News @ M-Media

Blog

  • Facebook နှင့် Instagram တို့က သုံးစွဲချိန်ကန့်သတ်နိုင်သည့် လုပ်ဆောင်ချက်ကို  ထည့်သွင်းပေး

    Facebook နှင့် Instagram တို့က သုံးစွဲချိန်ကန့်သတ်နိုင်သည့် လုပ်ဆောင်ချက်ကို ထည့်သွင်းပေး

    သြဂုတ် ၁၊ ၂၀၁၈
    M-Media

    – ဆိုရှယ်မီဒီယာ အသုံးပြုတဲ့အချိန်ကို ကန့်သတ်နိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို Faceobook နဲ့ Instagram တို့က ထည့်သွင်းပေးလိုက်ပါတယ်။

    ဆိုရှယ်မီဒီယာကို အချိန်အကြာကြီး အသုံးပြုတာဟာ စိတ်ကျန်းမာရေးကို ဆိုးရွားစေတယ်နိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် ထိပ်တန်းဆိုရှယ်မီဒီယာနှစ်ခုက အခုလို ထည့်သွင်းပေးခဲ့တာပါ။

    လုပ်ဆောင်ချက်အသစ်ကြောင့် အသုံးပြုသူတွေဟာ ဆိုရှယ်မီဒီယာအသုံးပြုတဲ့အချိန်ကို စစ်ဆေးနိုင်မှာဖြစ်ပြီး၊ သုံးစွဲချိန်ကိုလည်း သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲချိန်သတ်မှတ်ထားမယ်ဆိုရင် အချိန်ပြည့်တာနဲ့ အသိပေးတာ၊ အချိန်အတိုင်းအတာတစ်ခုအထိ notification ပိတ်ပေးတာတွေကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒါဟာ လုံလောက်မှုမရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။

    ဆိုရှယ်မီဒီယာကို အချိန်ကြာရှည်စွာ အသုံးပြုတာဟာ ဆိုးကျိုးရှိတယ်ဆိုတာကို သိရှိကြောင်း Facebook က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ သူတို့ရဲ့ ဘလော့စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    မီချီဂန်တက္ကသိုလ်၊ ဆန်ဒီယေဂိုတက္ကသိုလ်နဲ့ ယေးလ်တက္ကသိုလ်တို့က ပြုလုပ်တဲ့ လေ့လာဆန်းစစ်မှုတွေမှာ Facebook လို ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံ အသုံးပြုသူတွေဟာ စိတ်ကျန်းမာရေးပိုင်းမှာ ပိုမိုဆိုးဝါးစေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    အချိန့်ကန့်သတ်နိုင်မယ့် လုပ်ဆောင်ချက်အသစ်ကို Instagram မှာ settings ထဲက Your Activity မှာ သွားရောက်သတ်မှတ်နိုင်မှာဖြစ်ပြီး၊ Facebook မှာတော့ setting ထဲက Your Time on Facebook မှာ သွားရောက် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

    Ref: BBC

  • နိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၂ ဦးရှိလာ

    နိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၂ ဦးရှိလာ

    သြဂုတ် ၁၊ ၂၀၁၈
    M-Media

    photo credit – mmtimes

    – မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလောရေကြီးမှုအတွင်း သေဆုံးသူဟာ ၁၂ ဦးအထိ ရှိလာပြီး တစ်ဦးပျောက်ဆုံးနေတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    တနင်္လာနေ့က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်မှာ မြေပြိုမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ပြန်ကြားရေးက မနေ့မှာ ထုတ်ပြန်ခဲ့ပြီး တပ်မတော်တာဝန်ရှိသူတစ်ဦးကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ကယ်ဆယ်ရေးလုပ်ငန်းအတွင်း ရေစီးနဲ့အတူ မြောပါသွားတဲ့ တပ်မတော်သားတွေထဲက ၂ ဦးရဲ့အလောင်း ပြန်တွေ့ခဲ့တယ်လို့ မြန်မာတိုင်းမ်စ်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    နောက်ထပ် တပ်မတော်သားတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

    သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနက မကွေးမြို့မှာ ၂ ဦးသေဆုံးကာ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးနဲ့ နေပြည်တော်တို့မှာ တစ်ဦးစီ သေဆုံးခဲ့တယ်လို့ တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ပြည်နယ်နဲ့ တိုင်းဒေသကြီး အနည်းဆုံး ၇ ခုမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် လူ တစ်သိန်းနီးပါးလောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ အခုအချိန်မှာတော့ ရွှေ့ပြောင်းခဲ့ရသူ တော်တော်များများဟာ သူတို့ရဲ့အိမ်တွေကို ပြန်လည် လာရောက်နေထိုင်နေပြီလို့ ဆိုပါတယ်။

    Ref: mmtimes

  • ဟဂ်ျပြုရန်သွားမည့် တရုတ်မွတ်စလင်များကို တရုတ်အစိုးရက ဘက်စုံသုံး GPS ကိရိယာ ထောက်ပံ့

    ဟဂ်ျပြုရန်သွားမည့် တရုတ်မွတ်စလင်များကို တရုတ်အစိုးရက ဘက်စုံသုံး GPS ကိရိယာ ထောက်ပံ့

    သြဂုတ် ၁၊ ၂၀၁၈
    M-Media

    – ယခုနှစ် ဟဂ်ျရာသီမှာ ဆော်ဒီကို ဘုရားဖူးသွားရောက်ကြမယ့် တရုတ်မွတ်စလင်တွေ အဆင်ပြေလွယ်ကူ ချောမွေ့စေရေးအတွက် တရုတ်အစိုးရနဲ့ ‘တရုတ်အစ္စလာမ်အသင်း’ တို့ပူးပေါင်းကာ ဘက်စုံသုံး GPS ကိရိယာတွေ ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။

    အလွယ်တကူသယ်သွားလို့ရပြီး၊ လက်ကိုင်ဖုန်းအရွယ်လောက်သာရှိတဲ့ အဲဒီ ကိရိယာကို တရုတ်အစိုးရရဲ့ အစီအစဉ်နဲ့ ဟဂ်ျပြုဖို့သွားတဲ့ လူပေါင်း ၁၁,၀၀၀ ကျော်က အချို့သူတွေ ကိုင်ဆောင်ရမှာ ဖြစ်ပါတယ်။

    ကိရိယာမှာ ကိုင်ဆောင်သူရဲ့ အမည်၊ ဓာတ်ပုံ၊ နိုင်ငံကူးလက်မှတ်နံပါတ်နဲ့ အခြား အချက်အလက်တွေကို တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသားထားပြီး WeChat အခြေပြု အက်ပလီကေးရှင်းနဲ့ ချိတ်ဆက်ထားတဲ့ QR code ကိုလည်း နောက်ကျောမှာ ထည့်သွင်းပေးထားပါတယ်။

    WeChat က အဲဒီအက်ပလီကေးရှင်းကို ‘တရုတ်အစ္စလာမ်အသင်း’ က စီမံပြီး ဟဂ်ျကျင့်စဉ်ဆိုင်ရာ သိမှတ်ဖွယ်ရာတွေ၊ အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေနဲ့ အခြားသိမှတ်ဖွယ်ရာတွေကို တင်ပေးမှာ ဖြစ်ပါတယ်။

    GPS ကိရိယာမှာ အရေးပေါ် SOS ခလုပ်တစ်ခုကိုလည်း ထည့်သွင်းပေးထားပြီး နှိပ်လိုက်မယ်ဆိုရင် ရောက်ရှိနေတဲ့နေရာနဲ့ သတိပေးချက်ကို တရုတ်အစ္စလာမ်အသင်းဆီ ပေးပို့ပေးမှာ ဖြစ်ပါတယ်။

