News @ M-Media

Blog

  • ဟဂ်ျဘုရားဖူးတွေ အခမဲ့ မျှဝေအသုံးပြုနိုင်မယ့် မီနာက စမတ်အိပ်ခန်းငယ်

    ဟဂ်ျဘုရားဖူးတွေ အခမဲ့ မျှဝေအသုံးပြုနိုင်မယ့် မီနာက စမတ်အိပ်ခန်းငယ်

    သြဂုတ် ၁၈၊ ၂၀၁၈
    M-Media

    အခမဲ့အသုံးပြုနိုင်မယ့် အိပ်ခန်းငယ်လေးများ

    – ကဒ်တစ်ခုကို ဝှေ့ယမ်းကာ အိပ်ခန်းငယ်လေးတစ်ခုရဲ့ တစ်ခါးကို ဖွင့်လိုက်တဲ့ မန်ဆူရ် အလ်-အေမာရ်ရဲ့ အပြုအမူဟာ ဂျပန်က နာမည်ကျော် အိပ်ခန်းငယ်ဟိုတယ်တွေကို သတိရစေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ အသေးစား အိပ်ခန်းလေးဟာ တနင်္ဂနွေနေ့ (သြဂုတ် ၁၉) ရက်နေ့မှာ စတင်မယ့် အစ္စလာမ်ဘာသာဝင်တို့ ဟဂ်ျပြုရာ ဆော်ဒီအာရေဗျမှာ ဖြစ်ပါတယ်။

    လာမယ့်ရက်အနည်းငယ်အတွင်း ဆော်ဒီက မီနာဒေသမှာ ဒီလို အိပ်ခန်းငယ်လေးတွေကို စတင်အသုံးပြုသွားဖို့ ရှိနေပါတယ်။ ၆ ရက်တာကြာမြင့်မယ့် ဟဂ်ျကျင့်စဉ်ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်ပြီး လူပေါင်း ၂ သန်းလောက် မီနာမှာ စုရုံးကြမှာ ဖြစ်ပါတယ်။

    ရာစုနှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ ဟဂ်ျကျင့်စဉ်ကို အခုနှစ်မှာ ခေတ်မီနည်းလမ်းတွေနဲ့ လွယ်ကူအောင် ဆော်ဒီအစိုးရက ဆောင်ရွက်ရာမှာ အခမဲ့အသုံးပြုနိုင်မယ့် စမတ် အိပ်ခန်းငယ်လေးတွေ ထားရှိပေးမယ့် အစီအစဉ်လည်း ပါဝင်လာပါတယ်။

    ချက်ခြင်းလက်ငင်း ဘာသာပြန်နိုင်ဖို့နဲ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေမှာ အသုံးပြုနိုင်မယ့် အက်ပလီကေးရှင်းတွေကိုလည်း ဆော်ဒီအစိုးရက စီစဉ်ပေးထားပါတယ်။

    အေမာရ်ဦးဆောင်တဲ့ ဆော်ဒီပရဟိတအဖွဲ့ Haji and Mutamer Gift Charitable Association ဟာ ဟဂ်ျဘုရားဖူးတွေ အိပ်စက်အနားယူနိုင်ဖို့အတွက် လာမယ့် ရက်အနည်းငယ်အတွင်းမှာ စမတ်အိပ်စင် ၁၈ ခုကနေ ၂၄ ခုအထိ စီစဉ်ပေးသွားဖို့ ရှိနေပါတယ်။

    ဖိုက်ဘာမှန်သားနဲ့ ပြုလုပ်ထားတဲ့ အိပ်ခန်းငယ် တစ်ခုချင်းစီဟာ ၃ မီတာရှည်ကာ တစ်မီတာမြင့်ပြီး၊ မွေ့ယာ၊ အိပ်ယာခင်း၊ လေးအေးပေးစက်နဲ့ ညအိပ်မီးတွေ ပါဝင်မှာဖြစ်ပါတယ်။

