News @ M-Media

Blog

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၂၊ ၂၀၁၈
    M-Media

    အမေရိကန် F35 တိုက်လေယာဉ်

    ဟာရီကိန်းကြောင့် အမေရိကန်တွင် အနည်းဆုံး ၆ ဦးသေ
    =============
    ဟာရီကိန်းမိုက်ကယ်ကြောင့် အမေရိကန် ဖလော်ရီဒါ၊ ဂျော်ဂျီယာနဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ် ၃ ခုမှာ သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၆ ဦးအထိ ရှိလာခဲ့ပြီး အဆောက်အဦးတွေ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးမှုတွေလည်း ရှိခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နိုင်ငံသားတွေ ထိခိုက်ဆုံးရှုံးမှုအတွက် ၀မ်းနည်းရပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားတဲ့အထိ မရပ်မနား လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ဖလော်ရီဒါပြည်နယ် ကုန်းတွင်းပိုင်းကို ၀င်ရောက်ခဲ့တဲ့ ဟာရီကိန်းမိုက်ကယ်ဟာ နှစ် ၁၀၀ သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ပြီး အခုအချိန်မှာတော့ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားပြီ ဖြစ်ပါတယ်။

    အာကာသယာဉ်မှူးများ လိုက်ပါသွားသည့် ရုရှားဆိုယုဇ်ဒုံးပျံ စက်ချို့ယွင်းမှုဖြစ်
    =====================
    မနေ့က ရုရှားကနေ နိုင်ငံတကာအာကာသစခန်းကို လူနဲ့ ကုန်စည်တွေပို့ဆောင်တဲ့ ဆိုယုဇ်ဒုံးပျံဟာ စက်ချို့ယွင်းမှုပြဿနာကြောင့် အာကာသယာဉ်မှူးတွေ အရေးပေါ် ကမ္ဘာမြေကို ပြန်ဆင်းခဲ့ရပြီး ဒီအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ရုရှားအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ အမေရိကန်နဲ့ ရုရှားက အာကာသယာဉ်မှူးနှစ်ဦးကတော့ ကာဇက်စတန်နိုင်ငံမှာ ဘေးရန်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ဆိုယုဇ်ဒုံးပျံဟာ အာကာသနယ်ပယ်မှာ သက်တမ်းအရင့်ဆုံး ဒုံးပျံဖြစ်ပြီး စိတ်အချရဆုံး ဒုံးပျံတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    အမေရိကန်က F-35 တိုက်လေယာဉ်အားလုံး ပြန်စစ်မည်
    ==================
    အမေရိကန်က သူတို့ရဲ့ F-35 တိုက်လေယာဉ်အားလုံးကို စက်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီး ပြီးခဲ့တဲ့လ တောင်တရုတ်ပင်လယ်မှာ F-35 လေယာဉ်တစ်စီး ပျက်ကျပြီးတဲ့နောက် ဒီလို စစ်ဆေးမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ F-35 တိုက်လေယာဉ်ဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံးလေယာဉ်ဖြစ်ပါတယ်။ ဒါပေမယ့် ဆီလိုင်းပြဿနာတွေကို ကြုံတွေ့နေတာဖြစ်ပြီး အခုစစ်ဆေးမှုမှာ ဒါကို ပြုပြင်ဖို့ ရှိနေပါတယ်။ စစ်ဆေးမှုဟာ ၁ ရက်ကနေ ၂ ရက်အတွင်း ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

    Ref : BBC, Aljazeera

  • တစ်ဖက်ကစော်ကားလျှင် တုန့်ပြန်တတ်သည်မှာ ဓမ္မတာဟု ခါဘစ်ကို ပူတင် နှစ်သိမ့်

    တစ်ဖက်ကစော်ကားလျှင် တုန့်ပြန်တတ်သည်မှာ ဓမ္မတာဟု ခါဘစ်ကို ပူတင် နှစ်သိမ့်

    အောက်တိုဘာ ၁၁၊ ၂၀၁၈
    M-Media

    ပူတင်နှင့် ခါဘစ်တို့သားအဖ တွေ့ဆုံစဉ်

    – မိမိကိုစော်ကားလာရင် လက်တုန့်ပြန်တတ်သည်မှာ ဓမ္မတာပင်ဖြစ်ပြီး တစ်ခြားလူများလည်း ၎င်းကဲ့သို့ပင် လက်တုန့်ပြန်ကြလိမ့်မယ်လို့ ရုရှားသမ္မတ ပူတင်က MMA တိုက်ခိုက်ရေးသမား ခါဘစ် နူမာဂိုမီဒေါ့ဗ်ကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။

    ရုရှားနိုင်ငံသား ခါဘစ်ဟာ စနေနေ့က လက်စ်ဗီးဂက်စ်မှာ ကျင်းပခဲ့တဲ့ လိုက်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲမှာ အိုင်ယာလန်နိုင်ငံသား ကိုနာ မက်ဂရီဂေါ်ကို
    ၄ ချီမြောက်မှာ ချုပ်ကွက်နဲ့ အနိုင်ရခဲ့ပြီး ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ ခါဘစ်ဟာ ကြိုးဝိုင်းကိုကျော်ကာ ဂရီဂေါ်ရဲ့ အသင်းသားတွေကို သွားရောက် ထိုးကြိတ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။

    မက်ဂရီဂေါ်အနေနဲ့ သူ့ရဲ့နိုင်ငံ၊ ဘာသာနဲ့ မိဘတို့ကို စော်ကားမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ပေါက်ကွဲခဲ့တာဖြစ်ကြောင်း၊ ဒီအတွက် ပရိသတ်တွေနဲ့ ပြိုင်ပွဲစီစဉ်သူတွေကို တောင်းပန်ကြောင်း ပွဲအပြီးမှာ ခါဘစ်က ပြောကြားခဲ့ပါတယ်။

    ရုရှားသမ္မတ ပူတင်က ဘယ်သူမဆို အစော်ကားခံလာရရင် ဒီလို တုန့်ပြန်ကြမှာဖြစ်တယ်လို့ မနေ့က ခါဘစ်တို့သားအဖနဲ့ တွေ့ဆုံမှုအတွင်း ပြောကြားခဲ့ပါတယ်။

    “အပြင်လူက ငါတို့ကို တိုက်ခိုက်လာရင် – မင်းမှမဟုတ်ဘူး ငါတို့လည်း အဲဒီလို ကြိုးဝိုင်းကိုကျော်ပြီး အဲဒီလူကို ပညာပေးပစ်မှာ။ ဒါပေမယ့် အဲဒီလိုအဆင့်မျိုး မရောက်တာက ပိုကောင်းတာပေါ့ကွာ”

    ပူတင်က ခါဘစ်ရဲ့အောင်မြင်မှုအတွက် ဂုဏ်ယူကြောင်းလည်း ပြောကြားခဲ့ပါတယ်။

    တနင်္လာနေ့က မွေးရပ်မြေ ဒါဂျက်စတန်ကို ပြန်လာရာမှာ ပြည်သူတွေက ခါဘစ်ကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

    Ref: RT

  • တရုတ်နိုင်ငံသားတစ်ဦးကို စီးပွားရေးသူလျှိုမှုဖြင့် အမေရိကန်တရားစွဲ

    တရုတ်နိုင်ငံသားတစ်ဦးကို စီးပွားရေးသူလျှိုမှုဖြင့် အမေရိကန်တရားစွဲ

    အောက်တိုဘာ ၁၁၊ ၂၀၁၈
    M-Media

    အမေရိကန် ထိပ်တန်း လေကြောင်းကုမ္ပဏီ General Electric

    – စီးပွားရေးဆိုင်ရာ သူလျှိုလုပ်တယ်လို့ စွပ်စွဲကာ အမေရိကန်က တရုတ်နိုင်ငံသားတစ်ဦးကို တရားစွဲဆိုလိုက်ပြီး ဒီလူဟာ တရုတ်အစိုးရရဲ့ ထောက်လှမ်းရေးတစ်ဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ယန်ဂျွန်ရှူးဆိုသူဖြစ်ပြီး သူဟာ တရုတ်အတွက် အမေရိကန် လေကြောင်းကုမ္ပဏီတွေကနေ ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ ထိပ်တန်း လျှို့ဝှက်ချက်တွေကို ခိုးယူဖို့ ကြိုးစားတယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောကြားထားပါတယ်။ ယန်ကို အခုနှစ်အစောပိုင်းက ဘယ်လ်ဂျီယံမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ အမေရိကန်က လွှဲပြောင်းလက်ခံခဲ့ပါတယ်။

    အမေရိကန် အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယရှေ့နေချုပ်က ဒီကိစ္စဟာ စီးပွားရေးနဲ့ပတ်သက်ပြီး အမေရိကန်အပေါ် တရုတ်က ထိပ်ကွက်ဖို့လုပ်တဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ ကာယအား၊ ဉာဏအားတွေကို နိုင်ငံတစ်နိုင်ငံက ခိုးယူတာမျိုး ဘယ်တော့မှ သည်းခံမှာ မဟုတ်ပါဘူး”

    အစိုးရရှေ့နေတွေက ယန်ဂျွန်ရှူးဟာ တရုတ်ထောက်လှမ်းရေးဌာနက အကြီးတန်းအရာရှိတစ်ဦးဖြစ်ပြီး တန်ပြန်ထောက်လှမ်းရေး၊ နိုင်ငံရပ်ခြား သူလျှိုမှု၊ နိုင်ငံရေးလုံခြုံရေးမှုဆိုင်ရာ ကိစ္စတွေအတွက် တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ယန်ဟာ လေကြောင်းကုမ္ပဏီတွေက ပညာရှင်တွေကို တက္ကသိုလ်တွေမှာ ဟောပြောပွဲလုပ်ပေးဖို့ဆိုတဲ့ ပုံစံမျိုးနဲ့ တရုတ်ပြည်ကို ခေါ်ယူကာ အချက်အလက်တွေ ရယူဖို့ ကြိုးစားတယ်လို့လည်း အစိုးရရှေ့နေတွေက ဆိုပါတယ်။

    အမေရိကန်မှာ စီးပွားရေးဆိုင်ရာ သူလျှိုလုပ်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်ဟာ ထောင်ဒဏ် ၁၅ နှစ်ဖြစ်ပြီး၊ စီးပွားလျှို့ဝှက်ချက်တွေ ရယူဖို့ ကြိုးစားမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ် ၁၀ နှစ် ဖြစ်ပါတယ်။

    Ref: BBC

  • ယေဟောဝါသက်သေ အသင်းဝင် ၅ ဦးကို လက်နက်မှု၊ အစွန်းရောက်မှုဖြင့် ရုရှား ဖမ်းဆီး

    ယေဟောဝါသက်သေ အသင်းဝင် ၅ ဦးကို လက်နက်မှု၊ အစွန်းရောက်မှုဖြင့် ရုရှား ဖမ်းဆီး

    အောက်တိုဘာ ၁၁၊ ၂၀၁၈
    M-Media

    – ခရစ်ယာန် ‘ယေဟောဝါသက်သေ’ အသင်းတော်က အဖွဲ့ဝင် ၅ ဦးကို လက်နက်နဲ့ အစွန်းရောက်ဝါဒဆိုင်ရာ စွဲချက်တွေနဲ့ ရုရှားက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

    ရုရှားဟာ အဲဒီအသင်းတော်ကို ၂၀၁၇ ခုနှစ်မှာ တရားမ၀င်အသင်းအဖြစ် ကြေငြာခဲ့ပြီး၊ အစွန်းရောက်အဖွဲ့အစည်းစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အသင်းဝင်တွေကို စောင့်ကြည့်ကန့်သတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုကိုလည်း ခံလာရပါတယ်။

