News @ M-Media
Blog
  • ကလေးများအပေါ် လိင်ကျူးလွန်သော ကက်သလစ်ဘုန်းကြီးများစာရင်းကို အွန်လိုင်းတွင် ကြည့်ရှုနိုင်မည်
    ကလေးများအပေါ် လိင်ကျူးလွန်သော ကက်သလစ်ဘုန်းကြီးများစာရင်းကို အွန်လိုင်းတွင် ကြည့်ရှုနိုင်မည်
    သြဂုတ် ၂၁၊ ၂၀၁၈
    M-Media
    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
    – ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ ခရစ်ယာန် ကက်သလစ် ဘုန်းတော်ကြီးတွေရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ သူတို့ရဲ့ ကျူးလွန်မှုတွေကို စုစည်းထားမယ့် အွန်လိုင်း ဒေတာဘေ့စ်တစ်ခုကို နိုင်ငံတကာ သုတေသနအဖွဲ့ BishopAccountability.org က ဖန်တီးလိုက်ပါတယ်။
    ဒေတာဘေ့စ်ဖန်တီးထားကြောင်းကို မနေ့က ကြေငြာခဲ့တာဖြစ်ပြီး ခရစ်ယာန် ကက်သလစ်အသင်းတော်ထဲမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ ဘုန်းကြီးတွေရဲ့ အမည်အားလုံးကို ထုတ်ပြန်ကြေငြာရေး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ဖိအားပေးဖို့ ရည်ရွယ်တယ်လို့လည်း ဒီအဖွဲ့က ဆိုပါတယ်။
    “ကလေးငယ်တွေအပေါ် မတော်မတရားပြုသူတွေရဲ့ အမည်တွေကို မထုတ်ပြန်ဘဲထားတာဟာ ကလေးငယ်တွေအတွက် အန္တရာယ်ရှိပါတယ်။ ကျူးလွန်တဲ့ကိစ္စတွေရဲ့ ခိုင်လုံမှုကို အားနည်းသလိုဖြစ်စေတယ်၊ လူဝတ်ကြောင်တွေအနေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကာကွယ်ဖို့၊ ကျူးလွန်သူတွေကို တရားစွဲဖို့ အဟန့်အတား ဖြစ်စေပါတယ်” လို့ အဖွဲ့ရဲ့ ပူးတွဲဒါရိုက်တာ အန်နီ ဘာရတ် ဒွိုင်လီက ပြောကြားခဲ့ပါတယ်။
    အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်မှာ အခြေစိုက်တဲ့ BishopAccountability.org ဟာ ကျူးလွန်သူ ဘုန်းကြီးတွေနဲ့ပတ်သက်တဲ့ ရနိုင်သမျှအချက်အလက်တွေကို ရှာဖွေစုဆောင်းနေပြီး၊ ကျူးလွန်သူတွေ အရေးယူခံရဖို့ ကြိုးစားနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
    သူတို့ဖန်တီးထားတဲ့ ဒေတာဘေ့စ်မှာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့ ကက်သလစ်ဘုန်းကြီးတွေရဲ့ အမည်တွေ၊ သူတို့ကျူးလွန်မှု အကျဉ်းချုပ်တွေကို ထည့်သွင်းထားပါတယ်။
    ခရစ်ယာန်ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေဟာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ကိစ္စဟာ အမေရိကန်၊ ချီလီ၊ သြစတေးလျနဲ့ အိုင်ယာလန်တို့မှာ အခုနှစ်ပိုင်းအတွင်း လူသိရှင်ကြား ဖော်ထုတ်ခံလာရပါတယ်။
    အဲဒီလိုကျူးလွန်မှုတွေကို ခေါင်ဆောင်ပိုင်း ဘုန်းကြီးတွေက စနစ်တကျ ကာကွယ်ပေးခဲ့တာတွေကိုလည်း စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိခဲ့ရပါတယ်။
    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ္ဘာတစ်ဝှမ်း ၁.၂ ဘီလီယံရှိတဲ့ ကက်သလစ်ဘာသာဝင်တွေကို ရည်ညွှန်းတဲ့ ပန်ကြားစာတစ်စောင်ကို မနေ့က ထုတ်ပြန်ခဲ့ပြီး အသင်းတော်မှာ ဒီကိစ္စကို အမြစ်ပြတ်အောင်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
    Ref: Aljazeera
  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    သြဂုတ် ၂၁၊ ၂၀၁၈
    M-Media
    ချေချင်းညာ တိုက်ခိုက်မှုမြင်ကွင်း
    ထရမ့်နှင့် ကင်ဂျုံအွန်တို့ ထပ်မံတွေ့ဆုံရန်ရှိနေ
    ===========
