News @ M-Media

Blog

  • ဂျာမနီတွင် ဗလီသစ်တစ်လုံး ဖွင့်လှစ်၊ နိုင်ငံအတွင်း အကြီးဆုံးဗလီ ဖြစ်လာ

    ဂျာမနီတွင် ဗလီသစ်တစ်လုံး ဖွင့်လှစ်၊ နိုင်ငံအတွင်း အကြီးဆုံးဗလီ ဖြစ်လာ

    အောက်တိုဘာ ၁၊ ၂၀၁၈
    M-Media

    – ဂျာမနီနိုင်ငံက အကြီးဆုံး ဗလီဝတ်ကျောင်းတော်ကြီးကို စနေနေ့က ဖွင့်လှစ်ခဲ့ပြီး တူရကီသမ္မတ အာဒိုဂန် တက်ရောက်ခဲ့ပါတယ်။

    ‘ကိုးလုံးဂျာမေဗလီ’ လို့ အမည်တွင်တဲ့ အဲဒီဗလီဟာ ကိုးလုံးမြို့မှာ တည်ရှိတာဖြစ်ပြီး ယူရို ၁၇ သန်းကနေ သန်း ၂၀ အထိ အကုန်အကျခံ ဆောက်လုပ်ကာ ၂၀၁၇ ခုနှစ်မှာ ပြီးစီးခဲ့တာဖြစ်ပါတယ်။

    ရန်ပုံငွေတွေကို တူရကီအစိုးရ သာသနာရေးဝန်ကြီးဌာန လက်အောက်ခံ Diyanet İşleri Türk İslam Birliği (DITIB) အဖွဲ့က မတည်ပြီး မွတ်စလင်အသင်းအဖွဲ့ ၈၈၄ ဖွဲ့က ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။ ကိုးလုံးမြို့က ‘စိန့်သီယိုဒို’ ကက်သလစ်ဘုရားကျောင်းကလည်း ငွေကြေး ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့အကျယ်ဟာ စကွဲယားမီတာ ၄၈,၀၀၀ ရှိပြီး၊ ၅၅ မီတာမြင့်တဲ့ မင်နာရတ်မျှော်စင် ၂ ခုလည်း ပါဝင်ပါတယ်။ ဗလီဝတ်ကျောင်းတော်ရဲ့ ဗိသုကာလက်ရာဟာ ကွန်ကရစ်နဲ့ မှန်တို့ ပေါင်းစပ်ထားတဲ့ ခေတ်ပေါ်လက်ရာတစ်ခုဖြစ်ပြီး ခရစ်ယာန်ဘုရားကျောင်းတွေကို ဒီဇိုင်းဆွဲပေးတဲ့ နာမည်ကျော် ဗိသုကာပညာရှင် Gottfried Böhm နဲ့ သားဖြစ်သူ Paul Böhm တို့က ဒီဇိုင်းဆွဲပေးခဲ့တာ ဖြစ်ပါတယ်။

    ဗလီမှာ ဈေးဆိုင်တန်း၊ စာသင်ခန်းမတွေ၊ ၀တ်ပြုဆောင်၊ စာကြည့်တိုက်၊ စားသောက်ဆိုင်တွေ ပါဝင်ပြီး တစ်ကြိမ်ကို လူပေါင်း ၂ ထောင်ကနေ ၄ ထောင်အထိ ၀တ်ပြုဆုတောင်းနိုင်မှာ ဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းတော်အတွင်း အစ္စလာမ်ဘာသာဝင်မဟုတ်သူတွေ လာရောက်လည်ပတ် လေ့လာပြီး၊ အနားယူနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။

    ဒီဗလီဝတ်ကျောင်းတော် ဆောက်လုပ်ဖို့ ဂျာမနီအစိုးရထံ ခွင့်ပြုချက်တောင်းခံစဉ်က ဆန့်ကျင်မှုတွေ ကြုံတွေ့ခဲ့ရပြီး ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။

    ‘ကိုးလုံးဂျာမေဗလီ’ ဟာ ဥရောပက အကြီးဆုံး ဗလီဝတ်ကျောင်းတော်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ဂျာမနီနိုင်ငံမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ အရေအတွက်ဟာ ၄ သန်းကျော် ရှိတယ်လို့ ခန့်မှန်းထားပြီး တာ့က်လူမျိုးတွေက အများဆုံးဖြစ်ပါတယ်။

    Ref: Aljazeera, Wiki

  • တိုကျိုတွင်ပြုလုပ်မည့် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး နိုင်ငံတော်အတိုင်ပင်ခံ တက်မည်

    တိုကျိုတွင်ပြုလုပ်မည့် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး နိုင်ငံတော်အတိုင်ပင်ခံ တက်မည်