    အသင်းရဲ့ တာဝန်ရှိသူ အမျိုးသမီးက ဒီကိရိယာဟာ တရုတ်မွတ်စလင်ရဲ့ တည်နေရာနဲ့ အခြေအနေတွေကို အစိုးရတာဝန်ရှိသူတွေက အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်မှာဖြစ်ပြီး ရက်ပေါင်း ၄၀ ကြာမြင့် ဟဂ်ျကျင့်စဉ်အတွင်း ဘုရားဖူးတွေ အဆင်ပြေလွယ်ကူစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီကိရိယာကို ရှေ့ပြေးစမ်းသပ်မှုအဖြစ် ဟဂ်ျဘုရားဖူးသွားရောက်မယ့် တရုတ်မွတ်စလင် ၃၃၀၀ ကို ပေးအပ်သွားမှာဖြစ်ပြီး ရလဒ်ကိုကြည့်ကာ နောက်ပိုင်းမှာ အကုန်လုံးအတွက် စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

    အခုနှစ် ဟဂ်ျရာသီမှာ တရုတ်မွတ်စလင် တစ်သောင်းကျော်လောက် သွားရောက်ဖို့ရှိပြီး တနင်္ဂနွေနေ့မှာ လူ ၅၀၀ ဟာ ပထမဆုံးအဖြစ် ဆော်ဒီအာရေဗျကို သွားရောက်ခဲ့ကြပါတယ်။

    Ref: Asia Times

  • ဆော်ဒီ အစ္စလာမ့်ရေးရာစင်တာနှင့် Kindle တို့ စာပေပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်မည်

    ဆော်ဒီ အစ္စလာမ့်ရေးရာစင်တာနှင့် Kindle တို့ စာပေပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်မည်

    သြဂုတ် ၁၊ ၂၀၁၈
    M-Media

    – ဆော်ဒီက ‘ကင်းဖိုင်ဆယ် သုတေသနနှင့် အစ္စလာမ့်ရေးရာ လေ့လာမှုစင်တာ’ (KFCRIS) ဟာ နာမည်ကျော် အီလက်ထရောနစ် စာပေလုပ်ငန်းတစ်ခုဖြစ်တဲ့ Amazon Kindle နဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

    သဘောတူညီချက်အရ KFCRIS က ထုတ်တဲ့ စာအုပ်တွေ၊ သုတေသန စာတမ်းတွေကို Amazon Kindle ၀ဘ်ဆိုက်မှာ လွှင့်တင်ကာ iPad၊ iPhone နဲ့ Android နဲ့ အခြား App Store တွေက အလွယ်တကူ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

    KFCRIS ရဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ ဆူအူဒ် လ်-ဆာရ်ဟန်က အစ္စလာမ်နဲ့ အာရပ်ရေးရာ ယဉ်ကျေးမှု၊ စာပေနဲ့ သိပ္ပံပညာ အမွေအနှစ်တွေကို အီလက်ထရောနစ် နည်းလမ်းတွေကနေတစ်ဆင့် ပြန့်နှံ့ရေး သူတို့စင်တာရဲ့ စိတ်အားထက်သန်မှုကို အခုလို ပူးပေါင်းဆောင်ရွက်မှုက ပြသနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီသဘောတူညီချက်ကြောင့် အာရပ်နဲ့ အစ္စလာမ့်ရေးရာ စာအုပ်စာပေတွေကို ကမ္ဘာတစ်ဝှမ်းက စာဖတ်သူတွေ ပိုမို ဖတ်ရှုနိုင်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

    KRCRIS ဟာ ယဉ်ကျေးမှု၊ သမိုင်းအမွေနှစ်၊ ပညာရှင်တွေရဲ့ ခေတ်ပြိုင်အယူအဆတွေ၊ သိပ္ပံဆိုင်ရာ သုတေသန စတဲ့ စာအုပ်စာပေတွေကို Kindle ကနေ ဖတ်ရှုနိုင်အောင် စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

