News @ M-Media

Blog

  • တရုတ်နိုင်ငံသားများကို ပျော်တော်ဆက်ရသည့် ပြည့်တန်ဆာဂိုဏ်းများကို ကမ္ဘောဒီးယား ဖမ်းဆီး

    တရုတ်နိုင်ငံသားများကို ပျော်တော်ဆက်ရသည့် ပြည့်တန်ဆာဂိုဏ်းများကို ကမ္ဘောဒီးယား ဖမ်းဆီး

    သြဂုတ် ၁၄၊ ၂၀၁၈
    M-Media

    သီဟာနုဗီလီမြို့ တစ်နေရာ

    – တရုတ်က ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ်လုပ်ထားတဲ့ သီဟာနုဗီလီမြို့မှာ နိုင်ငံခြားသားတွေကို ပျော်တော်ဆက်ရတဲ့ ပြည့်တန်ဆာဂိုဏ်းတွေကို ကမ္ဘောဒီယားအစိုးရက စတင်နှိမ်နှင်းနေပြီး တရုတ်လူမျိုး ၅၀ ကို ဖမ်းဆီးထားတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ တရုတ်ရဲ့ အနီးကပ်မဟာမိတ်တစ်ဦးဖြစ်ပြီး မြို့တော်ဖနွမ်ပင်နဲ့ အခြားမြို့ကြီးတွေမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အလုံးအရင်းနဲ့ ၀င်လာခဲ့ပါတယ်။

    ကမ်းခြေမြို့ဖြစ်တဲ့ သီဟာနုဗီလီဟာ ဆောက်လုပ်ရေးလုပ်ငန်း၊ ကာဆီနိုလောင်းကစား လုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းတွေ ထွန်းကားပြီး၊ တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ ၀င်ရောက်မှုရှိနေတဲ့မြို့ ဖြစ်ပါတယ်။

    နိုင်ငံခြားသားတွေ အ၀င်များလာမှုနဲ့အတူ ဒုစရိုက်လုပ်ငန်းတွေလည်း ထူပြောလာခဲ့ပါတယ်။

    ပြည်နယ်အုပ်ချုပ်ရေးမှူး ယွန်မင်းက တရုတ်နိုင်ငံသားတွေကို ပျော်တော်ဆက်ဖို့အတွက်၊ တရားမ၀င် လိင်ဝန်ဆောင်မှုလုပ်ငန်းဟာ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

    “သူတို့တွေအများကြီးဝင်လာတော့ လိင်ဝန်ဆောင်မှုအတွက် ၀ယ်လိုအားလည်း မြင့်လာပါတယ်။ ဒီလုပ်ငန်းဟာ ကျွန်တော်တို့တိုင်းပြည်မှာ တရားမ၀င်လုပ်ငန်း ဖြစ်တာကြောင့် နှိမ်နှင်းဖို့ လိုအပ်ပါတယ်။ လုံးဝချုပ်ငြိမ်းသွားတဲ့အထိ နှိမ်နှင်းမှာပါ” လို့ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။

    ဖနွမ်းပင်က တရုတ်သံရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း မရှိပါဘူး။

    သီဟာနုဗီလီမြို့ရဲ့ ရဲတပ်ဖွဲ့အကြီးအကဲ ဖူလ် ဖေါ်ဆဒါက ပြည့်တန်ဆာဂိုဏ်းတွေကို နှိမ်နင်းနေတယ်လို့ ပြောကြားခဲ့ပေမယ့် အသေးစိတ် မရှင်းပြခဲ့ပါဘူး။

    ရိုက်တာသတင်းဌာနက ရရှိတဲ့ ကမ္ဘောဒီးယားရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာမှာ စီးနင်းဖမ်းဆီးမှုအတွင်း ၀တ်လစ်စလစ်အမျိုးသမီးပုံတွေနဲ့ ဖုံးနံပါတ်တွေပါဝင်တဲ့ လိင်ဝန်ဆောင်မှု လက်ကမ်းကြော်ငြာတွေကို တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

    ပြည်နယ်အုပ်ချုပ်ရေးမှူး ယွန်မင်းက ဇန်န၀ါရီ ပြည်ထဲရေးဝန်ကြီးဌာနကို ပေးပို့တဲ့စာမှာ သီဟာနုဗီလီမြို့အတွင်း တရုတ်လူမျိုးတွေ အုံနဲ့ကျင်းနဲ့ ၀င်ရောက်လာမှုကြောင့် ရာဇ၀တ်မှုတွေ ထူပြောလာ တယ်လို့ ဖော်ပြထားပေမယ့် ဒီကနေ့မှာတော့ သူက ဒီမှတ်ချက်ကို ငြင်းဆိုခဲ့ပါတယ်။

    “တရုတ်မှာလည်း ကောင်းတဲ့တရုတ်တွေ အများကြီးရှိပါတယ်။ ဖမ်းထားတဲ့ လူ ၅၀ လောက်ဟာ တရုတ်အားလုံးကို ကိုယ်စားမပြုပါဘူး”

    Ref: CNA

  • ၁၇ နှစ်အောက် လူငယ်များကို သန်းခေါင်ကျော် အင်တာနက်သုံးခွင့် ပိတ်ပင်ရန် မလေးရှား စီစဉ်

