News @ M-Media

Blog

  • ဆူပူဆန္ဒပြခဲ့သည့် လူဖြူ မဘသ ၄ ဦးကို အမေရိကန် ဖမ်းဆီးတရားစွဲ

    ဆူပူဆန္ဒပြခဲ့သည့် လူဖြူ မဘသ ၄ ဦးကို အမေရိကန် ဖမ်းဆီးတရားစွဲ

    အောက်တိုဘာ ၃၊ ၂၀၁၈
    M-Media

    – ပြီးခဲ့တဲ့နှစ်က ဗာဂျီးနီးယားပြည်နယ် ချားလော့ဗီလီမြို့မှာ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်မှုဖြစ်ခဲ့တဲ့ လက်ယာအစွန်းရောက်တွေရဲ့ ချီတက်ဆန္ဒပြမှုနဲ့ပတ်သက်တဲ့ လူဖြူအစွန်းရောက် ၄ ဦးကို အမေရိကန်က မနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ အသက် ၂၅ နှစ်အရွယ် ဘင်ဂျမင် ဒရာကီ ဒါလေး၊ အသက် ၂၉ နှစ်အရွယ် မိုက်ကယ် ပေါလ် မီစီလစ်၊ အသက် ၃၄ နှစ်အရွယ် သောမတ်စ် ဝေါလ်တာ ဂီလန်နဲ့ အသက် ၂၄ နှစ်အရွယ် ကိုးလ် အီဗန် ၀ှိုက်တို့ ဖြစ်ပါတယ်။

    သူတို့ကို ကယ်လီဖိုးနီးယားမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး မနေ့က ချားလော့ဗီလီတရားရုံးမှာ ရုန်းရင်းဆန်ခတ်မှုဆိုင်ရာ ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အပြစ်ရှိကြောင်း တွေ့ရမယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်လောက် ကျခံရနိုင်ပါတယ်။

    အမေရိကန် တရားရေးဌာန တာဝန်ရှိသူတွေက ဒီလူတွေဟာ လူဖြူအစွန်းရောက် စစ်သွေးကြွအဖွဲ့ Rise Above Movement (RAM) က အဖွဲ့ဝင်တွေဖြစ်ပြီး၊ ကယ်လီဖိုးနီးယားကနေ ဗာဂျီးနီးယားကို လာရောက်ကာ ဆူပူဆန္ဒပြဖို့ လှုံ့ဆော်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    RAM အဖွဲ့မှာ အဖွဲ့ဝင် ၅၀ ကျော်လောက်ရှိပြီး သူတို့နဲ့ အယူမတူသူတွေကို တိုက်ခိုက်သတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ မတရားမှုတွေကို စုံစမ်းဖော်ထုတ်နေတဲ့ ProPublica ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    အမေရိကန်ပြည်တွင်းစစ်အတွင်း ခွဲထွက်ရေးတပ်ဖွဲ့က တပ်မှူး ရောဘတ်အီးလီရဲ့ ရုပ်တု ဖယ်ရှားခံရတာကို မကျေနပ်ရာကနေ အစပြုကာ လူဖြူအစွန်းရောက်တွေဟာ ၂၀၁၇ ခုနှစ် သြဂုတ်လက ချားလော့ဗီလီမှာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

    အစွန်းရောက်တွေကို တန်ပြန်ဆန္ဒပြမှုလည်း ရှိခဲ့ပြီး လူဖြူအစွန်းရောက်တစ်ဦးက တန်ပြန်ဆန္ဒပြလူအုပ်ထဲကို ကားနဲ့ ၀င်တိုက် အကြမ်းဖက်တာကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီး ဟီသာဟိုင်ယာ သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အစွန်းရောက်တွေကို မျက်နှာသာပေးတဲ့ စကားမျိုး ပြောခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့မနက်ပိုင်း နိုင်ငံတကာ သတင်းများ

