News @ M-Media
Blog
  • ဘာသာရေးအမည်ခံ အစွန်းရောက်အဖွဲ့တစ်ခုကို အင်ဒိုနီးရှားက မတရားအသင်း ကြေငြာ
    ဘာသာရေးအမည်ခံ အစွန်းရောက်အဖွဲ့တစ်ခုကို အင်ဒိုနီးရှားက မတရားအသင်း ကြေငြာ
    ဇူလိုင် ၃၁၊ ၂၀၁၈
    M-Media
    သေဒဏ်ချမှတ်ခံရသည့် JAD ခေါင်းဆောင် အေမန် အဘ်ဒူရဟ်မန်
    – နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်တဲ့အတွက် Jamaah Ansharut Daulah (JAD) အဖွဲ့ကို အင်ဒိုနီးရှားက ပိတ်ပင်လိုက်ပြီး ဒီအဖွဲ့ဟာ IS အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အင်ဒိုနီးရှားက အကြီးဆုံးအဖွဲ့လည်း ဖြစ်ပါတယ်။
    ၂၀၁၆ ခုနှစ် ဂျကာတာက အကြမ်းဖက်တိုက်ခိုက်မှု၊ အခုနှစ်မလအတွင်း ဒုတိယမြို့တော် ဆူရာဘာယာက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ရဲဌာနချုပ်တွေကို တိုက်ခိုက်မှုကို ဒီအဖွဲ့က ပြုလုပ်တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
    ဒီအဖွဲ့မှာ အဖွဲ့ငယ်ပေါင်း ၂၀ ကျောက်လောက် ပါဝင်နေတာပါ။ ဒီအဖွဲ့နဲ့ပတ်သက်လို့ ဂျကာတာ တောင်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ကြားနာမှုအတွင်း တရားသူကြီး အရစ် ဘာဝိုနို လန်ဂဂ်က JAD ရဲ့ လှုပ်ရှားမှုတွေ၊ ဒီအဖွဲ့ ဒါမှမဟုတ် IS နဲ့ ဆက်နွယ်မှုတွေကို တားမြစ်ပိတ်ပင်လိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “JAD ဟာ တရားမ၀င်အဖွဲ့အစည်းဖြစ်ကြောင်း ဒီနေရာကနေ ကြေငြာလိုက်ပါတယ်”
    JAD ခေါင်းဆောင် အေမန် အဘ်ဒူရဟ်မန်ကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ဂျကာတာအကြမ်းဖက်မှုအပါအ၀င် တိုက်ခိုက်မှုတွေကို ထောင်တွင်းကနေ ကြိုးကိုင်တယ်ဆိုပြီး ပြီးခဲ့တဲ့လမှာ တရားရုံးက သေဒဏ် ချမှတ်ခဲ့ပါတယ်။
    အလ်-ကိုင်းဒါးအဖွဲ့နဲ့ ဆက်သွယ်မှုရှိတဲ့ Jemaah Islamiyah ဆိုတဲ့အဖွဲ့ဟာ ၂၀၀၂ ခုနှစ် ဘာလီအပန်းဖြေကျွန်းမှာ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး၊ အဲဒီအဖွဲ့ကို အမေရိကန်၊ သြစတေးလျတို့ရဲ့ ပံ့ပိုးမှုနဲ့ အင်ဒိုနီးရှားက နှိမ်နှင်းနိုင်ခဲ့ပါတယ်။
    ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း IS အကြမ်းဖက်အဖွဲ့ ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်း အင်ဒိုနီးရှားမှာ IS ကို အားကျတဲ့ အဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပါတယ်။
    JAD ကို အခုလို ပိတ်ပင်မှုနဲ့ လတ်တလော ပြင်ဆင်ခဲ့တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေအရ ရဲတပ်ဖွဲ့ဟာ JAD ဖက်ယိမ်းတဲ့သူတွေကို အလွယ်တကူ ဖမ်းဆီးနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ကြပါတယ်။
    JAD အပြင် အင်ဒိုနီးရှားဟာ IS နဲ့နွယ်တဲ့ အခြားအဖွဲ့တွေကိုလည်း ပိတ်ပင်ဖို့ ရှိနေပါတယ်။
    Ref: Aljazeera
