News @ M-Media

Blog

  • နီပေါက ညစ်ညမ်းဗီဒီယိုဝဘ်ဆိုက် နှစ်သောင်းကျော် ပိတ်ပင်

    နီပေါက ညစ်ညမ်းဗီဒီယိုဝဘ်ဆိုက် နှစ်သောင်းကျော် ပိတ်ပင်

    အောက်တိုဘာ ၄၊ ၂၀၁၈
    M-Media

    – ညစ်ညမ်းဗီဒီယို ၀ဘ်ဆိုက် ၂၄၀၀၀ ကျော်ကို ပိတ်ပစ်လိုက်တယ်လို့ နီပေါနိုင်ငံက ဒီကနေ့မှာ ကြေငြာလိုက်ပြီး နိုင်ငံအတွင်း လိင်အကြမ်းဖက်မှုတွေလျော့ကျအောင် ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

    ဇူလိုင်လက အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီးနောက်ပိုင်း အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူမှုမရှိဘူးလို့ဆိုကာ ပြည်သူတွေက နိုင်ငံတစ်ဝှမ်း အကြီးအကျယ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

    ရဲတပ်ဖွဲ့က အထောက်အထားတွေ ဖျောက်ပစ်တဲ့ ဗီဒီယို ထွက်ပေါ်လာသလို၊ အစိုးရက ဒီလိုဆန္ဒပြမှုဟာ အာဏာရပါတီကို ဖြုတ်ချဖို့ ကြံစည်မှုဖြစ်တယ်လို့ ပြောဆိုခဲ့တာကြောင့် ဆန္ဒပြမှုအရှိန်ဟာ ပိုမိုမြင့်တက်လာခဲ့ပြီး ၁ ဦးသေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

    ဝေဖန်မှုတွေလည်း မြင့်တက်လာတာကြောင့် နီပေါအစိုးရက သူတို့အနေနဲ့ ညစ်ညမ်းဗီဒီယိုနဲ့ အရှက်မဲ့တဲ့ဗီဒီယို ၀ဘ်ဆိုက်တွေကို နှိမ်နင်းသွားမယ်လို့ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့မှာ ကြေငြာခဲ့ပါတယ်။

    “အင်တာနက်ကနေ ညစ်ညမ်းတဲ့ အရာတွေ၊ မယဉ်ကျေးတဲ့အရာတွေကို အလွယ်တကူ ရယူနိုင်တာဟာ ကျွန်တော်တို့ရဲ့ လူမှုတန်ဖိုးတွေ၊ လူမှုသဟဇာတဖြစ်မှုတွေကို ထိခိုက်စေပြီး၊ လိင်အကြမ်းဖက်မှုကိုလည်း အားပေးအားမြှောက်ပြုရာ ရောက်နေပါတယ်” လို့ အစိုးရက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    တက်ကြွလှုပ်ရှားသူတွေကတော့ ပိတ်ထားတဲ့ အင်တာနက်စာမျက်နှာတွေကို ဖွင့်ကြည့်နိုင်တဲ့ ဆော့ဖ်ဝဲတွေ ရှိနေတာကြောင့် အစိုးရရဲ့ ဒီလိုဆောင်ရွက်မှုဟာ ထိရောက်မှာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

    နီပေါ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မိုဟ်နာ အန်ဆာရီက အစိုးရဟာ အဖြစ်မှန်ကို လစ်လျူရှုနေကြောင်း၊ တကယ့်ပြဿနာက အမျိုးသမီးတွေအတွက် တရားမျှတမှု မရှိတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    နီပေါနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု အဖြစ်အပျက်တွေဟာ သိသိသာသာ မြင့်တက်လာတယ်လို့ ရဲတပ်ဖွဲ့ရဲ့ အချက်အလက်တွေက ဆိုပါတယ်။

    Ref: Aljazeera

  • အကြမ်းဖက်သည့် လူဖြူအစွန်းရောက်တစ်ဦးကို အီတလီက ထောင် ၁၂ နှစ်ချ

    အကြမ်းဖက်သည့် လူဖြူအစွန်းရောက်တစ်ဦးကို အီတလီက ထောင် ၁၂ နှစ်ချ

    အောက်တိုဘာ ၄၊ ၂၀၁၈
    M-Media

    – အခုနှစ်အစောပိုင်းမှာ အာဖရိကနွယ်ဖွားတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လူဖြူအစွန်းရောက်တစ်ဦးကို အီတလီက မနေ့မှာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပါတယ်။

