News @ M-Media
Blog
  • တက္ကဆက်ဗလီ မီးရှို့သူကို အမေရိကန်က ထောင် ၂၄ နှစ်ကျော်ချ
    တက္ကဆက်ဗလီ မီးရှို့သူကို အမေရိကန်က ထောင် ၂၄ နှစ်ကျော်ချ
    အောက်တိုဘာ ၁၈၊ ၂၀၁၈
    M-Media
    မီးရှို့ခံခဲ့ရသည့် ဗစ်တိုးရီးယား ဗလီဝတ်ကျောင်းတော်
    – ပြီးခဲ့တဲ့နှစ်က တက္ကဆက်ပြည်နယ် ဗစ်တိုးရီးယားမြို့က ဗလီဝတ်ကျောင်းတော်ကို မီးရှို့ခဲ့သူတစ်ဦးကို အမေရိကန်တရားရုံးက မနေ့မှာ ထောင်ဒဏ် ၂၅ နှစ်နီးပါး ချမှတ်လိုက်ပါတယ်။
    လက်ရှိ အသက် ၂၆ နှစ်အရွယ်ရှိတဲ့ မာ့က် ပီရက်ဇ်ဟာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်နေ့က ‘ဗစ်တိုးရီးယား အစ္စလာမ့်စင်တာ’ လို့ အမည်ရတဲ့ ဗလီဝတ်ကျောင်းတော်ကို မီးရှို့ခဲ့တာပါ။ တရားသူကြီးတွေက ပီရက်ဇ် အပြစ်ရှိကြောင်း ဇူလိုင်လက ဆုံးဖြတ်ခဲ့ပါတယ်။ မနေ့မှာတော့ ပီရက်ဇ်ကို ထောင် ၂၄ နှစ်နဲ့ ၆ လချမှတ်ခဲ့ပါတယ်။
    ခရိုင်တရားသူကြီး ဂျွန် ရိန်နီက အမုန်းဆောင် ရာဇ၀တ်မှုတွေဟာ မိမိတို့လူ့အဖွဲ့အစည်းအတွက် ကင်ဆာဆဲလ်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး တက္ကဆက်ပြည်နယ် တောင်ပိုင်းခရိုင် ရှေ့နေချုပ်ရုံးကလည်း ဒီလိုလုပ်ရပ်ကို သည်းခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အစိုးရရှေ့နေတွေက ပီရက်ဇ်ရဲ့လုပ်ရပ်ဟာ မုန်းတီးမှုကို အခြေခံတယ်ဆိုတာ သိသာထင်ရှားနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ကျူးလွန်သူဟာ မွတ်စလင်လူ့အဖွဲ့အစည်းကို အကြမ်းဖက်ခဲ့တာပါ။ ဒီတိုင်းပြည်ကလူတိုင်းဟာ သူတို့ယုံကြည်ရာကို စိုးရိမ်ကြောင့်ကြမှု မရှိဘဲ ကိုးကွယ်ပိုင်ခွင့် ရှိပါတယ်” လို့ ဒုတိယရှေ့နေချုပ် ဂျွန်ဂိုရီ ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ပီရက်ဇ် မီးရှို့ခဲ့တဲ့ ဗလီဝတ်ကျောင်းတော်ကို အမေရိကန်နိုင်ငံတစ်ဝှမ်းက ပြည်သူတွေရဲ့ အလှူငွေနဲ့ ပြန်လည် ဆောက်လုပ်ခဲ့ပါတယ်။
    ဗလီပြန်ဆောက်ဖို့ သတင်းထွက်လာတဲ့အချိန်မှာ ပီရက်ဇ်က အဲဒီဗလီကို ထပ်ပြီး မီးရှို့မယ်လို့ အခြားလူတစ်ဦးကို ပြောကြားခဲ့တယ်ဆိုတာ ကြားသိရကြောင်း အမေရိကန် တရားရေးဌာနက ပြောကြားခဲ့ပါတယ်။
    ပီရက်ဇ်ဟာ ပြီးခဲ့နှစ် ဇန်န၀ါရီလက ဗစ်တိုးရီးယားဗလီကို မီးမရှို့ခင် တစ်ပတ်အလိုမှာ ဗလီထဲကို ၀င်ရောက် ကြည့်ရှုခဲ့ပါတယ်။
    Ref: Reuters
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ
    အောက်တိုဘာ ၁၈၊ ၂၀၁၈
    M-Media
    ဟိန္ဒူဘုရားကျောင်းရှေ့တွင် ဆန္ဒပြမှု မြင်ကွင်း
    ဂျာနယ်လစ်ပျောက်ဆုံးမှုအတွက် ဆော်ဒီကောင်စစ်ဝန်အိမ်ကို တူရကီ ရှာဖွေ
    ====================
