမ်းနှိပ်စက်နေတယ်လို့ သတင်းထွက်ခဲ့တာကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
    တရုတ်ကတော့ ထိန်းသိမ်းထားတာကို ၀န်ခံခဲ့ပေမယ့် ညှင်းပမ်းတယ်ဆိုတဲ့ သတင်းတွေကိုတော့ ငြင်းဆိုခဲ့ပြီး ရှင်ကျန်းပြည်နယ်ဟာ အစ္စလာမ့်မစ်စစ်သွေးကြွတွေ၊ ခွဲထွက်ရေးသမားတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
    ယူချွမ်က ဘာသာရေးအသိုင်းအ၀ိုင်းကလူတွေအနေနဲ့ တိုင်းပြည်နဲ့ ဘာသာတရားကို ချစ်မြတ်နိုးစိတ်ဆိုတဲ့ ဓလေ့ထုံးတမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းတာဟာ ဘာသာတရားကို ဥပဒေနဲ့အညီ မှန်မှန်လိုက်နာကျင့်သုံးမှုဆီ ဦးတည်စေနိုင်ပြီး၊ အစ္စလာမ်သာသနာ ထွန်းကားဖွံ့ဖြိုဖို့အတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
    ယူဟာ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှာ အရေးပါတ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။
    Ref: CNA
  • ကလေးများကို လိင်စော်ကားသည့် ချီလီဘုန်းကြီးနှစ်ပါးကို ပုပ်ရဟန်းမင်းက သာသနာ့ဘောင်မှ ထုတ်ပယ်
    ကလေးများကို လိင်စော်ကားသည့် ချီလီဘုန်းကြီးနှစ်ပါးကို ပုပ်ရဟန်းမင်းက သာသနာ့ဘောင်မှ ထုတ်ပယ်
    အောက်တိုဘာ ၁၄၊ ၂၀၁၈
    M-Media
    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
    – ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့တဲ့ ချီလီကက်သလစ်အသင်းတော်က ဂိုဏ်းအုပ်ဘုန်းတော်ကြီး ၂ ပါးကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သိက္ခာချကာ သာသနာ့ဘောင်ကနေ ထုတ်ပယ်လိုက်ပါတယ်။
    Francisco Jose Cox Huneeus နဲ့ Marco Antonio Ordenes Fernandez တို့ဖြစ်ကြပြီး ကြာသာပတေးနေ့က ချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်အတွက် အယူခံ လျှောက်ထားခွင့်မရှိဘူးလို့ မနေ့က ဗာတီကန်ကနေထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့အတွက် ဒီလို သာသနာ့ဘောင်ကနေ ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
    ခရစ်ယာန် ကက်သလစ်သာသနာမှာ သာသနာ့ဘောင်က ထုတ်ပယ်တာဟာ အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးမှုလည်း ဖြစ်ပါတယ်။
    ချီလီကက်သလစ်အသင်းတော်မှာ ဘုန်းကြီးတွေရဲ့ လိင်ကျူးလွန်မှုသတင်းတွေ ထွက်ခဲ့တာ နှစ်တော်တော်ကြာ ရှိခဲ့ပေမယ့် ကျူးလွန်ခံရသူတွေ၊ ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့အတွက် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အာဏာပိုင်တွေက အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။
    လက်ရှိမှာ ဘုန်းကြီးနဲ့ သာသနာ့ဝန်ထမ်း ၁၀၀ ကျော်လောက်ကို စစ်ဆေးနေပြီး ဒါဟာ လက်တင်အမေရိကရဲ့ ကက်သလစ်ဘာသာသမိုင်းမှာ အကြီးမားဆုံး လိင်ပိုင်းဆိုင်ရာ ပြဿနာလည်း ဖြစ်ပါတယ်။ အာဏာပိုင်တွေဟာ မြို့ကြီးတွေမှာရှိတဲ့ ကက်သလစ်ဘုရားကျောင်း ၅ ခုကို စီးနင်းရှာဖွေခဲ့ပြီး၊ ရဲတပ်ဖွဲ့ကို တိုင်ကြားခြင်းမရှိတဲ့ လိင်ကျူးလွန်မှု အထောက်အထား မှတ်တမ်းတွေကို သိမ်းဆည်းခဲ့ပါတယ်။
