News @ M-Media

Blog

  • ရွှေ့ပြောင်းလုပ်သားများကို ကူညီရန် မြန်မာအစိုးရက ထိုင်းတောင်ပိုင်းတွင် ရုံးခန်းဖွင့်

    ရွှေ့ပြောင်းလုပ်သားများကို ကူညီရန် မြန်မာအစိုးရက ထိုင်းတောင်ပိုင်းတွင် ရုံးခန်းဖွင့်

    စက်တင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံသားတွေ ထိုင်းငါးဖမ်းလုပ်ငန်းမှာ အလုပ်လုပ်နိုင်ရေး ဆောင်ရွက်ပေးဖို့နဲ့ လုပ်သားတွေ လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့အတွက် မြန်မာအစိုးရဟာ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှာ one-stop ရုံးခန်းတစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်။

    ထိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ ထိုင်းဗီဇာ သက်တမ်းတိုးတာကို မြန်မာနိုင်ငံပြန်စရာမလိုဘဲ ဒီရုံးခန်းက ဆောင်ရွက်ပေးမှာဖြစ်ပြီး၊ ငါးဖမ်းလုပ်ငန်းတွေက အခြေအနေတွေကို စောင့်ကြည့်ဖို့ မြန်မာလုပ်သားတွေရဲ့ ကျွမ်းကျင်မှုတွေကို စီစစ်ဖို့အတွက် ထိုင်း အလုပ်သမားဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

    မြန်မာနဲ့ ထိုင်းအစိုးရတို့ဟာ ၂၀၁၆ ခုနှစ်မှာ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းငါးဖမ်းလုပ်ငန်းကို မြန်မာလုပ်သား ၄၂၀၀၀ စေလွှတ်ဖို့လည်း သဘောတူခဲ့ပါတယ်။ ပထမအသုတ်အဖြစ် လုပ်သား ၉ ထောင်ကို ပို့ဆောင်မှာ ဖြစ်ပါတယ်။

    အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဒီ one-stop ရုံးခန်းတွေ ဖွင့်လှစ်ရခြင်းဟာ ထိုင်းနိုင်ငံမှာ တရားမ၀င် အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီဖို့အတွက်လည်း ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီရုံးခန်းမဖွင့်ခင် မြန်မာအစိုးရဟာ စက်တင်ဘာ ၂၂ ရက်နေ့က ဘန်ကောက်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်းငါးဖမ်းလုပ်ငန်းမှာ အန္တရာယ်ကင်းကင်းနဲ့ အလုပ်လုပ်နိုင်ဖို့အတွက် ဆောင်ရွက်ပေးရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး အကြံပြုချက်တောင်းခဲ့တယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက်က မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အကူအညီပေးနေတဲ့ Foundation for Education and Development (FED) က ကိုမင်းဦးက ပြောကြားခဲ့ပါတယ်။

    မြန်မာနဲ့ ထိုင်းအစိုးရတို့ရဲ့ နားလည်မှုစာချွန်လွှာမှာ ငါးဖမ်းလုပ်ငန်းမှာလုပ်တဲ့ မြန်မာနိုင်ငံသားတွေကို အခြေခံလစာ ဘတ် ၁၂၀၀၀ (ဒေါ်လာ ၃၇၀) နဲ့ ၂ နှစ်ဗီဇာပေးဖို့လည်း ပါဝင်ပါတယ်။

    လုပ်ငန်းခွင်မှာ ပြဿနာတွေကြုံရမယ်ဆိုရင် မြန်မာလုပ်သားတွေဟာ ရနောင်းက one-stop ရုံးကနေတစ်ဆင့် မြန်မာအာဏာပိုင်တွေကို တိုင်ကြားနိုင်မှာ ဖြစ်ပါတယ်။

    ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ် ၃ ခုက ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့အတွက် မြန်မာလုပ်သား ၉၀၀၀ လောက် လိုအပ်နေပြီး ထိုင်းကုမ္ပဏီတွေက မြန်မာနိုင်ငံက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ ဆက်သွယ်ဟာ လုပ်သားတွေ ရှာဖွေနေကြပါတယ်။