  • အမျိုးဘာသာခေါင်းစဉ်ဖြင့် နိုင်ငံရေးအမြတ်ထုတ်မှု အဆုံးသတ်ချိန်တန်ပြီဟု မလေးဝန်ကြီး ပြော
    အမျိုးဘာသာခေါင်းစဉ်ဖြင့် နိုင်ငံရေးအမြတ်ထုတ်မှု အဆုံးသတ်ချိန်တန်ပြီဟု မလေးဝန်ကြီး ပြော
    ဇူလိုင် ၃၁၊ ၂၀၁၈
    M-Media
    မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာ
    – နိုင်ငံရေးမှာ လူမျိုးရေး၊ ဘာသာရေးကို အသုံးချ အမြတ်ထုတ်နေမှုကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက ပြောကြားလိုက်ပါတယ်။
    စင်ကာပူသတင်းဌာန Channel NewsAsia နဲ့ မနေ့ကအင်တာဗျူးမှာ ၀န်ကြီးက ဒီလို ပြောဆိုခဲ့တာပါ။
    “ကျွန်တော့်သဘောနဲ့ ကျွန်တော့်အယူအဆအရဆိုရင် မလေးရှားနိုင်ငံရေးမှာ အကြီးမားဆုံး ပြဿနာတွေထဲကတစ်ခုဟာ လူမျိုးရေးကိုအခြေပြုတဲ့ နိုင်ငံရေးဖြစ်တယ်လို့ မြင်ပါတယ်။ အဲဒီလို လူမျိုးရေးအခြေပြုနိုင်ငံရေးမှာ ဘာသာရေးပါ ပါလာတော့ ပိုပြီး ဆိုးဝါးလာပါတယ်။ ဒါကိုအဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ကျွန်တော် ထင်ပါတယ်။ လူမျိုးရေးအခြေပြုတဲ့ နိုင်ငံရေးကို အဆုံးသတ်ရမယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး”
    ၁၉၅၇ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည်ကို အုပ်စိုးခဲ့တဲ့ BN ညွန့်ပေါင်းပါတီဟာ မေလရွေးကောက်ပွဲမှာ အတိုက်အခံ PH ညွန့်ပေါင်းအဖွဲ့ကို ရှုံးနိမ့်ခဲ့ပါတယ်။ BN ကို လူများစု မလေးလူမျိုးတွေရဲ့ပါတီဖြစ်တဲ့ UMNO က ဦးဆောင်တာဖြစ်ပါတယ်။
    လက်ရှိ မလေးရှားနိုင်ငံရေးဟာ ပုံစံအသစ်တမျိုး ဖြစ်လာပြီး လူမျိုးစုံ၊ ဘာသာစုံ ပါဝင်တဲ့ ပါတီတွေဟာ PH ညွန့်ပေါင်းအဖွဲ့မှာ ပါဝင်လာကြတယ်လို့ ဆိုပါတယ်။
    “လူမျိုးစုံတဲ့ပါတီ အနည်းဆုံး ၃ ခုလောက် ဒါမှမဟုတ် ပါတီကြီး ၂ ခုလာက်ဟာ Pkatan Harapan မှာ ပါဝင်နေပြီး၊ အခြားပါတီ ၂ ခုလောက်ဟာလည်း လူမျိုးစုံ၊ ဘာသာစုံအတွက် လမ်းဖွင့်ပေးထားပါတယ်”
    ဘာသာစုံ၊ လူမျိုးစုံက ပြည်သူတွေအတွက် လွှတ်တော်မှာ အချိုးကျ နေရာပေးတဲ့ စနစ်တစ်ခု လိုအပ်ပြီး လက်ရှိမှာတော့ အဲဒီလိုစနစ်မျိုး မရှိသေးဘူးလို့ ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    BN ပါတီ ပြုတ်ကျပြီး ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်ဦးဆောင်တဲ့ PH ပါတီ တက်လာခဲ့ပြီးတဲ့နောက် မဟာသီအစိုးရဟာ မလေးလူမျိုးနဲ့ လူများစုကိုးကွယ်တဲ့ အစ္စလာမ်ဘာသာကို ကျဆင်းအောင် ဆောင်ရွက်နေတယ်ဆိုပြီး UMNO ပါတီဝင်တွေက ဝေဖန်မှုတွေ ရှိနေပါတယ်။
    Ref: CNA
  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    ဇူလိုင် ၃၁၊ ၂၀၁၈
    M-Media
    ကယ်ဆယ်ခဲ့ရသည့် တောင်တက်သမားများ
    မြောက်ကိုရီးယား ဒုံးကျည်ဆက်ထုတ်နေသည်ဟု သတင်းထွက်
    =============
