News @ M-Media
Blog
  • မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် တာဝန်အတိုင်းမလုပ်ဟု အရပ်ဖက်အဖွဲ့များ ဝေဖန်
    မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် တာဝန်အတိုင်းမလုပ်ဟု အရပ်ဖက်အဖွဲ့များ ဝေဖန်
    အောက်တိုဘာ ၉၊ ၂၀၁၈
    M-Media
    ကိုပါကြီး အသတ်ခံရမှုအတွက် ဆန္ဒပြမှု
    – မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်MNHRC ဟာ စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်နိုင်စွမ်း မရှိဘူးလို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်ပြစ်တင်လိုက်ပြီး ကော်မရှင်သက်တမ်း ၇ နှစ်ရှိလာပေမယ့် အလုပ်နဲ့ သက်သေမပြနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
    Progressive Voice အဖွဲ့အစည်းက ဦးဆောင်ကာ အရက်ဖက်အဖွဲ့အစည်း တစ်ဒါဇင်လောက် စုပေါင်းပြီး ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အခုလို ဖော်ပြထားတာဖြစ်ပြီး MNHRC ဟာ စစ်တပ်ကို ကာကွယ်တဲ့ ကာဗာတစ်ခုအဖြစ် အသုံးချခံနေရကာ လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ Progressive Voice အဖွဲ့ရဲ့ သုတေသနဒါရိုက်တာ အဲလက် မူဒီက ကော်မရှင်အနေနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို လူသိရှင်ကြား ရှုတ်ချဖို့အတွက် တောင်းဆိုခဲ့ပါတယ်
    “ကော်မရှင်ဟာ အခွင့်အရေး ချိုးဖောက်ခံရသူတွေဖက်က ရပ်တည်သင့်ပြီး၊ ဒီလိုချိုးဖောက်မှုတွေကိုလည်း စုံစမ်းစစ်ဆေးရပါမယ်”
    အစီရင်ခံစာမှာတော့ MNHRC ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာ ဥပဒေအရ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်ပိုင်ခွင့်အများအပြား ရှိပေမယ့် တာဝန်မကျေပွန်ဘူးလို့လည်း ဖော်ပြထားပါတယ်။
    Genuine People’s Servants အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ ဦးသွင်လင်းအောင်က လူ့အခွင့်အရေးဆိုင်ရာ အရေးပါတဲ့ ကိစ္စရပ်တွေအားလုံးမှာ MNHRC က ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ဘဲ၊ လူထုရဲ့ယုံကြည်မှုကို ဆုံးရှုံးနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “အခုအချိန်မှာ အစိုးရနဲ့ စစ်တပ်တို့ရဲ့ လွှမ်းမိုးမှုကနေ လွတ်ကင်းပြီး ခိုင်မာတိကျ၊ စည်းကမ်းပြည့်ဝတဲ့ လူအခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ခု အရင်ကထက် ပိုပြီး
    လိုအပ်လာပါပြီ”
    Return to Sender:’ MNHRC Enabling Law Must Be Returned to Parliament for Structural Reform လို့ အမည်ပေးထားတဲ့ ကြေငြာချက်မှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ခံရသူတွေကို ပြည့်ပြည့်၀၀ ကာကွယ်ပေးဖို့အတွက် MNHRC စစ်တပ်ရဲ့ လွှမ်းမိုးမှုကနေ မလွတ်ကင်းသလို လွတ်ကင်းလိုစိတ်လည်း မရှိဘူးလို့ ထောက်ပြထားပါတယ်။
    အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူကို စစ်သားတွေက ပစ်ခတ်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ကချင်တိုင်းရင်းသား Brang Shawng က ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ ကော်မရှင်ကို တိုင်ကြားခဲ့ပေမယ့် ကော်မရှင်က စုံစမ်းစစ်ဆေးမှုမရှိတာ၊ တိုင်ကြားသူကို စစ်တပ်က ရာဇ၀တ်မှုနဲ့ အမှုပြန်ဖွင့်တာကို မကာကွယ်ပေးနိုင်တာကို ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ မြန်မာစစ်တပ်တို့ တိုက်ခိုက်မှုသတင်းကို ရယူရင်း စစ်တပ်ရဲ့ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ သတင်းထောက် ကိုပါကြီးအမှုမှာ MNHRC က စုံးစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ကျူးလွန်သူ စစ်သားတွေကို အရပ်ဖက်တရားရုံးမှာ တရားစွဲဆိုဖို့ အကြံပြုခဲ့ပေမယ့် စစ်တပ်က တံခါးပိတ်စစ်ခုံရုံးမှာ စစ်ဆေးပြီး ကျူးလွန်သူ စစ်သားနှစ်ဦးကို လွှတ်ပေးလိုက်တဲ့ကိစ္စဟာလည်း စစ်တပ်ရဲ့ ကျူးလွန်မှု ခံခဲ့ရသူတွေကို HNHRC က အပြည့်အ၀ မကာကွယ်ပေးနိုင်မှုကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။
    ရန်ကုန်မြို့က နာမည်ကြီး အပ်ချုပ်ဆိုင်မှာ အိမ်အကူအဖြစ် လုပ်ကိုင်နေရတဲ့ မိန်းကလေးနှစ်ဦး နှိပ်စက်ခံရမှုမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အဖွဲ့ဝင် ၄ ဦး နှုတ်ထွက်မှုဟာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ တာဝန်သိစိတ် အားနည်းတာကို ပြသနေပြီး၊ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ထိခိုက်စေတယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    MHHRC ဥက္ကဌ ဦးဝင်းမြက ကြေငြာချက်ပါ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး မသိရှိသေးဘဲ၊ မိမိတို့အနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးဖို့အတွက် လုပ်ဆောင်နေတယ်လို့ Frontier သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။
    “ကျွန်တော်တို့ ဘယ်သူ့ကိုမှ မကာကွယ်ပေးပါဘူး”
    ဒါ့အပြင် ကော်မရှင်ရဲ့ ဝေဖန်တောင်းဆိုမှုကြောင့် အစိုးရဟာ အကျဉ်းထောင်တွေနဲ့ အချုပ်စခန်းတွေမှာရှိနေတဲ့ အကျဉ်းသားတွေရဲ့ အခြေအနေကို ကောင်းမွန်အောင် ဆောင်ရွက်ပေးခဲ့တယ်ဆိုတဲ့ လတ်တလော တိုးတက်မှုအကြောင်းကိုလည်း ဦးဝင်းမြက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ကော်မရှင်ဟာ မြန်မာနိုင်ငံတစ်ဝှမ်းက စစ်တက္ကသိုလ်တွေနဲ့ လေ့ကျင့်ရေးကျောင်းတွေမှာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ပတ်သက်လို့ သင်ကြားပို့ချပေးနေပြီး ဒါဟာ ကြီးမားတဲ့ အောင်မြင်တစ်ခုဖြစ်တယ်လို့လည်း ဥက္ကဌက ဆိုပါတယ်။
    Ref: Frontier Myanmar
    (Frontier Myanmar မှ သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်)
  • တရုတ်ထံမှ ဒရုန်းများနှင့် ဒရုန်းနည်းပညာကို ပါကစ္စတန်က ၀ယ်ယူ
    တရုတ်ထံမှ ဒရုန်းများနှင့် ဒရုန်းနည်းပညာကို ပါကစ္စတန်က ၀ယ်ယူ
    အောက်တိုဘာ ၉၊ ၂၀၁၈
    M-Media
    ပါကစ္စတန်က ၀ယ်ယူခဲ့သည့် Wing Loong II အမျိုးအစား ဒရုန်း
    – ပါကစ္စတန်ဟာ တရုတ်နိုင်ငံကနေ ဘက်စုံသုံး မောင်းသူမဲ့ ဒရုန်းလေယာဉ် ၄၈ စင်း ၀ယ်ယူခဲ့ပြီး ဒါဟာ တရုတ်လေကြောင်း လုပ်ငန်းတွေအတွက်
    အကြီးမားဆုံး အရောင်းအ၀ယ်ဖြစ်တယ်လို့ ကွန်မြူနစ်ပါတီ အာဘော်သတင်းစာ Global Times က ဖော်ပြခဲ့ပါတယ်။
