News @ M-Media
Blog
  • ၀မ်းရောဂါ ဆိုးရွားလာမှုကြောင့် ယီမင်တွင် အပစ်ရပ်ရန် WHO တောင်းဆို
    သြဂုတ် ၅၊ ၂၀၁၈
    M-Media
    – ဆိုးရွားလာတဲ့ ၀မ်းရောဂါအတွက် ကာကွယ်ဆေးထိုးနှံပေးဖို့ လိုအပ်နေတာကြောင့် တိုက်ခိုက်မှုတွေကို အမြန်ရပ်တန့်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ယီမင်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။
    ပြည်တွင်းစစ်ဖြစ်နေတဲ့ ယီမင်နိုင်ငံမှာ အစားအသောက်နဲ့ ရေတွေ မသန့်တာကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း ၀မ်းရောဂါအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ပါတယ်။
    မနှစ်က လူပေါင်း ၁ သန်းလောက် ၀မ်းရောဂါဖြစ်ပွားခဲ့ပြီး အခုနှစ် ဇူလိုင်လ ပထမအပတ်မှာ ယီမင်နိုင်ငံတစ်ဝှမ်း ၀မ်းရောဂါဖြစ်ပွားမှု ၃၀၀၀ နီးပါး ရှိခဲ့ပါတယ်။
    WHO က အကြီးတန်းတာဝန်ရှိသူ ပီတာ ဆလာမာက နိုင်ငံမြောက်ပိုင်းမှာ ကာကွယ်ဆေး ၅ သိန်းကျော် ထိုးပေးဖို့အတွက် ၃ ရက်လောက် အပစ်ရပ်ဖို့ လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ပြီးခဲ့တဲ့နှစ်တွေမှာ အကြီးအကျယ် ၀မ်းရောဂါဖြစ်ပွားမှု ၂ ကြိမ်ကို ကျွန်တော်တို့ ကြုံတွေ့ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ တတိယအကြိမ်ဖြစ်မယ့်အနေအထားကို ရောက်နေပါပြီ”
    Save the Children က စီအီအိုး ဟီလီ သော်နင်း-ရှက်ဒမစ်က ကာကွယ်ဆေးတွေကိုသာ အချိန်မီ ထိုးနှံမှု မရှိဘူးဆိုရင် ၀မ်းရောဂါဟာ တောမီးလို ပြန့်နှံ့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ဟူသီသူပုန်တွေနဲ့ ဆော်ဒီကျောထောက်နောက်ခံပြုထားတဲ့ ယီမင်အစိုးရတပ်တွေအကြား ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၂၂ သန်းကျော် အကူအညီလိုအပ်နေပြီး၊ ကမ္ဘာပေါ်က လူသားချင်း စာနာထောက်ထားမှု အခြေအနေဆိုးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
    Ref : Aljazeera
  • ‘ဂျူးအမျိုးသားနိုင်ငံ ဥပဒေ’ ကို အစ္စရေးပြည်သူများ ကန့်ကွက်
    ‘ဂျူးအမျိုးသားနိုင်ငံ ဥပဒေ’ ကို အစ္စရေးပြည်သူများ ကန့်ကွက်
    သြဂုတ် ၅၊ ၂၀၁၈
    M-Media
    – အစ္စရေးကို ဂျူးအမျိုးသားနိုင်ငံတော်အဖြစ် သတ်မှတ်တဲ့ ဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ သိန်းနဲ့ချီတဲ့ အစ္စရေးနိုင်ငံသားတွေဟာ မနေ့က မြို့တော် တလ်အဗီးမှာ ဆန္ဒပြခဲ့ကြပါတယ်။
    ပြီးခဲ့တဲ့လနှောင်းပိုင်းက အစ္စရေးလွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးပြီး အတည်ပြုခဲ့တဲ့ အဲဒီမူကြမ်းဟာ အာရပ်ဘာသာစကားကို အဆင့်လျှော့ချပြီး၊ လူမျိုးစုဒေသတွေမှာ ဂျူးတွေအပေါ် အခြားလူမျိုးတွေက အုပ်စိုးမှုကို ကန့်သတ်ထားပါတယ်။