    အိပ်ခန်းငယ်လေးတွေကို အသုံးပြုချိန်မှာ အလျားလိုက် ချထားနိုင်ပြီး အသုံးမပြုတဲ့အခါ ဒေါင်လိုင် သိမ်းဆည်းထားနိုင်ပါတယ်။

    “ဟဂျင်ကျင့်စဉ်အတွင်း ဘုရားဖူးတွေ သက်တောင့်သက်သာဖြစ်အောင် ဘယ်လို စီစဉ်ပေးရမလဲဆိုတာကို ကျွန်တော်တို့ အမြဲတမ်း စဉ်းစားနေတာပါ” လို့ အေမာရ်က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မျှဝေအသုံးပြုမှုစနစ်

    ဒီအိပ်ခန်းငယ်လေးတွေဟာ ဟဂ်ျကျင့်စဉ်အတွင်း ဟိုတယ်မငှားနိုင်တဲ့ ဘုရားဖူးတွေ အနားယူဖို့မလွယ်တဲ့ ပြဿနာအတွက် အဖြေလည်း ဖြစ်ပါတယ်။

    ဘုရားဖူးတစ်ယောက်ဟာ ဒီအိပ်ခန်းငယ်လေးတွေမှာ ၃ နာရီလောက် အိပ်စက် အနားယူနိုင်မှာ ဖြစ်ပါတယ်။ အိပ်ခန်းငယ်လေးတွေကို ဂျပန်ကတင်သွင်းတာဖြစ်ပြီး တစ်ခုကို ကန် ၁၁၁၄ ဒေါ်လာလောက် ကျသင့်ပါတယ်။

    အသုံးပြုသူက ဘုရားဝတ်ပြုဖို့အတွက် ထသွားမယ်ဆိုရင် ဟဂ်ျဝန်ထမ်းတွေက ဒီအိပ်ခန်းတွေကို သန့်ရှင်းရေးလုပ်ကာ အခြားတစ်ဦး အသုံးပြုဖို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။

    “ဒီဟာကို အသုံးပြုဖို့ စိတ်ကူးဟာ ကမ္ဘာတစ်ဝှမ်းမှာ ရှိနေပြီး ဂျပန်နဲ့ ကမ္ဘာ့အခြားမြို့ကြီးတွေမှာ သုံးနေကြပါတယ်။ ကျွန်တော်ဆီက လူများလွန်းတဲ့ မြင့်မြတ်ရာနေရာတွေနဲ့ မက္ကာအတွက် ဒီဟာလေးတွေက တော်တော်လေး အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်” လို့ အေမာရ်က ပြောပါတယ်။

    ဆော်ဒီအာရေဗျအနောက်ပိုင်း မက္ကာနဲ့ မီနာမြို့တို့က မြင့်မြတ်ရာနေရာတွေမှာ အဓိကဆောင်ရွက်ရတဲ့ ဟဂ်ျကျင့်စဉ်မှာ ဒီအိပ်ခန်းငယ်လေးတွေအပြင် ကား၊ မော်တော်ဆိုင်ကယ်နဲ့ စက်ဘီးတွေကို မျှဝေအသုံးပြုတဲ့စနစ်ဟာလည်း လူကြိုက်များလာပါတယ်။

    “ဒီအိပ်ခန်းငယ်လေးတွေဟာ စက်ဘီးကို တစ်နာရီငှားစီးပြီး၊ အချိန်ပြည့်ရင် နောက်တစ်ယောက်အတွက် ထားခဲ့ရတဲ့ မျှဝေအသုံးပြုမှု စနစ်လိုပါပဲ” လို့ အေမာရ်က ပြောပါတယ်။

    အခုနှစ်အစောပိုင်းမှာ စမတ်အိပ်စဉ် ၁၂ ခုကို စမ်းသပ်အသုံးပြုမှုဟာ အောင်မြင်ခဲ့ပြီး၊ ရမ်ဇာန်ဥပုသ်လမှာ အဲဒီအိပ်ခန်းငယ်လေးတွေကို တစ်နေ့ အယောက် ၆၀ လောက်အသုံးပြုခဲ့ကြတယ်လို့လည်း အေမာရ်က ဆိုပါတယ်။