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ နောက်ထပ်တစ်ကြိမ် တွေ့ဆုံဖို့ အလားအလာရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ ဇွန်လ ၁၂ ရက်နေ့က စင်ကာပူမှာ တွေ့ဆုံပြီး ကိုရီးယားကျွန်းဆွယ်နျူကင်းရှင်းရေး ဆွေးနွေးခဲ့ကြပါတယ်။ မနေ့က ရိုက်တာသတင်းဌာနဲ့ အင်တာဗျူးမှာ ထရမ့်က မြောက်ကိုရီးယားကိစ္စဟာ အခြေအနေကောင်းနေပြီး တရုတ်ကတော့ ကူညီသင့်သလောက် မကူညီဘူးလို့ အပြစ်တင်ခဲ့ပါတယ်။
    ရုရှားရှိ ချေချင်းညာဒေသတွင် IS က တိုက်ခိုက်မှုပြုလုပ်
    =============
    ရုရှားနိုင်ငံ ချေချင်းညာဒေသမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒေသမြို့တော် ဂရိုဇနီအပါအ၀င် နေရာ ၃ ခုမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ချို့ ဒဏ်ရာရရှိကာ တိုက်ခိုက်ရေးသမား ၅ ဦးသေဆုံးတယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်ရေးသမားတွေဟာ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အရွယ်ရှိသူတွေ ဖြစ်ပါတယ်။
    မလေးရှားတွင် ရေဒီယိုသတ္တုကြွပစ္စည်း ပျောက်ဆုံး
    ==============
    မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ သြဂုတ်လ ၁၀ ရက်နေ့က ရေဒီယိုသတ္တုကြွပစ္စည်းပါဝင်တဲ့ စက်ရုံသုံးကိရိယာတစ်ခု ပျောက်ဆုံးခဲ့ပြီး အာဏာပိုင်တွေက အပူတပြင်း ရှာဖွေမှုတွေ လုပ်နေပါတယ်။ မလေးရှားရဲတပ်ဖွဲ့အကြီးအကဲ မိုဟာမက် ဖူဇီ ဟာရွန်က ဒီလို ရေဒီယိုသတ္တုကြွပစ္စည်း ပျောက်ဆုံးတာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်ကလည်း တစ်ကြိမ် ပျောက်ဆုံးဖူးတယ်လို့ ပြောပါတယ်။ ဒီပစ္စည်းဟာ ဒေသတွင်းက အစွန်းရောက်တွေလက်ထဲ ရောက်သွားပြီး ဗုံးပြုလုပ်မှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
    မိုးခေါင်မှုကြောင့် ဘရာဇီးလ်တွင် အရေးပေါ်အခြေအနေ ကြေငြာ
    ================
    ဘရာဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်းက အလာဂိုအာ့စ်ပြည်နယ်မှာ မိုးခေါင်မှုကြောင့် ၃ လတာ အရေးပေါ်အခြေအနတစ်ရပ်ကို အစိုးရက ကြေငြာလိုက်ပါတယ်။ မိုးခေါင်မှုကြောင့် လူ ၂ သိန်းကျော်လောက် သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံတွေ့ရနိုင်ပြီး၊ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း ဆိုးဆိုးဝါးဝါး ထိခိုက်နေပါတယ်။
    Ref: CNA, Aljazeera
  • အမေရိကန်က သတိပေးထားသော်လည်း အိန္ဒိယက ရုရှားထံမှ ဒုံးခွင်းစနစ် ၀ယ်မည်
    အမေရိကန်က သတိပေးထားသော်လည်း အိန္ဒိယက ရုရှားထံမှ ဒုံးခွင်းစနစ် ၀ယ်မည်
    သြဂုတ် ၂၀၊ ၂၀၁၈
    M-Media
    – အိန္ဒိယနိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်နှစ်ခုကို ဒီနှစ်နှောင်းပိုင်းမှာ အဆုံးသတ်ဖို့ရှိနေပြီး၊ ၂၀၂၀ ခုနှစ်မှာ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို စတင်ပေးပို့သွားဖို့ရှိတယ်လို့ ရုရှား ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။
    အခုနှစ်အစောပိုင်းမှာ အိန္ဒိယဟာ S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးအပါအ၀င် ရုရှားနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။
    ဒါပေမယ့် အမေရိကန်က ဒီသဘောတူညီချက်ကို ပယ်ဖျက်ဖို့ အိန္ဒိယကို သတိပေးခဲ့ပြီး မလိုက်နာရင် ပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။
