News @ M-Media

Blog

  • အစ္စလာမ်ကို ကြမ်းတမ်းစွာပုံဖေါ်နေမှုများကို မဟာသီ ဝေဖန်

    အစ္စလာမ်ကို ကြမ်းတမ်းစွာပုံဖေါ်နေမှုများကို မဟာသီ ဝေဖန်

    အောက်တိုဘာ ၈၊ ၂၀၁၈
    M-Media

    – အစ္စလာမ်သာသနာဟာ အခြားသူတွေကို စောင့်ရှောက်ခိုင်းထားတဲ့ သာသနာဖြစ်ပြီး အိမ်တွေထဲဝင်ရောက်ပြီး အပြစ်မရှိ၊ အပြစ်ရှာတာမျိုးကို အားပေးတဲ့ သာသနာမျိုးမဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြောကြားလိုက်ပါတယ်။

    မလေးရှားက အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းမှာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ကိစ္စတွေ ရှိလာရင် အိမ်ထဲ အဓမ္မ ၀င်ရောက်စစ်ဆေးတာနဲ့ပတ်သက်ပြီး မလေးရှားသတင်းစာ The Star နဲ့ အင်တာဗျူးမှာ မဟာသီက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

    မလေးရှားမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကိုယ်ကျင့်သီလပိုင်းဆိုင်ရာ ကိစ္စတွေကို ထိန်းသိမ်းကြပ်မတ်ဖို့အတွက် ဘာသာရေးစည်းကမ်းထိန်းအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။

    “အစ္စလာမ်သာသနာဟာ အလကားနေရင်း လက်တွေ၊ ခေါင်းတွေ ဖြတ်ခိုင်းတဲ့ ကြမ်းကြုတ်တဲ့သာသနာ မဟုတ်ပါဘူး။ ပြစ်ဒဏ်အသေးကနေ အကြီး စသဖြင့် အဆင့်ဆင့်သတ်မှတ်ပေးထားပေမယ့် သူတစ်ပါး အရှက်တကွဲအကျိုးနည်းအောင် လုပ်ချင်တဲ့သူတွေလည်း ရှိနေပါတယ်။ ဒါဟာ အစ္စလာမ်သာသနာနဲ့ ဆန့်ကျင်ဖက်ပါပဲ” လို့ မဟာသီက ပြောကြားခဲ့ပါတယ်။

    အိမ်ထောင်ရေးဖောက်ပြားတာဟာ ကိုယ်ကျင့်သီလဖောက်ဖျက်တာဖြစ်တဲ့အတွက် ဘာသာရေးစည်းကမ်းထိန်းတွေဟာ ကျူးလွန်သူတွေကို ဖမ်းဆီးကာ ပညာပေးတာ၊ ပြစ်ဒဏ်ပေးတာမျိုးတွေ မလေးရှားမှာ လုပ်ဆောင်လေ့ရှိပါတယ်။

    ဒါပေမယ့် နေအိမ်တွေထဲ အဓမ္မ၀င်ရောက်ပြီး ဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် ဘာသာရေးစည်းကမ်းထိန်းတွေအပေါ် ဝေဖန်မှုတွေ ရှိနေပြီး သာသနာရေးရာဝန်ကြီးသစ် ဒါတွတ် ဒေါက်တာ မူဂျာဟစ် ယူဆွဖ် ရာဝါက ဒီလို စီးနင်းမှုတွေကို ရပ်တန့်သွားမယ်လို့ ပြောကြားထားပါတယ်။

    မဟာသီက မူဂျာဟစ်ရဲ့မှတ်ချက်ကို ထောက်ခံခဲ့ပြီး အစ္စလာမ်ဟာ လူသားတွေကို ဂရုစိုက်တဲ့ သာသနာဖြစ်ကာ မိမိတို့အစိုးရအနေနဲ့ ခွင့်လွှတ်နားလည်ပေးတဲ့ အစ္စလာမ်ရဲ့ပုံစံကိုသာ ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။

    “သူများတွေကို အပြစ်ရှာ၊ သူများအိမ်တွေထဲ ၀င်ပြီး ဖမ်းဆီးဖို့ အစ္စလာမ်က မသွန်သင်ပါဘူး။ ဒါဟာ အစ္စလာမ်မဟုတ်ပါဘူး”