    လက်ရှိအချိန် ဖော်ထုတ်ခဲ့သမျှထဲမှာ ဘုန်းကြီးတွေရဲ့ စော်ကားမှုကို ခံရသူ အရေအတွက်ဟာ ၁၇၈ ဦးရှိပြီး အဲဒီအထဲမှာ ၇၉ ဦးက အရွယ်မရောက်သေးသူတွေ ဖြစ်ပါတယ်။ ဒီကိစ္စကိုတွေကို ဖုံးကွယ်ပေးတဲ့ ဘုန်းကြီးနဲ့ သာသနာဝန်ထမ်း ၁၆၇ ဦးကိုလည်း တရားစွဲဆိုထားပါတယ်။
    လူငယ် အမျိုးသားလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ တော်တော်များများ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ချီလီဘုန်းတော်ကြီး Fernando Karadima ကိုလည်း ပုပ်ရဟန်းမင်းကြီးက ပြီးခဲ့တဲ့လမှာ သာသနာ့ဘောင်ကနေ ထုတ်ပယ်ခဲ့ပါတယ်။
    ကက်သလစ်အသင်းတော်အတွင်း ဘုန်းကြီးတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ပြဿနာတွေကို ချီလီအပြင် အမေရိကန်၊ သြစတေးလျနဲ့ အခြားနိုင်ငံတွေမှာလည်း တွေ့ခဲ့ရပြီး အာဏာပိုင်တွေက ဖော်ထုတ်အရေးယူမှုတွေ ပြုလုပ်နေပါတယ်။
    Ref: Aljazeera
  • တရားမ၀င်နေထိုင်သူ ဂျူးတစ်စု၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းအမျိုးသမီး သေဆုံး
    တရားမ၀င်နေထိုင်သူ ဂျူးတစ်စု၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းအမျိုးသမီး သေဆုံး
    အောက်တိုဘာ ၁၄၊ ၂၀၁၈
    M-Media
    အိုက်ရှာ အလ်-ရောက်ဘီ၏ ဈာပနအခမ်းအနား
    – အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက တရားမ၀င်အခြေချအိမ်ယာမှာ နေထိုင်တဲ့ ဂျူးတစ်စုကြောင့် ပါလက်စတိုင်းအမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
    အသက် ၄၇ နှစ်အရွယ် အိုက်ရှာ အလ်-ရောက်ဘီဖြစ်ပြီး သောကြာနေ့ညနေပိုင်းက ခင်ပွန်းနဲ့အတူ ကားနဲ့ပြန်လာစဉ် အနောက်ဖက်ကမ်းမြောက်ပိုင်း နဘ်လုစ်မြို့အနီး တရားမ၀င်အိမ်ယာက ဂျူးလူမျိုးတစ်စုက သူတို့ကားကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတာ ဖြစ်ပါတယ်။ အိုက်ရှာဟာ ဦးခေါင်းမှာ ဒဏ်ရာရကာ သေဆုံးသွားခဲ့ပါတယ်။
    မနေ့ကပြုလုပ်ခဲ့တဲ့ အိုက်ရှာရဲ့ ဈာပနအခမ်းအနားကို ပါလက်စတိုင်းပြည်သူ ထောင်နဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။
    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ဂျူးအခြေချနေထိုင်သူတွေဟာ ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ခဲ့တာဖြစ်ပြီး၊ အရေးယူကိုယူရမယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
    ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီအဖြစ်အပျက်အတွက် အစ္စရေအစိုးရက တာဝန်ယူရမယ်လို့ ပြောကြားခဲ့ပြီး၊ ပါလက်စတိုင်းတွေကို ကာကွယ်မှု
    ပိုပေးဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။
    အစ္စရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    နိုင်ငံတကာက ပါလက်စတိုင်းပိုင်နက်လို့ သတ်မှတ်ပေးထားတဲ့ ဒေသတွေက အစ္စရေးရဲ့ တရားမ၀င် အခြေချအိမ်ယာတွေမှာ နေထိုင်သူအရေအတွက်ဟာ သန်းဝက်ကျော် ရှိနေပြီး ပါလက်စတိုင်းတွေနဲ့ မကြာခဏ တင်းမာမှုတွေ ဖြစ်ပွားလေ့ ရှိပါတယ်။
    ကမ္ဘာ့နိုင်ငံတွေက အစ္စရေးရဲ့ ဒီအခြေချအိမ်ယာတွေဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တယ်လို့ ပြောထားပေမယ့် အစ္စရေးက တရားမ၀င်အခြေချအိမ်ယာတွေကို ဆက်လက်ဆောက်လုပ်နေပါတယ်။
    Ref: Aljazeera