    ဒီဥပဒေပြဌာန်းမှုကို အစ္စရေးမှာသာမက ကမ္ဘာတစ်ဝှမ်းကလည်း ဝေဖန်ခဲ့ကြပြီး အစ္စရေးနိုင်ငံအတွင်းမှာရှိတဲ့ ဂျူးမဟုတ်သူတွေအပေါ် ခွဲခြားမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    မနေ့က ဆန္ဒပြပွဲမှာ ပြည်သူတွေဟာ “ငါတို့ဟာ ညီအစ်ကိုတွေဆိုရင် ညီတူမျှတူဖြစ်ရမယ်”၊ “ငါတို့ရဲ့အင်အားက ညီညွတ်ခြင်းပဲ- ဂျူးအမျိုးသားနိုင်ငံဥပဒေဟာ ငါတို့ကိုသွေးကွဲစေတယ်” စတဲ့ ဆောင်ပုဒ်တွေကို ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ အစ္စရေးအလံနဲ့ ဒရူဇီလူမျိုးတွေရဲ့ အလံတွေကိုလည်း ယှဉ်တွဲ ကိုင်ဆောင်ခဲ့ကြပါတယ်။
    ဒရူဇီလူမျိုးတွေဟာ အာရဘီဘာသာစကားပြော လူမျိုးစုဖြစ်ပြီး ထူးချွန်တာကြောင့် အစ္စရေးစစ်တပ်နဲ့ နိုင်ငံရေးနယ်ပယ်တွေမှာ ထိပ်တန်းရာထူးတွေကို ရယူထားသူတွေ ဖြစ်ပါတယ်။ ဒရူဇီတွေက ‘ဂျူးအမျိုးသားနိုင်ငံ ဥပဒေ’ ဟာ နိုင်ငံအတွင်းက အခြားသောအုပ်စုတွေကို ခွဲခြားမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဆန္ဒပြပွဲတွေကို ရပ်တန့်ရေးအတွက် ၀န်ကြီးချုပ် နေတန်ယာဟုဟာ ဒရူဇီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက် မရခဲ့ပါဘူး။
    အစ္စရေးစစ်တပ်က ဒရူဇီလူမျိုး ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ အေမဲလ် အာဆတ်က ၀န်ကြီးချုပ်ဟာ လူနည်းစုတွေရဲ့အသံကို နားထောင်လိုစိတ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဂျူးအမျိုးသားနိုင်ငံ ဥပဒေဟာ အစ္စရေးကို လူမျိုးရေးခွဲခြားတဲ့တိုင်းပြည်မျိုး ဖြစ်သွားစေတယ်လို့လည်း ဗိုလ်ချုပ် အေမဲလ်က စောစောပိုင်းမှာ ဝေဖန်ခဲ့ပါတယ်။
    အစ္စရေးက ဂျူးလက်ယာအုပ်စုတွေဟာ ဒီဥပဒေကို ပြဌာန်းနိုင်ဖို့အတွက် ၂၀၁၁ ခုနှစ်ကတည်းက ကြိုးစားခဲ့တာဖြစ်ပြီး အမေရိကန်အပါအ၀င် တစ်ခြားနိုင်ငံတွေက ဂျူးတွေကလည်း ဒီလုပ်ရပ်ကို ကွန့်ကွက်ခဲ့ကြပါတယ်။
    Ref: RT
  • မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၇၀ ကျော် ရှိနေဆဲ
    မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၇၀ ကျော် ရှိနေဆဲ
    သြဂုတ် ၄၊ ၂၀၁၈
    M-Media
    photo credit – mmtimes
    – မြန်မာနိုင်ငံမှာ နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၇၅ ဦး ရှိနေတယ်လို့ ‘နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း’ က ပြောကြားလိုက်ပါတယ်။
    အဲဒီအထဲမှာ ၃၃ ဦးဟာ ပြစ်ဒဏ်ချမှတ်ခံထားရပြီး၊ ၅၃ ဦးက တရားရင်ဆိုင်ဖို့အတွက် အချုပ်ထဲမှာ ရှိနေတယ်လို့ ဆိုပါတယ်။ နောက်ထပ် ၁၈၉ ဦးကတော့ အာမခံနဲ့ လွတ်မြောက်က တရားရင်ဆိုင်နေရပါတယ်။
    ‘နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း’ က အကျဉ်းသားအများစုဟာ ငြိမ်းစီစုဥပဒေ၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်မှု ဥပဒေတွေနဲ့ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဧပြီလက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၃၆ ဦး လွတ်မြောက်လာခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသားအများစုဟာ တရားမ၀င်အသင်းအဖွဲ့ အက်ဥပဒေနဲ့ ဖမ်းဆီးခံခဲ့ရကြောင်း