    Ref: The Star

  • အမေရိကန်မကာကွယ်လည်း ဆော်ဒီ ဆက်လက်တည်တံ့မည်ဟု အိမ်ရှေ့မင်းသား ပြော

    အမေရိကန်မကာကွယ်လည်း ဆော်ဒီ ဆက်လက်တည်တံ့မည်ဟု အိမ်ရှေ့မင်းသား ပြော

    အောက်တိုဘာ ၆၊ ၂၀၁၈
    M-Media

    – ဆော်ဒီဟာ ဘယ်သူ့အကာအကွယ်မှ မရှိဘဲနဲ့ နှစ်ပေါင်း ၂၀၀၀ ကျော် ရပ်တည်နိုင်တယ်လို့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်ပြီး ပြည်သူလူထုကလည်း တော်ဝင်မိသားစုကို ထောက်ခံကြတယ်လို့ ဆိုပါတယ်။

    အမေရိကန်ရဲ့ ကာကွယ်ပေးမှုသာ မရှိဘူးဆိုရင် ဆော်ဒီဟာ ၂ ပတ်တောင်မခံဘူးဆိုတဲ့ အခုတစ်ပတ်အစောပိုင်းက ထရမ့်ရဲ့ပြောကြားမှုကို မင်းသားက တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

    ဆော်ဒီနဲ့ ပင်လယ်ကွေ့နိုင်ငံတစ်ချို့မှာ အမေရိကန်တပ်ဖွဲ့တွေ တော်တော်များများချထားပြီး ဒီအတွက် ထရမ့်က လက်ခံထားတဲ့နိုင်ငံတွေကို စစ်စားရိတ် အကုန်အကျခံစေချင်နေတာ ဖြစ်ပါတယ်။

    ဘင် ဆလ်မန်က ထရမ့်ရဲ့ ဒီမှတ်ချက်ကို ပယ်ချလိုက်ပြီး ဆော်ဒီဟာ အမေရိကန်ဆိုတာ မရှိခင်ကတည်းက မိမိတို့နိုင်ငံက တည်ရှိနေခဲ့တာဖြစ်ကြောင်း နောက်ထပ် နှစ်ပေါင်း ၂၀၀၀ လောက်ကိုလည်း ပြဿနာ နည်းနည်းလောက်နဲ့ ဖြတ်သန်းရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “တကယ်တော့ ကျွန်တော်တို့လုံခြုံရေးအတွက် ဘယ်သူ့ကိုမှ ပိုက်ဆံပေးမှာ မဟုတ်ပါဘူး”

    ဒါပေမယ့် ထရမ့်နဲ့ အလုပ်လုပ်ရတာကို ကြိုက်နှစ်သက်ပြီး အခုမှတ်ချက်ဟာ မဟာမိတ်နိုင်ငံတွေအကြား အသေးအမွှား သဘောထားကွဲလွဲမှုသာဖြစ်ကြောင်း ဘင် ဆလ်မန်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref : RT

  • စနေန့မနက် နိုင်ငံတကာ သတင်းများ

    စနေန့မနက် နိုင်ငံတကာ သတင်းများ

    အောက်တိုဘာ ၆၊ ၂၀၁၈
    M-Media

    လူမည်းလူငယ်ကို ပစ်သတ်ခဲ့သည့် ရဲအရာရှိဟောင်း ဒိုက်ကီ

    အစ္စရေး၏ ပစ်ခတ်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၃ ဦးထပ်မံသေဆုံး
    ========================
    ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ မနေ့ကပြုလုပ်တဲ့ Great March of Return ဆန္ဒပြမှုအတွင်း အစ္စရေးစစ်သားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး အအပါအ၀င် ပါလက်စတိုင်း ၃ ဦး သေဆုံးခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော် သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နေရပ်ပြန်ခွင့်ရရေးအတွက် မတ်လ ၃၀ ရက်နေ့ကတည်းက စတင်ကာ ဂါဇာမှာ အပတ်စဉ် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ဒီဆန္ဒပြမှုအတွင်း အစ္စရေးလက်ချက်ကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၈၃ ဦး ရှိလာခဲ့ပြီး ဒဏ်ရာရသူက ၁၈၀၀၀ ကျော် ရှိနေပါတယ်။

    လူမည်းလူငယ်ကို သတ်ခဲ့သည့် အမေရိကန်ရဲအရာရှိ ထောင်နှစ် ၂၀ အထိ ကျခံရဖွယ်ရှိနေ
    =============
    ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့မှာ အသက် ၁၇ နှစ်အရွယ် လူမည်းတစ်ဦးကို ပစ်ခတ်သတ်မှုအတွက် ရဲအရာရှိ ဂျေဆန် ဗန် ဒိုက်ကီဟာ အပြစ်ရှိတယ်လို့ ချီကာဂို တရားရုံးက မနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဓားကိုင်ဆောင်ထားတဲ့ လူမည်းလူငယ်ဟာ ဒိုက်ကီရဲ့အဝေးကို လျှောက်သွားခဲ့ပြီး အန္တရာယ်ပေးမယ့်အနေအထား မရှိပေမယ့် ဒိုက်ကီက သေနတ်နဲ့ ၁၆ ချက် ပစ်ခတ်ခဲ့တာကို ရဲတပ်ဖွဲ့က ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တဲ့အတွက် ဒိုက်ကီဟာ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရမှာ ဖြစ်ပါတယ်။

    တောင်ကိုရီးယားသမ္မတဟောင်း ထောင် ၁၅ နှစ်ကျ
    ===============
    တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကို လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေး ခ၀ါချမှု၊ အာဏာ အလွဲသုံးစားလုပ်မှုတွေနဲ့ မနေ့မှာ ဆိုးလ်တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။ လီမြောင်ဘတ်ဟာ ဒဏ်ငွေ ၀မ် ၁၃ ဘီလီယံ (ကန်ဒေါ်လာ ၁၁.၅ သန်း) ပေးဆာင်ရမှာ ဖြစ်ပါတယ်။ သူကတော့ ဒီစွဲချက်တွေဟာ နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လီဟာ စတုတ္ထမြောက် ထောင်ချခံရတဲ့ တောင်ကိုရီးယား သမ္မတဟောင်း ဖြစ်ပါတယ်။ သူ့ကိုဆက်ခံတဲ့ သမ္မတဟောင်း ပက်ဂျုံဟေးကို ဧပြီလမှာ ဆိုးလ်တရားရုံးက အာဏာအလွဲသုံးစားလုပ်မှု၊ အကြပ်ကိုင်မှုတွေနဲ့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ပါတယ်။

    Ref: Aljazeera, BBC

  • ဟိန္ဒူကျမ်းစာပြိုင်ပွဲတွင် မွတ်စလင်ဆယ်ကျော်သက်တစ်ဦး ချန်ပီယံဖြစ်

    ဟိန္ဒူကျမ်းစာပြိုင်ပွဲတွင် မွတ်စလင်ဆယ်ကျော်သက်တစ်ဦး ချန်ပီယံဖြစ်

    အောက်တိုဘာ ၅၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံက ကျောင်းပေါင်းစုံ ဟိန္ဒူကျမ်းစာပြိုင်မှာ မွတ်စလင် ဆယ်ကျော်သက်တစ်ဦးက ချန်ပီယံဖြစ် ဗိုလ်စွဲသွားတယ်လို့ သိရပါတယ်။

    အသက် ၁၄ နှစ်အရွယ်ပြီး ၉ တန်းတက်နေတဲ့ ရှိခ် မိုဟစ်ဒင်ဆိုသူ ဖြစ်ပြီး ဟိန္ဒူဘာသာရေးကျမ်းစာ ‘ဘဂ၀ဒ် ဂီတာ’ နားလည်မှုပြိုင်ပွဲမှာ မေးခွန်း ၄၁ ခုစလုံးကို မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။

    ပြိုင်ပွဲကို ဟိန္ဒူဘာသာရေးအဖွဲ့အစည်း Iskcon က ဦးစီးကာ ဘန်ဂလောရ်ပြည်နယ်မှာ ကျင်းပတာဖြစ်ပြီး ကျောင်းပေါင်း ၁၄ ကျောင်းက ကျောင်းသား ၄၀၀ လောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

    မိုဟစ်ဒင်ရဲ့ မိခင် ဖခင်တွေက ဆာဘီယာ မိုဟာမက်နဲ့ ရှိခ်ဆလာဟွဒ်ဒင်တို့ဖြစ်ပြီး ထုတ်ပိုးစက် စက်ရုံတစ်ခုကို ထူထောင်လုပ်ကိုင်နေကြသူတွေပါ။

    မိုဟစ်ဒင်ဟာ အသက် ၁၁ နှစ်အရွယ် အခြားဗဟုသုတွေကို ရှာဖွေဖတ်ရှုတဲ့အချိန် ဂီတာကျမ်းစာအကြောင်းနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တာဖြစ်တယ်လို့ မိခင် ဆာဘီယာက ပြောကြားခဲ့ပါတယ်။

    “ကျွန်မ သူ့ကို ဂီတာကျမ်းစာတစ်အုပ် ၀ယ်ပေးလိုက်ပြီး၊ ဖတ်ရှုရာမှာ သူ့အဖွားက ကူညီပေးပါတယ်။ ၆ လအတွင်းမှာပဲ သားက ကျမ်းစာတစ်အုပ်လုံးကို ဖတ်ပြီး နားလည်သွားတယ်”

    မိုဟစ်ဒင်က သူ့ကို ကူညီပေးခဲ့တဲ့ အဖွား အက်ဖ်ဆီယာ ခါနွန်ကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဂီတာကို သားနားလည်လာအောင် အဖွားက ကူညီပေးခဲ့တယ်။ သား ကုရ်အာန်ကိုလည်း လေ့လာဖတ်ရှုပြီးသွားပါပြီ။ ဂီတာကိုဖတ်ပြီးတဲ့နောက်ပိုင်း ဒီကျမ်းစာနှစ်အုပ်က ပေးချင်တဲ့ လူသားတန်ဖိုး မြှင့်တင်ပေးရေး သတင်းစကားဟာ တော်တော်များများ တူနေတယ်ဆိုတာကို ခံစားမိလာပါတယ်။ အခု သား သမ္မာကျမ်းစာကို စတင်ဖတ်ရှုနေပါတယ်”

    မိုဟစ်ဒင်ဟာ ကျောင်းမှာ စာတော်သူတစ်ယောက်ဖြစ်ပြီး၊ ဘောလီဘောကစားရာမှာလည်း ထူးချွန်သူ ဖြစ်ပါတယ်။

    Ref: Times of India

  • စစ်ပွဲအတွင်း လိင်အကြမ်းဖက်မှုများကို ဖော်ထုတ်သူ ၂ ဦး နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိ

    စစ်ပွဲအတွင်း လိင်အကြမ်းဖက်မှုများကို ဖော်ထုတ်သူ ၂ ဦး နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိ

    အောက်တိုဘာ ၅၊ ၂၀၁၈
    M-Media

    ဒန်းနစ် မွတ်ဝီဂီနဲ့ နာဒီယာမူရဒ်

    – ၂၀၁၈ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ကွန်ဂိုနိုင်ငံက မီးယပ်ဆရာဝန် ဒန်းနစ် မွတ်ဝီဂီနဲ့ အီရတ်နိုင်ငံက အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ နာဒီယာမူရဒ် တို့ကို ရွေးချယ်လိုက်ပါတယ်။

    ဒေါက်တာ ဒန်းနစ် မွတ်ဝီဂီဟာ ကာလရှည်ဖြစ်ပွားကာ လူပေါင်း ၆ သန်းလောက် သေဆုံးခဲ့တဲ့ ကွန်ဂိုပြည်တွင်းစစ်မှာ လိင်အကြမ်းဖက်ခံရသူတွေကို ဆယ်စုနှစ်နဲ့ချီ ကူညီခဲ့သူ ဖြစ်ပါတယ်။ ယာဇီဒီအမျိုးသမီးဖြစ်တဲ့ မူရဒ်ကတော့ IS အကြမ်းဖက်အဖွဲ့ရဲ့ လိင်ကျွန်အပြုခံရတဲ့ အမျိုးသမီးတွေကို ကူညီ ကယ်ဆယ်နေသူ ဖြစ်ပါတယ်။