  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ
    အောက်တိုဘာ ၁၄၊ ၂၀၁၈
    M-Media
    တောင်ကိုရီးယား တောင်တက်သမား ကင်ချန်ဟို
    အာဖဂန်မှ ဆုတ်ခွာရေး ဆွေးနွေးရန် အမေရိကန်က တာလီဘန်နှင့် သဘောတူ
    ===========
    ၁၇ နှစ်တာ တိုက်ခိုက်နေတဲ့ စစ်ပွဲကို အဆုံးသတ်ပြီး တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်သွားရေး ဆွေးနွေးဖို့အတွက် အမေရိကန်က သဘောတူခဲ့တယ်လို့ ကာတာမှာရှိနေတဲ့ တာလီဘန်ကိုစားလှယ်က ပြောကြားလိုက်ပါတယ်။ မနေ့က ဒိုဟာမှာ တာလီဘန်နဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တို့ဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် ကနဦးသတ်မှတ်ချက်တွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အမေရိကန်စစ်သားတွေ ထွက်ခွာရေးအပြင်၊ သူတို့ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့မှုဖယ်ရှားပေးဖို့၊ သူတို့တိုက်ခိုက်ရေးသမားတွေ လွှတ်ပေးဖို့နဲ့ နိုင်ငံရေးရုံးတစ်ခု တည်ဆောက်ပေးဖို့ တာလီဘန်က တောင်းဆိုခဲ့ပါတယ်။ အာဖဂန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၄၀၀၀ အထိ ရှိနေပြီး တာလီဘန်ကတော့ အမေရိကန်တပ်တွေ ရှိနေတာဟာ ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်တယ်လို့ ဆိုပါတယ်။
    ဂျာနယ်လစ်ကို သတ်ဖြတ်သည့်သတင်းမှန်လျှင် ဆော်ဒီကို အရေးယူမည်ဟု ထရမ့်ပြော
    ==================
    အစ္စတန်ဘူလ်မြို့က ကောင်စစ်ဝန်ရုံးထဲမှာ ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းသာ တကယ်အမှန် ဖြစ်မယ်ဆိုရင် ဆော်ဒီအာဏာပိုင်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။ ဆော်ဒီတော်ဝင်အသိုင်းအ၀ိုင်းနဲ့ အစိုးရတို့ကို ဝေဖန်လေ့ရှိတဲ့ ကာရှိုဂီဟာ အောက်တိုဘာ ၂ ရက်နေ့က အစ္စတန်ဘူလ်မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးထဲကို ၀င်သွားပြီးနောက်ပိုင်း လုံးဝ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ တူရကီက ကာရှိုဂီကို ဆော်ဒီအစိုးရခန့်ထားတဲ့ အဖွဲ့ဝင် ၁၅ ဦးပါ ကြေးစားလူသတ်အဖွဲ့က သတ်ဖြတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အတုံးတုံးလုပ် လက်စဖျောက်ခဲ့ကြောင်း၊ ဒီအတွက် သူတို့မှာ ဗီဒီယိုအထောက်အထား၊ အသံအထောက်အထားတွေရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဆော်ဒီကတော့ စွပ်စွဲမှုတွေကို ငြင်းဆိုပါတယ်။
    အင်ဒိုနီးရှားတွင် မြေပြိုမှု ၃၀ နီးပါး သေဆုံး
    ============
    အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ သောကြာနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း အစ္စလာမ့်ဓမ္မသင်တန်းက ကျောင်းသား ကလေးငယ်တွေအပါအ၀င် အနည်းဆုံး ၂၇ ဦး သေဆုံးခဲ့ပါတယ်။ ဒေသ ၈ ခုမှာ မြေပြိုမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်ခြေနဲ့ အဆောက်အဦး ၂၉ လုံး ပျက်ဆီးခဲ့ကာ ရာနဲ့ချီ မြေပြိုမှုရဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်။ ဆူမားတြားကျွန်းရဲ့ အနောက်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ ရှာဖွေကယ်ဆယ်ရေးကာလကို တစ်ပတ်တာအဖြစ် သတ်မှတ်ထားပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် မြေပြိုမှုတွေ ဆက်ဖြစ်မှာ စိုးရိမ်တာကြောင့် ရွာသွားတစ်ချို့ဟာ အိုးအိမ်စွန့်ခွာ နေရပါတယ်။