    ၁၇ နှစ်အောက် လူငယ်များကို သန်းခေါင်ကျော် အင်တာနက်သုံးခွင့် ပိတ်ပင်ရန် မလေးရှား စီစဉ်

    သြဂုတ် ၁၄၊ ၂၀၁၈
    M-Media

    – ဂျပန်နဲ့ တောင်ကိုရီးယားတို့မှာ ကျင့်သုံးနေသလို သန်းခေါင်ကျော်ကနေ မနက် ၆ နာရီအထိ အသက် ၁၇ နှစ်အောက် လူငယ်တွေကို အင်တာနက်အသုံးပြုမှု ပိတ်ပင်တဲ့ အစီအစဉ်တစ်ခုကို ဆောင်ရွက်ဖို့ မလေးရှားအစိုးရက စီစဉ်နေပါတယ်။

    ဒုတိယကျန်းမာရေးဝန်ကြီး ဒေါက်တာ လီဘွန်ချေက ဒါဟာ လူငယ်တွေ၊ ဗီဒီယိုဂိမ်းနဲ့ ဆိုရှယ်မီဒီယာ စွဲလမ်းမှုကို တားဆီးဖို့ဖြစ်တယ်လို့ ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

    “အသက် ၁၇ နှစ်အောက်လူငယ်တွေ ၂ နာရီလောက် ကစားပြီးရင် ဆက်ကစားလို့မရအောင် လုပ်ထားတဲ့ ဂိမ်းကုမ္ပဏီတွေ ရှိပါတယ်။ ဒါတွေဟာ လူငယ်တွေ ဂိမ်းစွဲလန်းမှုကို ထိန်းချုပ်နိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေ ဖြစ်ပါတယ်”

    ဗီဒီယိုဂိမ်းနဲ့ ဆိုရှယ်မီဒီယာတွေကို စိတ်ရောဂါဖြစ်စေတဲ့ စာရင်းထဲမှာ ထည့်သွင်းမလားဆိုတဲ့ မေးခွန်းကို ဒုဝန်ကြီးက ဒါတွေဟာ စိတ်ရောဂါဖြစ်စေတာမဟုတ်ပေမယ့် ဒါတွေစွဲသွားရင် ကလေးတွေဟာ ပညာရေးနဲ့ အလုပ်အကိုင်တွေကနေ လမ်းလွဲသွားနိုင်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    မလေးရှားကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့ စစ်တမ်းအရ မလေးရှားနိုင်ငံက အသက် ၁၃ နှစ်နဲ့ ၁၇ နှစ်ကြား လူငယ်တွေရဲ့ ၃၄.၉ ရာခိုင်နှုန်းဟာ ဂိမ်းစွဲလမ်းနေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

    Ref: The Star

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၁၄၊ ၂၀၁၈
    M-Media

    ကိုရီးယားခေါင်းဆောင်များ ပထမအကြိမ် တွေ့ဆုံမှု

    အမေရိကန်နှင့် မဆွေးနွေးဟု အီရန် အဓိပတိပြော
    ===============
    အမေရိကန်အာဏာပိုင်တွေက သူတို့နဲ့ ဆွေးနွေးညှိနှိုင်းမလား၊ စစ်ဖြစ်မလားလို့ အီရန်ကို လမ်းကြောင်းရွေးခိုင်းပေမယ့် မိမိတို့အနေနဲ့ ဆွေးနွေးမှုမလုပ်သလို စစ်လည်း ဖြစ်မှာမဟုတ်ဘူးလို့ အီရန်အဓိပတိအယာတိုလာ အလီခါမေနီက ပြောကြားလိုက်ပါတယ်။ ၂၀၁၅ ခုနှစ် နျူသဘောတူစာချုပ်ကနေ နှုတ်ထွက်ကြောင်း မေလက ကြေငြာခဲ့တဲ့ ထရမ့်အစိုးရဟာ အီရန်အပေါ် ပိတ်ဆို့မှုတွေကို ပြီးခဲ့တဲ့တစ်ပတ်မှာ ထပ်မံပြုလုပ်ခဲ့ပါတယ်။ သမ္မတဒေါ်နယ်ထရမ့်က အီရန်သမ္မတနဲ့ ဆွေးနွေးဖို့အသင့်ရှိတယ်လို့ အစောပိုင်းမှာ ပြောကြားခဲ့ပေမယ့် နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုက ဆွေးနွေးချင်ရင် အီရန်အနေနဲ့ တောင်းဆို မှုတစ်ချို့ကို လိုက်လျောရမယ်လို့ ဆိုပါတယ်။