    အမေရိကန်အထိ ရောက်ရှိနိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ထုတ်လုပ်ရာ မြောက်ကိုရီးယားကစက်ရုံမှာ လှုပ်ရှားမှုတွေဖြစ်ပေါ်နေတာကို ထောက်လှမ်းရေးဂြိုဟ်တုကနေတစ်ဆင့် တွေ့ရတယ်လို့ အမရိကန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဆာနမ်ဒွန်က အဲဒီစက်ရုံမှာ မော်တော်ယာဉ်အ၀င်အထွက်တွေကို တွေ့ရပေမယ့် ဒုံးကျည် ထုတ်လုပ်မှု လုပ်နေလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။ ၀ါရှန်တန်ပို့စ်သတင်းစာကလည်း မြောက်ကိုရီးယားဟာ ပြုံးယမ်ဆင်ခြေဖုံးက သုတေသန အဆောက်အဦးမှာ လောင်စာအရည်အသုံးပြုတဲ့ ဒုံးကျည်နှစ်စင်း ဆောက်လုပ်နေတယ်လို့ မနေ့မှာ ဖော်ပြခဲ့ပါတယ်။
    ဆီးရီးယားအရေး ရုရှားတွင် ၁၀ ကြိမ်မြောက် ဆွေးနွေး
    ==============
    ရုရှား၊ တူရကီနဲ့ အီရန်တို့ဦးဆောင်တဲ့ ဆီးရီးယားအရေး ဆွေးနွေးပွဲကို ရုရှားနိုင်ငံ ဆိုချီမြို့မှာ မနေ့က စတင်ခဲ့ပြီး ဆီးရီးယားအစိုးရ ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ၁၀ ကြိမ်မြောက်ဖြစ်တဲ့ အဲဒီဆွေးနွေးပွဲကို ဆီးရီးယားဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် စတက်ဖန် ဒီ မစ်တူရာနဲ့ ဂျော်ဒန်တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ကိုယ်စားလှယ်တွေဟာ၊ ဆီးရီးယားနိုင်ငံအတွင်းက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ တင်းမာမှုကင်းမဲ့ဇုန်ကိစ္စတွေအကြောင်း ဆွေးနွေးမှာဖြစ်ပြီး ဒီကနေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
    အင်ဒိုနီးရှားတွင် မြေပြိုမှုကြောင့် တောက်တက်သမား ၅၀၀ ကျော်ကို ကယ်တင်ခဲ့ရ
    ================
    တနင်္ဂနွေနေ့ ငလျင်လှုပ်မှုနောက်ဆက်တွဲအဖြစ် အင်ဒိုနိးရှားနိုင်ငံမှာ မြေပြိုမှုတွေဖြစ်တာကြောင့် ရင်ဂျာနီမီးတောင်က တောင်တက်သမားတွေ၊ လမ်းညွှန်တွေ ၅၀၀ ကျော်လောက်ကို ကယ်ဆယ်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ နိုင်ငံအရှေ့ပိုင်းမှာ တနင်္ဂနွေနေ့က ၆.၄ မဂ္ဂနီကျုရှိတဲ့ငလျင် လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပြီး ရာနဲ့ချီတဲ့ အဆောက်အဦးတွေ ပျက်ဆီးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း နောက်ဆက်တွဲငလျင် တော်တော်များများ ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့တောင်အာရှသို့ လာရောက်မည်
    =================
    မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကို အခုတစ်ပတ်နှောင်းပိုင်းမှာ သွားရောက်ဖို့ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက အင်ဒို-ပစိဖိတ်ဒေသဟာ လွတ်လပ်ပြီး၊ ပွင့်လင်းကာ၊ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးကို အလေးထားတဲ့ဒေသ ဖြစ်လာဖို့ မနေ့က တိုက်တွန်းဆော်သြလိုက်ပါတယ်။ တောင်တရုတ်ပင်လယ် ပိုင်နက်ကိစ္စအတွက် တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတစ်ချို့အကြား တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ပွမ်ပီယိုရဲ့ ဒီလည်ပတ်မှု ပေါ်ထွက်လာတာဖြစ်ပြီး စင်ကာပူမှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုလည်း တက်ရောက်ဖို့ ရှိနေပါတယ်။
