News @ M-Media

Blog

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၁၇၊ ၂၀၁၈
    M-Media

    ပိတ်ဆို့မှုများအတွက် အမေရိကန်ကို ကင်ဂျုံအွန် ဝေဖန်
    ==============
    အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ တောပုန်းဓားပြတွေလို ဆောင်ရွက်ချက်မျိုး ဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဒီကနေ့မှာ ဝေဖန်ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယား လုံးဝနျူဖျက်သိမ်းရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ပိတ်ဆို့မှုတွေ ဆက်လုပ်ကြဖို့ အမေရိကန်က တိုက်တွန်းထားပြီး၊ ပိတ်ဆို့မှုတွေကို မလိုက်နာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်၊ ရုရှား ကုမ္ပဏီတွေအပေါ်မှာလည်း အမေရိကန်က ပြီးခဲ့တဲ့တစ်ပတ်မှာ အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ ကင်ဂျုံအွန်ကတော့ အမေရိကန်နဲ့ အပေါင်းအပါတွေဟာ ရန်လိုတဲ့အုပ်စုဖြစ်ပြီး မြောက်ကိုရီးယားပြည်သူတွေ မွန်းကျပ်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

    အမေရိကန်နှင့် မဟာမိတ်များကို ပစ်မှတ်ထားကာ တရုတ်က စစ်ရေးလေ့ကျင့်
    ==================
    တရုတ်နိုင်ငံဟာ သူတို့ရဲ့ ဗုံးကြဲလေယာဉ်တွေကို ပစိဖိတ်က အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်တဲ့ပုံစံ လေ့ကျင့်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန်) က မနေ့မှာ အောက်လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်ရဲ့ စစ်ရေး၊ စီးပွားရေးနဲ့ သံတမန်ရေးအင်အား ကြီးထွားလာမှု၊ နိုင်ငံတကာမှာ နေရာယူလာမှုနဲ့ ဒေသတွင်း လွှမ်းမိုးလာမှုတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ တရုတ်ရဲ့ ဗုံးကြဲလေယာဉ်တွေဟာ ဂျပန်နိုင်ငံက အမေရိကန်တပ်ဖွဲ့တွေရှိတဲ့ ကျွန်းတစ်ချို့အနားမှာ ပျံသန်းမှုတွေ ပြုလုပ်ခဲ့ပြီး ပင်တဂွန်ကတော့ ဂူအမ်အပါအ၀င် ပစိဖိတ်သမုဒ္ဒရာ အနောက်ခြမ်းက မဟာမိတ်တပ်ဖွဲ့တွေ၊ စစ်စခန်းတွေကို တိုက်ခိုက်နိုင်စွမ်းရှိတယ် ဆိုတာကို တရုတ်က ပြသတာဖြစ်တယ် လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အိန္ဒိယရေကြီးမှု ၁၀၀ ကျော်သေဆုံး
    ===========
    အိန္ဒိယနိုင်ငံက ခရီးသွားတွေ စိတ်ဝင်စားတဲ့ ကီရာလာပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၀၆ ဦးအထိ ရှိလာပြီး၊ အိုးအိမ်ဆုံးရှုံးသူ အရေအတွက်က ၁ သိန်းခွဲလောက် ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီရေကြီးမှုတွေဟာ ဆယ်စုနှစ်တွေအတွင်းမှာ အဆိုးရွားဆုံးဖြစ်ပြီး ပြည်နယ်တစ်ဝှမ်း ကယ်ဆယ်ရေးစခန်း ၁၃၃၁ ခု ဖွင့်လှစ်ထားရပါတယ်။ အပျက်အဆီးတွေထဲမှာ ပိတ်မိနေသူတွေလည်း ရှိနိုင်တဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

    Ref: CNA

  • မြန်မာနိုင်ငံတွင် အမုန်းစကားကို ထိထိရောက်ရောက် မတားဆီးနိုင်ဟု Facebook ၀န်ခံ

    မြန်မာနိုင်ငံတွင် အမုန်းစကားကို ထိထိရောက်ရောက် မတားဆီးနိုင်ဟု Facebook ၀န်ခံ

    သြဂုတ် ၁၆၊ ၂၀၁၈
    M-Media

    Why Facebook is losing the war on hate speech in Myanmar ဆောင်းပါးတွင် ဖော်ပြထားသည့် အမုန်းစကားများမှ အချို့