    ရုရှား စစ်ဖက်ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာန (FSMTC) ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဒီမီထရီ ရှူဂေ့ဗ်က S-400 စနစ်နဲ့ပတ်သက်တဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးဖို့အတွက် အားလုံး ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
    “နည်းစနစ်ပိုင်းဆိုင်ရာနဲ့ စီးပွားရေးပိုင်းဆိုင်ရာ အဓိက သဘောတူညီချက်တွေအားလုံး ရရှိပြီးပါပြီ။ လက်မှတ်ထိုးဖို့ တော်တော်လေးကို နီးစပ်နေပါပြီ။ အခုနှစ်နှောင်းပိုင်းမှာ အိန္ဒိယနဲ့ သဘောတူညီချက် နှစ်ခုစလုံးကို လက်မှတ်ထိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
    အိန္ဒိယရဲ့ တောင်းဆိုမှုကို လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဈေးလျော့ပေးသွားမယ်လို့လည်း ရှူဂေ့ဗ်က ပြောကြားခဲ့ပါတယ်။
    အမေရိကန်ရဲ့ သတိပေးမှုနဲ့ပတ်သက်ပြီး အိန္ဒိယကာကွယ်ရေးဝန်ကြီး နီရ်မာလာ စီသာရာမန်က ကာလရှည်ရှိခဲ့တဲ့ အိန္ဒိယနဲ့ ရုရှားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အမေရိကန်ကို နားလည်အောင် ရှင်းပြထားကြောင်း၊ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုဟာ အိန္ဒိယ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်နိုင်မှာမဟုတ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
    Ref: RT
  • အမေရိကန်၏ပေါ်လစီမှာ မွတ်စလင်အချင်းချင်း တိုက်ပေးရန်ဟု အီရန်အဓိပတိပြော
    အမေရိကန်၏ပေါ်လစီမှာ မွတ်စလင်အချင်းချင်း တိုက်ပေးရန်ဟု အီရန်အဓိပတိပြော
    သြဂုတ် ၂၀၊ ၂၀၁၈
    M-Media
    အီရန်အဓိပတိ အယာတိုလာ ခါမေနီ
    – အမေရိကန်ရဲ့ပေါ်လစီဟာ မွတ်စလင်တွေအချင်းချင်း စစ်ပွဲတွေ ဖြစ်ပွားစေဖို့ ဖြစ်တယ်လို့ အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက ဟဂ်ျဘုရားဖူးရာသီ အထိမ်းအမှတ် ဒီကနေ့မိန့်ခွန်းမှာ ပြောကြားခဲ့ပြီး မွတ်စလင်တွေ ညီညွတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    “မာန်တက်နေတဲ့ ရာဇ၀တ်ကောင်အမေရိကန်ရဲ့ ဒီကနေ့လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် သူ့ရဲ့ အဓိကပေါ်လစီဟာ အစ္စလာမ်နဲ့ မွတ်စလင်တွေအကြား စစ်ပွဲဖန်တီးဖို့ ဖြစ်ပါတယ်။ အမေရိကန်ဟာ မွတ်စလင်တွေ တစ်ဖက်နဲ့တစ်ဖက် အစုလိုက်အပြုံလိုက် သတ်ဖြတ်လာဖို့ စိတ်ဆန္ဒရှိပြီး ဒီလိုဖြစ်အောင်လည်း မနေမနား ကြိုးစားနေတာပါ” လို့ ခါမေနီက ဆိုပါတယ်။
    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် ၂ သန်းကျော်ဟာ အစ္စလာမ်ဘာသာရဲ့ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်တဲ့ ဟဂ်ျကျင့်စဉ်ကို ဆောင်ရွက်ဖို့အတွက် တော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ စုရုံးနေကြပြီး ဒီကနေ့ဟာ ဟဂ်ျကျင့်စဉ်ရဲ့ အရေးပါဆုံး အချိန်လည်းဖြစ်ပါတယ်။
    ခါမေနီက အမေရိကန်ဟာ ဖိနှိပ်သူတစ်ချို့ကို မြှောက်ပေးနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    “နှစ်တစ်နှစ်တာရဲ့ အခုလိုအချိန်အခါမျိုးမှာ ဆောက်တည်ရတဲ့ ဟဂ်ျကျင့်စဉ်ဟာ မွတ်စလင်တွေ စည်းလုံးဖို့၊ ညီညွတ်ဖို့ တိုက်တွန်းအားပေးနေတာလည်း ဖြစ်ပါတယ်”
