News @ M-Media

Blog

  • နျူထိပ်ဖူးတပ်နိုင်သည့် ဒုံးကျည်တစ်စင်းကို ပါကစ္စတန် အောင်မြင်စွာ စမ်းသပ်

    နျူထိပ်ဖူးတပ်နိုင်သည့် ဒုံးကျည်တစ်စင်းကို ပါကစ္စတန် အောင်မြင်စွာ စမ်းသပ်

    အောက်တိုဘာ ၁၀၊ ၂၀၁၈
    M-Media

    – နျူပ်ထိပ်ဖူးတ နျူထိပ်ဖူးတပ်ဆင်ပစ်လွှတ်နိုင်မယ့် ဒုံးကျည်စနစ်တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ပါကစ္စတန်က ကြေငြာလိုက်ပါတယ်။

    မြေပြင်က မြေပြင်ပစ် Ghauri Ballistic Missile ဖြစ်ပြီး ပါကစ္စတန်စစ်တပ်ရဲ့ မဟာဗျူဟာစစ်ဌာနချုပ် (ASFC) က တနင်္လာနေ့မှာ စမ်းသပ်ခဲ့ကာ ကီလိုမီတာ ၁၃၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။ နျူထပ်ဖူးအပြင်၊ အခြား ဒုံးထိပ်ဖူးတွေကိုလည်း တပ်ဆင် ပစ်ခတ်နိုင်မှာပါ။

    “ဒါဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ရည်ရွယ်တဲ့ ပါကစ္စတန်ရဲ့ နျူစွမ်းအားကို ပိုမိုအားကောင်းစေမှာ ဖြစ်ပါတယ်” လို့ ပြည်တွင်း ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပြိုင်ဘက် အိန္ဒိယနဲ့ ဆွေးနွေးဖို့ စီစဉ်ထားမှု ပျက်ပြယ်သွားပြီးတဲ့နောက်ပိုင်း ပါကစ္စတန်ရဲ့ ဒီစမ်းသပ်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းရဲ့ ဆွေးနွေးပွဲ ဖိတ်ကြားမှုကို အိန္ဒိယက အစောပိုင်းမှာ လက်ခံခဲ့ပေမယ့် ပါကစ္စတန်အခြေစိုက် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယရဲတွေ သေဆုံးခဲ့ပြီးတဲ့နောက် ဆွေးနွေးပွဲကို အိန္ဒိယဖက်က ဖျက်ခဲ့ပါတယ်။

    အိန္ဒိယဟာ ပြီးခဲ့တဲ့တစ်ပတ်က ရုရှားနဲ့ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်အပါအ၀င် လက်နက် တော်တော်များများ ၀ယ်ယူဖို့အတွက်ရုရှားနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

    Ref: RT

  • မလေးရှားတွင် ခေါက်ဆွဲပြုတ် အဆိပ်သင့်မှုကြောင့် ၂ ဦးသေဆုံး

    မလေးရှားတွင် ခေါက်ဆွဲပြုတ် အဆိပ်သင့်မှုကြောင့် ၂ ဦးသေဆုံး

    အောက်တိုဘာ ၁၀၊ ၂၀၁၈
    M-Media

    – နိုင်ငံတစ်ဝှမ်း စားသောက်ဆိုင်တွေမှာ မသန့်ရှင်းတဲ့ ခေါက်ဆွဲပြုတ်တွေကြောင့် လတ်တလော အစာအဆိပ်သင့်မှု စုစုပေါင်း ၄၂ ခု ဖြစ်ခဲ့တယ်လို့ မလေးရှား
    ကျန်းမာရေး ၀န်ကြီးဌာနက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် ကြာသာပတေးနေ့က ကဒါဟ်ပြည်နယ်က မြို့တစ်မြို့မှာ ခေါက်ဆွဲစားပြီး အစာအဆိပ်သင့်ကာ ၂ ဦး သေဆုံးခဲ့ပါတယ်။

    ညွှန်ကြားရေးမှူးဒေါက်တာ နူရ် ဟီရှမ် အဘ်ဒူလာဟ်က အစာအဆိပ်သင့်မှုဟာ ကဒါဟ်ပြည်နယ်မှာ ၁၄ ခု၊ ပဲရက်ပြည်နယ်မှာ ၇ ခု၊ ဆီလန်ဂေါပြည်နယ်မှာ ၂၁ ခုနဲ့ စုစုပေါင်း ၆၁ ခုအထိ ရှိလာပြီး သေဆုံးသူ ၂ ဦးရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အစာအဆိပ်သင့်သူတွေထဲက ၂၁ ဦးကို ဆေးရုံတင်ထားရပြီး ၃၈ ဦးဟာ ပြင်ပလူနာအဖြစ် ကုသနေရပါတယ်။