    – မြန်မာနိုင်ငံက အမုန်းစကားပြဿနာကို ဖြေရှင်းရာမှာ သူတို့ဟာ ‘အရမ်းနှေးနေတယ်’ လို့ Facebook က ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပြီး မြန်မာစကားပြောတဲ့ စောင့်ကြည့်သူတွေ ထပ်ခန့်တာ၊ အမုန်းစကားတွေကို အလိုအလျောက်သိနိုင်မယ့် နည်းပညာကို ပိုမိုကောင်းမွန်လာစေရေး ဆောင်ရွက်တာတွေ ထပ်လုပ်သွားမယ်လို့လည်း ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ အမုန်းစကား ဖြန့်ဝေမှုကို Facebook က နှိမ်နင်းနိုင်ခြင်း မရှိဘူးဆိုတဲ့အကြောင်း ရိုက်တာသတင်းဌာနက စုံစမ်းကာ Why Facebook is losing the war on hate speech in Myanmar ခေါင်းစဉ်နဲ့ ဖော်ထုတ်ခဲ့ပြီးနောက်ပိုင်း Facebook က ဒီလို ကြေငြာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

    “မြန်မာနိုင်ငံက လူမျိုးရေးအကြမ်းဖက်မှုဟာ သိပ်ကို ကြောက်စရာကောင်းပြီး Facebook မှာ သတင်းအချက်အလက်အမှားတွေနဲ့ အမုန်းစကားတွေကို တားဆီးဖို့အတွက် ကျွန်တော်တို့ဟာ အရမ်းနှေးနေပါသေးတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။

    ပြဿနာဖြစ်စေနိုင်တဲ့ ပို့စ်တွေကို စောင့်ကြည့်သူတွေထဲမှာ ၂၀၁၅ ခုနှစ်က မြန်မာစကားပြောသူ ၂ ယောက်သာ ရှိခဲ့ပါတယ်။

    ဒီကနေ့ အွန်လိုင်းကထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ Facebook က သူတို့အနေနဲ့ အမုန်းစကားတွေကို အလိုအလျောက် သိရှိနိုင်တဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုနေပြီး၊ ပို့စ်တွေစောင့်ကြည့်ဖို့အတွက် မြန်မာစကားပြောသူတွေကိုလည်း ပိုမိုခန့်အပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဇွန်လအထိ မြန်မာစကား ကျွမ်းကျင်သူ ၆၀ ကျော် ရှိရာကနေ အခုနှစ်ကုန်မှာ အနည်းဆုံး ၁၀၀ လောက်အထိ ထားရှိသွားဖို့အတွက် စီစဉ်နေတယ်လို့လည်း Facebook က ဆိုပါတယ်။

    ရိုက်တာရဲ့ Why Facebook is losing the war on hate speech in Myanmar ဆောင်းပါးဟာ Facebook ပေါ်မှာ ပြီးခဲ့တဲ့တစ်ပတ်ကအထိ ရှိနေတဲ့ ရိုဟင်ဂျာနဲ့ မွတ်စလင်ဆန့်ကျင်ရေး ပို့စ်တွေ၊ မှတ်ချက်တွေ၊ ရုပ်ပုံတွေ၊ ဗီဒီယိုတွေ စုစုပေါင်း တစ်ထောင်ကျော်လောက်ကို ကိုးကားဖော်ပြခဲ့တာဖြစ်ပြီး မွတ်စလင်တွေကို လိင်ပိုင်းဆိုင်ရာနဲ့ စော်ကားထားတဲ့ ဓာတ်ပုံတွေအပါအ၀င် တစ်ချို့ရေးသားချက်တွေဟာ Facebook မှာ ၆ နှစ်လောက်အထိ တောက်လျှောက် ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