    အသက် ၂၈ နှစ်အရွယ် လူကာ ထရိုင်နီဆိုသူဖြစ်ပြီး နိုက်ဂျီးရီးယား မူးယစ်ဂိုဏ်းက အီတလီအမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်တယ်ဆိုတဲ့သတင်း ထွက်လာပြီးတဲ့နောက် အခုနှစ် ဖေဖော်ဝါရီလက နိုင်ငံအလယ်ပိုင်း မာစီရာသာမြို့မှာ ပစ်ခတ်မှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

    ထရိုင်နီကို လူသတ်ရန်ကြိုးစားမှု၊ လူမျိုးရေးမုန်းတီးမှု စွဲချက်တွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

    ပစ်ခတ်မှုအတွင်း အာဖရိကနွယ်ဖွား ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ထရိုင်နီက သူ့အနေနဲ့ လူမျိုးရေးမုန်းတီးစိတ်ကြောင့် ပြုလုပ်တာမဟုတ်ဘဲ မူးယစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရှေ့နေအဖွဲ့က ထရိုင်နီဟာ စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုကို ခံစားနေရပြီး၊ တိုက်ခိုက်မှုဖြစ်တဲ့အချိန်မှာ သူ ဘာလုပ်နေလဲဆိုတာကို သတိမရှိဘူးလို့ ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။

    အီတလီအမျိုးသမီးငယ် အသတ်ခံရမှုနဲ့ ထရိုင်နီရဲ့ ပစ်ခတ်မှုအပြီး အီတလီနိုင်ငံမှာ ပြောင်းရွှေ့အခြေချနေထိုင်မှုကို ဆန့်ကျင်တဲ့ သဘောထားတွေ မြင့်တက်လာသလို၊ ထောက်ခံတဲ့လှုပ်ရှားမှုတွေလည်း ရှိလာပါတယ်။

    ထရိုင်နီကို အားပေးထောက်ခံတဲ့ လူတွေလည်း ရှိခဲ့ပါတယ်။

    Ref: Aljazeera

  • အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့မှုတစ်ချို့ကို ICJ ပယ်ချ

    အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့မှုတစ်ချို့ကို ICJ ပယ်ချ

    အောက်တိုဘာ ၄၊ ၂၀၁၈
    M-Media

    ICJ ကြားနာမှု မြင်ကွင်း

    – အီရန်အပေါ် အမေရိကန်က ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေထဲက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုန်စည်တွေနဲ့ အရပ်ဖက်လေကြောင်းပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ပိတ်ဆို့မှုကို ယာယီဖယ်ရှားဖို့အတွက် နိုင်ငံတကာ ခုံသမာဓိရုံး (ICJ) က မနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

    ၂၀၁၅ ခုနှစ်က အင်အားကြီးနိုင်ငံ ၆ နိုင်ငံနဲ့ အီရန်တို့ ရရှိထားတဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ထရမ့်က မေလမှာ ကြေငြာပြီးနောက်ပိုင်း အမေရိကန်က အီရန်အပေါ် ပိတ်ဆို့မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    အီရန်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ညီညွတ်မှုမရှိဘူးလို့ ကန့်ကွက်ဝေဖန်ကာ ဒီကိစ္စအတွက် ICJ ကို တိုင်ကြားခဲ့ပါတယ်။

    “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖက်က ကြည့်မယ်ဆိုရင် အီရန်နိုင်ငံထဲ ဒီလို ကုန်ပစ္စည်းတွေ ၀င်ရောက်မှုကို ဟန့်တားတဲ့ ဘယ်လိုနည်းလမ်းမျိုးမဆို အမေရိကန်က ဖယ်ရှားပေးရပါမယ်” လို့ ICJ ရဲ့ မနေ့က အမိန့်မှာ ဖော်ပြထားပါတယ်။

    ဒီအမိန့်ဟာ တရားဝင်ဖြစ်ပေမယ့် အမေရိကန်ဟာ ICJ မှ မပါဝင်တော့တာကြောင့် လက်တွေ့ အကောင်အထည်ဖော်ဖို့ မလွယ်ကူပါဘူး။