    ကာကွယ်ရေးပေါ်လစီသစ်တစ်ခုကို သမ္မတထရမ့် လက်မှတ်ထိုး
    =============
    အမေရိကန်စစ်တပ်မှာ ကန်ဒေါ်လာ ၇၁၆ ဘီလီယံ သုံးစွဲမယ့် ကာကွယ်ရေးပေါ်လစီ ဥပေဒတစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ လက်မှတ်ရေးထိုးလိုက်ပြီး၊ ခေတ်သစ်သမိုင်းမှာ အမေရိကန် စစ်တပ်နဲ့ စစ်သားတွေအတွက် အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။ တူရကီစစ်တပ်က ရုရှားလုပ် S400 လေကြောင်းရန် ကာကွယ်ရေးစနစ် ၀ယ်ယူမှုဟာ F-35 တိုက်လေယာဉ်တွေအပါအ၀င် အမေရိကန်လုပ် လက်နက်တွေကို ထိခိုက်နိုင်မလားဆိုတာ ကာကွယ်ရေးဝန်ကြီးက လေ့လာဆန်းစစ်ဖို့၊ အမေရိကန်စစ်တပ်အတွက် F-35 တိုက်လေယာဉ်တွေကို ၇.၆ ဘီလီယံဖိုး ၀ယ်ယူဖို့တွေလည်း ဥပဒေမှာ ပါဝင်ပါတယ်။ ဒါပေမယ့် သူလျှိုလုပ်ဖို့ အလားအလာရှိနိုင်တဲ့ တရုတ်နည်းပညာကုမ္ပဏီတွေနဲ့ အမေရိကန်အစိုးရ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို တင်းကြပ်ဖို့တော့ မပါဝင်ပါဘူး။

    ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ စက်တင်ဘာတွင် ထပ်မံတွေ့ဆုံမည်
    =================
    ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ တတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို စက်တင်ဘာလ မြို့တော်ပြုံးယမ်မှာ ကျင်းပဖို့အတွက် မနေ့က နှစ်နိုင်ငံ အဆင့်မြင့်အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။ ဧပြီလက နှစ်နိုင်ငံနယ်စပ် အပစ်ရပ်ရွာ ပန်မွန်ဂျွန်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး၊ မေလက အဲဒီနေရာမှာပဲ ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံခဲ့ကြပါတယ်။ အခုတတိယအကြိမ်အတွက် ရက်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် မြောက်ကိုရီးယားတည်ထောင်မှု နှစ်ပတ်လည်နေ့ဖြစ်တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ ကျင်းပဖွယ် ရှိနေပါတယ်။

    အင်ဒိုနီးရှားတွင် ငလျင်ကြောင့် သေဆုံးသူ ၄၀၀ ကျော်ပြီ
    =============
    နိုင်ငံအရှေ့ပိုင်း လွမ်ဘွတ်မြို့မှာ ပြီးခဲ့တဲ့တစ်ပတ်က ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူဟာ ၄၃၆ အထိ ရောက်လာခဲ့ပြီလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက မနေ့မှာ ပြောကြားလိုက်ပါတယ်။ ငလျင်ကြောင့် အဆောက်အဦးအများအပြား ပြိုကျခဲ့တဲ့အတွက် အဲဒီအောက်မှာ ပိတ်မိနိုင်ဖွယ်ရှိသူတွေကို ရှာဖွေမှု ဆက်လုပ်နေပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေ အနေနဲ့လည်း နေထိုင်ရေး၊ စားသောက်ရေးတွေမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

    Ref: Aljazeera, CNA

  • ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ တရုတ်ကိုလိုနီဘ၀ ရောက်မှန်းမသိရောက်လာတဲ့ ကမ္ဘောဒီးယား

    ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ တရုတ်ကိုလိုနီဘ၀ ရောက်မှန်းမသိရောက်လာတဲ့ ကမ္ဘောဒီးယား

    သြဂုတ် ၁၃၊ ၂၀၁၈
    M-Media

    သီဟာနုဗီလီ မြို့လယ်ကောင်ရှိ တရုတ်ဟန် ရုပ်ထု

    – တစ်ချိန်က ကမ္ဘောဒီးယားရဲ့ ထိပ်တန်း အပန်းဖြေကမ်းခြေမြို့ဖြစ်ခဲ့တဲ့ ‘သီဟာနုဗီလီ’ ဟာ အခုအချိန်မှာတော့ ကြက်ပျံမကြတဲ့ တရုတ်ကာစီနိုမြို့တော်အဖြစ် ပြောင်းလဲနေပါပြီ။

    အဲဒီကိုလာတဲ့ ဧည့်သည်တွေ ပထမဆုံး မလွဲမသွေမြင်ရမှာက အနီရောင်တောက်တောက်၊ အ၀ါရောင်တောက်တောက် တရုတ်စာလုံးတွေနဲ့ရေးထားတဲ့ ဆိုင်းဘုတ်တွေ ဖြစ်ပါတယ်။ မြို့ထဲကလမ်းတွေမှာ လျှောက်ကြည့်မယ်ဆိုရင် တရုတ်ကာစီနိုဝိုင်းတွေ၊ တရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ လွတ်တဲ့နေရာလို့ကို မရှိပါဘူး။

    မြို့အနှံ့ မမြင်ချင်မှအဆုံးဖြစ်တဲ့ သုံးဘီးတွေရဲ့ နောက်ကျောက ကြော်ငြာစတစ်ကာတွေမှာတောင်မှာ တရုတ် မန်ဒရင်းစာလုံးတွေက နေရာယူထားပါတယ်။

    “အခုဆို တရုတ်က အားလုံးမြိုလိုက်ပြီဗျ” လို့ ကမ်းခြေက စားသောက်ဆိုင်တစ်ခုမှာ တရုတ်လိုဝတ်ပြီး တရုတ်ဧည့်သည်တွေကို ဖိတ်ခေါ်နေရတဲ့ ကမ္ဘောဒီးယားအမျိုးသားက ပြောပါတယ်။

