News @ M-Media

Blog

  • အမေရိကန်ပြည်နယ်တစ်ခုတွင် ကက်သလစ်ဘုန်းကြီးများ လိင်စော်ကားမှုကို စုံစမ်းဖော်ထုတ်

    အမေရိကန်ပြည်နယ်တစ်ခုတွင် ကက်သလစ်ဘုန်းကြီးများ လိင်စော်ကားမှုကို စုံစမ်းဖော်ထုတ်

    သြဂုတ် ၁၅၊ ၂၀၁၈
    M-Media

    – အမေရိကန်ပြည်ထောင်စု ပင်ဆဲလ်ဗားနီးယားပြည်နယ်က ခရစ်ယာန်ကက်သလစ် သာသနာနယ် ၆ ခုမှာ ခရစ်ယာန်ဘုန်းကြီးတွေဟာ ကလေးငယ်ပေါင်း တစ်ထောင်ကျော်အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု လုပ်ခဲ့တာကို ကက်သလစ်အသင်းတော်က ကာကွယ်ပေးခဲ့တယ်လို့ ဒီကိစ္စကို စစ်ဆေးနေတဲ့ ခုံသမာဓိအဖွဲ့က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    တစ်ချို့မှတ်တမ်းတွေ ပျောက်ဆုံးသွားတာ၊ ကျူးလွန်ခံရသူတစ်ချို့က ထုတ်ဖော်မပြောဆိုတာတွေ ရှိတာကြောင့် တကယ်တမ်းကျူးလွန်မှုဟာ အခုအရေအတွက်ထက် ပိုများနိုင်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ၁၉၅၀ ပြည့်နှစ်တွေက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ခရစ်ယာန်ဘုန်းကြီး အပါး ၃၀၀ ကျော်က ကျူးလွန်ခဲ့တယ်လို့လည်း ခုံသမာဓိအဖွဲ့က ဆိုပါတယ်။ ခရစ်ယာန်ကက်သလစ်အသင်းတော်ဟာ ဘုန်းကြီးတွေ၊ သီလရှင်တွေ အိမ်ထောင်သားမွေးမပြုဖို့ တားမြစ်ထားတဲ့ အသင်းတော်လည်း ဖြစ်ပါတယ်။

    ပင်ဆဲလ်ဗားနီးယား ရှေ့နေချုပ် ဂျို့ရှ် ရှာပီရိုက ဒီကိစ္စကို ၂ နှစ်တာ စုံစမ်းစစ်ဆေးခဲ့ပြီး ဘုန်းကြီးတွေရဲ့ ကျူးလွန်မှုကို ကက်သလစ်အသင်းတော်က ထေရ်ကြီးဝါကြီး ရဟန်းတွေက စနစ်တကျ ကာကွယ် ဖုံးဖိပေးခဲ့တယ်ဆိုတာ တွေ့ခဲ့ရတယ်လို့ ဟာရစ်ဘာ့ဂ်မြို့မှာ မနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ဖုံးတာဖိတာတွေက တကယ့်ကို စံပါပဲ။ တုန်လှုပ်စရာကောင်းတာက အသင်းတော် ခေါင်းဆောင်ပိုင်းဟာ ကျူးလွန်တဲ့မှတ်တမ်းတွေကို သိမ်းဆည်းထားပြီး ဖုံးဖိပေးခဲ့တာပါ။ သာသနာနယ်တွေရဲ့ ကိုယ်ပိုင် ‘ထိပ်တန်းလျှို့ဝှက်မှတ်တမ်း’ တွေက ဒီစာရွက်စာတမ်းတွေဟာ စုံစမ်းစစ်ဆေးမှုအတွက် အဓိကကျောရိုး ဖြစ်ခဲ့ပါတယ်”

    ဘုန်းကြီးတွေရဲ့ ကျူးလွန်မှုကို ကာကွယ်ပေးခဲ့သူတွေထဲမှာ အမေရိကန်က ထိပ်တန်း ကက်သလစ်ဘုန်းတော်ကြီး ကာဒီနယ် ဒေါ်နယ် ၀ူရဲလ်လည်း ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကာဒီနယ်ကတော့ ဒီကိစ္စတွေမှာ သူဟာ ကျူးလွန်ခံရသူတွေအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့ပြီး နောက်ထပ်မဖြစ်အောင်လည်း တားဆီးပေးခဲ့တယ်လို့ အင်္ဂါနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

    ခုံသမာဓိအဖွဲ့ဟာ ပြည်နယ်အတွင်းက ၃.၂ သန်းသော ကက်သလစ်ဘာသာဝင်တွေရဲ့ ထက်ဝက်ကျော်ကို စီမံနေတဲ့ ခရစ်ယာန် သာသနာနယ် ၆ ခုကို စနစ်တကျ စစ်ဆေးခံတာ ဖြစ်ပါတယ်။