    ဆော်ဒီက အစိုးရဝေဖန်ရေးသမား ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး တူရကီ မှုခင်း စစ်ဆေးရေး အရာရှိတွေဟာ မနေ့က အစ္စတန်ဘူလ်မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရဲ့နေအိမ်ကို ၉ နာရီကြာ ၀င်ရောက် ရှာဖွေခဲ့ကြပါတယ်။ ကာရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က အစ္စဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ၀င်ရောက်ပြီးနောက်ပိုင်း ပျောက်သွားတာပါ။ တူရကီကတော့ ဆော်ဒီအစိုးရရဲ့ ကြေးစား ၁၅ ယောက်က ကာရှိုဂျီကို သတ်ပစ်ပြီး အပိုင်းပိုင်းလုပ်ကာ လက်စဖျောက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ မနေ့က ရှာဖွေမှုမှာ နမူနာအချို့ တွေ့ခဲ့တယ်လို့ ထုတ်ပြန်ပေမယ့် သွေးလား၊ DNA လားဆိုတာ တိတိကျကျ မပြောခဲ့ပါဘူး။ တူရကီအာဏာပိုင်တွေဟာ တနင်္လာနေ့ကလည်း ဆော်ဒီကောင်စစ်ဝန်ရုံးကို ၀င်ရှာခဲ့ပါတယ်။
    ဘုရားကျောင်းထဲ အမျိုးသမီးများ ၀င်ရန်ကြိုးစားမှုကြောင့် အိန္ဒိယတွင် ဆန္ဒပြ
    ====================
    အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာရှိပြီး ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဘုရားကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ Sabarimala ဘုရားကျောင်းမှာ ဘုရားရှိခိုးဖို့ ရောက်လာတဲ့ အမျိုးသမီးတွေကို လူအုပ်ကြီးက ဆန့်ကျင်ဆန္ဒပြ တိုက်ခိုက်မှုတွေ လုပ်နေကြပါတယ်။ အရင်က အဲဒီ ဘုရားကျောင်းထဲ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေ မ၀င်ရလို့ သတ်မှတ်ထားပေမယ့် အိန္ဒိယတရားရုံးချုပ်က ဒီကန့်သတ်ချက်ကို ပြီးခဲ့တဲ့လမှာ ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် မြေပြင်မှာတော့ ဒီဆုံးဖြတ်ချက်ကို လက်မခံဘဲ ဆန့်ကျင်သူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပြီး ဘုရားကျောင်းသွားမယ့်လမ်းတွေကို ပိတ်ဆို့ကာ အမျိုးသမီး ပါမလာအောင် တားဆီးနေကြပါတယ်။ ဆန္ဒပြမှုအတွင်း မီဒီယာသမားတွေလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။
    မြောက်ကိုရီးယားထံ ပစ္စည်းပို့သူ ၂ ဦးကို စင်ကာပူ တရားစွဲ
    =======================
    ကန့်သတ်ထားတဲ့ ဇိမ်ခံပစ္စည်းတွေ မြောက်ကိုရီးယားကို တင်ပို့မှုအတွက် စင်ကာပူက အမျိုးသား ၂ ဦးကို ဒီကနေ့မှာ တရားစွဲဆိုခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ် စင်ကာပူနိုင်ငံသားနဲ့ အသက် ၃၀ အရွယ် မြောက်ကိုရီးယားနိုင်ငံသားတို့ဖြစ်ပြီး ၂၀၁၀ ခုနှစ် ကုလရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အတွက် တရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။ အသက် ၅၈ နှစ်အရွယ် အမျိုးသားပိုင် ကုမ္ပဏီ ၃ ခုလည်း တရားစွဲခြင်း ခံခဲ့ရပါတယ်။ ဒီကုမ္ပဏီ ၃ ခုဟာ ၂၀၁၀ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၆ ခုနှစ် နိုဝင်ဘာအထိ ကျောက်သံပတ္တမြားတွေ၊ တန်ဖိုးကြီး လက်ပတ်နာရီတွေ အပါအ၀င် ပိတ်ဆို့ထားတဲ့ ဇိမ်ခံပစ္စည်းတွေကို ၄၃ ကြိမ်လောက် ပို့ဆောင်ခဲ့တာပါ။