    ဗုဒ္ဓဟူးနေ့မနက်ပိုင်း နိုင်ငံတကာ သတင်းများ

    အောက်တိုဘာ ၃၊ ၂၀၁၈
    M-Media

    အီရတ်သမ္မတသစ် ဘာရ်ဟမ် ဆာလီဟ်

    အင်ဒိုဆူနာမီ သေဆုံးသူ ၁၃၀၀ ကျော်လာ
    ==================
    ပြီးခဲ့တဲ့တစ်ပတ်က ငလျင်နဲ့ ဆူနာမီကြောင့် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ သေဆုံးသူအရေအတွက်ဟာ ၁၃၄၇ ဦးအထိ မြင့်တက်လာခဲ့ပြီး၊ အပျက်အဆီးတွေကြားထဲမှာ ပိတ်မိနေသူတွေကို အသက်ရှင်လျက်တွေ့ရှိဖို့ အခွင့်အလမ်း နည်းပါးလာခဲ့ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ အိုးအိမ်ပေါင်း ၆၅၀၀၀ လောက် ပြိုကျပျက်ဆီးခဲ့သလို လူ ၆ သောင်းလောက် အိုးမဲ့အိမ်ဖြစ်ရကာ အရေးပေါ်အကူအညီတွေလည်း လိုအပ်နေပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသွားမည်
    ===============
    ကိုရီးယားကျွန်းဆွယ် နျူကင်းရှင်းရေး ထရမ့်နဲ့ ထပ်မံဆွေးနွေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုဟာ လာမယ့် တနင်္ဂနွေနေ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံမယ်လို့ အမေရိကန်အစိုးရက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ ပွမ်ပီယိုရဲ့ အခုနှစ်အတွင်း မြောက်ကိုရီး ယားကို ၄ ကြိမ်မြောက်သွားရောက်မှုဖြစ်ပြီး၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ကိုလည်း တစ်ဆက်တည်း သွားရောက်ဖို့ ရှိနေပါတယ်။

    S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေး ရုရှားနှင့် အိန္ဒိယ စာချုပ်ချုပ်မည်
    ==================
    အောက်တိုဘာ ၄ ရက်နေ့မှာ စတင်မယ့် ရုရှားသမ္မတပူတင်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း S-400 ဒုံးခွင်းစနစ် အိန္ဒိယကို ပို့ဆောင်ရေး ကန်ဒေါ်လာ ၅ ဘီလီယံတန် သဘောတူညီချက်တစ်ခု လက်မှတ်ထိုးဖို့ ရှိတယ်လို့ ရုရှားက မနေ့မှာ ပြောပါတယ်။ လက်ရှိမှာ S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးကိစ္စအတွက် အိန္ဒိယနဲ့ ရုရှားတို့က ဆွေးနွေးဆဲအဆင့်မှာ ရှိနေတာပါ။ အိန္ဒိယရဲ့ ကာကွယ်ရေးမိတ်ဖက်ဖြစ်တဲ့ အမေရိကန်က ဒီကိစ္စအတွက် အိန္ဒိယကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။

    အီရတ်က သမ္မတသစ်တင်မြှောက်
    ================
    နိုင်ငံရဲ့ သမ္မတသစ်အဖြစ် ကာ့ဒ်နိုင်ငံရေးသမားဟောင်း ဘာရ်ဟမ် ဆာလီဟ်ကို အီရတ်လွှတ်တော်က မနေ့မှာ ရွေးကောက်တင်မြှောက်လိုက်ပါတယ်။ ဆာဟီလ်ဟာ ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ ၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး၊ အီရတ်နိုင်ငံရဲ့ ဒုတိယ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ အီရတ်နိုင်ငံရဲ့ နိုင်ငံရေးစနစ်အရ သမ္မတကို ကာ့ဒ်လူမျိုး၊ ၀န်ကြီးချုပ်ကို ရှီအာမွတ်စလင်၊ လွှတ်တော်ဥက္ကဌကို စွန်နီမွတ်စလင်တွေကို ခန့်အပ်ရတာ ဖြစ်ပါတယ်။