    “အီရန်ဟာ မှန်ကန်ပြီး အီရန်ပြည်သူတွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ တရားမ၀င်ဘဲ ရက်စက်ရာရောက်နေတယဆိုတာ ဒီဆုံးဖြတ်ချက်က ထပ်မံ သက်သေပြလိုက်တာပါ” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အီရန်ကိစ္စကို စစ်ဆေးနေစဉ်အတွင်း အမေရိကန်ရဲ့ ပိတ်ဆို့မှုအားလုံး ရပ်ဆိုင်းထားရေး အမေရိကန်ကို အမိန့်ပေးဖို့လည်း အီရန်က ICJ ကို တိုက်တွန်းထားပါတယ်။

    အရပ်ဖက်လေကြောင်းနယ်ပယ်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ အီရန်အတွက် တော်တော်လေး အထိနာစေပြီး၊ အီရန်ကတော့ ပိတ်ဆို့မှုအားလုံး ICJ က ဖယ်ရှားတာကို လိုချင်နေတာ ဖြစ်ပါတယ်။

    ICJ ကို အီရန်ရဲ့တိုက်ကြားမှုဟာ ခုံသမာဓိရုံးကို အလွဲသုံးစားလုပ်ရာ ရောက်တယ်လို့ အမေရိကန်က ဝေဖန်ပြစ်တင်ထားပါတယ်။

    Ref: Aljazeera

  • အမေရိကန်မကာကွယ်လျှင် ဆော်ဒီ နှစ်ပတ်မခံဟု ထရမ့်ပြော

    အမေရိကန်မကာကွယ်လျှင် ဆော်ဒီ နှစ်ပတ်မခံဟု ထရမ့်ပြော

    အောက်တိုဘာ ၄၊ ၂၀၁၈
    M-Media

    – အမေရိကန်ရဲ့ ကာကွယ်ပေးမှုသာ မရှိဘူးဆိုရင် ဆော်ဒီဘုရင် ဆလ်မန်ရဲ့ အုပ်စိုးမှုဟာ ၂ ပတ်တောင် ခံမှာမဟုတ်ဘူးလို့ သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

    အင်္ဂါနေ့က မစ္စစီပီမှာပြုလုပ်တဲ့ လူထုထောက်ခံပွဲအခမ်းအနားတစ်ခုမှာ ထရမ့်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး၊ ရေနံဈေး မြင့်တက်နေတဲ့အတွက် ရေနံထုတ်လုပ်တဲ့နိုင်ငံတွေနဲ့ အခြေအတင်ဖြစ်နေတဲ့အချိန် ဒီလိုစကားမျိုး ထွက်လာတာလည်း ဖြစ်ပါတယ်။

    “ကျွန်တော်တို့ ဆော်ဒီအာရေဗျကို ကာကွယ်ပေးထားတာပါ။ သူတို့ချမ်းသာတယ်လို့ ခင်ဗျားတို့ပြောမလား။ ကျွန်တော် ဘုရင်ဆလ်မန်ကို ချစ်တယ်။ ဒါပေမယ့် ‘ဘုရင်ကြီး – ခင်ဗျားကို ကျွန်တော်တို့ ကာကွယ်ပေးထားတာနော်။ ကျွန်တော်တို့မရှိဘဲနဲ့ ခင်ဗျား ၂ ပတ်တောင် ခံမှာမဟုတ်ဘူး။ ကျွန်တော်တို့စစ်စားရိတ်အတွက် ခင်ဗျား ပိုက်ဆံပေးရမယ်’ လို့ ကျွန်တော် ပြောခဲ့တယ်”

    ဘုရင်ဆလ်မန်ကို ဒီစကား ဘယ်တုန်းကပြောခဲ့သလဲဆိုတာကိုတော့ ထရမ့်က ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။

    ဆော်ဒီဟာ ကမ္ဘာ့ ထိပ်တန်း ရေနံတင်ပို့တဲ့နိုင်ငံဖြစ်ပြီး ရေနံထုတ်လုပ်သူများအဖွဲ့ အိုပက်ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ထရမ့်ကတော့ ကမ္ဘာတစ်ဝှမ်း ရေနံဈေးမြင့်တက်လာမှုအတွက် အိုပက်နိုင်ငံတွေကို အပြစ်တင်ထားပါတယ်။

    စနေနေ့မှာ ထရမ့်ဟာ ဘုရင်ဆလ်မန်ကို ဖုန်းခေါ်ခဲ့ပြီး ရေနံဈေးကွက် တည်ငြိမ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရေနံထုတ်လုပ်မှုကို ထိန်းညှိဖို့ ဆွေးနွေးခဲ့ပါတယ်။

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ကူဝိတ်ကိုသွားရောက်ပြီး ရေနံထုတ်လုပ်မှု တိုးမြှင့်ဖို့ကိစ္စကို ကူဝိတ်ခေါင်းဆောင်နဲ့ ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ တိုးတက်မှု မရှိသေးပါဘူး။

    ဆော်ဒီအပါအ၀င် ပင်လယ်ကွေ့နိုင်ငံမှာ အမေရိကန်စစ်တပ်တွေ တပ်စွဲထားပြီး ထရမ့်က ဒီကုန်ကျစားရိတ်အတွက် လက်ခံထားတဲ့နိုင်ငံတွေကို ပေးစေချင်နေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ကို ကနေဒါက တရားဝင်ရုပ်သိမ်း

    ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ကို ကနေဒါက တရားဝင်ရုပ်သိမ်း

    အောက်တိုဘာ ၄၊ ၂၀၁၈
    M-Media

    – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ကို ကနေဒါက အင်္ဂါနေ့မှာ တရားဝင် ရုပ်သိမ်းလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် ကနေဒါအောက်လွှတ်တော်မှာ ဒီဘွဲ့ရုပ်သိမ်းရေး မဲခွဲအတည်ပြုခဲ့ပြီးတဲ့နောက် အထက်လွှတ်တော်မှာ အင်္ဂါနေ့က ထပ်မံမဲခွဲကာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါက ဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ ပြန်ရုပ်သိမ်းတဲ့ ပထမဆုံးပုဂ္ဂိုလ်လည်း ဖြစ်လာပါတယ်။

    ဒီလိုရုပ်သိမ်းလိုက်တာဟာ ရခိုင်ပြည်နယ်အတွင်း စစ်တပ်ကကျူးလွန်ခဲ့မှုတွေကို လူသိရှင်ကြား ဝေဖန်ရှုတ်ချမှု မပြုလုပ်တဲ့အတွက် ဖြစ်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကနေဒါအောက်လွှတ်တော်အမတ်တွေက ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်မှုကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ကနေဒါ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ၂ ရပ်စလုံးက သတ်မှတ်ထားပါတယ်။

    “ဖြစ်ပျက်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျွန်တော်တို့ လက်ကို လက်ခံရမှာပါ။ ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ပြီး၊ အဲဒီလိုပဲ ခေါ်ဆိုရမှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်ကိုပေးထားတဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ကို ပြန်ရုပ်သိမ်းရေး အဆိုပြုခဲ့တဲ့ အထက်လွှတ်တော်အမတ် ရတ္တနာ အိုမစ်ဗာက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေး ကြိုးပမ်းအားထုတ်မှုအတွက် ဒေါ်အောင်ဆန်းစုကြည် ၁၉၉၁ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုမှုကိုလည်း ခံခဲ့ရပါတယ်။

    “အဲဒီတုန်းက သူမဟာ အပြောင်းအလဲနဲ့ လူ့အခွင့်အရေးအတွက် ရှေ့ဆောင်ရှေ့ရွက် ပြုသူပါ။ သူမဟာ ငြိမ်းချမ်းပြီး ဒီမိုကရက်တစ် မြန်မာနိုင်ငံဖြစ်လာရေး မျှော်လင့်ချက်တစ်ခု၊ အလင်းရောင်တစ်ခုလို့ ကမ္ဘာကြီးက မျှော်လင့်ခဲ့ကြတာပါ။ အခုအချိန်မှာတော့ ဒါမျိုး မဟုတ်တော့ဘူးဆိုတာ အားလုံး သိနေပါပြီ” လို့ အိုမစ်ဗာက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ငြင်းဆန်တာ၊ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးမှူးတွေ၊ ဂျာနယ်လစ်တွေကို ၀င်ခွင့်ပိတ်တာ၊ စစ်တပ်ကို ကာကွယ်တာ၊ ရိုဟင်ဂျာတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပိတ်ပင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း အိုမစ်ဗာက ဆိုပါတယ်။

    “လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ ကြံရာပါတစ်ဦးကို မကြိုဆိုဘူးဆိုတာ ကနေဒါနဲ့ ကမ္ဘာကြီးက ပြသဖို့လိုပါတယ်။ ကနေဒါရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် လုံးဝ လက်မခံနိုင်ပါဘူး”

    Ref: Aljazeera