    အစာအဆိပ်သင့်မှုဟာ မသန့်ရှင်းတဲ့ ဆပ်ရွက်တွေကြောင့် ဖြစ်တယ်ဆိုတဲ့သတင်းတွေ မမှန်ဘူးလို့ ကဒါဟ်ပြည်နယ် ကျန်းမာရေးဌာနက ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ အစာအဆိပ်သင့်မှု ဖြစ်ပွားတဲ့ဆိုင်တွေက အစားအသောက် နမူနာတွေကို ယူပြီး ဓာတ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။

    Ref: CNA

  • ဟလာလ်အစားအသောက်ကို ပိတ်ပင်ကာ ၀ီဂါမွတ်စလင်များအပေါ် တရုတ်က ဖိနှိပ်မှု တိုးမြှင့်

    ဟလာလ်အစားအသောက်ကို ပိတ်ပင်ကာ ၀ီဂါမွတ်စလင်များအပေါ် တရုတ်က ဖိနှိပ်မှု တိုးမြှင့်

    အောက်တိုဘာ ၁၀၊ ၂၀၁၈
    M-Media

    – ၀ီဂါမွတ်စလင်တွေနေထိုင်ရာ ရှင်ကျန်းပြည်နယ်မှာ တရုတ်အစိုးရက ဟာလာလ်အစားအသောက် ဆန့်ကျင်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

    အောက်တိုဘာ ၇ ရက်နေ့က ပြည်နယ်မြို့တော် အူရွမ်ကီမှာ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေ ဦးဆောင်ကာ ကေဒါတွေက ဟာလာအစားအသောက် တိုက်ဖျက်ရေးလုပ်ငန်း လုပ်ဆောင်ဖို့အတွက် ကျမ်းကျိန်ခဲ့ကြတယ်လို့ မြို့ရဲ့ တရားဝင် Wechat မှာ လွှင့်တင်ထားပါတယ်။

    တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်မှာ ၀ီဂါမွတ်စလင် ၁ သန်းလောက်ကို အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းထားပြီး အဲဒီအတွက် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကိုလည်း ခံနေရပါတယ်။ တရုတ်ကတော့ ဒါဟာ အစွန်းရောက်ဝါဒ၊ ခွဲထွက်ရေးဝါဒကို နှိမ်နှင်းတာဖြစ်တယ်လို့ ပြန်လည်တုန့်ပြန်ထားပါတယ်။

    ကွန်မြူနစ်ပါတီ အာဘော်သတင်းစာဖြစ်တဲ့ Global Times က ဟာလာလ်အစားအသောက်ကိစ္စဟာ ဘာသာတရားအပေါ် ရန်လိုစေဖို့အတွက် မီးထိုးပေးနေပြီး ဘာသာရေးမစွက်တဲ့ လူနေမှုဘ၀ထဲကို အစ္စလာမ်ဘာသာ ၀င်ရောက်ဖို့အတွက် လမ်းဖွင့်ပေးနေတာ ဖြစ်တယ်လို့ ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဟာလာလ်အစားအသောက် ဆန့်ကျင်ရေးလုပ်ငန်း တစ်စိတ်တစ်ပိုင်းအဖြစ် မြို့တော် အူရွမ်ကီရဲ့ အစိုးရရှေ့နေချုပ် ၀ီဂါလူမျိုး အစ္စဟက် အိုစမန်က ‘မိတ်ဆွေ- ကျွန်တော့်အတွက် ဟာလာလ်စားသောက်ဆိုင် ရှာပေးဖို့ မလိုတော့ပါဘူး’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပါတယ်။

    အူရွမ်ကီမြို့ WeChat စာမျက်နှာမှာ အစိုးရအလုပ်သမားတွေအနေနဲ့ အစားအသောက်ရှောက်တဲ့ ကိစ္စမျိုး ရှိလို့မရဘဲ၊ အလုပ်က ကန်တင်းမှာ ဟင်းမျိုးစုံကို စားသောက်နိုင်ရမယ်လို့ ဖော်ပြထားပါတယ်။