    ကမ္ဘာတစ်ဝှမ်းက ဘုရားဖူးခရီးသည်ပေါင်း ၂ သန်းလောက်ကို လက်ခံနေရာချထားပေးရာမှာ ဆော်ဒီအစိုးရဟာ အခုအနောက်ပိုင်း နောက်ဆုံးပေါ် နည်းစနစ်တွေကို အသုံးပြုလာခဲ့ပါတယ်။

    Ref: CNA

  • ကုလအတွင်းရေးမှူးဟောင်း နိုဘယ်ဆုရှင် ကိုဖီအန်နန် ကွယ်လွန်

    ကုလအတွင်းရေးမှူးဟောင်း နိုဘယ်ဆုရှင် ကိုဖီအန်နန် ကွယ်လွန်

    သြဂုတ် ၁၈၊ ၂၀၁၈
    M-Media

    – ကုလအတွင်းရေးမှူးချုပ်အဖြစ် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုဖီအန်နန်ဟာ ရုတ်တရက် နေမကောင်းဖြစ်ခဲ့ပြီးနောက် ဒီကနေ့မနက်ပိုင်း ဆွစ်ဇာလန်က ဆေးရုံတစ်ခုမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

    ကွယ်လွန်ချိန်မှာ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ကိုဖီအန်နန်ဟာ ကုလအတွင်းရေးမှူးချုပ် ရာထူးကို ၁၉၉၇ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ကုလနဲ့အတူ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ပါတယ်။

    ‘ကိုဖီအန်နန်ဖောင်ဒေးရှင်း’ ကလည်း ကိုဖီအန်နန်ကွယ်လွန်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    “ကမ္ဘာက လေးစားအားထားရတဲ့ ကိုဖီအန်နန်ဟာ ကမ္ဘာ့ဝါဒီတစ်ဦးဖြစ်ပြီး သူရဲ့ ဘ၀သက်တမ်းတစ်လျှောက်လုံးကို ပိုမိုမျှတပြီး ငြိမ်းချမ်းတဲ့ကမ္ဘာကြီး ဖြစ်လာအောင် နှစ်မြှုပ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ခေါင်းဆောင်အဖြစ် သူ့ရဲ့ ထူးခြားတဲ့ တာဝန်ထမ်းဆောင်မှုအတွင်းမှာ ငြိမ်းချမ်းရေး၊ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အားတက်သရော ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဂါနာနိုင်ငံသားတစ်ဦးဖြစ်တဲ့ မစ္စတာ ကိုဖီအန်နန်ကို မြန်မာအစိုးရက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အကြီးအကဲအဖြစ် တာဝန်ပေးအပ်ခဲ့ဖူးပါတယ်။

    ကုလအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ကိုဖီအန်နန်ဟာ ‘ကောင်းကျိုးအတွက် မောင်းနှင်အားတစ်ခုဖြစ်တယ်’ လို့ ချီးကျူးခဲ့ပါတယ်။

    ဈာပနအခမ်းအနား ကျင်းပမယ့်အစီအစဉ်ကို နောက်ပိုင်းမှာ ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။

    Ref: CNA

  • ဟဂ်ျကိစ္စ လိမ်လည်မှုအတွက် ထိပ်တန်း ဘာသာရေးဆရာတစ်ဦးကို စင်ကာပူ ဖမ်းဆီး

    ဟဂ်ျကိစ္စ လိမ်လည်မှုအတွက် ထိပ်တန်း ဘာသာရေးဆရာတစ်ဦးကို စင်ကာပူ ဖမ်းဆီး

    သြဂုတ် ၁၇၊ ၂၀၁၈
    M-Media

    ဖမ်းဆီးတရားစွဲဆိုခံရသည့် ဖာရိုရာဇီ ဆိုဟီ

    – ဟဂ်ျဘုရားဖူးခရီးစဉ် စီစဉ်မှုမှာ လိမ်လည်တယ်ဆိုတဲ့ စွဲချက်နဲ့ ထင်ရှားတဲ့ မွတ်စလင်ဘာသာရေးဆရာတစ်ဦးကို စင်ကာပူက ဒီကနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။