    ပါကစ္စတန်လေတပ်ရဲ့ Sherdils Aerobatic အဖွဲ့က ဒရုန်းတွေ ၀ယ်ယူမှုကို Facebook စာမျက်နှာမှာ အတည်ပြုခဲ့ပြီး တန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတာကို မဖော်ပြထားပါဘူး။ ဒါပေမယ့်တရုတ်နိုင်ငံပိုင် လေကြောင်းလုပ်ငန်းအနေနဲ့ ဈေးကို တော်တော်လေး လျှော့ချပေးခဲ့တယ်လို့ ယုံကြည်ရပါတယ်။
    ဒရုန်းဆိုင်ရာ နည်းပညာတွေ လွှဲပြောင်းပေးရေး နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ထိုးပြီး ရင် နောက်ပိုင်းမှာ ပါကစ္စတန်လေကြောင်းပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း Pakistan Aeronautical Complex နဲ့ တရုတ်ဒရုန်းကုမ္ပဏီတို့ ပူးပေါင်းကာ ပါကစ္စတန်နိုင်ငံမှာ ဒရုန်းတွေ ထုတ်လုပ်သွားဖို့ရှိတယ်လို့ Sherdils Aerobatic က ထည့်သွင်းရေးသားခဲ့ပါတယ်။
    ပါကစ္စတန်က ၀ယ်ယူခဲ့တဲ့ ဒရုန်းတွေဟာ ၂၀၁၇ ခုနှစ်က ထုတ်ုလပ်ခဲ့တဲ့ Wing Loong II အမျိုးသားအဖြစ်ပြီး ထောက်လှမ်းရေး၊ တိုက်ခိုက်ရေး စသဖြင့် ဘက်စုံသုံးနိုင်ပါတယ်။ တရုတ်နိုင်ငံပိုင် လေကြောင်းလုပ်ငန်းဟာ ပညာရှင်တွေကို ပါကစ္စတန်လွှတ်ပြီး ထုတ်လုပ်ရေးလုပ်ငန်းတွေ စမ်းသပ်ဖော်ဆောင်ဖို့လည်း ရှိနေပါတယ်။
    ပါကစ္စတန်က Wing Loong II ဒရုန်း ၄၈ စီး ၀ယ်ယူခဲ့တာ မှန်မယ်ဆိုရင် ဒါဟာ လက်ရှိအချိန်အထိ တရုတ်နိုင်ငံက အကြီးမားဆုံး ဒရုန်းရောင်းချမှုဖြစ်တယ်လို့ တရုတ်စစ်ရေးကိစ္စတွေကို စောင့်ကြည့်နေတဲ့ Song Zhongping က ပြောကြားခဲ့ပါတယ်။
    တရုတ်လွတ်မြောက်ရေးတပ်ဖွဲ့ဟာ ဒရုန်းတပ်ခွဲကို ဖွဲ့စည်းလိုက်တယ်လို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
    တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ဒရုန်းတွေကို အီရတ်နဲ့ ဆော်ဒီအာရေဗျအပါအ၀င် အခြားနိုင်ငံတွေကလည်း ၀ယ်ယူဖို့ ကမ်းလှမ်းမှုတွေ ရှိနေပါတယ်။
    Ref: Asia Times
  • မဟာသီကို ဖခင်လို၊ ခေါင်းဆောင်လို ချစ်သည်ဟု အန်ဝါရ်ပြော
    မဟာသီကို ဖခင်လို၊ ခေါင်းဆောင်လို ချစ်သည်ဟု အန်ဝါရ်ပြော
    အောက်တိုဘာ ၉၊ ၂၀၁၈
    M-Media
    – မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ကို ဖခင်တစ်ယောက်အဖြစ်ရော၊ ခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ပါ ချစ်ခင်လေးစားတယ်လို့ အတိုက်အခံဟောင်း နိုင်ငံရေးသမား အန်န၀ါရ် အီဘရာဟင်က ပြောကြားလိုက်ပါတယ်။
    ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အန်ဝါရ်က မနေ့ကပြုလုပ်တဲ့ မဲဆွယ်ရေးလှုပ်ရှားမှုမှာ ဒီလို ပြောကြားလိုက်တာဖြစ်ပြီး မဲဆွယ်ပွဲကို မဟာသီလည်း တက်ရောက်ခဲ့ပါတယ်။
    ၁၉၉၀ ပြည့်နှစ်တွေက မဟာသီလက်အောက်မှာ ဒုတိယ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အန်ဝါရ်ဟာ နောက်ပိုင်းမှာ မဟာသီနဲ့ သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့ပြီး ရာထူးက ဖြုတ်ခံခဲ့ရသလို ထောင်ဒဏ်ချမှတ်မှုကိုလည်း ခံခဲ့ရပါတယ်။
    အန်ဝါရ်ကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုခဲ့ပါတယ်။