    အူရွမ်ကီမြို့ ကွန်မြူနစ်ခေါင်းဆောင်တွေက အစိုးရ၀န်ထမ်းတွေအနေနဲ့ မာ့က်ဝါဒ၊ လီနင်ဝါဒတွေကိုသာ ယုံကြည်ရမှာဖြစ်ပြီး၊ ဘာသာတရားကို ယုံကြည်စရာမလိုကြောင်း၊ အများပြည်သူရှေ့မှာ မန်ဒရင်း တရုတ်စကားကိုသာ ပြောရမှာဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

    တရုတ်ရဲ့ ကွန်မြူနစ်အခြေခံဥပဒေမှာ ဘာသာတရားတွေကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်လို့ ဖော်ပြထားပေမယ့် အစိုးရကတော့ ဘာသာတရားအားလုံးအပေါ် ကန့်သတ်ဖိနှိပ်မှုတွေ ပြုလုပ်နေပါတယ်။

    Ref: CNA

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၀၊ ၂၀၁၈
    M-Media

    ထရမ့်နှင့် နစ်ကီဟာလေး

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နှစ်ကုန်လျှင် နှုတ်ထွက်မည်
    =================
    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေးရဲ့ နှုတ်ထွတ်စာကို လက်ခံလိုက်ပြီး နှစ်ကုန်ရင် ဟာလေးဟာ တာဝန်က အနားယူတော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ တောင်ကယ်ရိုလိုင်းနား အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ ဟာလေးဟာ အရင်က ထရမ့်ရဲ့ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်တွေအတွက်လည်း ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ လတ်တလော နိုင်ငံရေးလောကထဲကို ပြန်မ၀င်သေးဘဲ ၂၀၂၀ မှာ သမ္မတအဖြစ် ၀င်အရွေးခံမယ်ဆိုတဲ့ သတင်းတွေကိုလည်း သူမက ငြင်းဆိုခဲ့ပါတယ်။ ထရမ့်က သူ့အစိုးရမှာ ဟာလေးကို နေရာတစ်နေရာပေးပြီး ပြန်ခန့်ဖို့ မျှော်လင့်နေပါတယ်။

    အမေရိကန်ဦးဆောင်သည့် ပင်လယ်ဓားပြတိုက်ဖျက်ရေးလုပ်ငန်းမှ ပါကစ္စတန်နှုတ်ထွက်မည်
    =====================
    အမေရိကန်ဦးဆောင်ပြီး အိန္ဒိယသမုဒ္ဒရာမှာ တာဝန်ထမ်းဆောင်နေတဲ့ ပင်လယ်ဓားပြတိုက်ဖျက်ရေးအဖွဲ့ Combined Task Force (CTF) မှာ မိမိတို့စစ်တပ် ပါဝင်မှာမဟုတ်တော့ဘူးလို့ ပါကစ္စတန်က ကြေငြာလိုက်ပါတယ်။ အမေရိကန်ဟာ အရင်က သဘောတူထားတဲ့အတိုင်း စစ်ရေယာဉ်တွေ ကင်းလှည့်ဖို့ လောင်စာဆီ လုံလုံလောက်လောက် မပေးတဲ့အတွက် ဒီလိုနှုတ်ထွက်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခုလိုနှုတ်ထွက်မှုက လတ်တလော မကျေမလည်ဖြစ်နေတဲ့ ပါစ္စတန်-အမေရိကန် ဆက်ဆံရေးကို ပိုမိုဆိုးဝါးစေမှာ ဖြစ်ပါတယ်။ ပါကစ္စတန်စစ်တပ်က သူတို့နှုတ်ထွက်မှုရဲ့ဒဏ်ကို CTF အဖွဲ့ဝင်နိုင်ငံတွေ ကောင်းကောင်းခံစားရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    တရုတ်သြဇာကိုတွန်းလှန်ရေး ထိုင်ဝမ်က အမျိုးသားလုံခြုံရေး တိုးမြှင့်မည်
    ================
    နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီး မိမိတို့အစိုးရဟာ တရုတ်နိုင်ငံရဲ့ ဖိနှိပ်မှုကို လက်ခံမှာမဟုတ်ဘူးလို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က ဒီကနေ့ပြုလုပ်တဲ့ အမျိုးသားနေ့အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့ပိုင်နက်အဖြစ် သတ်မှတ်ထားကာ လတ်တလောမှာ စစ်ရေး၊ နိုင်ငံရေးအရ တိုးမြှင့် ဖိအားပေးမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ Tsai Ing-wen ကတော့ တရုတ်ဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ လက်ရှိအနေအထားကို စိန်ခေါ်နေပြီး မိမိတို့အနေနဲ့ အမှုမဲ့အမှတ်မဲ့ နေသွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