    Ref: Irrqwaddy

    (ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုသည်)

  • S-300 ဒုံးခွင်းစနစ်ကို ရုရှားက ၂ ပတ်အတွင်း ဆီးရီးယားသို့ ပို့မည်

    S-300 ဒုံးခွင်းစနစ်ကို ရုရှားက ၂ ပတ်အတွင်း ဆီးရီးယားသို့ ပို့မည်

    စက်တင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    – ဆီးရီးယားကိုပို့ဆောင်ဖို့ ဆိုင်းငံ့ထားတဲ့ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ၂ ပတ်အတွင်း ပေးပို့သွားမယ်လို့ ရုရှားက ကြေငြာလိုက်ပြီး၊ ဆီးရီးယားမှာ ရုရှားစစ်လေယာဉ်တစ်စင်း ပစ်ချခံရပြီးတဲ့နောက် ဒီလိုကြေငြာချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ယခုတစ်ပတ် အစောပိုင်းက ဆီးရီးယားမှာ အစ္စရေးတိုက်လေယာဉ်လေးစင်း ကျူးကျော်တိုက်ခိုက်မှုအတွင်း ပျံသန်းနေတဲ့ ရုရှားစစ်လေယာဉ် Il 20 ကို အကာအကွယ်ယူခဲ့တာကြောင့် ဆီးရီးယားအစိုးရတပ်က အစ္စရေးလေယာဉ်တွေကို ဒုံးကျည်နဲ့ပစ်ရာမှာ Il-20 ကို ထိမှန်ခဲ့ပါတယ်။

    အစ္စရေးရဲ့ ဒီလုပ်ရပ်ကို နည်းလမ်းပေါင်းစုံနဲ့ တုန့်ပြန်သွားဖို့ သမ္မတပူတင်က အမိန့်ပေးထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ရုရှားရဲ့ အဆင့်မြင့် ဒုံးခွင်းစနစ်ဖြစ်တဲ့ S-300 ကို ဆီးရီးယားဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ၀ယ်ယူထားခဲ့ပေမယ့် အစ္စရေးရဲ့ မေတ္တာရပ်ခံချက်ကြောင့် ၂၀၁၃ ခုနှစ်မှာ ဒီစနစ်ပေးပို့ရေး ရုရှားက ရပ်ဆိုင်းခဲ့ပါတယ်။

    “အသုံးပြုနည်း လေ့ကျင့်ပေးထားတဲ့ ဆီးရီးယားတပ်ဖွဲ့ဝင်တွေနဲ့အတူ S-300 စနစ် ပေးပိုဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန် ၂၀၁၃ ခုနှစ်မှာ အစ္စရေးရဲ့ မေတ္တာရပ်ခံမှုကြောင့် ကျွန်တော်တို့ဟာ ဆိုင်းငံ့ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အခြေအနေက ပြောင်းလဲသွားပါပြီ။ ဒါဟာ ကျွန်တော်တို့အမှား မဟုတ်ပါဘူး” လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဆီးရီးယားမှာ လက်ရှိသုံးစွဲနေတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ ဟောင်းနွမ်းနေပြီဖြစ်ပြီး အစ္စရေးရဲ့ မကြာခဏ ကျူးကျော်တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်စွမ်း မရှိပါဘူး။ S-300 စနစ်ဟာ ခေတ်အမီဆုံး ဒုံးခွင်းစနစ်တွေထဲက တစ်ခုဖြစ်ပြီး ကီလိုမီတာ ၂၅၀ အကွာမှာရှိတဲ့ ပစ်မှတ်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။

    ရုရှားစစ်တပ်ဟာ ဆီးရီးယားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကို ပိုမိုကောင်းမွန်တဲ့ ထိန်းချုပ်စနစ်တွေ ထောက်ပံ့ဖို့လည်း ရှိနေပါတယ်။

    Ref: RT

  • တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

    စက်တင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    တရားသူကြီး ဘရတ်ကာဗာနော့