    အသက် ၄၇ နှစ်အရွယ် ဖာရိုရာဇီ ဆိုဟီ ဆိုသူဖြစ်ပြီး ဆော်ဒီသံရုံးက ဖိတ်ကြားတဲ့ ‘VIP ဟဂ်ျခရီးစဉ်’ သွားရမယ်ဆိုကာ မိုဟာမက် ဖာရီဟန် မိုဟာမက် ဟူစိန်ထံကနေ စင်ကာပူဒေါ်လာ ၁၅၅၀ လှည့်ဖျားတောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဟဂ်ျဘုရားဖူးခရီးစဉ် သွားရောက်ရမယ်ဆိုပြီး ဟူစိန်အပါအ၀င် စင်ကာပူနိုင်ငံသား ၈၀ ကျော်လောက်ဟာ အလိမ်ခံခဲ့ရပါတယ်။

    သူတို့တွေဟာ ဖာရိုရာဇီ စီမံနေတဲ့ ခရီးသွားလုပ်ငန်းကို ဟဂ်ျသွားဖို့အတွက် စင်ကာပူဒေါ်လာ စုစုပေါင်း ၉၈၂၅၀ လောက် ပေးထားတာ ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ်တွေလည်း ဖာရိုရာဇီကို ပေးထားပြီး ကြာသာပတေးနေ့က သွားဖို့ စီစဉ်ထားပေးမယ့် လေယာဉ်လက်မှတ်မရသလို၊ ဗီဇာလည်း ရရှိခြင်း မရှိပါဘူး။

    ဖာရိုရာဇီကို စင်ကာပူရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီးခဲ့ပြီး စင်ကာပူဒေါ်လာ ၁၉၆၉၅၀ ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

    စင်ကာပူက ထိပ်တန်း အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေကို ဓမ္မပညာရပ်တွေ သင်ကြားပို့ချပေးခဲ့တဲ့ နာမည်ကျော် အစ္စလာမ့်ဓမ္မပညာရှင် ကီယာယီ ကာဆင် အဒ်နန်ရဲ့သားဖြစ်သူ ဖာရိုရာဇီဟာ ၁၉၉၅ ခုနှစ်ကတည်း အစ္စလာမ့်ရေးရာတွေကို သင်ကြားပို့ချပေးနေတာ ဖြစ်ပါတယ်။

    အခုစွဲချက်အတွက် အပြစ်ရှိကြောင်း တွေ့ရှိရမယ်ဆိုရင် သူဟာ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်ကျခံ ရမှာဖြစ်သလို၊ ဒဏ်ငွေလည်း ရိုက်ခံရမှာ ဖြစ်ပါတယ်။

    Ref: CNA

  • တောင်တရုတ်ပင်လယ်တစ်ခုလုံးကို တရုတ်က အာကာသ CCTV ဖြင့် စောင့်ကြည့်မည်

    တောင်တရုတ်ပင်လယ်တစ်ခုလုံးကို တရုတ်က အာကာသ CCTV ဖြင့် စောင့်ကြည့်မည်

    သြဂုတ် ၁၇၊ ၂၀၁၈
    M-Media

    ပိုင်နက်အငြင်းပွားမှုဖြစ်နေသည့် ၀ူဒီကျွန်း

    – ပိုင်နက်အငြင်းပွားမှုတွေ ရှိနေတဲ့ တောင်တရုတ်ပင်လယ်က သင်္ဘောတိုင်းကို စောင့်ကြည့်ဖို့အတွက် ‘အာကာသ CCTV ကွန်ယက်’ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ တရုတ်က ကြေငြာလိုက်ပါတယ်။