    ရုရှား တရားရေးဝန်ကြီးဌာနက ‘ယေဟောဝါသက်သေ’ အသင်းတော်ဟာ အခြားသော ဘာသာရေးအုပ်စုတွေကို အမုန်းပွားစေမယ့် လက်ကမ်းကြော်ငြာတွေ ဖြန့်ဝေတာတွေ လုပ်ဆောင်တာကြောင့် ပိတ်ပင်ရတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    အခုဖမ်းဆီးလိုက်တဲ့ ၅ ဦးဟာ မော်စကိုမြို့ ဆင်ခြေဖုံးမှာ နေထိုင်သူတွေဖြစ်ပြီး ကန်ဒေါ်လာ ၇၅၀၀ အလှူငွေကောက်ခံတာ၊ ဘာသာရေးအခမ်းအနား ပြုလုပ်တာတွေ ရှိခဲ့ကြောင်း၊ စီးနင်းမှုအတွင်း အစွန်းရောက်စာတမ်းတွေ တော်တော်များများနဲ့ လက်ပစ်ဗုံနှစ်လုံး၊ မြေမြှုပ်မိုင်းတစ်လုံးတို့ကိုလည်း တွေ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

    ‘ယောဟောဝါသက်သေ’ ဥရောပဆိုင်ရာအဖွဲ့က အဖွဲ့ဝင် ယာရိုဆလပ် စီဗူလ်စကီက သူတို့အဖွဲ့ဝင်တွေ လက်နက်ကိုင်ဆောင်တယ်လို့ စွပ်စွဲခံရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၁၉ ရာစုက အမေရိကန်ပြည်ထောင်စုမှာ စတင်ဖွဲ့စည်းခဲ့တဲ့ ‘ယေဟောဝါသက်သေ’ အသင်းတော်ဟာ ကမ္ဘာတစ်ဝှမ်း အသင်းဝင် ၈ သန်းလောက်ရှိနေပြီး တစ်အိမ်တက်ဆင်း ဇွဲနပဲကြီးစွာနဲ့ သာသနာပြုတဲ့အတွက် ကျော်ကြားပါတယ်။ အသင်းတော်ရဲ့ ၂၀၁၇ ခုနှစ် ထုတ်ပြန်ချက်အရ ရုရှားမှာ အသင်းဝင် ၁၇၅၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    ရုရှားရဲ့ ဘာသာရေးဖိနှိပ်မှုနောက်ပိုင်း ယေဟောဝါအသင်းဝင် ရာနဲ့ချီ သူတို့နိုင်ငံထဲ လာရောက်ခိုလှုံခဲ့ကြတယ်လို့ ဖင်လန်နိုင်ငံက ပြောကြားထားပါတယ်။

    ရုရှားနိုင်ငံမှာ ရုရှားအော်သိုဒေါ့စ် ခရစ်ယာန်ဘာသာက လူများစုဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် နိုင်ငံတကာ ဘာသာရေးလွပ်လပ်ခွင့်ကော်မရှင်ရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံအရ ကမ္ဘာပေါ်မှာ ဘာသာရေးလွတ်လပ်ခွင့် အပိတ်ပင်ဆုံးနိုင်ငံတွေထဲမှာ ရုရှားလည်း ပါဝင်တာကို တွေ့ရပါတယ်။

    Ref: BBC

  • အကြွေးနွံနစ်မည့် စိုးရိမ်မှုကြောင့် တရုတ်စီမံကိန်းတစ်ခုကို ဆီရာလီယိုနီ ဖျက်သိမ်း