    မွတ်စလင်တွေကို ခွေးတွေ၊ ၀က်တွေ၊ မုဒိမ်းကောင်းတွေလို့ ခေါ်ဝေါ်သုံးနှုန်းထားတာတွေ၊ လူမျိုးတုဉ်းသတ်ဖြတ်ဖို့ လှုံ့ဆော်ထားတာတဲ့ ပို့စ်တွေ၊ ရေးသားချက်တွေလည်း အများကြီး ထပ်ရှိသေးတယ်လို့ ရိုက်တာသတင်းဌာနရဲ့ အဲဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

    လက်ရှိ Facebook ဟာ မြန်မာဘာသာစကားကို ဘာသာပြန်ဖို့ အခက်တွေ့နေတာကြောင့် အသုံးပြုသူတွေရဲ့ တိုင်ကြားမှုကို အားပြုကာ အမုန်းစကားတွေကို တားဆီးနေရတာ ဖြစ်ပါတယ်။

    သုတေသနပညာရှင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာနဲ့ မွတ်စလင်တွေအပေါ် မုန်းတီးရေး ၀ါဒဖြန့်ရာမှာ Facebook ဟာ အသုံးချခံနေရတယ်ဆိုတာ Facebook ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက သတိပေးခဲ့ပါတယ်။

    ဒီကနေ့ Facebook ရဲ့ ကြေငြာချက်မှာတော့ သူတို့ဟာ အမုန်းဝါဒီတွေ၊ အမုန်းဆောင်အဖွဲ့အစည်းတွေရဲ့ အကောင့်တော်တော်များများကို ပိတ်ပစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • အမေရိကန်နိုင်ငံရေးသမိုင်းတွင် မွတ်စလင်အမျိုးသမီးနှစ်ဦး သမိုင်းသစ်ရေးထိုးရန် ရှိနေ

    အမေရိကန်နိုင်ငံရေးသမိုင်းတွင် မွတ်စလင်အမျိုးသမီးနှစ်ဦး သမိုင်းသစ်ရေးထိုးရန် ရှိနေ

    သြဂုတ် ၁၆၊ ၂၀၁၈
    M-Media

    အီလ်ဟမ် အိုမာရ်

    – ပထမဆုံး ဆိုမာလီ-အမေရိကန် ပြည်နယ်လွှတ်တော်အမတ်ဖြစ်ခဲ့တဲ့ မွတ်စလင်အမျိုးသမီး အီလ်ဟမ် အိုမာရ်ဟာ အမေရိကန်နိုင်ငံရေးသမိုင်းမှာ နောက်ထပ် သမိုင်းသစ်ရေးထိုးဖို့ နီးစပ်လာပါတယ်။

    အမေရိကန်အောက်လွှတ်တော်မှာ မင်နီဆိုတာပြည်နယ်က ခရိုင်တစ်ခုကို ကိုယ်စားပြုဖို့အတွက် အင်္ဂါနေ့က ဒီမိုကရက်တစ်ပါတီအတွင်း အမတ်လောင်းရွေးချယ်ပွဲမှာ အီလ်ဟမ်တစ်ယောက် အနိုင်ရခဲ့တာဖြစ်ပါတယ်။

    ဒါ့ကြောင့် နိုဝင်ဘာလမှာ ကျင်းပပြုလုပ်မယ့် အောက်လွှတ်တော်အမတ်ရွေးကောက်ပွဲမှာ သူမသာ အရွေးခံရမယ်ဆိုရင် အောက်လွှတ်တော်မှာ အမတ်ဖြစ်လာမယ့် ပထမဆုံး ဆိုမာလီ-အမေရိကန်အဖြစ်မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