    တရုတ်ဟာ တောင်တရုတ်ပင်လယ်ကို ပိုမို စိုမိုးနိုင်ဖို့အတွက် စပရက်တလေကျွန်းစု၊ ပါရာဆဲလ်ကျွန်းစုတွေအပါအ၀င် အငြင်းပွားကျွန်းစုတွေကို ထည့်သွင်းပြီး ‘ဆန်ရှာ’ ဆိုတဲ့ မြို့တစ်ခုကို ၂၀၁၂ ခုနှစ်မှာ ဖန်တီးကာ ဟိုင်နန်ပြည်နယ်ထဲ ထည့်သွင်းခဲ့ပါတယ်။

    အခုအချိန်မှာတော့ မကြာမီနှစ်အတွင်း လွှတ်တင်ဖို့ ရှိနေတဲ့ တရုတ်ရဲ့ ရေကြောင်းနဲ့ စောင့်ကြည့်ရေး ဂြိုဟ်တု ၁၀ လုံးက ဆန်ရှာအုပ်ချုပ်ရေးအဖွဲ့ တောင်တရုတ်ပင်လယ်ကို စောင့်ကြည့်နိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။

    တရုတ်နိုင်ငံပိုင်သတင်းဌာန People’s Daily က ဟိုင်နန်ပြည်နယ်ဟာ တောင်တရုတ်ပင်လယ်ကို စောင့်ကြည့်ဖို့အတွက် ဂြိုဟ်တုတွေကို လွှတ်တင်သွားမှာဖြစ်ပြီး၊ မြေပြင်က ထိန်းချုပ်ရေးစခန်းကို ‘၀ူဒီ’ ကျွန်းမှာ ထားရှိသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ ၀ူဒီကျွန်းဟာ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား ပိုင်နက်အငြင်းပွားမှု အဓိကဖြစ်နေတဲ့ ကျွန်းစုလည်း ဖြစ်ပါတယ်။

    လက်ရှိမှာ အဲဒီဂြိုဟ်တု နမူနာကို တည်ဆောက်နေပြီး ၂၀၁၉ နဲ့ ၂၀၂၁ ကြားမှာ လွှတ်တင်ဖို့ ရည်ရွယ်ထားကြောင်း၊ တောင်တရုတ်ပင်လယ်တစ်ခုလုံးကို စောင့်ကြည့်နိုင်မှာဖြစ်ပြီး ပုံရိပ်တွေကို ရက်ပိုင်းအတွင်း ဒေတာဘေ့စ်မှာ သိမ်းဆည်းနိုင်မှာဖြစ်ကြောင်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ဂြိုဟ်တုမှာ ပုံရိပ်တွေကို အရည်အသွေးမြင့်မားစွာ ရိုက်ကူးနိုင်မယ့် ကင်မရာကို တပ်ဆင်သွားမှာဖြစ်ပြီး အလိုအလျောက် ဖော်ထုတ်နိုင်တဲ့စနစ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

    ဂြိုဟ်တုတွေကို တီထွင်ဖန်တီးနေတဲ့ Institute of Remote Sensing အဖွဲ့ရဲ့ သုတေသန ပညာရှင်တစ်ဦးက ဂြိုဟ်တုတွေဟာ အီကွေတာ တောင်ဘက်နဲ့ မြောက်ဘက် ၂၀ ဒီဂရီကနေ ၃၀ ဒီဂရီအကြားမှာ ရှိမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာနဲ့ မလာကာရေလက်ကြားတို့ကိုပါ စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

    ဟိုင်နန်ပြည်နယ်နဲ့ ဆန်ရှာမြို့တွေရဲ့ တာဝန်ရှိသူတွေက ဒီစနစ်ကို အသုံးပြုလာနိုင်ပြီဆိုရင် ရရှိတဲ့ ပုံရိပ်တွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ မျှဝေ အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Asia Times

  • ‘၀’ တပ်ဖွဲ့က လာမည့်နှစ်အတွင် အကြီးစား စစ်ရေးပြမှု ပြုလုပ်မည်

    ‘၀’ တပ်ဖွဲ့က လာမည့်နှစ်အတွင် အကြီးစား စစ်ရေးပြမှု ပြုလုပ်မည်

    သြဂုတ် ၁၇၊ ၂၀၁၈
    M-Media

    ၀ တပ်ဖွဲ့ဝင်တစ်ချို့

    – ဗဟိုအစိုးရနဲ့ ငြိမ်းချမ်းရေးရရှိမှု နှစ် ၃၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် လာမယ့်နှစ်မှာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA က အကြီးစား စစ်ရေးပြမှုတစ်ခု ပြုလုပ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Nyi Rang က ပြောကြားလိုက်ပါတယ်။