    အောက်တိုဘာ ၁၊ ၂၀၁၈
    M-Media

    ၂၀၁၆ ခုနှစ် ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်က

    – တိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် ‘၁၀ ကြိမ်မြောက် ဂျပန်-မဲခေါင် ထိသပ်သီးအစည်းအဝေး’ ကို တက်ရောက်ဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့မှာ ထွက်ခွာမယ်လို့ သိရပါတယ်။

    အောက်တိုဘာ ၈ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၂ ရက်တာကျင်းပမယ့် အဲဒီအစည်းအဝေးမှာ မဲခေါင်ဒေသအတွင်း လုပ်ငန်းတွေ ချိတ်ဆက်ဖို့၊ အခြေခံအဆောက်အဦးတွေ တိုးတက်စေဖို့ နည်းလမ်းတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

    ၆ ရက်တာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဖူကီရှီးမားပြည်နယ်က လယ်ယာလုပ်ငန်းကို သွားရောက်ကာ လုပ်သားရှားပါးမှုပြဿနာကို ဂျပန်နိုင်ငံက ဘယ်လိုဖြေရှင်းလဲဆိုတာ လေ့လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာလည်း လုပ်သားရှားပါးမှုပြဿနာကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

    အစည်းအဝေးမှာ တရုတ်ရဲ့ Belt and Road Initiative စီမံကိန်းကို တန်ပြန်နိုင်မယ့် ဂျပန်ဦးဆောင်တဲ့ Free and Open Indo-Pacific မဟာဗျူဟာအကြောင်းနဲ့ 2019-2023 Ayeyarwady-Chao Phraya-Mekong Economic Cooperation ဗဟာဗျူဟာ အကြောင်းတွေကို ဆွေးနွေးဖို့လည်း ရှိပါတယ်။

    မြန်မာနိုင်ငံပြင် အာဆီယံနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်တို့က နိုင်ငံ့ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာပါ။

    ခေါင်းဆောင်တွေဟာ တရုတ်နဲ့ ပိုင်နက်အငြင်းပွားမှုဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာရေး လိုအပ်ချက်ကို အတည်ပြုပေးမယ့် ဂျပန်ရဲ့ Indo-Pacific မဟာဗျူဟာကို လက်ခံ သဘောတူဖို့လည်း ရှိနေပါတယ်။

    သြဂုတ်လက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ဒီထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားမှုကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာ ဖြစ်ပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ၂၀၁၃ ခုနှစ်ကလည်း ဂျပန်နိုင်ငံကို ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်မှာ ဒုတိယအကြိမ် သွားရောက်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံကို စီးပွားရေးအရ ကူညီထောက်ပံ့ပေးဖို့၊ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကူညီဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။)

  • ဆူနာမီ နောက်ဆက်တွဲ ပြဿနာများကြောင့် အင်ဒိုနီးရှားက နိုင်ငံတကာအကူအညီ တောင်းခံ

    ဆူနာမီ နောက်ဆက်တွဲ ပြဿနာများကြောင့် အင်ဒိုနီးရှားက နိုင်ငံတကာအကူအညီ တောင်းခံ

    အောက်တိုဘာ ၁၊ ၂၀၁၈
    M-Media

    သမ္မတ၀ီဒိုဒိုက ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်နေစဉ်

    – ဆူလာဝေစီကျွန်းမှာ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် သေဆုံးသူ ၈၀၀ ကျော်လာတဲ့အချိန် ငလျင်နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး နိုင်ငံတကာက ကူညီပေးကြဖို့အတွက် အင်ဒိုနီးရှားနိုင်ငံက ဒီကနေ့မှာ မေတ္တာရပ်ခံလိုက်ပါတယ်။

    ပြင်းအား ၇.၅ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ဆူနာမီ လှိုင်းလှုံးတွေ ၀င်လာတာဖြစ်ပြီး ဆူလာဝေစီမြို့တော် ပါလူနဲ့ ဒွန်ဂါလာမြို့တွေဟာ ဒီဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။

    ထိခိုက်ခံစားရမှု ပမာဏဟာ ကြီးမားတာကြောင့် အစိုးရရဲ့ ရှာဖွေကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ထိရောက်မှုအားနည်းနေပြီး သမ္မတ ဂျိုကိုဝီဒိုဒိုက နိုင်ငံတကာ အကူအညီတွေကို လက်ခံဖို့အတွက် မနေ့မှာ ခွင့်ပြုခဲ့တယ်လို့ အစိုးရ ရင်းနှီးမြှုပ်နှံမှုအကြီးအကဲ တွမ် လမ်ဘွန်က ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ထိုင်းနဲ့ သြစတေးလျလို နိုင်ငံတွေက အကူအညီတွေပေးနေပြီး အခြားနိုင်ငံတွေက အဖွဲ့အစည်းတွေကလည်း အကူအညီတွေပေးအပ်ဖို့ ကမ်းလှမ်းထားကြပါတယ်။

    ဆူနာမီကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၂၃ ဦး ရှိလာခဲ့ပြီး ပျောက်ဆုံးနေသူတွေ ရှိနေတာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။ လက်ရှိမှာ သေဆုံးသူတွေကို စုပေါင်းမြှုပ်နှံမှုတွေ ပြုလုပ်နေရပါတယ်။

    ငလျင်နဲ့ ဆူနာမီဒဏ်ခံ ဒေသတွေမှာ ဒေသခံတွေဟာ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ကြုံတွေ့နေရသလို၊ ပုပ်ပွပျက်ဆီးနေတဲ့ အလောင်းတွေကနေ ရောဂါတွေ ကူးစက်နိုင်တဲ့အန္တရာယ် ရှိနေတာကြောင့် အစိုးရက ၁၄ ရက် အရေးပေါ်အခြေအနေ ကြေငြာထားပါတယ်။

    Ref: CNA

  • ဂျေရုစလင်ကိစ္စအတွက် အမေရိကန်ကို ပါလက်စတိုင်းက ICJ ထံ တိုင်ကြား

    ဂျေရုစလင်ကိစ္စအတွက် အမေရိကန်ကို ပါလက်စတိုင်းက ICJ ထံ တိုင်ကြား

    စက်တင်ဘ ၂၉၊ ၂၀၁၈
    M-Media

    ဂျေရုစလင်ရှိ အမေရိကန်သံရုံးဖွင့်ပွဲမြင်ကွင်း

    – တလ်အဗီးကသံရုံး ဂျေရုစလင်ကိုရွှေ့တာဟာ ကုလရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး ပါလက်စတိုင်းက အမေရိကန်ကို ‘နိုင်ငံတကာ ခုံသမာဓိရုံး’ ICJ ထံ တိုင်ကြားလိုက်ပါတယ်။

    ICJ ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ပါလက်စတိုင်းက အမေရိကန်ရဲ့ သံရုံးရွှေ့ပြောင်းမှုဟာ ‘၁၉၆၁ ခုနှစ် ဗီယင်နာ သံတမတ်ဆက်ဆံရေး သဘောတူညီချက်’ ကို ချိုးဖောက်တာဖြစ်တယ်လို့ ထောက်ပြထားကြောင်း ဖော်ပြထားပါတယ်။

    ဗီယင်နာ သဘောတူချက်မှာ နိုင်ငံတစ်နိုင်ငံရဲ့သံရုံးဟာ လက်ခံထားမယ့်နိုင်ငံရဲ့ ပိုက်နက်အတွင်းမှာသာ တည်ရှိရမှာဖြစ်ပြီး ဂျေရုစလင်ကို ‘အထူးဒေသအဖြစ်’ သတ်မှတ်ထားတာကြောင့် အမေရိရဲ့ သံရုံးပြောင်းရွှေ့မှုဟာ သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်လို့လည်း ပါလက်စတိုင်းရဲ့ တိုင်ကြားချက်မှာ ရေးသားထားပါတယ်။

    ICJ အနေနဲ့ အမေရိကန်ရဲ့ ဒီရွှေ့ပြောင်းမှုကို တရားမ၀င်အဖြစ် ကြေငြာပြီး၊ ဂျေရုစလင်ကနေ သံရုံး ပြန်လည်ရွှေ့ပြောင်းရေး အမိန့်ထုတ်ပြန်ပေးဖို့လည်း ပါလက်စတိုင်းက တောင်းဆိုထားပါတယ်။

    ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး ရီယာ့ဒ် အလ်-မာလ်ကီက ဒီလိုတိုင်ကြားမှုဟာ ဂျေရုစလင်ကို နာမ်ပိုင်းဆိုင်ရာ၊ ဘာသာရေးဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ သဟဇတဖြစ်ရာနေရာအဖြစ် ထိန်းသိမ်းသွားမယ်ဆိုတဲ့ ပါလက်စတိုင်းနိုင်ငံရဲ့ ပေါ်လစီအတိုင်း ဆောင်ရွက်တာဖြစ်တယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့အခွင့်အရေး၊ ပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ တွန့်ဆုတ်နေမှာ မဟုတ်ဘဲ၊ နိုင်ငံရေးအရဖြစ်စေ၊ ဘဏ္ဍာရေးအရဖြစ်စေ ထိပါးလာတာမှန်သမျှကို ငြင်းဆန်သွားမှာပါ”