    ဟိမ၀န္တာတွင် နှင်းမုန်တိုင်းကြောင့် တောင်ကိုရီးယား တောက်တက်သမားများ သေဆုံး
    =============
    နီပေါနိုင်ငံ ဟိမ၀န္တာ တောင်တန်းမှာ သောကြာနေ့က ပြင်းထန်တဲ့ နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး တောင်ကိုရီးယား တောင်တက်သမားနဲ့
    နီပေါလမ်းပြ အနည်းဆုံး ၇ ဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကမ္ဘာ့ ၁၄ ခုမြောက်အမြင့်ဆုံး တောင်ကို အောက်ဆီဂျင်အပိုမပါဘဲ အမြန်ဆုံး တက်နိုင်ခဲ့တဲ့ တောင်ကိုရီးယား တောင်တက်သမား ကင်ချန်ဟိုလည်း ပါဝင်ပါတယ်။ ကင်ချန်ဟိုပါဝင်တဲ့ တောင်ကိုရီးယားတောင်တက်အဖွဲ့ဟာ ၁၉၉၆ ခုနှစ်ကတည်းက တောင်ထိပ်ကို လူမရောက်တော့တဲ့ ဂူရ်ဂျာတောင်ကို တက်ဖို့အတွက် အောက်တိုဘာ ၇ ရက်နေ့က ထွက်သွားခဲ့တာဖြစ်ပြီး တောင်ခြေစခန်းမှာ ရာသီဥတုကောင်းတာကို စောင့်နေစဉ် နှင်းမုန်တိုင်းနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။
    Ref: Aljazeera, BBC
  • ရွေးကောက်ပွဲအနိုင်ရသည့် အန်န၀ါရ်အီဘရာဟင် မလေးရှားဝန်ကြီးချုပ်ဖြစ်ရန် လမ်းပွင့်
    ရွေးကောက်ပွဲအနိုင်ရသည့် အန်န၀ါရ်အီဘရာဟင် မလေးရှားဝန်ကြီးချုပ်ဖြစ်ရန် လမ်းပွင့်
    အောက်တိုဘာ ၁၃၊ ၂၀၁၈
    M-Media
    – မလေးရှား အတိုက်အခံဟောင်း နိုင်ငံရေးသမား အန်ဝါရ်အီဘရာဟင်ဟာ ဒီကနေ့ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်တစ်နေရာ အနိုင်ရရှိသွားပြီး
    ပေါ့ဒစ်ဆန် မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အန်ဝါရ်ဟာ မဲအရေအတွက် ၇၁ ရာခိုင်နှုန်းကို ရရှိခဲ့တယ်လို့ မလေးရှား ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့နှောင်းပိုင်းမှာ ကြေငြာခဲ့ပါတယ်။
    “ရလဒ်အတွက် ကျေနပ်ပါတယ်။ အလ္လာဟ်အရှင် အားလုံးကို ကောင်းချီးမင်္ဂလာ ချီးမြှင့်တော် မူပါစေ” လို့ မဲရလဒ် ထွက်ပေါ်လာပြီးတဲ့နောက် အန်န၀ါရ်က ပြောကြားခဲ့ပါတယ်။
    အန်ဝါရ်ဟာ ၁၉၉၀ ပြည့်နှစ်တွေက မဟာသီရဲ့လက်အောက် ဒုတိယ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သဘောထား မတိုက်ဆိုင်တော့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံရပြီး ထောင်ချခံခဲ့ရပါတယ်။ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်လက်ထက်မှာလည်း အန်ဝါရ်ဟာ ထပ်မံ ထောင်ချခံခဲ့ရပါတယ်။
    နာဂျစ်ရာဇတ် ခြစားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် မဟာသီနဲ့ အန်ဝါရ်တို့ဟာ နိုင်ငံရေးမဟာမိတ် ပြန်ဖြစ်လာခဲ့ပြီး ဇွန်လကပြုလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ အန်ဝရ်ဟာ ထောင်ဒဏ်နဲ့ နိုင်ငံရေးလောကထဲ မ၀င်ရဆိုတဲ့ ပိတ်ပင်မှုတွေကြောင့် အထွေထွေရွေးကောက်ပွဲမှာ ၀င်မပြိုင်နိုင်ခဲ့ပါဘူး။
    မဟာသီ ၀န်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက်ပိုင်း အန်ဝါရ်ရဲ့ပြင်ဒဏ်ကို ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်ရအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။
    Ref Aljazeera