    “ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ကျွန်တော်သူ့ကို ကောင်းကောင်းသိတယ်။ ဖခင်တစ်ယောက်အဖြစ် ခေါင်းဆောင်တစ်ယောက်အဖြစ်ချစ်ခင်လေးစားပါတယ်။ အရင်တုန်းက သူနဲ့ကျွန်တော် အတိုက်အခံဖြစ်ဖူးတယ်။ သူဟာ မလေးရှားကို ဦးဆောင်နိုင်ဆုံးသူဆိုတာ အခု ကျွန်တော် လက်ခံပါပြီ”
    အန်ဝါရ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ ပေါ့တ်ဒစ်ဆင်ကနေ ၀င်ရောက်ယှဉ်ပြိုင်ပြီး အမတ်ဖြစ်လာရင် ၀န်ကြီးချုပ်မဟာသီရဲ့ နေရာကို ဆက်ခံမှာ ဖြစ်ပါတယ်။ မဟာသီကလည်း ၀န်ကြီးချုပ်တာဝန်ကို ၂ နှစ်သာ ထမ်းဆောင်မယ်လို့ ပြောကြားထားပါတယ်။
    မဟာသီကတော့ ဒီအခမ်းအနားကို တက်ရောက်ပြီး အန်ဝါရ်အတွက် မဲဆွယ်ပေးရတာကို ၀မ်းသာတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ရွေးကောက်ပွဲမှာ အန်ဝါရ် အီဘရာဟင် အနိုင်ရပြီး ကျွန်တော်တို့နဲ့ လက်တွဲလုပ်ဆောင်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူ့အတွက်မဟုတ်၊ ကျွန်တော့်အတွက်လည်းမဟုတ်ဘူး၊ (ကာကွယ်ရေးဝန်ကြီး) ဆာဘူးအတွက်လည်းမဟုတ်ဘူး၊ (ဘဏ္ဍာရေးဝန်ကြီး) လင်ဂွန်အန်အတွက်လည်းမဟုတ်ပါဘူး။ ကျွန်တော်ချစ်တဲ့ တိုင်းပြည်အတွက်၊ ကျွန်တော်တို့ Pakatan Harapan ကို မဲပေးခဲ့တဲ့ ပြည်သူတွေအတွက် အလုပ်လုပ်ဖို့ ဖြစ်ပါတယ်”
    Ref: CNA
  • စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်နှစ်ဦး ရရှိ
    စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်နှစ်ဦး ရရှိ
    အောက်တိုဘာ ၉၊ ၂၀၁၈
    M-Media
    – ၂၀၁၈ ခုနှစ်အတွက် စီးပွားရေးးဆိုင်ရာ နိုဘယ်ဆုအတွက် အမေရိကန် စီးပွားရေးပညာရှင်နှစ်ဦးဖြစ်တဲ့ ၀ီလီယံ နော့ဒ်ဟက်စ်နဲ့ ပေါလ် ရိုမာတို့ကို ရွေးချယ်လိုက်ပြီး စီးပွားရေးကဏ္ဍမှာ နည်းလမ်းအသစ်တွေ၊ တိုးတက်မှုအသစ်တွေ ရရှိအောင် လုပ်ဆောင်နိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
    နော့ဒ်ဟက်စ်ဟာ ယေးလ်တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်ပြီး၊ လက်ရှိ နယူးယောက်တက္ကသိုလ်ရဲ့ Stern စီးပွားရေးကောလိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရိုမာဟာ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးဆိုင်ရာ အကြီးအကဲဟောင်း ဖြစ်ပါတယ်။
    နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က သူတို့နှစ်ဦးဟာ “စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို ဆောင်ရွက်ရမလဲဆိုတဲ့ ယနေ့ခေတ် အခြေခံအကျဆုံး၊ ဖိအားအများဆုံး ပြဿနာကို” ဖြေရှင်းပေးခဲ့တယ်လို့ မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။
    အသက် ၇၇ နှစ်အရွယ် နော့ဒ်ဟက်စ်ဟာ “ရေရှည်စီးပွားရေး သုံးသပ်မှုမှာ ရာသီဥတုပြောင်းလဲမှုကို ထည့်သွင်းခဲ့တဲ့အတွက်” နိုဘယ်ဆုကို ချီးမြှင့်ခံရတာဖြစ်ပြီး၊ အသက် ၆၂ နှစ်အရွယ် ရိုမာက ” စီးပွားရေးဆိုင်ရာ ဆန်းစစ်မှုမှာ နည်းပညာ ဆန်းသစ်မှုတွေကို ထည့်သွင်းခဲ့တဲ့အတွက်” ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့နှစ် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကိုလည်း အမေရိကန် စီးပွားရေးပညာရှင် ရစ်ချက်သာလာက ရရှိခဲ့ပါတယ်။
    Ref: Aljazeera