    အဲဒီစစ်ရေးပြအခမ်းအနားကို ဧပြီလ ၁၄ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပြီး ဒါဟာ ‘၀’ လူမျိုးရဲ့ စစ်အင်အားကို ထုတ်ပြတာမျိုးလည်း ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။ စစ်ရေးပြအခမ်းအနားမှာ လူဘယ်လောက် ပါဝင်မယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    ‘၀’ ဒေသက စာသင်ကျောင်းတွေ၊ စစ်စခန်းတွေမှာ လူငယ်တွေကို လက်နက်မျိုးစုံ၊ လက်နက်ကြီးမျိုးစုံနဲ့ ချီတက်စစ်ရေးပြမှုတွေ သင်ကြားပေးနေပြီး Nyi Rang ရဲ့ Facebook စာမျက်နှာမှာလည်း လေ့ကျင့်နေတဲ့ ဗီဒီယိုတစ်ချို့ကို လွှင့်တင်ထားပါတယ်။

    အခုလအစောပိုင်း ဧရာဝတီသတင်းဌာနနဲ့ တွေ့ဆုံမှုမှာ Nyi Rang က UWSA ဟာ စစ်ရေးပြပွဲနဲ့ ဖျော်ဖြေပွဲအတွက် လူငယ် ၅၀၀ လောက်ကို အသုံးပြုသွားမှာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၀ ခုကနေ တစ်မြို့နယ်ကို အသက် ၂၀ ၀န်းကျင် အမျိုးသားနဲ့ အမျိုးသမီး ၄၀၊ ၅၀ လောက် ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ဒေသဟာ နှစ်ပေါင်းများစွာ ငြိမ်းချမ်းနေခဲ့ပါတယ်။ အဲဒီလိုပဲ ဆက်လက် ငြိမ်းချမ်းချင်ပြီး၊ ငြိမ်းချမ်းရေးရဲ့တန်ဖိုးကို နားလည်စေချင်တာကြောင့် ဒီလို ငြိမ်းချမ်းရေးအခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါတယ်” လို့ နှစ် ၃၀ မြောက် ငြိမ်းချမ်းရေးအခမ်းအနား ကျင်းပဖို့ စီစဉ်ထားမှုနဲ့ပတ်သက်ပြီး Nyi Rang က ပြောကြားခဲ့ပါတယ်။

    အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့တွက် UWSA က ဖိတ်ကြားဖို့ ရှိနေပြီး၊ အခြား တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားဖို့ ရှိနေပါတယ်။

    UWSA ဟာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ မြန်မာစစ်တပ်နဲ့ တိုက်ခိုက်မှုတွေဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ချို့ ပါဝင်တဲ့ မဟာမိတ်အဖွဲ့ FPNCC ရဲ့ ဥက္ကဌ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံက အင်အားအတောင့်ဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ‘၀’ တပ်ဖွဲ့မှာ စစ်သည်အင်အား ၃ သောင်းနဲ့ အရန်အင်အား ၁ သောင်း ရှိတယ်လို့ Myanmar Peace Monitor အဖွဲ့က ပြောပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီးနောက် ‘၀’ အဖွဲ့ဟာ ၁၉၈၉ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့ အပစ်ရပ်ရေးစာချုပ် ချုပ်ဆိုခဲ့တာပါ။

    မူးယစ်မှောင်ခိုမှုမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ‘၀’ ခေါင်းဆောင်တစ်ချို့ကို အမေရိကန်က ဖမ်းဝရမ်းထုတ်ထားပြီး နိုင်ငံတကာကလည်း အမည်ပျက်စာရင်း သွင်းထားပါတယ်။

    Ref: Irrawaddy