    Ref: Aljazeera,CNA

  • ရခိုင်ပြဿနာကို မှန်မှန်ကန်ကန်ဆောင်ရွက်ရန် အာဆီယံနိုင်ငံများ တိုက်တွန်း

    ရခိုင်ပြဿနာကို မှန်မှန်ကန်ကန်ဆောင်ရွက်ရန် အာဆီယံနိုင်ငံများ တိုက်တွန်း

    အောက်တိုဘာ ၃၊ ၂၀၁၈
    M-Media

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာ ကရစ်ရှ်နန်

    – ရခိုင်ပြည်နယ်က ပြဿနာကို မှန်မှန်ကန်ကန်ဆောင်ရွက်ပြီး ကျူးလွန်ခဲ့သူတွေကို အပြစ်ပေးနိုင်ရေး စုံစမ်းရေးကော်မရှင်ကို လုပ်ပိုင်ခွင့်အပြည့်ပေးဖို့အတွက် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် ကုလအထွေထွေညီလာခံမှာ သီးသန့်တွေ့ဆုံရာမှာ မြန်မာနိုင်ငံက အကြမ်းဖက်မှုအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်က မနေ့မှာ စင်ကာပူလွှတ်တော်ကို တင်ပြခဲ့ပါတယ်။

    “အကြမ်းဖက်မှုတွေ လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အလွန်အမင်း စိုးရိမ်မိကြောင်း ကျွန်တော်တို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ လူသားတွေဖန်တီးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုးကြီးပါ။ ဒီလိုခေတ်ကာလမျိုးမှာ မဖြစ်သင့်တော့တဲ့ ကိစ္စပါ။ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေအားလုံးကို အရေးယူဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကို လုပ်ပိုင်ခွင့် အပြည့်အ၀ပေးရေး မြန်မာအစိုးရကို နိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းခဲ့ပါတယ်”

    ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့က ရဲကင်းစခန်းတွေကို ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်က ပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းမှာ ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    စစ်တပ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မကျင့်တာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့ပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

    မကြာသေးခင် ကုလက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာစစ်တပ်ရဲ့ ဒီလုပ်ရပ်တွေဟာ ‘လူမျိုးတုန်းသတ်ဖြတ်ဖို့ ရည်ရွယ်ချက်’ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

    စင်ကာပူနိုင်ငံဟာ လက်ရှိ အာဆီယံဥက္ကဌဖြစ်ပြီး လာမယ့်လမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ စင်ကာပူမှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

    ရခိုင်ပြည်နယ်က ဒီပြဿနာကို ဆက်ပြီးလွှတ်ထားမယ်ဆိုရင် အကြမ်းဖက်ဝါဒ ပေါ်ပေါက်လာနိုင်ပြီး ‘အရှေ့တောင်အာရှနဲ့ အခြားဒေသတွေကိုပါ’ ပြန့်နှံ့သွားမယ်လို့ သတိပေးခဲ့ပါတယ်။

    “အကာအကွယ်မဲ့သူတွေ၊ အပြစ်မဲ့ ထိခိုက်ခံစားရသူတွေ၊ အားနည်းသူတွေအားလုံးကို ထောက်ထားပြီး သူတို့ (မြန်မာအစိုးရ) အနေနဲ့ ဒီကိစ္စကို မှန်မှန်ကန်ကန်လုပ်ဖို့ လိုအပ်ပါတယ်”

