News @ M-Media

Blog

  • တောင်တရုတ်ပင်လယ်ကိစ္စဖြေရှင်းရေး မူကြမ်းတစ်ခုကို အာဆီယံနှင့် တရုတ်တို့ သဘောတူ

    တောင်တရုတ်ပင်လယ်ကိစ္စဖြေရှင်းရေး မူကြမ်းတစ်ခုကို အာဆီယံနှင့် တရုတ်တို့ သဘောတူ

    သြဂုတ် ၂၊ ၂၀၁၈
    M-Media

    – တောင်တရုတ်ပင်လယ်က ပိုင်နက်အငြင်းပွားမှုကိစ္စကို ဖြေရှင်းဖို့အတွက် ကျင့်ဝတ်စည်းကမ်းတွေ သတ်မှတ်ရေး ဆွေးနွေးနိုင်မယ့် မူကြမ်းတစ်ခုကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်တို့က ဒီကနေ့မှာ သဘောတူခဲ့ကြပါတယ်။

    ၅၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို စင်ကာပူနိုင်ငံမှာ ဒီကနေ့ စတင်ကျင်းပခဲ့ပြီး တရုတ်နဲ့ အခြားနိုင်ငံတစ်ချို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

    တရုတ်ဟာ ဘရူးနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗိယက်နမ်တို့အပါအ၀င် အာဆီယံနိုင်ငံတစ်ချို့နဲ့ တောင်တရုတ်ပင်လယ်မှာ ပိုင်နက်အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပြီး လက်ရှိ အာဆီယံအဖွဲ့ရဲ့ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ စင်ကာပူက ဒီကိစ္စကို ကြားဝင် ညှိနှိုင်းပေးနေပါတယ်။

    ပိုက်နက်အငြင်းပွားမှု ပြဿနာ ဖြေရှင်းရာမှာ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ ချမှတ်ရေး ညှိနှိုင်းဆွေးနွေးမှုကို အခုနှစ်မတ်လမှာ စတင်ခဲ့ပြီး ဇွန်လ တရုတ်နိုင်ငံ ချန်ရှာမြို့မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပထမဆုံးမူကြမ်း ရေးဆွဲနိုင်ခဲ့ပါတယ်။

    စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က အာဆီယံနဲ့ တရုတ်တို့ သဘောတူညီခဲ့တဲ့ အခုမူကြမ်းဟာ ကျင့်ဝတ်စည်းကမ်းသတ်မှတ်ရေးအတွက် နောက်ထပ် ပြုလုပ်ဖို့ရှိနေတဲ့ ဆွေးနွေးပွဲတွေရဲ့ အခြေခံဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အငြင်းပွား ရေပိုင်နက်ထဲမှာ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်တာ၊ စွမ်းအင်ရှာဖွေတာတွေကို လုပ်ဆောင်ဖို့နဲ့ အဲဒီလိုလုပ်ဆောင်ရာမှာ ဒေသပြင်ပက တစ်ခြားနိုင်ငံတွေ မပါဖို့ တရုတ်က မူကြမ်းမှာ အကြံပြုထားတယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

    ဗီယက်နမ်ကတော့ တရုတ်ရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန် ကန့်ကွက်ကြောင်း မူကြမ်းမှာ ဖော်ပြထားပြီး ကျွန်းတုတွေ၊ စစ်စခန်းတွေ ဆောက်လုပ်နေတာကို ရပ်တန့်ဖို့လည်း တိုက်တွန်းထားပါတယ်။

    Ref: CNA, AP

  • မြန်မာနိုင်ငံရှိ အိမ်ထောင်စုထက်ဝက်ခန့် ထင်းများကို အသုံးပြုနေရဆဲ

    မြန်မာနိုင်ငံရှိ အိမ်ထောင်စုထက်ဝက်ခန့် ထင်းများကို အသုံးပြုနေရဆဲ

    သြဂုတ် ၂၊ ၂၀၁၈
    M-Media

    – လျှပ်စစ်ဓာတ်အားထောက်ပံ့ပေးမှု မြင့်တက်လာပေမယ့် နိုင်ငံအတွင်း အိမ်ထောင်စုတွေရဲ့ ထက်ဝက်လောက်ဟာ ထင်းတွေကို အသုံးပြု ချက်ပြုတ်နေရတုန်းဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ကျွမ်းကျင်သူ ဦးမျိုးမြင့်က ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံက လျှပ်စစ်ဓာတ်အားနဲ့ စွမ်းအင်သုံးစွဲမှုဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို အင်္ဂါနေ့မှာ ထုတ်ပြန်မှုအတွင်း အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