    အမေရိကန်နိုင်ငံတစ်ဝှမ်းက ကက်သလစ်ဘုန်းကြီးတွေဟာ ဒကာ၊ ဒကာမတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိခဲ့ပြီး အသင်းတော် ခေါင်းဆောင်ပိုင်းကလည်း ဒါကို ဖုံးကွယ်ပေးထားတယ်ဆိုတဲ့ အရင်က သတင်းတွေကို အတည်ပြုနေတာလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ၂၀၂၂ တွင် အိန္ဒိယက အာကာသသို့ လူစေလွှတ်မည်

    ၂၀၂၂ တွင် အိန္ဒိယက အာကာသသို့ လူစေလွှတ်မည်

    သြဂုတ် ၁၅၊ ၂၀၁၈
    M-Media

    – ၂၀၂၂ မှာ အာကာသထဲ လူလွှတ်သွားမယ်လို့ အိန္ဒိယ၀န်ကြီးချုပ် မိုဒီက ဒီကနေ့ လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ပြောကြားလိုက်ပြီး အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့နောက်ပိုင်း အာကာသကို လူသားစေလွှတ်တဲ့ စတုတ္ထမြောက်တိုင်းပြည် ဖြစ်လာဖို့ ရှိနေပါတယ်။

    “တိုင်းပြည်က သိပ္ပံပညာရှင်တွေအတွက် ဂုဏ်ယူမိပြီး သူတို့တွေဟာ သုတေသနမှာ ထူးချွန်သလို တီထွင်ဖန်တီးမှုမှာလည်း အရှေ့ရောက်နေကြပါတယ်။ ၂၀၂၂ ခုနှစ် ဒါမှမဟုတ် ဒီမတိုင်ခင် အိန္ဒိယရဲ့ ၃ ရောင်ခြယ်အလံကို အာကာသမှာ လွှင့်ထူသွားမှာ ဖြစ်ပါတယ်” လို့ မိုဒီက ပြောကြားခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံက အာကသယာဉ်ဟာ ၂၀၁၄ ခုနှစ်မှာ အင်္ဂါဂြိုဟ်ရဲ့ပတ်လမ်းထဲကို ၀င်ရောက်နိုင်ခဲ့ပြီး အင်္ဂါဂြိုဟ်ကိုရောက်တဲ့ ပထမဆုံး အာရှနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    လွတ်လပ်ရေးနေ့မိန့်ခွန်းမှာ မိုဒီက ဆင်းရဲသား သန်း ၅၀၀ အတွက် ကျန်းမာရေး အာမခံစနစ်တစ်ခုကို စက်တင်ဘာ ၂၅ ရက်နေ့မှာ စတင်သွားမယ်လို့ဆိုပြီး၊ အဝေးပြေးလမ်းမတွေ တည်ဆောက်သွားဖို့၊ ကျေးရွာတွေကို မီးရရှိအောင် လုပ်ပေးဖို့၊ နိုင်ငံတစ်ဝှမ်း အိမ်သာတွေဆောက်ပေးဖို့ အစီအစဉ်တွေကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အလုပ်အကိုင်ရှားပါးမှု၊ လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေ ကြုံတွေ့နေရတဲ့ အိန္ဒိယနိုင်ငံဟာ လာမယ့်နှစ်မှာ ရွေးကောက်ဖွဲလုပ်ဖို့ ရှိနေပါတယ်။

    Ref: CNA

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၁၅၊ ၂၀၁၈
    M-Media

    ဂျီနိုအာ တံတားပြိုကျမှု မြင်ကွင်း

    အီတလီတွင် ဂုံးကျော်တံတားပြိုကျမှုကြောင့် အနည်းဆုံး ၃၀ ကျော်သေဆုံး
    ==================
    အီတလီနိုင်ငံ အနောက်မြောက်ပိုင်း ဂျီနိုအာမြို့မှာ မနေ့နေ့လည်ပိုင်းက ဂုံးကျော်တံတားတစ်စင်း ပြိုကျမှုကြောင့် သေဆုံးသူရေအတွက်ဟာ ၃၅ ဦးရှိလာခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။ တံတားပြိုကျစဉ်အတွင်း တံတားအောက်က ကား ၃၅ စင်းလောက်ပိမိခဲ့ပြီး တံတားပေါ်က လော်ရီကားတစ်စင်းလည်း အောက်ကို ပြုတ်ကျခဲ့ပါတယ်။ သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာနိုင်ပြီး အနီးအနားအိမ်တွေက မိသားစုတွေကိုတော့ ဘေးလွ
    တ်ရာကို ရွှေ့ပြောင်းထားပါတယ်။