    အမေရိကန်က အစ္စရေးမှာရှိတဲ့ သူတို့ရဲ့သံရုံး ဂျေရုစလင်ကို ရွှေ့ပြောင်းမှုကို ကမ္ဘာတစ်ဝှမ်းက ကန့်ကွက်ခဲ့ကြပြီး ကုလမှာလည်း ဒီလုပ်ရပ်ကိုဆန့်ကျင်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

    Ref: Aljazeera

  • အိန္ဒိယမှ ကမ္ဘာ့အသေးဆုံးဗလီ ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ

    အိန္ဒိယမှ ကမ္ဘာ့အသေးဆုံးဗလီ ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ

    စက်တင်ဘာ ၂၉၊ ၂၀၁၈
    M-Media

    Kishan Bagh ရှေးဟောင်းဗလီ

    – အိန္ဒိယနိုင်ငံ တီလန်ဂါနာပြည်နယ် ဟိုက်ဒရာဘတ်မြို့မှာတည်ရှိပြီး ကမ္ဘာ့အသေးဆုံး ဗလီဝတ်ကျောင်းတော်တွေထဲက တစ်လုံးဖြစ်တဲ့ Kishan Bagh ရှေးဟောင်းဗလီကို ပြုပြင်ထိန်းသိမ်းဖို့အတွက် အိန္ဒိယ ရှေးဟောင်းသမိုင်းဝင်နေရာများ စာရင်းပြုစုရေးအဖွဲ့ ASI က တိုက်တွန်းလိုက်ပါတယ်။

    မွတ်စလင်သူတော်စဉ် မီရ် မဟ်မူးဒ် ကီ ပါဟာဒီရဲ့ ဂူဗိမာန်က တောင်ကုန်းလေးပေါ်မှာ တည်ရှိပြီး “ဂျင် ဗလီဝတ်ကျောင်းတော်” လို့လည်း အမည်တွင်တဲ့ အဲဒီဗလီရဲ့ အကျယ်အ၀န်းဟာ ၁၀ စကွဲယားမီတာလောက် ရှိတယ်လို့ Deccan Heritage အဖွဲ့က တာဝန်ရှိသူ ဒေါက်တာ မိုဟာမက် ဆိုက်ဖွလ္လာဟ်က ပြောကြားခဲ့ပါတယ်။

    Kishan Bagh ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ လောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး သွားရောက်ဝတ်ပြုသူတွေ နည်းတာကြောင့် ပြုပြင်ထိန်းသိမ်းမှုမရှိတာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

    နိုင်ငံတစ်ဝှမ်း သမိုင်းဝင်အမွေအနှစ်တွေကို စာရင်းပြုစုကာ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ASI အဖွဲ့က ဒီဗလီကို ကမ္ဘာ့ အသေးဆုံး ဗလီဝတ်ကျောင်းတော်အဖြစ် စာရင်းဝင်ချင်နေတာ ဖြစ်ပါတယ်။

    ဆိုက်ဖွလ္လာက ‘ဂျင်’ ဗလီဝတ်ကျောင်းတော်ဟာ လက်ရှိ ကမ္ဘာ့အသေးဆုံး ဗလီဝတ်ကျောင်းတော်အဖြစ် စာရင်းဝင်နေတဲ့ မဒ်ယာပရာဒက်ရှ်ပြည်နယ်က ဘိုပါလ်ဗလီထက် ပိုပြီးသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီဗလီလေးဟာ နိုင်ငံအတွင်းမှာ အသေးဆုံးဖြစ်ပြီး လူ ၈ ယောက်ကနေ ၁၀ ယောက်လောက်အထိသာ ၀တ်ပြုလို့ရပါတယ်။ ဘိုပါလ်ဗလီက ၁၆ စကွဲယားမီတာကျယ်ပြီး ‘ဂျင်’ ဗလီကတော့ ၁၀ စကွဲယားမီတာအောက်သာ ကျယ်ပါတယ်။ ကမ္ဘာ့ပေါ်က အသေးဆုံးဗလီအဖြစ် တရားဝင် စာရင်းဝင်ဖို့အတွက် ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်”

    ‘ဂျင်’ ဗလီဝတ်ကျောင်းတော်မှာ ဗလီတစ်လုံးရဲ့ ကြန်အင်လက္ခဏာတွေဖြစ်တဲ့ ရှေ့ဆောင်အီမာမ်နေရာ၊ တရားဟောစင်မြင့်၊ နိဗ္ဗာန်ဆော်မျှော်စင်တို့ ပါဝင်ပြီး ယနေ့အချိန်မှာတော့ အသုံးပြုမှု မရှိတော့ပါဘူး။

    Ref: Times of India