    အကြွေးနွံနစ်မည့် စိုးရိမ်မှုကြောင့် တရုတ်စီမံကိန်းတစ်ခုကို ဆီရာလီယိုနီ ဖျက်သိမ်း

    အောက်တိုဘာ ၁၁၊ ၂၀၁၈
    M-Media

    ဆီရာလီယွန်နီသမ္မတနှင့် တရုတ်သမ္မတ

    – အကြွေးနွံနစ်မယ်ဆိုတဲ့ နိုင်ငံတကာရဲ့ သတိပေးချက်တွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆီရာလီယိုနီနိုင်ငံဟာ တရုတ်က ငွေထုတ်ပေးမယ့် ကန်ဒေါ်လာ သန်း ၄၀၀ တန် နိုင်ငံတကာလေဆိပ်သစ်တစ်ခု ဆောက်လုပ်မယ့် စီမံကိန်းကို ဖျက်သိမ်းလိုက်ပါတယ်။

    Mamamah လို့အမည်ပေးထားတဲ့ အဲဒီ လေဆိပ်သစ် စီမံကိန်းကို သမ္မတဟောင်း အာရ်နက်စ် ဘိုင် ကိုရိုမာက ရွေးကောက်ပွဲမရှုံးခင် မတ်လမှာ ဒီစီမံကိန်းကို အတည်ပြုခဲ့ပြီး၊ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့က စီမံကိန်းဟာ တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲ ကျဆင်းမယ့်အန္တရာယ် ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။

    ဆီရာလီယိုနီရဲ့ လေကြောင်းဆိုင်ရာအကြီးအကဲ ကာဘီနဟ် ကာလွန်က ဒီစီမံကိန်းဟာ တိုင်းပြည်အတွက် မလိုအပ်ဘဲ ရှိပြီးသား လေဆိပ်ကိုသာ ပြုပြင်မွမ်းမံမှုတွေ လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဆီရာလီယိုနီမှာ လက်ရှိ နိုင်ငံတကာလေဆိပ် တစ်ခုတည်းသာရှိပြီး လေဆိပ်ကနေ မြို့တော် ဖရီးတောင်းကိုရောက်ဖို့အတွက် စက်လှေ၊ ဒါမှမဟုတ် ရဟတ်ယာဉ်တွေ စီးပြီး သွားရတာ ဖြစ်ပါတယ်။

    လက်ရှိသမ္မတ ဂျူလီယက်စ်မာဒါက လေဆိပ်သစ်အစား ဖရီးတောင်းနဲ့ လက်ရှိလေဆိပ်ကို ဆက်သွယ်ပေးမယ့် တံတားတစ်ခု ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ ကာလွန်က ပြောကြားခဲ့ပါတယ်။

    အခုလို Mamamah လေဆိပ်သစ်စီမံကိန်း ဖျက်သိမ်းလိုက်တဲ့အတွက် တရုတ်ကို အလျော်ပေးရမလားဆိုတဲ့ကိစ္စကို အတိအကျ မသိရှိသေးဘဲ တရုတ်နဲ့ ဆက်ဆံရေးကောင်းကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့လည်း ကာလွန်က ဆိုပါတယ်။

    အာဖရိကနိုင်ငံတော်တော်များများဟာ တရုတ်ဆီက ငွေကြေးအကူအညီတွေ၊ ချေးငွေတွေကို ရယူနေကြပြီး စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဒါဟာ အကြွေးထောင်ချောက်ထဲ သက်ဆင်းနေတာဖြစ်တယ်လို့ သတိပေးထားကြပါတယ်။

    တရုတ်ဟာ အာဖရိက ဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဥရောပကော်မရှင်၊ ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ နိုင်ငံကာ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ ကမ္ဘာ့ဘဏ်နဲ့ G8 နိုင်ငံအဖွဲ့ အားလုံးပေါင်းထက်ပိုပြီး အာဖရိကရဲ့ အခြေခံအဆောက်အဦးကဏ္ဍမှာ ငွေကြေးထောက်ပံ့သူ ဖြစ်လာပါတယ်။

    တရုတ်ကတော့ သူ့ရဲ့ ငွေကြေးထောက်ပံ့မှုတွေဟာ အကြွေးထောက်ချောက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

    Ref: BBC