    ကမ္ဘောဒီးယားရဲ့စီးပွားရေးမှာ တရုတ်ရဲ့လွှမ်းမိုးမှု မြင့်တက်လာမှုမှာ’သီဟာနုဗီလီ’ က ထင်သာမြင်သာအရှိဆုံး ဥပမာတစ်ခု ဖြစ်သလို၊ ကမ္ဘောဒီးယားလို နိုင်ငံငယ်တစ်ခုရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ သာယာဝပြောရေးအတွက် တရုတ်အပေါ် အလွန်အမင်းမှီခိုနေရမှုဟာ မဟာဒုက္ခ တွင်းဆုံးကျမယ့်အန္တရာယ် ရှိနေတယ်ဆိုတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

    ပါတီစုံ ဒီမိုကရေစီစနစ်ကနေ တစ်ပါတီ အာဏာရှင်စနစ်ဖြစ်လာအောင် ၀န်ကြီးချုပ်ဟွန်ဆန်က ငါတစ်ကောကော ဆောင်ရွက်နေတဲ့အချိန် တရုတ်ရဲ့ အကျိုးလို ညောင်ရေလောင်းမှုကြောင့် ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြုလုပ်တဲ့ မသမာမှုအပြည့်နဲ့ ရွေးကောက်ပွဲမှာ ဟွန်ဆန်ဟာ အတောင်အလက်စုံတဲ့ အာဏာရှင်တစ်ယောက် ဖြစ်လို့လာခဲ့ပါတယ်။

    ဒီမိုကရေစီ၊ လူ့အခွင့်အရေးကို မြှင့်တင်ပေးရမယ်ဆိုတဲ့ အနှောင်အဖွဲ့တွေနဲ့ ကမ္ဘောဒီးယားရဲ့ ဘက်ဂျက်ကို ဖြည့်ဆည်းပေးနေတဲ့ အနောက်နိုင်ငံတွေရဲ့ အကူအညီနေရာမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေက နေရာယူလာပါတယ်။ ဘေဂျင်းရဲ့ ရက်ရက်ရောရော စွန့်ကြဲမှုတွေမှာ ဒီလို တောင်းဆိုချက်တွေ မပါဝင်ပါဘူး။

    ဒီကနေ့မှာ ၀န်ကြီးချုပ် ဟွန်ဆန်က တရုတ်ဟာ ကမ္ဘောဒီးယားရဲ့ ‘ယုံကြည်ကိုးစားရဆုံးမိတ်ဆွေ’ ဖြစ်တယ်လို့ ရည်ညွှန်းတဲ့အထိ ဖြစ်လာခဲ့ပြီး၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေသတွင်း စူပါပါဝါနိုင်ငံ တရုတ်ဟာ မရှိမဖြစ်လိုအပ်တယ်လို့လည်း အခိုင်အမာ ပြောခဲ့ပါတယ်။

    ဝေဖန်သူတွေကတော့ ဟွန်ဆန်အစိုးရဟာ တရုတ်ကို နယ်မြေပိုင်ဆိုင်ခွင့်တွေ၊ ရေရှည် စီးပွားရေးလုပ်ကိုင်ခွင့်တွေ ပေးပြီး တရုတ်ရဲ့အတောမသတ်နိုင်တဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးကာ ကမ္ဘောဒီးယားကို တရုတ်က တစ်ဖက်လှည်နဲ့ ‘ကိုလိုနီပြု’ နိုင်အောင် ဖန်တီးပေးနေတယ်လို့ ပြောကြားခဲ့ကြပါတယ်။

    တရုတ်ရဲ့ စီးပွားရေးလွှမ်းမိုးမှုကို တစ်ခြားနေရာတွေထက် ‘သီဟာနုဗီလီမြို့’ မှာ အထင်ရှားဆုံး မြင်နိုင်ပါတယ်။ မြို့ရဲ့ပုံစံ၊ သဘောသဘာဝနဲ့ ဖြစ်တည်မှုတွေအားလုံးဟာ လုံးဝ တရုတ်ပုံစံ ပေါက်နေပြီ ဖြစ်ပါတယ်။ တရုတ်ခရီးသွားတွေ မြန်မြန်ဆန်ဆန် မြင့်တက်လာမှုကြောင့် ဒီလို အသွင်ပြောင်းသွားတာဖြစ်ပြီး ၂၀၁၇ ခုနှစ် တရုတ်ခရီးသွားတွေ လာရောက်လည်ပတ်မှုဟာ ၂၀၁၆ ခုနှစ်ကထက် ၁၂၆ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့ပါတယ်။

    ဒီလို အုံနဲ့ကျင်းနဲ့ ၀င်ရောက်လာမှုဟာ မတော်တဆ ဖြစ်လာတာမျိုး မဟုတ်ပါဘူး။ တစ်ချိန်က ခြောက်ကပ်နေတဲ့ ဒီမြို့မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ဟွန်ဆန်ကိုယ်တိုင်က တရုတ်ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဝေဖန်သူတွေကတော့ တရုတ်ဟာ သူတို့နိုင်ငံမှာ တရားမ၀င်အဖြစ် သတ်မှတ်ထားတဲ့ ကာစီနိုလောင်းကစားဝိုင်းတွေ တည်ထောင်ကာ ဒုစရိုက်လုပ်ငန်းတွေကို ကမ္ဘောဒီးယားနိုင်ငံဆီ တင်ပို့နေတယ်လို့ ထောက်ပြကြပါတယ်။