    ဟာလာလ်တံဆိပ်အတုဖြင့် ပစ္စည်းဖြန့်သည့် ကုမ္ပဏီကို မလေးရှား စီနင်းဖမ်းဆီး
    ================
    ဟာလာလ်တံဆိပ်အတု တပ်ထားတဲ့ ကျပါတီ၊ ပလာတာ ဂျုံလုံး ၆၀၀၀ ကျော်ကို မလေးရှား ကုန်သွယ်ရေးဌာန တာဝန်ရှိသူတွေက မနေ့မှာ သိမ်းဆည်းလိုက်ပါတယ်။ စတီယာအလမ် ဒေသက ကုမ္ပဏီတစ်ခုကို ၀င်ရောက်စီးနင်းရာမှာ ဒီလို သိမ်းဆည်းနိုင်ခဲ့တာဖြစ်ပြီး အတုလုပ်တဲ့ နိုင်ငံခြားအလုပ်သမား ၈ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ တာဝန်ရှိသူတွေက ဒီကုမ္ပဏီဟာ အာဏာပိုင်တွေဆီမှာ ဟာလာလ် အသိအမှတ်ပြုလက်မှတ် မလျှောက်ထားဘဲနဲ့ ဟာလာလ်တံဆိပ်အတုတွေ ကပ်ကာ ရောင်းချနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီဟာ ဖွင့်လှစ်တာ ၉ လပဲရှိသေးပြီး ပတ်ဝန်းကျင်က ပြည်သူတွေ တိုင်ကြားလိုက်တာဖြစ်ပါတယ်။
    Ref: Aljazeera, CNA, BBC
  • မြစ်ကြီးနားရှိ မူးယစ် ပြန်လည်ထူထောင်ရေးစင်တာကို နိုင်ငံတော်အတိုင်ပင်ခံ တက်ရောက် ဖွင့်လှစ်မည်
    မြစ်ကြီးနားရှိ မူးယစ် ပြန်လည်ထူထောင်ရေးစင်တာကို နိုင်ငံတော်အတိုင်ပင်ခံ တက်ရောက် ဖွင့်လှစ်မည်
    အောက်တိုဘာ ၁၇၊ ၂၀၁၈
    M-Media
    ပြီးခဲ့သည့်နှစ်က ကချင် စစ်ရှောင်စခန်းတစ်ခုသို့ သွားရောက်စဉ်
    – ‘ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း’ ကနေ မြစ်ကြီးနားမြို့မှာ ဆောက်လုပ်လှူဒါန်းတဲ့ မူးယစ်ပြန်လည်ထူထောင်ရေးစင်တာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်ဖွင့်လှစ်မယ်လို့ ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ Ding Hkang Hpung က ပြောကြားခဲ့ပါတယ်။
    အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ သောကြာနေ့မှာ မြစ်ကြီးနားကို သွားရောက်မှာဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက အစိုးရစစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့အကြား ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ နေထိုင်တဲ့ Njang Dung စခန်းကို သွားရောက် ကြည့်ရှုဖို့ ရှိပါတယ်။
    ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အကြား ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ကချင်ပြည်နယ် တစ်ချို့ဒေသတွေက အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ကျောင်းသားတွေကို တွေ့ဆုံဖို့အတွက် မြစ်ကြီးနားမြို့ ဆင်ခြေဖုံးက စာသင်ကျောင်းတစ်ခု၊ ၀ိုင်းမော်မြို့က ဘုန်းကြီးကျောင်း တစ်ကျောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သွားရောက်မှာ ဖြစ်ပါတယ်။
    ကချင်ပြည်နယ်မှာ မူးယစ်ဆေးစွဲမှုဟာ အဓိကပြဿနာ ဖြစ်နေတယ်လို့ ဘာသာရေးခေါင်းဆောင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောကြားထားပြီး လူငယ်တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ မူးယစ်ဆေးရဲ့သားကောင်တွေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ Three Millennium Development Goal Fund (3MDG) အဖွဲ့က အခုနှစ်အတွင်း ကချင်ပြည်နယ်မှာ မူးယစ်ဆေးသုံးသူ အရေအတွက်ဟာ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်မှာ HIV ပိုး ကူးစက်မှုနှုန်းဟာ ၂၈.၅ ရာခိုင်နှုန်းရှိပြီး နိုင်ငံအတွင်းမှာ အမြင့်ဆုံးဖြစ်ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးဖို့အတွက် ပြီးခဲ့တဲ့နှစ်မှာ ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ဖူးပြီး အခုတစ်ခေါက်ဟာ ဒုတိယအကြိမ် ဖြစ်လာမှာပါ။
    ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံတော် အတိုင်ပင်ခံရုံးဟာ ကချင်ပြည်နယ်က စစ်ရှောင်ပြည်သူတွေအတွက် ကျပ်ငွေ သန်း ၃၀၀ ကို လူကယ်ပြန်ဝန်ကြီးဌာနကနေတစ်ဆင့် လှူဒါန်းခဲ့ပါတယ်။
    Ref: Irrawaddy
    (ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)
  • သေစာရင်းအတုလုပ်ကာ ပြင်သစ်တွင် ဇိမ်ကျနေသည့် ယူကရိန်းနာမည်ကြီးဝရမ်းပြေးကို ဖမ်းမိ
    သေစာရင်းအတုလုပ်ကာ ပြင်သစ်တွင် ဇိမ်ကျနေသည့် ယူကရိန်းနာမည်ကြီးဝရမ်းပြေးကို ဖမ်းမိ
    အောက်တိုဘာ ၁၇၊ ၂၀၁၈
    M-Media
    – ခြစားမှု စွဲချက်တွေကို ရှောင်လွှဲဖို့အတွက် သေစာရင်းအတုလုပ်ပြီး ကိုယ်ယောက်ဖျောက်နေတဲ့ ယူကရိန်းဝရမ်းပြေးတစ်ဦးကို ဥရောပရဲတပ်ဖွဲ့ Europol က ပြင်သစ်မှာ ဖမ်းဆီးလိုက်ပါတယ်။
    Europol ကနေ အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖမ်းဆီးခံရသူဟာ ယူကရိန်းနိုင်ငံက နာမည်ကျော် ၀ရမ်းပြေးဖြစ်ပြီး ပြင်သစ်နိုင်ငံ ဒီဂျွန်မြို့အနီးက ရဲတိုက်မှာ ဇိမ်ခံပစ္စည်းတွေရဲ့ ဘုရင်တစ်ဦးလို နေထိုင်တယ်လို့ ဖော်ပြထားပါတယ်။
    ဖမ်းဆီးမှုအတွင်း တန်ဖိုးကြီး Rolls Royce ကားတစ်စီးအပြင် ဆာလ်ဘာဒေါ် ဒါလီရဲ့ နာမည်ကျော် ပန်ချီးကား ၃ ခုကို သိမ်းဆည်းခဲ့ကာ စုစုပေါင်း ကန်ဒေါ်လာ ၄.၆ သန်း တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။