    Ref: Reuters

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၂၊ ၂၀၁၈
    M-Media

    ဂျပန်တိုင်ဖုန်းမုန်တိုင်းမြင်ကွင်း

    တိုင်ဖုန်းတရာမီကြောင့် ဂျပန်တွင် ၄ ဦးသေဆုံး
    =========
    ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဂျပန်နိုင်ငံအရှေ့ပိုင်းမှာ ၀င်ရောက်တိုက်ခတ်သွားတဲ့ တိုင်ဖုန်းမုန်တိုင်း တရာမီကြောင့် ၄ ဦးသေဆုံးခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဒဏ်ရာရရှိသူက ၁၂၀ လောက်ရှိပြီး၊ သစ်ပင်တွေ၊ ဓာတ်တိုင်တွေ ပြိုလဲတာတွေလည်း ရှိခဲ့ပါတယ်။ မုန်တိုင်းကြောင့် ရထားခရီးစဉ်တွေ၊ လေယာဉ်ခရီးဉ်တွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။ စက်တင်ဘာလအစောပိုင်းက နိုင်ငံအနောက်ပိုင်းမှာ တိုင်ဖုန်းဂျီဘီ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး ၁၁ ဦးသေဆုံးခဲ့သလို၊ အခုနှစ်အစောပိုင်းက နိုင်ငံအနောက်ပိုင်းမှာ ရေကြီးခဲ့တာကြောင့် ၂၀၀ ကျော်သေဆုံးခဲ့ပါတယ်။

    တောင်တရုတ်ပင်လယ်တွင် အမေရိကန်နှင့်တရုတ် တင်းမာမှုဖြစ်
    ==================
    တောင်တရုတ်ပင်လယ်က အငြင်းပွားရေပိုင်နက်အနီး အမေရိကန်ရေတပ်က ဖျက်သင်္ဘော USS Decatur အင်္ဂါနေ့က ခုတ်မောင်းသွားလာမှုကို ကန့်ကွက်တယ်လို့ တရုတ်က ဒီကနေ့မှာ ပြောကြားလိုက်ပြီး ဒါဟာ သူတို့ရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် စစ်ဖက်တာဝန်ရှိသူတစ်ဦးက  လွတ်လပ်စွာ ရေကြောင်းသွားလာမှု တရုတ်ဖက်က ကန့်သတ်တာကို သူတို့ဖက်က တုန့်ပြန်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တရုတ်ကလည်း သူတို့စစ်သဘော်တွေလွှတ်ကာ အမေရိကန်ဖျက်သင်္ဘောကို သတိပေးခဲ့ပါတယ်။

    ဆူနာမီကြောင့် အင်ဒိုတွင် သေဆုံးသူ ၈၄၄ ဦးအထိ ရှိလာ
    ================
    ပြီးခဲ့တဲ့တစ်ပတ်မှာ ငလျင်နဲ့ ဆူနာမီဒဏ် ခံစားခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း ပါလူမြို့က ပြိုကျနေတဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ကျောင်းသားအလောင်း ၃၄ လောင်း တွေ့ခဲ့ရတယ်လို့ မနေ့မှာ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၈၄၄ ဦးအထိ ရှိလာပြီဖြစ်ပြီး ပျက်ဆီးမှုပမာဏ များပြားတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကလည်း ကြန့်ကြာနေပါတယ်။ ဒီကနေ့မနက်ပိုင်းက အင်ဒိုနီးရှားပိုင်နက် ဆမ်ဘာကျွန်းကမ်းလွန်မှာ ပြင်းအား ၅.၉ နဲ့ ၆.၀ မဂ္ဂနီကျုရှိတဲ့ ငလျင်နှစ်ခု လှုပ်ခတ်သွားပါတယ်။

    ကိုရီးယားနှစ်နိုင်ငံ မြေမြှုပ်မိုင်းများ ရှင်းလင်း
    =============
    နှစ်ဖက်နယ်စပ်မှာ စစ်မဲ့ဇုန်မှာ ရှိနေတဲ့ မြေမြှုပ်မိုင်း ၈ သိန်းလောက်ကို တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားက စစ်သားတွေက မနေ့မှာ စတင်ရှင်းလင်းနေပါတယ်။ ဒီလိုဆောင်ရွက်ဖို့ ပြီးခဲ့တဲ့လ ပြုံးယမ်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုအတွင်း သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ရက်ပေါင်း ၂၀ အတွင်း အပြီး ရှင်းလင်းမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ကင်းစခန်းတွေ၊ လက်နက်တွေကိုပါ ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ လက်နက်မဲ့ စစ်သားတွေကိုသာ ချထားသွားဖို့ ရှိနေပါတယ်။