    ပွင့်လင်းမြင်သာမှုမရှိဘဲ၊ တစ်နေ့ရွှေ၊ တစ်နေ့ငွေဖြစ်တတ်တဲ့ လောင်းကစားလုပ်ငန်းအပေါ်မှာ မှီခိုမှုရဲ့ နောက်ဆက်တွဲအန္တရာယ်ဟာ ကမ္ဘောဒီးယားမှာ မြင့်တက်လာခဲ့ပါတယ်။ တရုတ်ကရင်းနှီးမြှုပ်နှံထားပြီး ‘သီဟာနုဗီလီမြို့’ မှာရှိတဲ့ ကာဆီနိုဝိုင်းကြီးတွေဟာ များသောအားမြင့် လူသိပ်မရှိတတ်ဘူးလို့ ပုံမှန်သွားလေ့ရှိတဲ့ ကာစီနိုသမားတွေက Asia Times ကို ပြောပါတယ်။

    ဒါပေမယ့် ဒီလို လူမရှိတာကိုက စီးပွားရေးပုံစံတစ်ခုဖြစ်ပြီး တရုတ်နဲ့ ကမ္ဘောဒီးယားအမျိုးသမီးတွေဟာ ကင်မရာရှေ့မှာထိုင်ကာ တရုတ်နိုင်ငံက ကာစီနိုကစားသမားတွေအတွက် ဖဲတွေဝေနေပါတယ်။ ဒါ့ကြောင့် ကာစီနိုသမားတွေအနေနဲ့ နိုင်ငံခြားအထိလာပြီး ကစားစရာ မလိုတော့ပါဘူး။

    ‘သီဟာနုဗီလီ’ က တရုတ်ပိုင် WM Casino ၀ိုင်းဟာ ဒီလိုပုံစံမျိုး ဖြစ်ပါတယ်။ မကြာသေးခင်က ညနေခင်းတစ်ခုမှာ ကစားသမား ၆ ယောက်လောက်ဟာ စားပွဲ ၃ လုံးမှာ ထိုင်နေပြီး၊ နောက်ထပ် ကစားသမား ၁၅ ယောက်လောက်က အွန်လိုင်းကနေ ပါဝင်နေကြတာ ဖြစ်ပါတယ်။

    တရုတ်ရဲ့ ကာစီနိုကစားဝိုင်းကြီးတွေဟာ ‘သီဟာနုဗီလီ’ ရဲ့ စီးပွားရေးကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့ပြီး အိမ်ခြံမြေဈေးတွေလည်း တစ်ဟုန်ထိုး တက်သွားခဲ့ပါတယ်။ မြို့တွင်းက အိမ်တစ်လုံးငှားခဟာ သိပ်မကြာခင်ကအထိ တစ်လကို ဒေါ်လာ ၂၅၀ ရှိရာကနေ အခုအချိန်မှာ ဒေါ်လာ ၃၀၀၀၀ လောက်အထိ ဈေးခေါ်လာကြတယ်လို့ အိမ်ခြံမြေကိစ္စနဲ့ အကျွမ်းတ၀င်ရှိတဲ့သူတွေက ဆိုပါတယ်။

    အိမ်ငှားခဈေးတွေ တက်လာမှုဒဏ်ကို အနောက်တိုင်းက စွန့်ဦးလုပ်ငန်းရှင်တွေလည်း ခံစားလာရသလို အိမ်ငှား၊ မြေငှားနေရတဲ့ ကမ္ဘောဒီးယားပြည်သူတွေလည်း မောင်းထုတ်ခံတာတွေ ဖြစ်လာပါတယ်။

    အင်္ဂလိပ်လူမျိုး စီးပွားရေးသမား သောမတ်စ် ပါဝဲလ်နဲ့ သူ့ရဲ့ ကမ္ဘောဒီးယားဇနီးတို့ဟာ လက်ရှိမှာ မြေရှင်နဲ့ တရားတဘောင် ရင်ဆိုင်ရတဲ့အထိဖြစ်နေပြီး မြေရှင်က တရုတ်လုပ်ငန်းရှင်တွေကို ငှားချင်တာကြောင့် သူတို့လင်မယားကို နှင်ထုတ်ဖို့ကြိုးစားတဲ့ကိစ္စ ဖြစ်ပါတယ်။

    “ဖြစ်နေတာက စာချုပ်စာတမ်းတွေကို အလေးမထားတော့တာဗျ” လို့ ပါဝဲလ်က ပြောပါတယ်။

    တရုတ်တွေဆီကနေ ငှားခပိုရမယ့်လမ်းကြောင်းကို မြင်နေတာကြောင့် မြေရှင်၊ အိမ်ရှင်တွေဟာ အရင်ကရှိတဲ့လူတွေကို ထပ်ပြီး မထားချင်တော့ပါဘူး။ စာချုပ်စာတမ်းနဲ့ တိတိကျကျ လုပ်ထားတဲ့ ကိစ္စတွေတောင်မှ အဓမ္မဖျက်သိမ်းကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