    လွတ်လပ်ရေးကတိပြုထားသည့် ပါတီကို ဟောင်ကောင်ပိတ်ပင်
    ================
    ဟောင်ကောင်လွတ်လပ်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ ကတိပြုထားတဲ့ နိုင်ငံရေးပါတီ Hong Kong National Party (HKNP) ကို တရုတ်ဖက်ယိမ်းတဲ့ ဟောင်ကောင်အစိုးရက ဒီကနေ့မှာ ပိတ်ပင်လိုက်ပါတယ်။ ဗြိတိန်ဟာ ဟောင်ကောင်ကို လွန်ခဲ့တဲ့ ၂၁ နှစ်က တရုတ်လက်ထဲ လွှဲပြောင်းပေးခဲ့ပြီး ပြည်မမှာမရတဲ့ လွတ်လပ်စွာပြောဆိုခွင့်လို အခွင့်အရေးမျိုးကို ဟောင်ကောင်မှာ ရရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတ ရှီကျင့်ဖျင်လက်ထက်မှာ တရုတ်နဲ့ ဟောင်ကောင်အကြား နိုင်ငံရေးတင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို ပိတ်ပင်မှုကို လူ့အခွင့်အရေးအဖွဲ့နဲ့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က ရှုတ်ချခဲ့ပါတယ်။

    စည်းဖောက်မှုအတွက် Grab နှင့် Uber တို့ကို စင်ကာပူ ဒဏ်ရိုက်
    =======================
    နိုင်ငံအတွင်း အငှားယာဉ်လုပ်ငန်းတွေ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်အောင် ဆောင်ရွက်တယ်လို့ဆိုပြီး နာမည်ကြီး တက္ကဆီဝန်ဆောင်မှု ကုမ္ပဏီ Grab နဲ့ Uber တို့ကို စင်ကာပူ စင်ကာပူဒေါ်လာ ၆.၄၂ ဘီလီယံ ဒဏ်ငွေ ရိုက်လိုက်ပါတယ်။ Grab က သူတို့အနေနဲ့ Uber ရဲ့ အရှေ့တောင်အာရှ လုပ်ငန်းကို ၀ယ်ယူသွားမယ်လို့ မတ်လမှာ ကြေငြာခဲ့တာပါ။ စင်ကာပူရဲ့ ‘စီးပွားရေးယှဉ်ပြိုင်မှုဆိုင်ရာ ကော်မရှင် (CCCS)’ က Grab ဟာ ဒီလိုဝယ်ယူပြီးနောက်ပိုင်း သူတို့ရဲ့ ယာဉ်စီးခတွေကို တိုးမြှင့်လိုက်ပြီး ဒါဟာ လုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ထရမ့်အဆိုပြုသည် တရားသူကြီးချုပ် လိင်စော်ကားမှုများဖြင့် စွပ်စွဲခံရ
    ====================
    တရားသူကြီးချုပ်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမည်စာရင်းတင်သွင်းထားတဲ့ တရားသူကြီး ဘရတ်ကာဗာနော့ဟာ သူမကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ ယေးလ်တက္ကသိုလ်က ကာဗာနော့ရဲ့အတန်းဖော် အမျိုးသမီးသမီးတစ်ဦးက စွပ်စွဲလိုက်ပါတယ်။ ဒါဟာ ကာဗာနော့ရဲ့ လိင်စော်ကားတယ်ဆိုတဲ့ ဒုတိယမြောက်စွပ်စွဲချက်ဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်ကလည်း ပါမောက္ခ ခရစ္စတိုင်း ဘလာစီဖို့ဒ်က ကာဗာနော့ဟာ သူမကို ၁၉၈၂ ခုနှစ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ကာဗာနော့ကတော့ စွပ်စွဲချက်နှစ်ခုစလုံးကို ငြင်းဆိုထားပါတယ်။