    “လူ့အဖွဲ့အစည်း ညီညွတ်ဖို့၊ စွမ်းဆောင်ရည်မြင့်ဖို့အတွက် ကျွန်မတို့ ကြိုးစားခဲ့တာတွေဟာ ဒီကနေ့မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ကျွန်မတို့ အောင်နိုင်ပါတယ်။ ကျွန်မရဲ့ မဲဆွယ်ရေးအဖွဲ့တွေ၊ စေနတနာ့ဝန်ထမ်းတွေ၊ ကျွန်မတို့ခရိုင်က ပြည်သူတွေဟာ ပိုမိုတရားမျှတပြီး၊ တန်းတူညီတဲ့ လူ့အဖွဲ့အစည်းကို အာမခံပေးနိုင်တဲ့ ဒီမိုကရေစီအတွက် နေ့စဉ်တိုက်ပွဲဝင်နိုင်ဖို့ တွန်းအားတွေ ဖြစ်ပါတယ်” လို့ အီလ်ဟမ် အိုမာရ်က ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    မီချီဂန်ပြည်နယ်က ဒီထရွိုက်ခရိုင်အတွက် ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ရာမှာ ပါလက်စတိုင်းနွယ်ဖွား ရာရှီဒါ တလာအစ် အနိုင်ရရှိခဲ့ပြီး နိုဝင်ဘာ အောက်လွှတ်တော်ရွေးကောက်ပွဲမှာ သူ့ခရိုင်က နောက်ထပ် ပြိုင်ဘက်မရှိတာကြောင့် ရရှီဒါဟာ အမေရိကန်မှာ ပထမဆုံး မွတ်စလင်အမျိုးသမီး အောက်လွှတ်တော်အမတ် ဖြစ်လာမှာ ဖြစ်ပါတယ်။

    “ရှင်နဲ့ လက်တွဲပြီး အမေရိကန်အောက်လွှတ်တော်ကို ၀င်ရောက်ဖို့အတွက် ကျွန်မ မစောင့်နိုင်တော့ပါဘူး။ ရှင့်အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်” လို့ ရရှီဒါက အီလ်ဟမ် အိုမာရ်ကို ရည်ညွှန်းပြီး Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အီလ်ဟမ်ဟာ ၂၀၁၆ ခုနှစ်က မင်နီဆိုတာပြည်နယ်လွှတ်တော်ရဲ့ အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး အမေရိကန်သမိုင်းမှာ ပြည်နယ်လွှတ်တော်အမတ်ဖြစ်လာတဲ့ ပထမဆုံး ဆိုမာလီနွယ်ဖွားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    နိုဝင်ဘာမှာ ကျင်းပပြုလုပ်မယ့် ဖက်ဒရယ်လွှတ်တော်အမတ် ရွေးကောက်ပွဲမှာ အနည်းဆုံး မွတ်စလင်ကိုယ်စားလှယ်လောင်း ၉၀ လောက်က ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

    Ref: Aljazeera

  • ယခုနှစ် ပထမနှစ်ဝက်အတွင်း ယူအေအီး၌ အစ္စလာမ်သို့ သက်ဝင်သူ ၂ ထောင်ကျော်ရှိ

    ယခုနှစ် ပထမနှစ်ဝက်အတွင်း ယူအေအီး၌ အစ္စလာမ်သို့ သက်ဝင်သူ ၂ ထောင်ကျော်ရှိ

    သြဂုတ် ၁၅၊ ၂၀၁၈
    M-Media

    Dar Al Ber Society ရုံး

    – အခုနှစ် ပထမနှစ်ဝက်အတွင်းမှာ နိုင်ငံတစ်ဝှမ်း အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်သူ နိုင်ငံခြားသားအရေအတွက်ဟာ ၂၁၈၆ ဦး ရှိတယ်လို့ ဒူဘိုင်းအခြေစိုက် အစ္စလာမ့်သတင်းစကား ဖြန့်ချီရေးအဖွဲ့ Dar Al Ber Society က ထုတ်ပြန်ပါတယ်။