    “နိုင်ငံခြားသားတွေတင် ခံရတာမဟုတ်ဘူးဗျ။ ခမာတွေလည်း ခံရတာပဲ။ မိသားစုရှိတဲ့ ခမာတွေတောင် ခံရတယ်။ ဒီကိစ္စကို ရင်ဆိုင်ဖို့အတွက် လူတော်တော်များများမှာ ငွေကြေးမရှိကြဘူးလေ”

    ပါဝဲလ်က ကမ္ဘောဒီယားနိုင်ငံသားအားလုံး ဒုက္ခရောက်တာမဟုတ်ဘဲ၊ အိမ်ပိုင်၊ မြေပိုင်ရှိတဲ့သူတွေက အကျိုးအမြတ်တွေ ခံစားရပေမယ့်၊ ဒုက္ခရောက်တဲ့သူက ပိုများတယ်လို့ ပြောပါတယ်။ လေ့လာဆန်းစစ်သူတစ်ချို့ကတော့ ရေရှည်မှာ ဆုံးရှုံးမှုဟာ ပိုမိုကြီးမားလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

    Economist Intelligence Unit က ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ အန်ဝီတာ ဘာဆူက ‘သီဟာနုဗီလီ’ မှာ တရုတ်ဦးဆောင်တဲ့ ထူထောင်ရေးကြောင့် ရေတိုမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေကနေ တိုးတက်မှုရနိုင်ပေမယ့် နိုင်ငံရေးအန္တရာယ်တွေအပါအ၀င် ရေရှည်မှာ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးပါတယ်။

    “(တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာတာက) ဒေသခံတွေအနေနဲ့ အိမ်ယာဈေးကွက်တွေမှာ မတတ်နိုင်တာတွေနဲ့ ကြုံလာရပြီး တရုတ်တွေအပေါ် ဒေါသထွက်လာနိုင်ပါတယ်” လို့ သူမကဆိုပြီး ရင်းနှီးမြှုပ်နှံမှု တော်တော်များများမှာ ခြစားမှုတွေ ရှိမယ်လို့လည်း ထည့်သွင်းပြောဆိုပါတယ်။

    တရုတ်ရင်းနှီးမြှုပ်နှံသူတွေဟာ ‘သီဟာနုဗီလီမြို့’ မှာ ပိုမိုကြီးမားတဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အစီအစဉ်တွေ ရှိနေပါတယ်။ မြို့ရဲ့ ရှုမညီးတဲ့ ကမ်းခြေတစ်လျှောက် မြေကွက်လပ်ပေါင်းများစွာမှာ ဆောက်လုပ်ရေးကရိန်းတွေကို တွေ့မြင်နေရပါတယ်။

    ကမ္ဘောဒီးယားအစိုးရဟာ မကြာသေးခင်ကပဲ ‘Wisney World’ ဆိုတဲ့ အပန်းဖြေစခန်း စီမံကိန်းကို ထုတ်ဖော်ကြေငြာခဲ့ပါတယ်။ တရုတ်နိုင်ငံက China’s AMC International ကုမ္ပဏီနဲ့ မလေးရှား ကုမ္ပဏီတစ်ခုတို့က မြေနေရာ ၆၅ ဟက်တာမှာ ဖော်ဆောင်မယ့် အဲဒီ စီမံကိန်းဟာ ကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိပြီး ရေကစားကွင်းတွေ၊ ဟိုတယ်တွေ၊ ကာစီနိုဝိုင်းတွေနဲ့ ရှော့ပင်းမောလ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

    ပိတ်ပင်ခံထားရတဲ့ အတိုက်အခံပါတီ Cambodian National Rescue Party (CNRP) က ဟွန်ဆန်အစိုးရဟာ ကမ္ဘောဒီးယားနိုင်ငံကို တရုတ်ရဲ့ ‘ငွေဝယ်ကျွန်’ ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုအချိန်မှာ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ CNRP ပါတီကို ပူးတွဲတည်ထောင်သူ ဆမ်ရိန်ဆီက တရုတ်က ကမ္ဘောဒီးယားကို လက်အောက်ခံ ကိုလိုနီနိုင်ငံအဖြစ် လုပ်ဆောင်နေတာကို ဟွန်ဆန်က ခွင့်ပြုနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကမ္ဘောဒီးယားရဲ့ ပရီခ်ျသီဟာနု ပြည်နယ်နဲ့ ခိုကွန်ပြည်နယ်တို့ဟာ တရုတ်ကိုလိုနီလုံးလုံး ဖြစ်သွားပါပြီ။ ဒီမိုကရေစီမကျဆုံး နည်းလမ်းတွေနဲ့ အာဏာကိုချုပ်ကိုင်ထားနိုင်ရေးမှာ တရုတ်ရဲ့ ထောက်ခံမှုကို ရဖို့အတွက် ဟွန်ဆန်ဟာ ကမ္ဘောဒီးယားပိုင်နက်တွေကို ရောင်းနေတာပါ”