    Ref: Aljazeera, BBC, CNA

  • ဥရောပတွင် ဂျူးဆန့်ကျင်ရေးဝါဒ မြင့်တက်လာမှုကို ပုပ်ရဟန်းမင်းကြီး သတိပေး

    ဥရောပတွင် ဂျူးဆန့်ကျင်ရေးဝါဒ မြင့်တက်လာမှုကို ပုပ်ရဟန်းမင်းကြီး သတိပေး

    စက်တင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    – ဥရောပတစ်ဝှမ်း ဂျူးဆန့်ကျင်ရေး တစ်ကျော့ပြန်ဖြစ်ပွားလာတာကို ဆန့်ကျင်ဖို့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတိပေးလိုက်ပြီး နာဇီတွေက ဂျူးတွေကို သတ်ဖြတ်ခဲ့တဲ့ Holocaust အဖြစ်အပျက်အကြောင်း မျိုးဆက်သစ်တွေကို သင်ကြားပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    လစ်သူယေးနီးယားဒုတိယမြို့တော် ကူနက်စ်မှာကို ရောက်ရှိနေတဲ့ ဖရန်စစ်ဟာ ဒီကနေ့ လူပေါင်း တစ်သောင်းလောက်ကို တရားဟောကြားစဉ်မှာ ဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်

    ဒုတိယကမ္ဘာစစ်အတွင်းက လစ်သူယေးနီးယားကို နာဇီတို့ ၂ နှစ်တာအုပ်စိုးမှုမှာ ဂျူး ၂ သန်းကျော် သတ်ဖြတ်ခံခဲ့ရပြီး အများအပြား ထွက်ပြေးခဲ့ရပါတယ်။ လစ်သူယေးနီးယားနိုင်ငံအတွင်း အဆိုးဝါးဆုံးကာလဟာ ၁၉၄၃ ခုနှစ် စက်တင်ဘာ ၂၃-၂၄ ရက်နေ့မှာ ဖြစ်ပါတယ်။

    “ဂျူးလူမျိုးတွေဟာ စော်ကားမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံစားခဲ့ရပါတယ်။ ဒီလို ထိခိုက်နစ်နာစေတဲ့ အမုန်းမျိုးစေ့တွေကို အချိန်မီ သိရှိဆင်ခြင်ပြီး၊ အဲဒီအချိန်က အဖြစ်အပျက်တွေကို မကြုံတွေ့လိုက်ရတဲ့ မျိုးဆက်သစ်တွေရဲ့နှလုံးသားမှာ မစွန်းထင်းစေဖို့ ဘုရားသခင်ဆီမှာ ခွန်အားတောင်းခံကြပါစို့” လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ လစ်သူယေးနီးယားကို ၄ ရက်တာရောက်ရှိနေတာဖြစ်ပြီး ဂျူးတွေအသတ်ခံရတဲ့ ၇၅ နှစ်မြောက် အောက်မေ့ဖွယ်နေ့ကို အကြောင်းခံကာ ကမ္ဘာ့ဒေသတွေကိုပါ ဒီလို သတင်းစကားမျိုးပေးဖို့ ရည်ရွယ်တယ်လို့ အနီးကပ်အကြံပေးက ပြောကြားခဲ့ပါတယ်။

    ဥရောပက နိုင်ငံတော်တော်များများမှာ လူပြိန်းကြိုက်ဝါဒ၊ လယ်ယာစွန်းရောက်ဝါဒ ခေါင်းထောင်လာမှုနဲ့အတူ ဂျူးဆန့်ကျင်ရေးကလည်း ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံအတွင်း ဂျူးဆန့်ကျင်ရေးကျူးလွန်မှုတွေဟာ ၁၅၀၄ ခုအထိ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်က ၁၄၈၆ ခု ရှိခဲ့တယ်လို့ မေလမှာ ဂျာမနီက သတင်းထုတ်ပြန်ပါတယ်။

    မတ်လအတွင်းက ပြင်သစ်မှာလည်း Holocaust က အသတ်ရှင်လွတ်မြောက်သူ ဂျူးတစ်ဦး အသတ်ခံခဲ့ရပြီး အစိုးရကတော့ ဒါဟာ ဂျူးဆန့်ကျင်ရေးဝါဒနဲ့ သက်ဆိုင်တယ်လို့ ယုံကြည်နေပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ လစ်သူယေးနီးယားက Holocaust အောက်မေ့ဖွယ် နေရာတွေကိုလည်း သွားရောက်လည်ပတ်ဖို့ ရှိနေပါတယ်။

    Ref: Reuters