    မဟာဓာတ်အားလိုင်းပြင်ပရောက်နေတဲ့ ကျေးလက်ဒေသတွေက ထင်းကို အသုံးပြုနေပေမယ့်၊ ဓာတ်အားရရှိတဲ့ ကျေးရွာတွေမှာတော့ လျှပ်စစ်မီးဖိုတွေ၊ ထမင်းပေါင်းအိုးတွေကို အသုံးပြုနေကြကာ၊ မြို့ပြဒေသက အိမ်ထောင်စုတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ မဟာဓာတ်အားလိုင်းကနေ ဓာတ်အားတွေ ရရှိနေတယ်လို့လည်း ဆိုပါတယ်။

    ဓာတ်အားခ ဈေးသက်သာတာကြောင့် ပြည်သူတွေဟာ လျှပ်စစ်နဲ့ ပြောင်းလဲချက်ပြုတ်နေကြပေမယ့် ရေရှည်မှာ တိုင်းပြည်အတွက် မကောင်းနိုင်ဘူးလို့လည်း ဦးမျိုးမြင့်က ထောက်ပြပါတယ်။

    “မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားခက အရမ်းကို ဈေးသက်သာတယ်။ ဒါပေမယ့် အစိုးရက အရှုံးခံပြီး ပေးနေရတာပါ”

    လျှစ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လွှတ်တော်မှာ တင်သွင်းတဲ့ ကိန်းဂဏန်းတွေမှာ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းဟာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကျပ် ၄၁၇၉.၇ ဘီလီယံ အရှုံးပြခဲ့ရာကနေ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ၅၀၈ ဘီလီယံ အရှုံးပြလာတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာတော့ ၆၂၉ ဘီလီယံ ဆုံးရှုံးမယ်လို့ ခန့်မှန်းထားပါတယ်။

    အစိုးရက အခုနှစ်အတွင်း နိုင်ငံအတွင်းက အိမ်ထောင်စုပေါင်း ၄၀ ရာခိုင်နှုန်းလောက်ကို ဓာတ်အားပေးနိုင်ပြီး၊ ဒီပမာဏဟာ ဆက်လက်တိုးတက်သွားမယ်လို့လည်း ဆိုပါတယ်။

    Ref: mmtimes

  • ၁၁ ကြိမ်မြောက် ဟဂ်ျဆိုင်ရာ အသိပညာပေးမှုကို ဆော်ဒီ စတင်

    ၁၁ ကြိမ်မြောက် ဟဂ်ျဆိုင်ရာ အသိပညာပေးမှုကို ဆော်ဒီ စတင်

    သြဂုတ် ၂၊ ၂၀၁၈
    M-Media

    မက္ကာမြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်

    – ယခုနှစ် ဟဂ်ျဘုရားဖူးရာသီအတွင်း ကမ္ဘာတစ်ဝှမ်းကနေ လာရောက်ကြမယ့် ဘုရားဖူးခရီးသည်တွေကို ကူညီစောင့်ရှောက်ပေးပြီး၊ အသိပညာပေးမယ့် လှုပ်ရှားမှုတစ်ခုကို မက္ကာအုပ်ချုပ်ရေးမှူး မင်းသား ခါလစ် အလ်-ဖိုင်ဆဲလ်က မနေ့မှာ စတင်လိုက်ပါတယ်။

    ‘ဟဂ်ျပြုခြင်းသည် ငြိမ်းချမ်းရေးသတင်းစကားဖြစ်သည်’ ဆိုတဲ့ခေါင်းဆောင်နဲ့ ပြုလုပ်မယ့် အဲဒီလှုပ်ရှားမှုဟာ ၁၁ ကြိမ်မြောက်ဖြစ်ပြီး အဆင့် ၄ ဆင့် ပါဝင်မှာ ဖြစ်ပါတယ်။

    ဗဟို ဟဂ်ျကော်မတီရဲ့ ဥက္ကဌလည်းဖြစ်တဲ့ အလ်-ဖိုင်ဆဲလ်က အခုလှုပ်ရှားမှုအတွက် ဘုရင် ဆလ်မန်ရဲ့ ညွှန်ကြားမှုနဲ့ အိမ်ရှေ့မင်းဟာ မိုဟာမက် ဘင် ဆလ်မန်ဦးဆောင်တဲ့ ‘မက္ကာနဲ့ မြင့်မြတ်ရာနေရာများဆိုင်ရာ တော်ဝင်ကော်မရှင်’ ကို ချီးကျူးခဲ့ပါတယ်။