    လွတ်လပ်တဲ့ လေ့လာစောင့်ကြည့်သူတစ်ချို့ကလည်း ဆမ်နဲ့ အမြင်ခြင်း တူညီနေပါတယ်။ James Cook တက္ကသိုလ်က ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး၊ နိုင်ငံရပ်ခြားက တရုတ်ရဲ့ ဆောင်ရွက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ ကျွမ်းကျင်သူ ဘီလ် လော့ရင့်စ်က တရုတ်ဟာ ကမ္ဘောဒီးယားနဲ့ အပြန်အလှန်အကျိုးဖြစ်ထွန်းရေးကို လိုလားတယ်လို့ ထင်နေရင် ‘နုံအရာ’ ကျမယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူတို့ရဲ့ စီးပွားရေးပုံစံကိုက ဒီလိုမျိုး မဟုတ်ပါဘူး။ သူတို့ရဲ့ အကျိုးတစ်ခုတည်းကိုသာ ကြည့်တာပါ။ အခွင့်သာလာပြီဆိုရင် အငမ်းမရဖြစ်တတ်တဲ့ ငါးမန်းတွေလိုပါပဲ။ အခြေအနေမကောင်းရင်တော့ တစ်ချိုးတည်း လစ်တော့တာပါ”

    တရုတ်က လုပ်ငန်းရှင်တွေဟာ သူတို့စီမံကိန်းတွေအတွက် ဒေသခံတွေဆီက မြေတွေကို ရယူရာမှာ ဘယ်သူ့မျက်နှာမှ မထောက်ဘူးလို့ လော့ရင့်စ်ရဲ့ သုတေသနပြုမှုက ဖော်ပြနေပါတယ်။

    “အာဖရိက ကွန်ဂိုချိုင့်ဝှမ်းဒေသမှာဆိုရင် တရုတ် သတ္တုတူးဖော်ရေးနဲ့ သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ ဌာနေ ‘ပစ်ဂမီ’ လူမျိုးတွေအပေါ် လုပ်ချင်သလို လုပ်နေတာကို ကျွန်တော့် မျက်စိနဲ့ မြင်ခဲ့ရတာဗျ။ အဲဒီလူမျိုးတွေဟာ အဲဒီမြေပေါ်မှာ နှစ်ပေါင်းထောင်ချီ နေခဲ့ကြတာ” လို့ လော့ရင့်စ်က ပြောကြားခဲ့ပါတယ်။

    တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ‘သီဟာနုဗီလီ’ မှာသာမက အနားက ‘ကမ်ပွတ်’ ဒေသ၊ ကမ္ဘာကျော် ‘အန်းကားဝပ်’ ဘုရားကျောင်းရှိရာ ‘စီယမ်ရီပ်’ ဒေသတို့က အိမ်ခြံမြေဈေးတွေကို ဆက်လက် ဖောင်းပွစေလိမ့်မယ်လို့ ဘာဆူက ပြောကြားခဲ့ပါတယ်။

    တရုတ်ဝယ်လက်တွေကြောင့် ထောသွားတဲ့ မြေပိုင်ရှင်တွေဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လာမယ်လို့ ကောလဟာလဖြစ်နေတဲ့ ‘ကမ်ပွတ်’ မှာ မြေတွေကို ၀ယ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    Try Pheap Group လုပ်ငန်းပိုင်ရှင်ဖြစ်တဲ့ ကမ္ဘောဒီးယားက စီးပွားရေးလုပ်ငန်းရှင် ထရိုင်ဖီပ်ဟာ North Petroleum and Chemical Group လုပ်ငန်း အပါအ၀င် တရုတ်ကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းကာ ‘ကမ်ပွတ်မြို့’ အပြင်မှာ ဆိပ်ကမ်းနဲ့ ရေနံသန့်စင်စက်ရုံတစ်ခုကို ဆောက်လုပ်နေပါတယ်။

    တန် တစ်သောင်းကနေ သုံးသောင်းအထိ အလေးချိန်ရှိတဲ့ သင်္ဘောတွေ ဆိုက်ကပ်နိုင်မယ့် အဲဒီ ဆိပ်ကမ်းသစ်ဟာ တရုတ်ရဲ့ ကန်ဒေါ်လာ ၁ ထရီလီယံ တန်ဖိုးရှိမယ့် Belt and Road Initiative စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဟွန်ဆန်က ပြောကြားခဲ့ကြောင်း အစိုးရလိုလားတဲ့ သတင်းဌာနက Fresh News က ဖော်ပြပါတယ်။

    စီမံကိန်းကြောင့် ထိခိုက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဆိပ်ကမ်းဘေး တံငါရွာလေးက ငါးဖမ်းသမားတွေကတော့ ဆိပ်ကမ်းဆောက်လုပ်ရေးလုပ်ငန်းတွေကြောင့် သူတို့ဝမ်းရေးအတွက် အားထားနေရတဲ့ ဂေဟစနစ်ကို ပျက်ဆီးစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီစွပ်စွဲချက်တွေအတွက် Asia Times ရဲ့ မေးမြန်းမှုကို Try Pheap Group လုပ်ငန်းက ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ North Petroleum and Chemical Group ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