  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အောက်တိုဘာ ၉၊ ၂၀၁၈
    M-Media
    တရုတ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ်
    ဘက်ဂျက်ကို ပိုမိုအကျိုးရှိစွာ သုံးစွဲမည်ဟု မလေးရှားဘဏ္ဍာရေးဝန်ကြီး ပြော
    =====================
    မိမိတို့တိုင်းပြည်ဟာ ခြိုးခြံခြွေတာတဲ့ ပေါ်လစီမျိုး သွားမှာမဟုတ်ပေမယ့် ဘက်ဂျက်တွေကို ပိုမိုအကျိုးရှိစွာ သုံးစွဲသွားမယ်လို့ မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်ဂွန်အန်က မနေ့မှာ ပြောကြားခဲ့ပါတယ်။ မလေးရှားအစိုးရဟာ လက်ရှိမှာ အကြွေး အမေရိကန်ဒေါ်လာ ဘီလီယံ ၂၄၀ လောက် ရှိနေပြီး ဒါဟာ နိုင်ငံ GDP ရဲ့ ၈၀.၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ လင်က ဒီလိုအကြွေးတွေများလာတာဟာ အစိုးရဟောင်းရဲ့ မဆင်မခြင် သုံးစွဲမှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ မိမိတို့အနေနဲ့ ပြည်သူတွေရဲ့အကျိုးစီးပွားကို ပိုမိုအကျိုးရှိစေမယ်ဆိုရင်ငွေကြေးသုံးစွဲဖို့ လက်နှေးသွားမှာမဟုတ်ဘူးလို့လည်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    တရုတ်မှာ အမေရိကန်၏အကျိုးစီးပွားကို ခြိမ်းခြောက်သူမဟုတ်ဟု ၀မ်ယီပြော
    =======================
    အမေရိကန်အနေနဲ့ တရုတ်နိုင်ငံအပေါ် မသင့်လျော်တဲ့လုပ်ရပ်တွေ ထပ်မလုပ်ဖို့၊ အမေရိကန်ရဲ့အကျိုးစီးပွားကို ခြိမ်းခြောက်သူအဖြစ် မမှတ်ယူဖို့အတွက်
    တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုနဲ့ မနေ့ကတွေ့ဆုံမှုမှာ ပြောကြားလိုက်ပါတယ်။ ပွမ်ပီယိုဟာ မြောက်ကိုရီးယားနျူကိစ္စအတွက် သူ့ရဲ့ အရှေ့အာရှ ခရီးစဉ်မှာ တရုတ်ကို ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ၀မ်က ထိုင်ဝမ်နဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ နှစ်နိုင်ငံ ယုံကြည်မှုကို ထိခိုက်စေကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေနဲ့ ပဋိပက္ခတွေ၊ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်မယ့်အစား ပူးပေါင်းဆောင်ရွက်မှုတွေသာ ပိုမိုလုပ်ဆောင်သင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ပျောက်ဆုံးဂျာနယ်လစ်ကို တူရကီက ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ၀င်ရှာမည်
    =====================
    ဆော်ဒီဂျာနယ်လစ် ဂျမားလ် ကာရှိုဂီ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး အစ္စတန်ဘူလ်က ကောင်စစ်ဝန်ရုံးထဲ ၀င်ရောက်ရှာဖွေဖို့အတွက် တူရကီအာဏာပိုင်တွေက
    ဆော်ဒီကို မနေ့မှာ မေတ္တာရပ်ခံထားပါတယ်။ ကာရှိုဂီဟာ အောက်တိုဘာ ၂ ရက်နေ့က ကောင်စစ်ဝန်ရုံးထဲ ၀င်ရောက်သွားခဲ့ပြီးတဲ့နောက်ပိုင်း ပျောက်ဆုံးသွားတာဖြစ်ပြီး တူရကီတာဝန်ရှိသူတွေက ကာရှိုဂီတစ်ယောက် ကောင်စစ်ဝန်ရုံးထဲမှာပဲ အသတ်ခံလိုက်ရတယ်လို့ ယူဆနေပါတယ်။ ကောင်စစ်ဝန်ရုံးထဲက တာဝန်ရှိသူတစ်ဦးက တူရကီရဲ့ အခုလိုစွပ်စွဲမှုဟာ အခြေအမြစ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ဆော်ဒီကောင်စစ်ဝန်ကို ၂ ကြိမ်တိုင်တိုင် ဆင့်ခေါ်ကာ ဖြေရှင်းချက် တောင်းထားပါတယ်။
    Ref: CNA, Aljazeera