အသင်းက ထည့်သွင်းပြောကြားခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    “နိုင်ငံရေးသမားတွေနဲ့ နိုင်ငံသားတွေရဲ့အခွင့်အရေးကို ကာကွယ်ဖို့အတွက် ဖိနှိပ်မှုသဘောဆောင်တဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ရေး အဓိကထားဆောင်ရွက်ဖို့အတွက် အစိုးရကို ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုလုပ်မှသာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အောင်မြင်မှာ ဖြစ်ပါတယ်” လို့ အသင်းက ပြောကြားခဲ့ပါတယ်။
    အသင်းရဲ့အတွင်းရေးမှူးဖြစ်သူ ဦးသက်နိုင်က ဖိနှိပ်တဲ့သဘောဆောင်တဲ့ ဥပဒေတွေကို လစ်လျူရှုထားတာ၊ ဝေဖန်ရေးသမားတွေ၊ တက်ကြွက်လှုပ်ရှားသူတွေကို ဖမ်းဆီးအကျဉ်းချတာတွေဟာ ပြည်သူကို ဖိနှိပ်ရာရောက်တယ်လို့ ထောက်ပြခဲ့ပါတယ်။
    ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆောင်ရွက်နေပေမယ့် ကုလရဲ့ ဖိနှိပ်ညှင်းပမ်းမှုဆန့်ကျင်ရေးဆိုင်ရာ သဘောတူညီချက်ကို မြန်မာနိုင်ငံက လက်မှတ်မထိုးသေးတာနဲ့ပတ်သက်ပြီးလည်း ဝေဖန်ခဲ့ပါတယ်။
    ရခိုင်ပြည်နယ် မောင်တောမြို့မှာ ရွာသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဖော်ထုတ်တဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားတာကို ‘နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း’ က ထောက်ပြခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်စော်ကားမှုတွေကို နိုင်ငံတကာမှာ ‘လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ’ အဖြစ် သတ်မှတ်ထားပေမယ့် မြန်မာနိုင်ငံမှာ စနစ်တကျကို လုပ်ဆောင်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    Ref: mmtimes
  • Apple အား ပူးတွဲတည်ထောင်သူကို ဆော်ဒီက နည်းပညာသံတမန်အဖြစ် ခန့်အပ်
    Apple အား ပူးတွဲတည်ထောင်သူကို ဆော်ဒီက နည်းပညာသံတမန်အဖြစ် ခန့်အပ်
    သြဂုတ် ၄၊ ၂၀၁၈
    M-Media
    – နိုင်ငံရဲ့ နည်းပညာကဏ္ဍ တိုးတက်ပြီး ဒေသတွင်းမှာ ထိပ်တန်းဖြစ်လာဖို့အတွက် ဆော်ဒီက Apple ကို ပူးတွဲထောင်သူ ၀ုဇ်နီယက်ကို နည်းပညာသံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။
    ဆော်ဒီ ‘ဆိုက်ဘာလုံခြုံရေး၊ ပရိုဂမ်နှင့် ဒရုန်းဆိုင်ရာ အသင်း (SAFCSP)’ အကြီးအကဲ ဆအွဒ် ဘင် အဘ်ဒူလာ အလ် ကာတာနီဟာ မနေ့က အခမ်းအနားတစ်ခုမှာ ၀ုဇ်နီယက်ကို သံတမန်ခန့်အပ်လွှာ ပေးအပ်ခဲ့ပါတယ်။
    ဆော်ဒီဟာ NEOM ဆိုတဲ့အမည်နဲ့ အီဂျစ်နယ်စပ် တဘူးက်မှာ နည်းပညာမြို့တော်တစ်ခု တည်ဆောက်နေပြီး ၀ုဇ်နီယက်ကတော့ ဒီစီမံကိန်းကို အားကျတယ်လို့ ဆိုပါတယ်။
    “ဒါဟာ သိပ်မကြာခင်မှာ ရေးသားတော့မယ် ဆော်ဒီရဲ့ ထူးခြားတဲ့ သမိုင်းစာမျက်နှာတစ်ခု ဖြစ်ပြီး၊ နိုင်ငံတကာက အတုယူရမယ့် စီမံကိန်းလည်း ဖြစ်ပါတယ်။ နည်းပညာ သံတမန်အဖြစ် ဒီစီမံကိန်းကို ပံ့ပိုးကူညီရမယ့်အတွက်လည်း ကျွန်တော် ပျော်ရွှင်မိပါတယ်”
    Ref: Arab News