    “အရင်တုန်းက အဲဒီမှာ လမုတောတွေရှိတယ်” လို့ သူ့ရှေ့မှာ ရှိနေတဲ့ ရေပြင်ကြီးကို လက်ညှိုးညွှန်ရင်း အဖိုးအိုတစ်ယောက်က ပြောပါတယ်။ အရင်က လမုတောတွေဟာ ဒီရေတက်ရင်မြုပ်တဲ့ သူတို့ရွာက မြေနိမ့်ပိုင်းတွေတစ်လျှောက်မှာရှိတယ်လို့လည်း သူက ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ကုမ္ပဏီဟာ လမုတောတွေကို ရှင်းလင်းကာ မြေဖို့လိုက်တဲ့အတွက် မြေအနည်းငယ်သာ ကျန်ရှိပါတော့တယ်။

    “အရင်ကဆို ဒီမှာ ကျွန်တော်တို့ ဂဏန်းတွေ ဖမ်းလို့ရတယ်။ အခုတော့ ဒီထက်ဝေးတဲ့ရောကို သွားရတယ်။ ပင်လယ်ထဲအထိ သွားရပါတယ်” လို့ အဘိုးအိုက ဟင်းစာရှာရ ခက်လာမှုကို ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီတွေဟာ ရွာက ချောင်းလေးကို မြေဖို့ပစ်ဖို့လည်း စီစဉ်နေပြီး ဒါဟာ သူတို့ရွာရဲ့ ပင်လယ်ထွက်ပေါက်တစ်ခု ပိတ်သွားမှာလည်း ဖြစ်ပါတယ်။

    “(တရုတ်) ကုမ္ပဏီနဲ့ (ကမ္ဘောဒီးယား) မြေပိုင်ရှင်တွေကို ကျွန်တော်တို့ မဆန့်ကျင်နိုင်ဘူးဗျ။ သဗ္ဗေသတ္တာ ကမ္မသကာပဲပေါ့ဗျာ” လို့ အဘိုးအိုက မျှော်လင့်ချက်မဲ့စွာနဲ့ ပြောကြားခဲ့ပါတယ်။

    Ref : Asia Times

    (Asia Times သတင်းဌာနတွင် ဖော်ပြထားသည့် The future of Cambodia looks increasingly Chinese ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

     

  • ဒလတွင် စက်မှုဇုန်စီမံကိန်း ဖော်ဆောင်ရေး တောင်ကိုရီးယားနှင့် လက်မှတ်ထိုး

    ဒလတွင် စက်မှုဇုန်စီမံကိန်း ဖော်ဆောင်ရေး တောင်ကိုရီးယားနှင့် လက်မှတ်ထိုး

    သြဂုတ် ၁၃၊ ၂၀၁၈
    M-Media

    Photo credit – Facebook page of Yangon Regional Government

    – ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့မှာ ‘စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း’ တစ်ခု ဖော်ဆောင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ တောင်ကိုရီးယားအခြေစိုက် မြန်မာကုမ္ပဏီ Wooree တို့ဟာ စနေနေ့မှာ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ထိုးလိုက်ပါတယ်။

    လာမယ့်လမှာ စတင်ဖို့ရှိနေပြီး ၂၀၂၀-၂၀၂၁ မှာ ပြီးစီးဖို့ စီစဉ်ထားတဲ့ ရန်ကုန်-ဒလ တံတားအနီးမှာ အဲဒီစီမံကိန်း ရှိမှာ ဖစ်ပါတယ်။ စီမံကိန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    လတ်တလော တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ‘ရန်ကုန်တိုင်းဒေသကြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း’ ကို မြို့နယ် ၁၁ မြို့နယ်မှာ ဖော်ဆောင်ဖို့ တိုင်းဒေသကြီးအစိုးရက အဆိုပြုခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကို မသိရတဲ့အတွက် လွှတ်တော်က အတည်မပြုနိုင်ခဲ့ပါဘူး။

    ဒလမြို့နယ် လွှတ်တော်အမတ် ဦးထွန်းရင်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ လာမယ့် လွှတ်တော်အစည်းအဝေးမှာ နားလည်မှုစာချွန်လွှာကိစ္စ အသေးစိတ် အချက်အလက်ကို တင်ပြလိမ့်မယ်လို့မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    “လွှတ်တော်ရဲ့ အတည်ပြုမှု လိုအပ်ပါတယ်။ ကျွန်တော်တို့ သဘောမတူရင် သူတို့ အကောင်အထည်ဖော်လို့ မရပါဘူး”

    စီမံကိန်းဆောင်ရွက်မယ့် မြေတွေအတွက် နစ်နာကြေးကို ဘယ်ကုမ္ပဏီက ဘယ်လိုပေးချေမလဲဆိုတဲ့ ကိစ္စ အပါအ၀င် လွှတ်တော်မှာ ဆွေးနွေးစရာတွေ ရှိနေသေးပြီး လွှတ်တော်အမတ်တွေအနေနဲ့ စီမံကိန်းရဲ့ အကျိုး၊ အပြစ်တွေကို သုံးသပ်ပြီးမှ ခွင့်ပြုလို့ရမယ်လို့လည်း ဦးထွန်းရင်က ဆိုပါတယ်။

    မြေဧက ၁၅၀၀ လောက် လိုအပ်မယ်လို့ ခန့်မှန်းထားတဲ့ ဒီစီမံကိန်းကို တံတားဆောက်လုပ်မှု မပြီးစီးခင်မှာ စတင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ဖော်ပြထားချက်အရ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အခြား အစိုးရတာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

    Ref: Irrawaddy