    ဒူဘိုင်းမှာ ၁၉၉၃ ဦး ရက်စ် အလ် ခိုင်မာမှာ ၁၉၃ ဦး သက်ဝင်လာကြတာဖြစ်ပြီး အဖွဲ့ရဲ့ စီအီးအို အဘ်ဒူလာ အလီ ဘင် ဇာယဒ် အလ်ဖာလာစီက သူတို့အဖွဲ့ဟာ သည်းခံခြင်း၊ အလယ်အလတ်ကျခြင်းနဲ့ ငြိမ်းချမ်းရေး သတင်းစကားတွေကို ယူအေအီးရောက် နိုင်ငံခြားသားတွေထံ ဖြန့်ချီပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Dar Al Ber Society ဟာ အစ္စလာမ်နဲ့ပတ်သက်တဲ့ ယူဆချက်အမှားတွေကို ချေဖျက်ဖို့၊ သစ်လွင်မွတ်စလင်တွေရဲ့ နှလုံးသားထဲမှာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ တန်ဖိုးတွေနဲ့ သွန်သင်ချက်တွေ ကိန်းဝပ်လာအောင် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတယ်လို့လည်း အလ်ဖာလာစီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အစ္စလာမ်ကို သက်ဝင်လာကြသူတွေဟာ အာရှ၊ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိက၊ အာဖရိက စသဖြင့် နိုင်ငံပေါင်း ၃၅ နိုင်ငံလူတွေ ဖြစ်ပါတယ်။

    ဒူဘိုင်း ‘အစ္စလာမ့်သတင်းအချက်အလက်စင်တာ’ ရဲ့ ဒါရိုက်တာဖြစ်သူ ရာရှစ် အလ်ဂျူနိုင်ဘီက သူတို့စင်တာဟာ ပထမနှစ်ဝက်အတွင်း အစ္စလာမ့်သတင်းစကား ဖြန့်ချီရေး၊ ပညာရေး၊ ယဉ်ကျေးမှုနဲ့ အပန်းဖြေရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Khaleej Times

  • ဒီရေနှင့် လေပြင်းကြောင့် ဖျာပုံတွင် နေအိမ် ၉၀ နီးပါး ပျက်ဆီး

    ဒီရေနှင့် လေပြင်းကြောင့် ဖျာပုံတွင် နေအိမ် ၉၀ နီးပါး ပျက်ဆီး

    သြဂုတ် ၁၅၊ ၂၀၁၈
    M-Media

    Photo Credit – Irrawaddy

    – ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှာ တနင်္ဂနွေ၊ တနင်္လာ ၂ ရက်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၉၀ နီးပါး ပြိုကျခဲ့ပြီး နောက်ထပ် ၄၀ လောက် ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

    ဒီရေနဲ့ လေပြင်းဒဏ်ကို ဖျာပုံမြို့နယ်က ရွာတော်တော်များများ ခံစားခဲ့ရပြီး အာဏာပိုင်တွေက ၆၇၃ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

    တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဘိုဘိုဇော်မင်းက ပြီးခဲ့တဲ့ ၃ လအတွင်းမှာ ဒီရေဟာ ပုံမှန်ထက် ပိုတက်လာခဲ့တာကြောင့် ကမ်းပါးတွေပြိုကာ နေအိမ်တွေ ပြိုကျတာဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    ဖျာပုံခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ စင်တာက ထိခိုက်ခံစားရသူတွေထံ ဆန်နဲ့ အခြား ကယ်ဆယ်ရေးပစ္စည်းတွေ ပေးဝေခဲ့ပြီး ပြိုကျသွားတဲ့ ဓနိမိုးထရံကာ အိမ်ပိုင်ရှင်တွေကို အိမ်ထောင်စုတစ်စု ၁ သိန်းဆီ၊ ပျဉ်ထောင်အိမ်ပိုင်ရှင်တွေကို ၂ သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာစင်တာရဲ့ ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားခဲ့ပါတယ်။

    “ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးတွေက ပိုမိုဆိုးရွားလာတယ်။ အစိုးရကတော့ တတ်နိုင်သလောက် ကြိုးစားနေပါတယ်။ ဒါပေမယ့် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဆိုးကျိုးတွေကို လျှော့ချနိုင်မှာပါ”

    ထူးကဲဒီရေတက်မှုကြောင့် မွန်ပြည်နယ်က ကျိုက်ထိုနဲ့ ပေါင်မြို့နယ်တွေ၊ ရန်ကုန်က သုံးခွမြို့နယ်တွေမှာပါ နေအိမ်ပျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။

    Ref: Irrawaddy