    ဘုရားဖူးတွေကို ကောင်းမွန်စွာ ဧည့်ခံနိုင်ရေး ဆော်ဒီက ဆန္ဒပြင်းပြနေတဲ့အချိန် အခုလှုပ်ရှားမှုဟာ မက္ကာနဲ့ မြင့်မြတ်ရာဒေသတွေမှာ ကောင်းမွန်တဲ့ တိုးတက်မှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လှုပ်ရှားမှုရဲ့ ပထမအဆင့်က ဟဂ်ျပြုဖို့ လာရောက်ကြသူတွေကို လက်ခံကြိုဆိုမှု၊ ၀န်ဆောင်မှုပေးမှုတွေဟာ ဂုဏ်ယူစရာဖြစ်တယ်ဆိုတာ မက္ကာဒေသခံတွေနဲ့ ဟဂ်ျလုပ်သားတွေကို အသိပညာပေးရေးဖြစ်ပါတယ်။

    ဒုတိယအဆင့်ကတော့ ဆော်ဒီနိုင်ငံသားတွေနဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ဟဂ်ျပြုခွင့် ထုတ်ပေးမှုရဲ့ အရေးပါပုံကို အသိပညာပေးမှာ ဖြစ်ပါတယ်။

    တတိယအဆင့်ကတော့ ဟဂ်ျပြုဖို့ လာရောက်သူတွေရဲ့ မလျော်ကန်တဲ့ အပြုအမူတွေ၊ အ,ဂါရ၀ဖြစ်စေမယ့် အပြုအမူတွေကို စောင့်ကြည့်ရေးဖြစ်ပြီး၊ စတုတ္ထအဆင့်က စည်းကမ်းတကျ ကျင့်မှုဆောက်တည်ခဲ့ကြတဲ့ ဟဂ်ျဘုရားဖူးတွေနဲ့ ၀န်ဆောင်မှုပေးခဲ့ကြတဲ့ လုပ်သားတွေကို ကျေးဇူးတုန့်ပြန်မှု အစီအစဉ် ဖြစ်ပါတယ်။

    ဆော်ဒီအစိုးရရဲ့ ဒီလို ဟဂ်ျလှုပ်ရှားမှုတွေကို လွန်ခဲ့တဲ့ ၁၀ နှစ်က စတင်ခဲ့တာဖြစ်ပြီး အဲဒီလှုပ်ရှားမှုကြောင့် စည်းကမ်းဖောက်ဖျက်တာ၊ တရားမ၀င် ဟဂ်ျပြုဖို့လာရောက်တာတွေ သိသိသာသာ ကျဆင်းသွားတာကို တွေ့ခဲ့ရပါတယ်။

    ဒီလှုပ်ရှားမှုဟာ မြင့်မြတ်ရာနေရာတွေနဲ့ ဟဂ်ျကျင့်စဉ်ကို ဂါရ၀တရား ထားရှိရေး၊ လူသားဝါဒထွန်းကားရေး၊ စည်းကမ်းရှိရေးကို တိုက်တွန်းအားပေးတဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

    ယခုနှစ် ဟဂ်ျရာသီအတွင်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းကနေ ဘုရားဖူးလာရောက်သူအရေအတွက်ဟာ မနှစ်ကထက်စာရင် ၅ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆော်ဒီ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

    Ref: Arab News

  • အာဆီယံ-အီရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆို

    အာဆီယံ-အီရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆို

    သြဂုတ် ၂၊ ၂၀၁၈
    M-Media

    – စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ၅၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အီရန်နဲ့ အာဆီယံတို့ဟာ ချစ်ကျည်ရးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (Instrument of Accession to the Treaty of Amity and Cooperation (TAC)) ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

    ဒီကနေ့မှာ စတင်ကျင်းပတဲ့ အဲဒီ အစည်းအဝေးကို အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ် တက်ရောက်ခဲ့ပြီး အခုလို သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် အီရန်နဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

    အီရန်အပြင်၊ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံက ၀န်ကြီးတွေလည်း တက်ရာက်ခဲ့ပြီး စနေနေ့မှာပြီးဆုံးမယ့် အဲဒီအစည်းဝေးမှာ ဒေသတွင်းနဲ့ နိုင်ငံတကာက ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းအပြင် ဖိလင်ပိုင်၊ ဂျပန်နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်က အင်အားကြီး ၆ နိုင်ငံနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလမှာ ကြေငြာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ထပ်လုပ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    Ref: Press TV

  • ပါလက်စတိုင်း လွတ်မြောက်ရေးအတွက် ထောင်အကြိမ် ၁၀၀ ကျလည်း မမှုဟု တမီမီ ပြော

    ပါလက်စတိုင်း လွတ်မြောက်ရေးအတွက် ထောင်အကြိမ် ၁၀၀ ကျလည်း မမှုဟု တမီမီ ပြော

    သြဂုတ် ၂၊ ၂၀၁၈
    M-Media

    -အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကနေ ပါလက်စတိုင်းနိုင်ငံ လွတ်မြောက်ရေးအတွက် ကြိုးပမ်းရာမှာ ထောင် အကြိမ် ၁၀၀ ချခံရမယ်ဆိုရင်လည်း ကျခံသွားမယ်လို့ ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူ အဟဒ် တမီမီက RT သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