    သူကို ခြစားမှုစွဲချက်တွေနဲ့ အလိုရှိပေမယ့် သေစာရင်းအတုလုပ်ကာ ကိုယ်ယောင်ဖျောက်ပြီး ပြင်သစ်ကို ထွက်ပြေးသွားတာ ဖြစ်ပါတယ်။
    ရဲတိုက်ဝယ်ဖို့အတွက် သံယဖြစ်ဖွယ် ငွေလွှဲမှုတစ်ခုကို ဥရောပရဲတပ်ဖွဲ့က သတိထားမိရာကနေ သူ့ကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
    Ref: RT
  • အိန္ဒိယတွင် မွတ်စလင်တို့၏ သမိုင်းတစ်ခု ဖျောက်ဖျက်ခံရ
    အိန္ဒိယတွင် မွတ်စလင်တို့၏ သမိုင်းတစ်ခု ဖျောက်ဖျက်ခံရ
    အောက်တိုဘာ ၁၇၊ ၂၀၁၈
    M-Media
    အူတာပရာဒက်ရှ်ပြည်နယ် ၀န်ကြီးချုပ် ဟိန္ဒူအစွန်းရောက်ဘုန်းကြီး အဒစ် ယာနသ်
    – အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်မြို့မှာ အစ္စလာမ်အငွေ့အသက်ပါတဲ့ မြို့အမည်တစ်ခုကို အိန္ဒိယအာဏာပိုင်တွေက အမည်ပြောင်းလိုက်ပြီး နိုင်ငံအတွင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ သမိုင်းကြောင်းကို ဖျောက်ဖျက်မှု စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
    ပြည်နယ်မြောက်ပိုင်းက လူဦးရေ တစ်သန်းကျော်လောက် နေထိုင်တဲ့ ‘အလ္လာဟ်အာဘတ်’ မြို့ကို ဟိန္ဒူ အငွေ့အသက်ပါတဲ့ ‘ပရာယာဂရဂ်ျ’ လို့ အမည်ပြောင်းခဲ့တာပါ။
    အလ္လာဟ်အာဘတ်မြို့ကို ၁၆ ရာစုမှာ မဂိုဘုရင်တွေက တည်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟာလာနေရူးဟာ အလ္လာဟ်အာဘတ်မြို့သား ဖြစ်ပါတယ်။
    အတိုက်အခံ ကွန်ဂရက်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ အွန်ကာရ်ဆင်းက ဒီလုပ်ရပ်ကြောင့် အလ္လာဟ်အာဘတ်မြို့သားတွေရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို မှေးမှိန်စေတယ်လို့ ပြောကြားခဲ့ပါတယ်။
    အူတာပရာဒက်ရှ်ပြည်နယ် ၀န်ကြီးချုပ်ဟာ ဟိန္ဒူအစွန်းရောက်ဘုန်းကြီး ယိုဂီ အဒစ်ယာနသ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူပြီးကတည်းက ပြည်နယ်အတွင်းမှာရှိတဲ့ မွတ်စလင်အမွေအနှစ်တွေကို သမိုင်းဖျောက်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။
    မနှစ်က အူတာပရာဒက်ရှ်ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲမှာ BJP က အမတ်နေရာအများစုကို ရရှိခဲ့ပြီး အိန္ဒိယရဲ့ လူဦးရေအထူထပ်ဆုံး ပြည်နယ်မှာ ပါတီတစ်ခုတည်းက လွှတ်တော်အမတ်နေရာအများစု ရရှိတာဟာ ၁၉၇၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
    အိန္ဒိယနိုင်ငံရဲ့ လူဦးရေ ၁.၃ ဘီလီယံမှာ ၈၀ ရာခိုင်နှုန်းက ဟိန္ဒူဘာသာဝင်ဖြစ်ပြီး ၁၄ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပါတယ်။ ခရစ်ယာန်၊ ဆစ်ခ်နဲ့ အခြားလူနည်းစုတွေလည်း အိန္ဒိယမှာ နေထိုင်နေကြပါတယ်။
    Ref: Aljazeera