    အမေရိကန်ဟာ ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း မေလမှာ ကြေငြာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေလည်း ထပ်လုပ်ခဲ့တာကြောင့် နှစ်နိုင်ငံ တင်းမာမှုတွေက ပြန်လည် မြင့်တက်လာခဲ့ပါတယ်။
    Ref: Press TV
  • ပထမဆုံးမိန့်ခွန်းမှာ ပါကစ္စတန်ဝန်ကြီးချုပ်သစ် ဘာတွေပြောသလဲ
    ပထမဆုံးမိန့်ခွန်းမှာ ပါကစ္စတန်ဝန်ကြီးချုပ်သစ် ဘာတွေပြောသလဲ
    သြဂုတ် ၂၀၊ ၂၀၁၈
    M-Media
    ပါကစ္စတန်ဝန်ကြီးချုပ်သစ် အင်မရန်းခန်း
    – တိုင်းပြည်ရဲ့ သုံးစွဲမှုတွေကို သိသိသာသာ လျှော့ချကာ ခြစားမှုကို တိုက်ဖျက်သွားမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ်သစ်ဖြစ်တဲ့ အင်မရန်းခန်းက မနေ့က နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
    နာမည်ကျော် ခရစ်ကတ်ကစားသမားဟောင်းလည်းဖြစ်တဲ့ အင်မရန်းခန်းရဲ့ PTI ပါတီဟာ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲအများဆုံးရခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ လွှတ်တော်က ၀န်ကြီးချုပ်အဖြစ် သူ့ကို အတည်ပြုခဲ့ပါတယ်။
    မနေ့က နိုင်ငံတော်အခြေပြမိန့်ခွန်းမှာတော့ ခန်းဟာ တိုင်းပြည်ရဲ့ လိုငွေပြမှုကို ဖြေရှင်းရေး၊ နိုင်ငံရပ်ခြားမှာ ကြီးပွားနေတဲ့ နိုင်ငံသားတွေ ပြည်တွင်းပြန်လာရေးအပါအ၀င် ကိစ္စတော်တော်များများကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “ဒီကနေ့ ကျွန်တော်တို့ဟာ ပါကစ္စတန်သမိုင်းမှာ ဘယ်တုန်းကမှ မကြုံဖူးခဲ့တဲ့ စီးပွားရေးပြဿနာကို ကြုံနေရတာ ဖြစ်ပါတယ်” လို့ ခန်းကဆိုပြီး ၇ ရာစုက တမန်တော်မိုဟာမက် တည်ထောင်ခဲ့တဲ့ ‘အစ္စလာမ်အခြေပြု သာယာဝပြောတဲ့နိုင်ငံ’ မျိုး ဖန်တီးသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
    “ကျွန်တော်တို့ဟာ ငွေမရှိဘဲ အကြွေးထူနေတဲ့ နိုင်ငံပါ။ ကျွန်တော်တို့ရဲ့ကလေးတွေ၊ ဆင်းရဲတဲ့ပြည်သူတွေ၊ လယ်သမားတွေကို ပံ့ပိုးဖို့ ကျွန်တော်တို့မှာ ငွေမရှိဘူး။ ပြည်သူတွေကို သန့်ရှင်းတဲ့ သောက်သုံးရေလည်း မပေးနိုင်ဘူး”
    ခန်းဟာ ၀န်ကြီးချုပ်နေအိမ်မှာ ခန့်ထားတဲ့ ၀န်ထမ်း ၅၂၄ ဦးက တော်တော်များများကိုလည်း အလုပ်ဖြုတ်ပစ်ဖို့ရှိနေပြီး တိုင်းပြည်က အခြားသောခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေ အတုယူစေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
    “ဒီလိုဆိုးရွားတဲ့အခြေအနေကနေ တိုင်းပြည်ကိုကယ်တင်ချင်ရင် ပထမဆုံး ကျွန်တော်တို့ဟာ အတွေးအခေါ်တွေ၊ အပြုအမူတွေကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အရေးကြီးဆုံးက ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ကြင်နာသနားတတ်တဲ့စိတ်ကို ထည့်သွင်းဖို့ ဖြစ်ပါတယ်”
    ပါကစ္စတန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းဖို့၊ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့၊ လှုမှုဖူလှုံရေးစနစ် ပြုပြင်ပြောင်းလဲဖို့၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို တိုးတက်အောင်လုပ်ဖို့ ခန်းက သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ဥရောပမြောက်ပိုင်း စကင်ဒီနေးဗီယားဒေသက နိုင်ငံတွေရဲ့ အခွန်စနစ်နဲ့ လူမှုဖူလှုံရေးစနစ်တွေကို သဘောကျတယ်လို့လည်း ခန်းက ဆိုပါတယ်။
    “သူတို့ဆီက တိရိစ္ဆာတွေဟာ ကျွန်တော်တို့ပြည်သူတွေထက် ပိုကောင်းတဲ့ဘ၀မျိုး ရနေပါတယ်”
    Ref: Aljazeera