    Ref: Aljazeer, CNA

  • နာမည်ကြီးဂျာနယ်လစ်ကို ဆော်ဒီအစိုးရက ကြေစားငှားပြီး တူရကီတွင် သတ်ခိုင်းခဲ့ဟု New York Times ဖော်ပြ

    နာမည်ကြီးဂျာနယ်လစ်ကို ဆော်ဒီအစိုးရက ကြေစားငှားပြီး တူရကီတွင် သတ်ခိုင်းခဲ့ဟု New York Times ဖော်ပြ

    အောက်တိုဘာ ၁၀၊ ၂၀၁၈
    M-Media

    ဆော်ဒီကောင်စစ်ဝန်ရုံးထဲကို မ၀င်မီ စီစီတီဗီမှ တွေ့ရသည့် ကာရှိုဂျီ

    – အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲကို ၀င်ရောက်သွားပြီးနောက် ပျောက်ဆုံးသွားတဲ့ ဆော်ဒီဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီဟာ ကြေးစားအဖွဲ့ရဲ့ သတ်ဖြတ်မှုကို ခံရကာ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက် လက်စဖျောက်ခံလိုက်ရတယ်လို့ New York Times သတင်းစာက မနေ့မှာ ဖော်ပြလိုက်ပါတယ်။

    အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားဖော်ပြခဲ့တာဖြစ်ပြီး ၁၅ ဦးအပါအ၀င်တဲ့ ကြေးလူသတ်အဖွဲ့ကို ဆော်ဒီ ထိပ်တန်းအာဏာပိုင်တွေက ကောင်စစ်ဝန်ရုံးထဲမှာ ချထားခဲ့တာဖြစ်ကြောင်း၊ အဖွဲ့ထဲမှာပါဝင်တဲ့ မှုခင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူက အရိုးဖြတ်တဲ့ လွှနဲ့ ကာရှိုဂျီရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက်ခဲ့ကြောင်း ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    ကြေးစားလူသတ်အဖွဲ့ဟာ ဒီလုပ်ငန်းကို ၂ နာရီအတွင်း အပြီးအစီးဆောင်ရွက်ကာ တူရကီကနေ အခြားနိုင်ငံတွေကို လူခွဲထွက်ခွာသွားတယ်လို့ တူရကီအာဏာပိုင်တွေက နယူးယောက်တိုင်းမ်စ်ကို ပြောကြားခဲ့ပါတယ်။

    ကာရှိုဂျီဟာ အနောက်နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေက သံတမန်အသိုင်းအ၀ိုင်းမှာ ၀င်ဆံ့သူဖြစ်ပြီး ဆော်ဒီဘုရင့်အစိုးရကို ဝေဖန်ထောက်ပြလေ့ရှိသူလည်း ဖြစ်ပါတယ်။

    တူရကီက ကာရှိုဂျီဟာ ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ အသတ်ခံလိုက်ရတယ်လို့ ပြောကြာထားပြီး ကောင်စစ်ဝန်ရုံးထ၀င်ရှာဖို့ ဆော်ဒီအစိုးရထံမှာ ခွင့်တောင်းထားပါတယ်။

    ဆော်ဒီကတော့ တူရကီရဲ့ စွပ်စွဲမှုတွေကို ငြင်းဆိုပြီး ကာရှိုဂျီဟာ အောက်တိုဘာ ၂ ရက်နေ့က ကောင်စစ်ဝင်ရုံးထဲကနေ ထွက်သွားတယ်လို့ ပြန်ရှင်းထားပါတယ်။

    တူရကီအစိုးရနဲ့နီးစပ်တဲ့ ပြည်တွင်းသတင်းစာ Daily Sabah က ဆော်ဒီကြေးစားလူသတ်အဖွဲ့က အဖွဲ့ဝင် ၁၅ ဦးရဲ့ ပုံတွေ၊ အမည်တွေကို မနေ့မှာ ထုတ်ပြန်ခဲ့ပြီး တူရကီအာဏာပိုင်တွေက အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera