News @ M-Media

Blog

  • မြန်မာနိုင်ငံတစ်ဝှမ်းမှ ဆည် ၂၀၀ ကျော်ကို စစ်ဆေးရန် အထူးအဖွဲ့ ဖွဲ့ထား

    မြန်မာနိုင်ငံတစ်ဝှမ်းမှ ဆည် ၂၀၀ ကျော်ကို စစ်ဆေးရန် အထူးအဖွဲ့ ဖွဲ့ထား

    အောက်တိုဘာ ၅၊ ၂၀၁၈
    M-Media

    – သြဂုတ်လအတွင်းက ရေလှောင်တမံတစ်ခုရဲ့ ရေပိုလွှဲ ကျိုးပေါက်ပြီး ရွာပေါင်း ၈၅ ခုလောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် နိုင်ငံအတွင်းက ဆည်ပေါင်း ၂၃၅ ခုကို စစ်ဆေးဖို့အတွက် မြန်မာအစိုးရက အထူးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။

    စက်တင်ဘာလ အလယ်ပိုင်းလောက်မှာ ဖွဲ့စည်းခဲ့တဲ့ အဲဒီအဖွဲ့မှာ ဘူမိဗေဒ၊ ရေအားလျှပ်စစ်ဆိုင်ရာနဲ့ စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်ကာ တစ်နေ့ကို ဆည်ကြီး ၄ ခု အန္တရာယ်ကင်းမှု ရှိ၊ မရှိ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ‘စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန’ က ဆည်မြောင်းနှင့် ရေအရင်းမြစ်အသုံးချရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လွင်ထွန်းက CNA သတင်းဌာနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

    သြဂုတ်လအတွင်း ပဲခူတိုင်းဒေသကြီးက ဆွချောင်းရေလှောင်တမံက ရေပိုလွှဲကျိုးပေါက်ကာ ရေကြီးရေလျှံခဲ့တာကြောင့် ရွာ ၈၅ ရွာ ရေမြုပ်ကာ ပြည်သူ ၆၃၀၀၀ ကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    ဦးဇော်လွင်ထွန်းက ဒီရေပိုလွှဲကျိုးပေါက်မှုဟာ ဟောင်းနွမ်းမှုကြောင့်ဖြစ်ပြီး၊ ထိခိုက်မှုကလည်း ကြီးမားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရေပိုလွှဲကျိုးမှုကြောင့် ဆည်တွေ ကျိုးကြမလားဆိုတဲ့ စိုးထိတ်မှုတွေ ပြည်သူတွေမှာ ရှိနေပါတယ်”

    မြန်မာနိုင်ငံက ရေလှောင်တမံတွေဟာ ငလျင်ဒဏ်ခံနိုင်အောင် ဒီဇိုင်ဆွဲ တည်ဆောက်ထားပေမယ့် တစ်လကိုတစ်ကြိမ်လောက် စစ်ဆေးဖို့လိုကြောင်း၊ အခုဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ဟာ နိုင်ငံတစ်ဝှမ်းက ရေလှောင်တမံတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း သုံးသပ်သွားမှာဖြစ်ကြောင်း ဦးဇော်လွင်ထွန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “သူတို့ဟာ ရေလှောင်တမံအားလုံးကို စစ်ဆေးမှာပါ။ ဒါဟာ ပုံမှန်စစ်ဆေးမှု မဟုတ်ပါဘူး။ အထူးစစ်ဆေးမှုဖြစ်ပြီး ပြီးခဲ့တဲ့လလယ်ပိုင်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့တွေ့ရှိချက်တွေ၊ စစ်ဆေးမှုရလဒ်တွေကို အခြေခံပြီးတော့ ရေလှောင်တမံတွေ ထိန်းသိမ်းဖို့နဲ့ အန္တရာယ်ကင်းရှင်းဖို့အတွက် ဘက်ဂျက်တစ်ချို့ကို ဦးစားပေး သုံးစွဲသွားမှာပါ”

    Ref: CNA

  • ဆိုက်ဘာတိုက်ခိုက်မှုအတွက် ရုရှားစစ်ထောက်လှမ်းရေး ၇ ဦးကို အမေရိကန် တရားစွဲ

    ဆိုက်ဘာတိုက်ခိုက်မှုအတွက် ရုရှားစစ်ထောက်လှမ်းရေး ၇ ဦးကို အမေရိကန် တရားစွဲ

    အောက်တိုဘာ ၅၊ ၂၀၁၈
    M-Media

    – တားမြစ်ဆေးဆိုင်ရာ အေဂျင်စီတွေနဲ့ အခြားအဖွဲ့အစည်းတွေရဲ့ ကွန်ပျူတာစနစ်တွေထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ အမေရိကန်က ရုရှား စစ်ထောက်လှမ်းရေး ၇ ဦးကို မနေ့က တရားစွဲဆိုလိုက်ပါတယ်။

    အမေရိကန် အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်ရှေ့နေချုပ် ဂျွန် ဒီမာက ရုရှားဟက်ကာတွေ တိုက်ခိုက်မှုလုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေထဲမှာ နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့အခြေစိုက် ဓာတုလက်နက် တိုက်ဖျက်ရေးအဖွဲ့ Prohibition of Chemical Weapons (OPCW)၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၊ အမေရိကန်အခြေစိုက် နိုင်ငံတကာ တားမြစ်ဆေး တိုက်ဖျက်ရေး အေဂျင်စီတွေ၊ အမေရိကန် နျူကလီးယားကုမ္ပဏီ Westinghouse တို့ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆိုက်ဘာတိုက်ခိုက်မှုဟာ ရုရှားအစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ အားကစားသမားတွေ တားမြစ်ဆေးသုံးစွဲမှုအစီအစဉ်ကို ဖော်ထုတ်တဲ့ တာဝန်ရှိသူတွေကို သိရှိနိုင်ဖို့၊ တားမြစ်ဆေး တိုက်ဖျက်ရေးအဖွဲ့တွေကို နာမည်ဖျက်ဖို့ ရည်ရွယ်တယ်လို့ဆိုကာ အမေရိကန် တရားရေးဌာနက တရားစွဲခဲ့တာ ဖြစ်ပါတယ်။

    တရားစွဲဆိုမှုတွေထဲမှာ ငွေကြေးခ၀ါချမှု၊ Bitcoin လို ဒစ်ဂျစ်တယ်ငွေကြေးတွေ အသုံးပြုမှု၊ လိမ်လည်မှု၊ တစ်ခြားသူတွေရဲ့ စာရွက်စာတမ်းတွေ ခိုးယူမှုလည်း ပါဝင်ပါတယ်။

    ဂျွန်ဒီမာက ရန်ညှိုးထားပြီး၊ နာမည်ဖျက်ဖို့ရည်ရွယ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှု၊ လွှမ်းမိုးဖို့ ကြိုးစားမှုတွေကို အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ထိထိရောက်ရောက် တားဆီးအရေးယူသွားမယ်ဆိုတာကို ရုရှားနဲ့ အခြားနိုင်ငံတွေက နားလည်ထားကြဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

    တစ်ခြားနိုင်ငံတွေလည်း ဖော်ထုတ်

    နယ်သာလန်နိုင်ငံက သူတို့ဟာ ဧပြီလအတွင်းမှာ OPCW ကို ရုရှားထောက်လှမ်းရေးအေးဂျင့်တွေက ဟက်ဖို့ ကြိုးစားမှုကို တားဆီးနိုင်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    အားကစား၊ သယ်ယူပို့ဆောင်ရေးနဲ့ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပွားအောင်လုပ်ကာ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီ ပျက်ဆီးအောင်ရည်ရွယ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်ဖို့ ရုရှားရဲ့ GRU စစ်ဖက်အေဂျင်စီတစ်ခုက ညွှန်ကြားခဲ့တယ်လို့ ယူကေက အခုရက်ပိုင်းအတွင်း စွပ်စွဲထားပါတယ်။

    သည်ဟေ့ဂ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒက်ခ်ျ ကာကွယ်ရေးဝန်ကြီး အန့် ဘစ်ဂ်ျလေဗယ်က အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီ ပျက်စီးအောင် ရည်ရွယ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ရုရှားကို ဆော်သြခဲ့ပါတယ်။

    Ref: Aljazeera

  • ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့

    ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့

    အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ရိုဟင်ဂျာအမျိုးသမီးတွေကို တွေ့ရစဉ် ဓါတ်ပုံ(AP)

    အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ်နဲ့ အာသံပြည်နယ်မှာ တရားမ၀င် နေထိုင်နေတဲ့ ရိုဟင်ဂျာ ၇ ဦးကို ဒီကနေ့ ပြန်ပို့်လိုက်ပါတယ်။

    သူတို့ဟာ ၂၀၁၂ ခုနှစ်ကတည်းက အာသံပြည်နယ် ဆဲက်ချားခရိုင်က ဗဟိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရ တာဖြစ်ပါတယ်။

    သူတို့ကို မဏိပူရပြည်နယ်က မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မိုးရေးမြို့အနီးမှာ မြန်မာအာဏာပိုင်တွေထံ လွှဲပြောင်းခဲ့ တာဖြစ်ပြီး မြန်မာဘက်က လ၀က အရာရှိ ၂ ဦးက လက်ခံခဲ့ပါတယ်။

    ပြန်ပို့ခံရမယ့်သူတွေဟာ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်ဆိုတာကို မြန်မာဘက်က အတည်ပြုခဲ့ပြီးမှ အခုလို လက်ခံခဲ့တာလို့ သိရပါတယ်။

    ရိုဟင်ဂျာ ၇ ဦးရဲ့ ရှေ့နေတွေကတော့ ဒီလိုပြန်ပို့မယ့်ကိစ္စအပေါ် တရားရုံးကို အရေးပေါ် အယူခံဝင်ခဲ့ပေမယ့် အိန္ဒိယတရားရုံးချုပ်က အယူခံကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က အိန္ဒိယသံရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းနဲ့ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းနေပေမယ့် အဆက်အသွယ် မရသေးပါဘူး။

    RFA မြန်မာပိုင်းမှ ကူးယူဖြော်ပပါသည်။

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၅၊ ၂၀၁၈
    M-Media

    ပူတင်အား အိန္ဒိယ၀န်ကြီးချုပ် မိုဒီ၏ ကြိုဆိုမှု

    တရားသူကြီးချုပ်ကိစ္စ မကျေနပ်၍ အမေရိကန်ပြည်သူများ ဆန္ဒပြ
    ================
    ထရမ့်က တရားသူကြီးချုပ်အဖြစ် အဆိုပြုထားတဲ့ ဘရတ်ကာဗာနော့ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတစ်ခု ၀ါရှင်တန်မှာ မနေ့က ဖြစ်ပွားခဲ့ပြီး လူရာနဲ့ချီ ဖမ်းဆီးခံခဲ့ရပါတယ်။ ကာဗာနော့ဟာ သူတို့ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ အမျိုးသမီးတစ်ချို့က ဖွင့်ဟလာကြပြီးနောက်ပိုင်း FBI က စုံစမ်းစစ်ဆေးခဲ့ပေမယ့် ကာဗာနော့ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေကတော့ ၅ ရက်တာ စုံစမ်းစစ်ဆေးမှုဟာ ဘယ်လိုမှ မပြည့်စုံနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ကာဗာနော့ကို ဒီကနေ့မှာ လွှတ်တော်က အတည်ပြုမှာ ဖြစ်ပါတယ်။

    အဓမ္မမှု စွပ်စွဲခံနေရသည့် ရော်နယ်ဒို နိုင်ငံအသင်းလူစာရင်းတွင် ချန်လှပ်ခံရ
    ===================
    တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ အခုလနဲ့ လာမယ့်လမှာ ကစားမယ့် နိုင်ငံတကာပွဲတွေမှာ ပါဝင်မှာမဟုတ်ဘူးလို့ ပေါ်တူဂီ လက်ရွေးစင်အသင်း နည်းပြ ဖာနန်ဒိုဆန်းတို့စ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်မော်ဒယ်ဟောင်းတစ်ယောက်က ရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်မှာ သူမကို အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွပ်စွဲမှုတွေ လက်ရှိမှာ ထွက်ပေါ်နေပြီး ရော်နယ်ဒိုက ဒီကိစ္စကို ငြင်းဆိုထားပါတယ်။ ဆန်းတို့စ်က သူရယ်၊ ရော်နယ်ဒိုရယ်၊ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌရယ် တွေ့ဆုံ စကားပြောဆိုခဲ့ပြီးတဲ့နောက်ပိုင်း ဒီလို ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး၊ ဆုံးဖြတ်ချက်နောက်ကွယ်က အကြောင်းအရင်းကိုတော့ ဖွင့်ဟခြင်း မရှိပါဘူး။

    ရွေးကောက်ပွဲမပြီးမချင်း ဆီးရီးယားက မဆုတ်ခွာဟု တူရကီပြော
    ================
    ဆီးရီးယားမှာ အထွေထွေရွေးကောက်ပွဲ မကျင်းပမချင်း သူတို့တပ်တွေ ဆုတ်ခွာမှာ မဟုတ်ဘူးလို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။ နယ်စပ်ဒေသမှာ IS အကြမ်းဖက်အုပ်စုကို နှိမ်နှင်းဖို့အတွက် တူရကီဟာ ၂၀၁၆ ခုနှစ်မှာ ဆီးရီးယားကို တပ်ဖွဲ့တွေ စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုနှစ်အစပိုင်းမှာ နယ်စပ်က ကာ့ဒ်တပ်ဖွဲ့တွေကို ရှင်းလင်းရေးခေါင်းစဉ်နဲ့ တူရကီဟာ ဆီးရီးယားကို ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိ ဆီးရီးယားအစိုးရနဲ့ သူပုန်တွေရဲ့ ဆွေးနွေးမှုအတွင်း ရုရှား၊ အီရန်တို့နဲ့အတူ တူရကီနိုင်ငံကလည်း ပါဝင်ဆောင်ရွက်နေပါတယ်။ အာဒိုဂန်ရဲ့ ယခုပြောကြားမှုဟာ ဆီးရီးယားမှာ တူရကီတပ်တွေ နှစ်အတော်ကြာ ဆက်ရှိနေမယ့် အနေအထားလည်း ဖြစ်ပါတယ်။

    တရားစွဲခံထားရသည့် မလေးဝန်ကြီးချုပ်ဟောင်းဇနီး သက်သေကို ချဉ်းကပ်ခဲ့
    ========================
    ငွေကြေးခ၀ါချမှု၊ အခွန်ရှောင်မှု စွဲချက် ၁၇ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ မလေးဝန်ကြီးချုပ်ဟောင်းဇနီး ရိုစ်မာ မန်ဆူရ်ဟာ သက်သေတစ်ယောက်ကိုချဉ်းကပ်ကာ သူ့အတွက် ဖာဖာထေးထေး ထွက်ဆိုပေးဖို့ တောင်းဆိုခဲ့တယ်လို့ အစိုးရရှေ့နေအဖွဲ့က တရားရုံးကို အသိပေးခဲ့ပါတယ်။ ရိုစ်မာက စွဲချက်တွေအားလုံးအတွက် အပြစ်မရှိဘူးလို့ ဗုဒ္ဓဟူးနေ့ ကြားနာမှုမှာ ပြောကြားခဲ့ပါတယ်။ အစိုးရရှေ့နေအဖွဲ့က လက်ရှိ အချုပ်ကျနေတဲ့ ရိုစ်မာအနေနဲ့ ပြန်လွတ်သွားရင် သက်သေတွေကို ဖျားယောင်းမယ့် အနေအထားရှိတာကြောင့် အာမခံမပေးဖို့အတွက် ရုံးတော်ကို လျှောက်ထားခဲ့ပါတယ်။

    ရုရှားသမ္မတပူတင် အိန္ဒိယသို့ ရောက်ရှိလာ
    =================
    ရုရှားသမ္မတ ပူတင်ဟာ မနေ့ ညနေပိုင်းက အိန္ဒိယနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ တရားဝင်ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ပူတင်ရဲ့ ၂ ရက်တာခရီးစဉ်အတွက် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ် ရောင်းချရေးအပါအ၀င် ဒေါ်လာဘီလီယံချီ တန်ဖိုးရှိတဲ့ စစ်ဖက်ဆိုင်ရာ၊ နျူကလီးယားနဲ့ အာကာသ စူစမ်းရေးဆိုင်ရာ သဘေတူညီချက်တွေလည်း ရဖို့ ရှိနေပါတယ်။

    Ref: Aljazeera, CNA, BBC

  • အန္တရာယ်ရှိသောနေရာများတွင် selfie ရိုက်ကူးစဉ် သေဆုံးမှု မြင့်တက်လာ

    အန္တရာယ်ရှိသောနေရာများတွင် selfie ရိုက်ကူးစဉ် သေဆုံးမှု မြင့်တက်လာ

    အောက်တိုဘာ ၄၊ ၂၀၁၈
    M-Media

    သက်စွန့်ဆံဖျား selfie ရိုက်ကူးမှုတစ်ခု

    – ကမ္ဘာတစ်ဝှမ်း အန္တရာယ်များတဲ့နေရာတွေမှာ အရဲစွန့်ကာ selfie ရိုက်မှုကြောင့် သေဆုံးသူဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ၂၅၉ ဦး ရှိခဲ့တယ်လို့ အမေရိကန် ‘အမျိုးသား ဆေးပညာစာကြည့်တိုက်’ က အခုနှစ်အတွင်း ပြုလုပ်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

    selfie ကြောင့် သေဆုံးရမှုမှာ ရေနစ်တာ၊ ယာဉ်မတော်တဆဖြစ်တာ၊ ပြုတ်ကျတာတွေက အဓိကအကြောင်းအရင်းတွေ ဖြစ်နေပြီး selfie ရိုက်ရင်း တိရစ္ဆာန်တွေရဲ့ တိုက်ခိုက်ခံရမှု၊ ဓာတ်လိုက်မှု၊ မီးလောင်မှုနဲ့ သေနတ်တွေကနေ မတော်တဆကျည်ထွက်မှုကြောင့် သေဆုံးမှုတွေလည်း ရှိတယ်လို့ စစ်တမ်းက ဆိုပါတယ်။

    စစ်တမ်းကောက်ယူသူတွေက တောင်တွေ၊ အထပ်မြင့်အဆောက်အဦးတွေ၊ ရေကန်တွေလို အန္တရာယ်များတဲ့ နေရာတွေမှာ selfie ရိုက်နိုင်မယ့် သီးသန့်နေရာတွေ ထားရှိဖို့အတွက် အကြံပြုခဲ့ပါတယ်။

    အခုနှစ် ဇူလိုင်လက သြစတေးလျနိုင်ငံမှာ ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ချောက်ကမ်းပါးစွန်းမှာ selfie ရိုက်နေစဉ် ပြုတ်ကျသေဆုံးခဲ့ပြီး၊ စက်တင်ဘာလက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ အမျိုးသားတစ်ဦး selfie ရိုက်ဖို့ ကြိုစားစဉ် မီတာ ၂၅၀ ရှိတဲ့ အမြင့်ကနေ ပြုတ်ကျသေဆုံးခဲ့ပါတယ်။

    selfie ကြောင့် သေဆုံးမှုအရေအတွက် အများဆုံးနိုင်ငံတွေက အိန္ဒိယ၊ ရုရှား၊ အမေရိကန်ပြည်ထောင်စုနဲ့ ပါကစ္စတန်တို့ဖြစ်ပြီး ၇၂.၅ ရာခိုင်နှုန်းက အမျိုးသားတွေ ဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

    ၂၀၁၁ ခုနှစ်အတွင်း selfie ကြောင့် သေဆုံးမှုဟာ ၃ ခုသာ ရှိခဲ့ရာကနေ ၂၀၁၆ မှာ ၉၈ ခု၊ ၂၀၁၇ ခုနှစ်မှာ ၉၃ ခုအထိ မြင့်တက်လာခဲ့ပါတယ်။ သေဆုံးမှုအကြောင်းအရင်းကို မဖော်ပြတာတွေလည်း ရှိနေတယ်ကြောင့် အမှန်တကယ် သေဆုံးမှုအရေအတွက်ဟာ မြင့်တက်လာနိုင်တယ်လို့ သုတေသန ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    Ref: BBC