    ပါလက်စတိုင်းပြည်သူတွေကို ညှင်းပမ်းတဲ့ အစ္စရေးစစ်သားကို ရင်ဆိုင်တုန့်ပြန်ရင်း အစ္စရေးရဲ့ ဖမ်းဆီးထောင်ချခြင်းခံခဲ့ရတဲ့ တမီမီဟာ ထောင်ဒဏ် ၈ လ ကျခံရပြီးတဲ့နောက် တနင်္ဂနွေမှာ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

    “ကျွန်မခံစားခံရသလို တစ်ခြားလူတွေ ဘယ်တော့မှ မခံစားရပါစေနဲ့လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ယုံကြည်ချက်တွေအတွက်ကြောင့် ဒီလိုကြုံရတာမျိုးကို နောင်တမရပါဘူး။ တိုင်းပြည်အတွက်ဆိုရင် ထောင် အကြိမ်တရာမကကျလည်း ကျွန်မ မမှုပါဘူး” လို့ တမီမီက ပြောကြားခဲ့ပါတယ်။

    အသက် ၁၇ နှစ်အရွယ် တမီမီဟာ ပါလက်စတိုင်း လွတ်မြောက်ရေး လှုပ်ရှားတဲ့ မိသားစုက ဆင်းသက်လာသူဖြစ်ပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက နဘီဆာလေဟ်ရွာမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အစ္စရေးစစ်သားတွေရဲ့ ၀င်ရောက်စီးနင်းမှုအတွင်း တမီမီ၊ သူ့ရဲ့မိခင် နာရီမန်နဲ့ အသက် ၂၀ အရွယ် ၀မ်းကွဲအမ နူရ်တို့ဟာ အစ္စရေးစစ်သားတွေကို ရင်ဆိုင်တုန့်ပြန်ခဲ့ကြပြီး နောက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

    “သူတို့ ကျွန်မကိုဖမ်းမယ်ဆိုတာ ကျွန်မ သိပါတယ်။ အစ္စရေးရဲ့ ဖိနှိပ်မှုအောက်မှာ နေထိုင်တဲ့သူတိုင်း ဒီလို အမြဲကြုံတွေ့ရတာပါ”

    တမီမီက သူမ ပါးရိုက်ခဲ့တဲ့ အစ္စရေးစစ်သားဟာ စောစောပိုင်းက အသက် ၁၄ နှစ်အရွယ် ၀မ်းကွဲမောင် မိုဟာမက်ကို ရာဘာအုပ်ထားတဲ့ စတီးကျည်ဆံနဲ့ မျက်နှာကို အနီးကပ်ပစ်ခဲ့သူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မိုဟာမက်ကတော့ အဲဒီဒဏ်ရာကြောင့် မျက်နှာနဲ့ ဦးခေါင်းမှာ ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိကာ အခုအချိန်အထိ ဆေးကုသမှု ခံယူနေရပါတယ်။

    “ကျွန်မမောင် မျက်နှာမှာ ဒဏ်ရာရနေမှန်း သိသိကြီးနဲ့ ဒီစစ်သားက ပစ်ခဲ့တယ်။ မောင်လေးက သေမလိုကိုဖြစ်သွားခဲ့တာပါ။ အရင်ကလည်း ကျွန်မနေတဲ့နေရာက လူငယ်ဆယ်ကျော်သက်လေးတွေကို အဲဒီစစ်သားက သေနတ်နဲ့ ပစ်ခတ်ခဲ့ဖူးပါတယ်”

    အစ္စရေးစစ်သားကို ပါးရိုက်မှုအတွက် အစ္စရေးစစ်ခုံရုံးက တမီမီကို ထောင်ဒဏ် ၈ လ ချမှတ်ခဲ့ပါတယ်။ တမီမီ ထောင်ထဲမှာရှိနေစဉ်အတွင်း သူ့ရဲ့ နောက်ထပ် မောင်ဝမ်းကွဲတစ်ယောက်ဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် မူဆဘ်ဟာ ဇန်န၀ါရီလမှာ အစ္စရေးစစ်သားတွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

    တမီမီကတော့ သူ့အနေနဲ့ ပါလက်စတိုင်းလွတ်မြောက်ရေး ဆက်လက်လှုပ်ရှားသွာမှာဖြစ်ပြီး ရှေ့နေဖြစ်အောင်ကြိုးစားကာ အစ္စရေးရဲ့ မတရားမှုတွေကို တုန့်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: RT