    တောင်တရုတ်ပင်လယ်တွင် တရုတ်၏ လေပိုင်နက် ကန့်သတ်မှုကို ဒူတာတေးဝေဖန်
    ===================
    တောင်တရုတ်ပင်လယ်က ပိုင်နက်အငြင်းပွားနေတဲ့ နေရာတွေမှာ တရုတ်က ဝေဟင်ပိုင်နက်ကို စောင့်ကြည့်နေတာ၊ လေယာဉ်တွေကို မောင်းထုတ်တာတွေဟာ တရားနည်းလမ်းမကျဘူးလို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ပြောကြားလိုက်ပါတယ်။ ပိုင်နက်အငြင်းပွားမှုမှာ ဖိလစ်ပိုင်အပါအ၀င် အရှေ့တောင်အာရှနိုင်ငံ တော်တော်များများ ပါဝင်နေတာပါ။ တရုတ်ကို ဝေဖန်ခဲတဲ့ ဒူတာတေးက တရုတ်ရဲ့ ဒီလို ကန့်သတ်ချက်တွေကြောင့် အမေရိကန်လို နိုင်ငံမျိုးနဲ့ ထိပ်တိုက်တွေ့နိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    1MDB ကိစ္စဖြင့် ဖမ်းဆီးထားသည့် ဇိမ်ခံသင်္ဘောကို မလေးရှားက ပြန်ရောင်းမည်
    ===================
    နိုင်ငံပိုင် 1MDB လုပ်ငန်းက ဒေါ်လာ ဘီလီယံချီ ပျောက်ဆုံးမှုနဲ့ပတ်သက်လို့ သိမ်းဆည်းထားတဲ့ ဇိမ်ခံသင်္ဘော Equanimity ကို လာမယ့် ၃၊ ၄ လအတွင်းမှာ ရောင်းချသွားမယ်လို့ မလေးရှား ရှေ့နေချုပ် တွမ်မီသောမတ်စ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အဲဒီသင်္ဘောဟာ 1MDB ကိစ္စနဲ့ ၀ရမ်းထုတ်ခံထားရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဂျိုလိုက ပိုင်ဆိုင်တယ်လို့ သတင်းတွေ ထွက်နေတာပါ။ ရှေ့နေချုပ်ကတော့ ရောင်းချလို့ရရှိတဲ့ ငွေတွေကို ဘဏ်အကောင့်ဖွင့်ကာ သိမ်းထားပြီး သင်္ဘောကို ပိုင်ဆိုင်ကြောင်း ပြနိုင်သူကို လွှဲပေးသွားမယ်လို့ ဆိုပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၂၅၀ တန်တဲ့ အဲဒီသင်္ဘောကို အင်ဒိုနီးရှားနိုင်ငံက ပြီးခဲ့တစ်ပတ်မှာ မလေးရှားကို လွှဲပြောင်းပေးခဲ့တာ ဖြစပါတယ်။

    Ref: Aljazeera, CNA

  • လိင်ကျွန်ပြုခံရသူများအတွက် အောက်မေ့ဖွယ်အခမ်းအနား တောင်ကိုရီးယား ကျင်းပ

    လိင်ကျွန်ပြုခံရသူများအတွက် အောက်မေ့ဖွယ်အခမ်းအနား တောင်ကိုရီးယား ကျင်းပ

    သြဂုတ် ၁၄၊ ၂၀၁၈
    M-Media

    ဆိုးလ်ရှိ ဂျပန်သံရုံးရှေ့တွင် ထားရှိသည့် လိင်ကျွန်ပြုခံရသည့် အမျိုးသမီးများအတွက် အမှတ်တရရုပ်တု

    – ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ဆောင်ကြာမြိုင်တွေမှာ လိင်ကျွန်အဖြစ် အဓမ္မခိုင်းစေခံခဲ့ရတဲ့ အမျိုးသမီးတွေအတွက် အောက်မေ့ဖွယ်နေ့ကို တောင်ကိုရီးယားနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    စစ်အတွင်းက ဒီကိစ္စနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ တောင်ပန်ခဲ့ပြီး အသက်ရှင်ကျန်ရစ်တဲ့ အမျိုးသမီးတွေကို ကူညီပေးဖို့အတွက် ယန်း ၁ ဘီလီလီယံ (ကန်ဒေါ်လာ ၉.၄ သန်း) နစ်နာကြေး ပေးခဲ့ပါတယ်။

    တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်က ဒီလို အောက်မေ့ဖွယ့်နေ့ သတ်မှတ်ကျင်းပရတာကြောင့် ဂျပန်နဲ့ တောင်ကိုရီးယားတို့အကြား သံတမန်ဆက်ဆံရေး ဒီခိုက်မယ်လို မမျှော်လင့်ဘဲ ဒီကိစ္စဟာ သံတမန်ကြောင်းအရ ဆွေးနွေးလို့ရမယ့် ကိစ္စမျိုးအဖြစ် မိမိအနေနဲ့ မယူဆဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့နဲ့ ဂျပန်အပါအ၀င် ကမ္ဘာကြီးက အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နက်နက်ရှိုင်းရှိုင်း တုန့်ပြန်ဆောင်ရွက်ပြီး၊ ဒီဖြစ်ရပ်ကနေ သင်ခန်းစာ၊ အသိတရားတွေ ရယူကာ နောက်နောင် ဒါမျိုးထပ်မဖြစ်အောင် ဆောင်ရွက်မှသာ ပြေလည်မယ့် ကိစ္စမျိုး ဖြစ်ပါတယ်”

    ဂျပန်ကတော့ ဒီကိစ္စကို ၂၀၁၅ ခုနှစ်မှာ ဖြေရှင်းခဲ့ကြောင်း၊ အခုလုပ်ရပ်ဟာ နှစ်နိုင်ငံ အကျိုးကိုရှေ့ရှုတဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

    အခုနောက်ပိုင်းမှာ မွန်ဂျယ်အင်အစိုးရက ဒီကိစ္စကို ရှေ့တန်းတင်လာပြီး ဂျပန်အနေနဲ့ ပိုမိုဆောင်ရွက်ပေးဖို့ လိုလားနေပါတယ်။ စစ်အတွင်းမှာ အမျိုးသမီးတွေကို လိင်ကျွန်အဖြစ် လုပ်ဆောင်စေတာဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဖြစ်တယ်လို့ မွန်ဂျယ်အင်က မတ်လမှာ ပြောကြားခဲ့ပြီး ဂျပန်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ယိုရှီဟီဒီ ဆူဂါက ဒါဟာ အင်မတန် ၀မ်းနည်းဖွယ်ကောင်းတဲ့ မှတ်ချက်ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    လိင်ကျွန်အဖြစ် ခိုင်းစေခံခဲ့ရတဲ့ တောင်ကိုရီးယားအမျိုးသမီး ကင်မ်ဟက်ဆန်က သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်အကြောင်းစုံကို ၁၉၉၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုကို အခြေခံပြီး ဒီကနေ့ကို ‘အောက်မေ့ဖွယ်နေ့’ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

    ဂျပန်နိုင်ငံဟာ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတွေကို ၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

    Ref: CNA

  • အခွန်ကို အွန်လိုင်းမှဆောင်နိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနက စီစဉ်နေ

    အခွန်ကို အွန်လိုင်းမှဆောင်နိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနက စီစဉ်နေ

    သြဂုတ် ၁၄၊ ၂၀၁၈
    M-Media

    ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ၀ဘ်ဆိုက်

    – အခွန်တွေကို အွန်လိုင်းကနေ ပေးနိုင်မယ့် အစီအစဉ်တစ်ခုကို ဆောင်ရွက်ရေးအတွက် ပြည်တွင်းအခွန်များဦးစီးဌာနက ဘဏ်တွေ၊ မိုဘိုင်းငွေကြေး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ ဦးစီးဌာနရဲ့ ကြေငြာချက်မှာ အခွန်ထမ်းပြည်သူတွေ အခွန်တွေကို လွယ်လွယ်ကူကူနဲ့ ပေးဆောင်နိုင်ဖို့အတွက် i-banking၊ mobile-banking နဲ့ mobile payment အစီအစဉ်တွေကို အကောင်အထည်ဖော်သွားမယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့ကြောင့် လစဉ်ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်နဲ့ ၃ လတစ်ကြိမ်ဆောင်ရတဲ့ ၀င်ငွေခွန်တွေကို အွန်လိုင်းကနေ ပေးဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

    ဦးစီးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမင်းသူက ဒီအခွန် ၃ ခုဟာ အခွန်ထမ်းပြည်သူတွေ အများဆုံး ပေးဆောင်ကြတဲ့ အခွန်တွေဖြစ်ပြီး အစီအစဉ်အသစ်ကြောင့် အချိန်ကုန်သက်သာစေလိမ့်မယ်လို့ ဆိုပါတယ်။

    ဒီအစီအစဉ်ကို စိဝင်စားတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်လျှောက်ထားပြီးရင် ၃ လကနေ ၆ လအတွင်း စတင်အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့လည်း လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။

    ပြည်တွင်းအခွန်များဦးစီးဌာနဟာ သီလ၀ါ အထူးစီးပွားရေးဇုန်က လုပ်ငန်းရှင်တွေအပါအ၀င် အခွန်အများအပြားဆောင်ရသူတွေအတွက် အွန်လိုင် အခွန်ပေးဆောင်မှု စနစ်တစ်ခုကို ဖေဖော်ဝါရီလက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ စတင်ခဲ့ပါတယ်။

    Ref: Irrawaddy