    Ref: CNA, BBC

  • ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ဂျပန်နှင့် အမေရိကန်မှ သိပ္ပံပညာရှင် ၂ ဦး ရရှိ

    ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ဂျပန်နှင့် အမေရိကန်မှ သိပ္ပံပညာရှင် ၂ ဦး ရရှိ

    အောက်တိုဘာ ၁၊ ၂၀၁၈
    M-Media

    ဟွန်ဂျို (၀ဲ) နှင့် အယ်လီဆန် (ယာ)

    – ၂၀၁၈ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ကိုယ်ခံအားနဲ့ပတ်သက်တဲ့ သုတေသနတွေ လုပ်ဆောင်ခဲ့တဲ့ သိပ္ပံပညာရှင်နှစ်ဦးက ပူးတွဲ ရရှိသွားပါတယ်။

    အမေရိကန် သိပ္ပံပညာရှင် ဂျိမ်းစ် အယ်လီဆန်နဲ့ ဂျပန်သိပ္ပံပညာရှင် တာဆူကို ဟွန်ဂျိုတို့ဖြစ်ပြီး သူတို့နှစ်ဦးဟာ သာမန် ကင်ဆာကုသနည်းတွေနဲ့မတူတဲ့ ကိုယ်ခံအားအခြေပြု နည်းလမ်းကို လေ့လာဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

    “သူတို့နှစ်ဦးရဲ့ အရေးပါတဲ့ ရှာဖွေတွေ့ရှိမှုက ကင်ဆာတိုက်ဖျက်ရေးနယ်ပယ်မှာ မှတ်တိုင်တစ်ခုပါပဲ” လို့ နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

    အသက် ၇၀ အရွယ် ရှိပြီဖြစ်တဲ့ အယ်လီဆန်က ဒီလိုရွေးချယ်ခံရမှုကို ဂုဏ်ယူတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော့်ရဲ့ သုတေသနပြုမှုဟာ ဒီလောက်အထိ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။ (သူဖော်ထုတ်ခဲ့တဲ့) immune checkpoint blockade နည်းလမ်းနဲ့ ကုသလို့ ပျောက်ကင်းသွားတဲ့ ကင်ဆာလူနာတွေကို တွေ့ဆုံရတဲ့အခါ ကျွန်တော် တကယ့်ကို ကြည်နူးပီတိဖြစ်မိပါတယ်။ သူတို့ဟာ သိပ္ပံအခြေခံစွမ်းအားရဲ့ သက်သေအဖြစ် ရှင်သန်နေကြတာ ဖြစ်ပါတယ်”

    ဟွန်ဂျိုက အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်ပြီး သုတေသနလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကိုယ်ခံအားအခြေပြု ကုသနည်းနဲ့ ကင်ဆာရောဂါသည်တွေကို အရင်ကထက်ပိုပြီး ကယ်တင်နိုင်ဖို့အတွက် သုတေသနကို ဆက်လုပ်သွားမှာပါ” လို့ အလုပ်လုပ်ကိုင်ရာ ကျိုတိုတက္ကသိုလ်မှာ ဟွန်ဂျိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က သုတေသနပညာရှင်တွေဟာ ကင်ဆာရောဂါကို တိုက်ဖျက်ရာမှာ ကိုယ်ခံစွမ်းအားကို အသုံးချရေးအတွက် နှစ်ပေါင်း ၁၀၀ ကျော်လောက် ကြိုးစားခဲ့ပြီး အယ်လီဆန်နဲ့ ဟွန်ဂျိုတို့လက်ထက်ကျမှ အောင်မြင်ခဲ့တာ ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: PressTV