News @ M-Media

Blog

  • အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းမှု တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်

    အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းမှု တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်

    စက်တင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    – ထိုင်ဝမ်နိုင်ငံကို ကန်ဒေါ်လာ သန်း ၃၃၀ တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့အတွက် အမေရိကန်အစိုးရက မနေ့မှာ အတည်ပြုလိုက်ပြီး ဒီကိစ္စအတွက် တရုတ်က အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

    ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိတဲ့ ဒေသတစ်ခုဖြစ်ပေမယ့် တရုတ်က သူ့ရဲ့ပိုင်နက်အဖြစ် မှတ်ယူထားတာ ဖြစ်ပါတယ်။

    အမေရိကန်အစိုးရရဲ့ မနေ့က ကြေငြာချက်မှာ ထိုင်ဝမ်အနေနဲ့ F-16 တိုက်လေယာဉ်နဲ့ C-130 ကုန်တင်လေယာဉ်တွေအပါအ၀င် စစ်သုံးလေယာဉ်တော်တော်များများအတွက် အဆင့်မီ အပိုပစ္စည်းတွေ ရရှိမယ်လို့ ဖော်ပြထားပါတယ်။

    တရုတ်က ဒီသဘောတူညီချက်ကို ပယ်ဖျက်ဖို့အတွက် ဒီကနေ့မှာ တောင်းဆိုလိုက်ပြီး မလိုက်နာဘူးဆိုရင် အမေရိကန်နဲ့ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေလိမ့်မယ်လို့ သတိပေးခဲ့သလို၊ ဒီလို လက်နက်တွေ ရောင်းချမှုဟာ တရုတ်ရဲ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာဖြစ်ပြီး၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားကို ထိုခိုက်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အစိုးရရဲ့ သဘောတူညီမှုကို အမေရိကန်လွှတ်တော်က ရက်ပေါင်း ၃၀ အတွင်း ပယ်ဖျက်နိုင်ပေမယ့် လက်ရှိမှာ ဒီလိုဖြစ်လာဖို့ မရှိတော့ပါဘူး။

    အမေရိကန်ဟာ ထိုမ်ဝမ်ရဲ့ တရားဝင်မဟုတ်တဲ့ မဟာမိတ်နိုင်ငံတစ်ခုဖြစ်ပြီး လက်နက်တွေကို အဓိက ထောက်ပံ့နေပါတယ်။

    ၁၉၄၉ ခုနှစ်မှာ ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးကနေ ခွဲထွက်သွားခဲ့ပြီး တရုတ်က သူတို့ပိုင်နက်အဖြစ် ကြေငြာထားကာ၊ ပြည်မနဲ့ ပြန်ပေါင်းဖို့အတွက် စစ်တိုက်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

    Ref: Aljazeera

  • ဘုန်းကြီးများ၏ လိင်ပြဿနာအတွက် ဂျာမနီမှ ရိုမန်ကက်သလစ်အကြီးအကဲ တောင်းပန်

    ဘုန်းကြီးများ၏ လိင်ပြဿနာအတွက် ဂျာမနီမှ ရိုမန်ကက်သလစ်အကြီးအကဲ တောင်းပန်

    စက်တင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    ကာဒီနယ် ရိန်ဟာ့ဒ် မာ့က်စ်

    – ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကြောင့် ‘ထိခိုက်နာကျင်မှုတွေ’၊ ဒီလုပ်ရပ်တွေအပေါ် မတားဆီးနိုင်မှုတွေအတွက် တောင်းပန်တယ်လို့ ဂျာမနီက ခရစ်ယာန်ကက်သလစ်အသင်းတော်အကြီးအကဲက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဂျာမနီ တက္ကသိုလ် ၃ ခုက သုတေသနပညာရှင်တွေရဲ့ စုံစမ်းဖော်ထုတ်မှုအရ ၁၉၄၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ နှစ်ပေါင်း ၇၀ အတွင်း ခရစ်ယာန် ကသလစ်ဘုန်းတော်ကြီး ၁၆၇၀ ဦးဟာ ကလေးငယ်ပေါင်း ၃၇၀၀ ကျော်လောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

    ဒီဖော်ထုတ်မှုကို အခုလအစောပိုင်းက ဂျာမန်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Der Spiegel မှာ ဖော်ပြခဲ့ပြီး ကက်သလစ်အသင်းတော်က မှတ်တမ်းမတင်တာ၊ ဒါမှမဟုတ် ဖျောက်ဖျက်လိုက်တာတွေကြောင့် အမှန်တကယ် ကျူးလွန်ခံရသူအရေအတွက် ဒီထက်ပိုများနိုင်တယ်လို့လည်း လေ့လာသူတွေက ပြောကြားခဲ့ပါတယ်။