    Ref: Arab News

  • ရုရှားတွင် နှိပ်စက်မှုကိုမခံနိုင်၍ သမီး ၃ ဦးက ဖခင်ကို ဓားဖြင့်ထိုးသတ်

    ရုရှားတွင် နှိပ်စက်မှုကိုမခံနိုင်၍ သမီး ၃ ဦးက ဖခင်ကို ဓားဖြင့်ထိုးသတ်

    ဇူလိုင် ၃၁၊ ၂၀၁၈
    M-Media

    ဖခင်အား သတ်ဖြတ်ခဲ့သည့် သမီးများ

    – နှစ်ပေါင်းများစွာ နှိပ်စက်ညှင်းပမ်းမှုဒဏ်ကို မခံနိုင်တော့တဲ့အတွက် သမီးအရင်း ၃ ယောက်က ဖခင်ဖြစ်သူကို ရက်ရက်စက်စက် သတ်ဖြတ်မှုတစ်ခု ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

    အသက် ၁၉ နှစ်အရွယ် ကရစ္စတီနာ၊ ၁၈ နှစ်အရွယ် အိန်ဂျလီနာနဲ့ ၁၇ နှစ်အရွယ် မာရီယာတို့ဟာ ဖခင်ဖြစ်သူ မီခေးလ် ကာချာတူရ်ယန်ကို သောကြာနေ့က ဓား၊ ပုဆိန်တွေနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

    အိမ်နီးချင်းတွေက မီခေးလ်ဟာ ဘာသာရေးကိုင်းရှိုင်းသူအဖြစ် ဟန်ဆောင်ထားပေးမယ့် ဇနီးနဲ့ သမီးတွေအပေါ်မှာ အင်မတန်မှ ကြမ်းကြုတ်သူဖြစ်ကြောင်း၊ ဆေးစွဲနေပြီး ဒုစရိုက်လောကနဲ့လည်း အဆက်သွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

    သမီးဖြစ်သူတွေကလည်း သူတို့ဟာ ဖခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို နှစ်ပေါင်းများစွာ ခံစားခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    “အဖေ့ကို ကျွန်မတို့မုန်းတယ်၊ သူမရှိတာမျိုး၊ ဒါမှမဟုတ် သူ့ကို ကျွန်မတို့ လုံးဝ မသိခဲ့တဲ့အနေအထားမျိုး နှစ်ခုထဲက တစ်ခုကို ကျွန်မတို့ ဖြစ်ချင်တယ်။ သူ အဝေးကိုထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့တာမျိုး ဖြစ်စေချင်တာပါ” လို့ အကြီးဆုံးသမီး ကရစ္စတီနာက ပြောကြားခဲ့ပါတယ်။

    အသက် ၅၇ နှစ်အရွယ် မီခေးလ်ဟာ သူအပြင်သွားရင် အိမ်မှာ သမီးတွေကို ကင်မရာတွေနဲ့ စောင့်ကြည့်ပြီး၊ ကျောင်းကိုလည်း ပေးမသွားဘူးလို့ ဆိုပါတယ်။ သူ့ရဲ့အမိန့်ကို မနာခံရင်တော့ သမီးတွေကို ဆိုးဆိုးဝါးဝါး ရိုက်နှက်လေ့ရှိပါတယ်။

    ဒါ့အပြင် အနည်းဆုံးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ပြီး ပြုကျင့်ခံရသူဟာ အိပ်ဆေးတွေသောက်ကာ မိမိကိုယ်ကိုယ် သတ်သေဖို့ကြိုးစားတာကြောင့် ဆရာဝန်ခေါ်ပြီး ကုသခဲ့ရတယ်လို့ သူတို့မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ရုရှားရဲတပ်ဖွဲ့က မိန်းကလေး ၃ ဦးစလုံကို ဖမ်းဆီးထားကာ လူသတ်မှုနဲ့ စွက်ချက်တင်ထားပါတယ်။

    Ref: RT