    နိုဘယ်ဆုရွေးချယ်ရေး ကော်မတီရဲ့ ဥက္ကဌဖြစ်သူ ဘရစ် ရီအစ် အန်ဒါဆန်က ဒီပုဂ္ဂိုနှစ်ဦးဟာ ‘လိင်အကြမ်းဖက်မှုကို စစ်ပွဲ၊ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ လက်နက်တစ်ခုအဖြစ် အသုံးပြုမှုကို’ အဆုံးသတ်အောင် ကြိုးပမ်းအားထုတ်မှုအတွက် ဒီလို ချီးမြှင့်လိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရွေးချယ်ခံရသူ နှစ်ဦးစလုံးဟာ စစ်ရာဇမှုတွေကို လူတွေက အာရုံစိုက်လာအောင်၊ ဒါတွေကို တိုက်ဖျက်နိုင်အောင် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဒန်းနစ် မွတ်ဝီဂီဟာ ထိခိုက်ခံစားရသူတွေကို ကာကွယ်ဖို့ သူ့ရဲ့ဘ၀ကို မြှုပ်နှံထားသူပါတယ်။ နာဒီယာ မူရဒ်ကတော့ သူမနဲ့ အခြားသူတွေအပေါ် ကျူးလွန်မှုတွေကို ဖော်ထုတ်သူတစ်ယောက်ပါ။ သူတို့နှစ်ယောက်စလုံးဟာ ပုံစံတစ်မျိုးစီနဲ့ စစ်ပွဲက လိင်အကြမ်းဖက်မှုကို ပိုမိုမြင်သာထင်ရှားအောင် ဆောင်ရွက်ကာ ကျူးလွန်သူတွေကို အရေးယူနိုင်ရေး ကူညီပေးနေသူတွ ဖြစ်ပါတယ်”

    မွတ်ဝီဂီဟာ ၁၉၉၉ ခုနှစ်က နိုင်ငံအရှေ့ပိုင်း ဘူကာဗူမြို့မှာ Panzi ဆိုတဲ့ ဆေးရုံတစ်ခုကို တည်ထောင်ခဲ့ပြီး သူနဲ့ သူ့အဖွဲ့ဟာ လိင်အကြမ်းဖက်မှု သားကောင် ဖြစ်ခဲ့ရသူပေါင်း ၅ သောင်းကျော်ကို ကုသပေးခဲ့ပါတယ်။

    စစ်ပွဲတွေနဲ့ လုံးပမ်းခဲ့ရတဲ့ ကွန်ဂိုနိုင်ငံမှာ လိင်အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ ‘အဓမ္မမြို့တော်’ လို့တောင် အခေါ်ခံခဲ့ရပါတယ်။

    နာဒီယာမူရဒ်ဟာ ၂၀၁၄ ခုနှစ် သြဂုတ်မှာ IS အကြမ်းဖက်အဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံရကာ၊ လိင်ကျွန်အဖြစ် ရောင်းစားခံခဲ့ရပါတယ်။ IS လက်ထဲမှာ မူရဒ်တစ်ယောက် အကြိမ်ကြိမ် အဓမ္မကျင့်ခံခဲ့ရပြီး၊ အစ္စလာမ်ကို ဘာသာမပြောင်းရင် အသတ်ခံရမယ်လို့ ခြိမ်းခြောက်ခံခဲ့ရပါတယ်။

    လူဦးရေ ၄ သိန်းလောက်ရှိတဲ့ ယာဇီဒီလူမျိုးတွေဟာ အီရတ်မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ လူနည်းစုတွေ ဖြစ်ပြီး အရှေ့အလယ်ပိုင်းမှာ အရင်ကတည်းက ရှိခဲ့တဲ့ အယူဝါဒတွေကို လက်ခံကျင့်သုံးပါတယ်။

    နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဌ အန်ဒါဆန်က မူရဒ်ကိုဟာ ‘သူမတူတဲ့သတ္တိခဲ’ အမျိုးသမီးဖြစ်ပြီး ကိုယ့်ရဲ့အတွေ့အကြံနဲ့ အခြားသူတွေရဲ့ အတွေ့အကြုံတွေကို မကြောက်မရွံ့ ထုတ်ဖော်သူဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို လူပေါင်း ၃၃၁ ယောက်ထဲကနေ ရွေးချယ်တာဖြစ်ပါတယ်။

    Ref : Aljazeera