    ဂျာမနီ ကက်သလစ်ဘုန်းတော်ကြီးများအသင်းရဲ့ အကြီးအကဲ ကာဒီနယ် ရိန်ဟာ့ဒ် မာ့က်စ်က ဒီကနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဒီကိစ္စကို တောင်းပန်ခဲ့ပါတယ်။

    “အသင်းတော်က ဒီကိစ္စတွေကို လစ်လျူရှုတာ၊ ငြင်းဆိုတာ၊ ဖုံးကွယ်တာ၊ မဖြစ်ခဲ့သလို ဟန်ဆောင်တာတွေဟာ တော်တော်လေး ကြာမြင့်ခဲ့ပါပြီ။ အရေးမယူနိုင်မှု၊ ထိခိုက်နာကျင်၊ ခံစားရမှုတွေ အားလုံးအတွက် ဂိုဏ်အုပ်ဘုန်းတော်ကြီးများအသင်း ဥက္ကဌတစ်ယောက်အနေနဲ့ရော၊ ဘုန်းကြီးတစ်ပါးအနေနဲ့ပါ ၀န်ချတောင်းပန်ပါတယ်။ ဒီပြဿနာကို လစ်လျူရှုထားခဲ့လို့ မရဘူးဆိုတဲ့အချက်ကို လေ့လာဖော်ထုတ်မှုက အမြင်ဖွင့်ပေးလိုက်ပါတယ်”

    လေ့လာဖော်ထုတ်မှုအရ ဘုန်းကြီးတွေရဲ့ ကျူးလွန်မှုတွေကို ကက်သလစ်အသင်းတော် အာဏာပိုင်တွေက အရေးမယူဘဲ စနစ်တကျ ဖုံးကွယ်ပေးတာမျိုးတွေ လုပ်ခဲ့တယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။

    Ref: Reuters

  • အမေရိကန်၏ ပိတ်ဆို့မှုကို ရှောင်ရှားရန် အီရန်နှင့် ဥရောပတို့ သဘောတူ

    အမေရိကန်၏ ပိတ်ဆို့မှုကို ရှောင်ရှားရန် အီရန်နှင့် ဥရောပတို့ သဘောတူ

    စက်တင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ် (၀ဲ) နှင့် ဥရောပနိုင်ငံခြားရေးဝန်ကြီး

    – အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ကျော်လွှားကာ တရားဝင် ဆက်လက်ကုန်သွယ်နိုင်ဖို့အတွက် ငွေပေးချေမှုစနစ်တစ်ခု ဖော်ဆောင်ရေး အီရန်နဲ့ ဥရောပတို့ မနေ့မှာ သဘောတူခဲ့ကြပါတယ်။

    ဥရောပနဲ့ အီရန်တို့ဟာ ရေနံလုပ်ငန်းနဲ့ အခြားလုပ်ငန်းတွေကို ပူပေါင်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဝန်ကြီး ဖက်ဒရီကာ မို့ဂ်ဟိရီနီက အခုသဘောတူလိုက်တဲ့ ငွေပေးချေမှု နည်းလမ်းသစ်ဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    နယူးယောက်မှာလုပ်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တရုတ်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးအပြီးမှာ ဒီသေဘာတူညီချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ်က အမေရိကန်၊ ဥရောပတို့အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလမှာ ကြေငြာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။

    ဒါ့ကြောင့် အမေရိကန်ရဲ့ မဟာမိတ် ဥရောပအနေနဲ့ အီရန်နဲ့ စီးပွားရေးဆက်လုပ်ဖို့ အခက်တွေ့ခဲ့ပါတယ်။

    ဥရောပသမဂ္ဂ၊ ရုရှားနဲ့ တရုတ်တို့ ပူးပေါင်းထုတ်ပြန်တဲ့ ကြေငြာချက်မှာ အခု ရရှိခဲ့တဲ့ သဘောတူညီချက်က အီရန်နဲ့လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်တရားဝင်နိုင်ရေးအတွက် အထောက်အကူပြုလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ၂၀၁၅ ခုနှစ်က အီရန်နဲ့ ရရှိခဲ့တဲ့ နျူသဘောတူညီချက်မှာ ဆက်လက်ရှိနေမှာဖြစ်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    Ref: Aljazeera

  • မလေးရှားတွင် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်း ဆက်လက်တိုးတက်နေ

    မလေးရှားတွင် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်း ဆက်လက်တိုးတက်နေ

    စက်တင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    – မလေးရှားနိုင်ငံမှာ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းဟာ ၂၀၂၀ ခုနှစ်အရောက်မှာ ဈေးကွက်ဝေစု ၄၀ ရာခိုင်နှုန်းလောက် ရရှိတော့မှာဖြစ်ပြီး ဒါဟာ မလေးရှားဗဟိုဘဏ်က ရည်မှန်းထားတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

    အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးအသင်းအဖွဲ့များဆိုင်ရာ ဥက္ကဌ ဒါတွတ် အဒီဆာဒီကင် အလီက လက်ရှိ ဈေးကွက်ဝေစုဟာ ၃၀ ရာခိုင်နှုန်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါအပြင့် Value-based Intermediary’ (VBI) လို နည်းလမ်းမျိုးတွေနဲ့ ပိုမိုအားကောင်းလာအောင် ဆောင်ရွက်သွားဖို့လည်း အလီက တိုက်တွန်းခဲ့ပါတယ်။

    “VBI က ရည်မှန်းချက်ဆီ အရောက်ခေါ်ဆောင်သွားမှာပါ။ လက်ရှိအချိန်မှာ ရေရှည် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကျွန်တော်တို့ ပိုမို ကြိုးစားအားထုတ်နေပါတယ်။ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းဟာ ရေရှည်တည်တံ့သွားမယ့် ဘဏ်လုပ်ငန်း ဖြစ်ပါတယ်” လို့ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ “၂၀၁၈ ကမ္ဘာ့အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးစနစ်ဖိုရမ်” အပြီး သတင်းထောက်တွေကို အလီက ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း ကမ္ဘာတစ်ဝှမ်း အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းဟာ သိသိသာသာ တိုးတက်လာခဲ့ပြီး မလေးရှားနိုင်ငံဟာလည်း ဒီလုပ်ငန်းမှာ ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

    Ref: Bernama

  • အင်္ဂါနေ့မနက်ပိုင်း နိုင်ငံတကာ သတင်းများ

    အင်္ဂါနေ့မနက်ပိုင်း နိုင်ငံတကာ သတင်းများ

    စက်တင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    ဖီဖာ အကောင်းဆုံးဘောလုံးသမားဆုကို မိုဒရစ်ဆွတ်ခူး
    ===================
    ၂၀၁၇-၁၈ ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို မနေ့က ချီးမြှင့်ရာမှာ ရော်နယ်ဒို၊ ဆာလာဟ်တို့ကိုကျော်ပြီး ရီးယဲလ်ကွင်းလယ်လူ လူကာမိုဒရစ်က ဆွတ်ခူးရရှိသွားပါတယ်။ ဒါဟာ ၂၀၀၈ ခုနှစ်ကတည်းက ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ ဒီဆုအပေါ် လွှမ်းမိုးမှုကို ချိုးဖျက်လိုက်တာလည်း ဖြစ်ပါတယ်။ မိုဒရစ်ဟာ ဘောလုံးရာသီ ၅ ရာသီမှာ ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့သလို၊ ၂၀၁၈ ကမ္ဘာ့ဖလား ဖိုင်နယ်ရောက်ခဲ့တဲ့ ခရိုအေးရှားအသင်းရဲ့ အဓိကကစားသမားလည်း ဖြစ်ပါတယ်။

    ခြစားသူများကို အပြစ်ပေးကိုပေးရမည်ဟု မဟာသီပြော
    ====================
    အစိုးရအတွင်းမှာ ခြစားတဲ့သူတွေကို အပြစ် ပေးကိုပေးရမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်း 1MDB က ရင်းဂစ် ဘီလီယံချီ ပျောက်ဆုံးမှုအတွင်း ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နဲ့ သူ့ရဲ့ အပေါင်းအပါတွေဟာ လက်ရှိမှာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ မလေးရှားမှာ ခြစားမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်ဟာ တစ်သက်တစ်ကျွန်းဖြစ်ပြီး မဟာသီက အခုအချိန်အထိ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချရလောက်အတဲ့အဆင့် မရောက်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။

    ထရမ့်နှင့် ကင်တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးရန် ရှိနေ
    ============
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ပြုလုပ်မယ့်ရက်ကို မကြာခင် ကြေငြာသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပြီး တွေ့ဆုံမယ့်နေရာကို မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။ ကင်နဲ့ ထရမ့်တို့ဟာ ဇွန်လက စင်ကာပူမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ ကင်က ထရမ့်ကို စာတစ်စောင်ပေးပို့ခဲ့ပြီး ဒုတိယအကြိမ်မြောက် တွေ့ဆုံဖို့ တောင်းဆိုခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုကလည်း သူ့အနေနဲ့ နှစ်မကုန်ခင် မြောက်ကိုရီးယားကိုသွားရောက်ကာ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်သွားမယ်လို့ မနေ့မှာ ပြောခဲ့ပါတယ်။

    Ref: Aljazeera, CNA