    Ref: CNA, Aljazeera
  • ဗိုလ်ချုပ် ဒါတွတ်တိုချွန်ဆီယန် (သို့) မလေးရှား၏ ထိပ်တန်းဗိုလ်ချုပ် ၁၄ ဦးထဲက တရုတ်လူမျိုး
    ဗိုလ်ချုပ် ဒါတွတ်တိုချွန်ဆီယန် (သို့) မလေးရှား၏ ထိပ်တန်းဗိုလ်ချုပ် ၁၄ ဦးထဲက တရုတ်လူမျိုး
    ဇူလိုင် ၃၀၊ ၂၀၁၈
    M-Media
    အမှတ် (၁) ခြေမြန်တပ်မမှာ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ‘မေဂျာ-ဂျန် ဒါတွတ် တို ချွန်ဆီယန်’ ဟာ ၁၉၇၇ ခုနှစ် ကျောင်းကထွက်ပြီး တပ်ထဲဝင်လာကတည်းက အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ရယူခဲ့သူ ဖြစ်ပါတယ်။
    – အမှတ် (၁) ခြေမြန်တပ်မမှာ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ‘မေဂျာ-ဂျန် ဒါတွတ် တို ချွန်ဆီယန်’ ဟာ ၁၉၇၇ ခုနှစ် ကျောင်းကထွက်ပြီး တပ်ထဲဝင်လာကတည်းက အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ရယူခဲ့သူ ဖြစ်ပါတယ်။
    သူဟာ မလေးရှားစစ်တပ်မှာ တပ်မမှူးရာထူးကို ရယူနိုင်တဲ့ ပထမဆုံး တရုတ်လူမျိုးဖြစ်ပြီး၊ လူများစုဖြစ်တဲ့ မလေးလူမျိုး မဟုတ်သူတွေထဲက ဒီရာထူးကို ရယူနိုင်တဲ့ တတိယမြောက် လူမျိုးခြားလည်း ဖြစ်ပါတယ်။
    ဒီရာထူးကိုမရခင် ဒါတွတ်တိုချွန်ဆီယန်ဟာ ဆီလန်ဂေါပြည်နယ်က အမှတ် (၁၁) တပ်မဟာကို ကွပ်ကဲသူ ဖြစ်ပါတယ်။
    ” ‘သံကောင်းဟာ အိမ်ရိုက်သံဘ၀ မရောက်ဘူး၊ လူကောင်းဟာ စစ်သားဘ၀ မရောက်ဘူး’ ဆိုတဲ့ တရုတ်စကားပုံတစ်ခု ရှိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်ဟာ အုတ်ရိုက်သံဖြစ်တယ်လို့ အမြဲပြောပါတယ်”
    စင်ကာပူနယ်စပ် ဂျိုဟိုးမှာ မွေးဖွားခဲ့တဲ့ ဗိုလ်ချုပ်ဟာ စစ်မှုထမ်းမိသားစုက ဆင်းသက်လာသူဖြစ်ပြီး ငယ်ငယ်လေးကတည်းက စစ်တပ်ထဲ ၀င်ရောက်အမှုထမ်းချင်ခဲ့သူ ဖြစ်ပါတယ်။
    ဖခင်က ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှလေတပ်မှာ အမှုထမ်းခဲ့ပြီး၊ အကြီးဆုံးအကိုက မလေးရှားရေတပ်၊ ညီနှစ်ယောက်က လေတပ်မှာ ၀င်ရောက်အမှုထမ်းခဲ့ပါတယ်။
    ဒါတွတ်တိုချွန်ဆီယန်ဟာ ၁၉၇၅ ခုနှစ်မှာ စစ်တပ်ထဲဝင်ရောက်ဖို့ လျှောက်ထားခဲ့ပေမယ့် အသက် ၁၆ နှစ်သာ ရှိသေးတဲ့အတွက် အမှုထမ်းခွင့် မရခဲ့ပါဘူး။
    “ကျွန်တော် တစ်နှစ် ကျောင်းပြန်တက်ခဲ့ရပါတယ်။ အဲဒီနောက် ကျွန်တော် ထပ်လျှောက်ခဲ့ပေမယ့် အသက်မပြည့်သေးတာကြောင့် ၀င်ခွင့်မရဘဲ အသက် ၁၈ နှစ်ပြည့်တဲ့အချိန်ကျမှ စစ်မှူထမ်းခွင့် ရခဲ့ပါတယ်။ စစ်တပ်ထဲမှာ အမှုထမ်းလာတာ အခုဆိုရင် ၄၂ နှစ်ရှိပါပြီ” လို့ ဗိုလ်ချုပ်က ပြောကြားခဲ့ပါတယ်။
    ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ ဗိုလ်ချုပ် ဒါတွတ်တိုချွန်ဆီယန်ဟာ မလေးရှားစစ်တပ်ရဲ့ ထိပ်တန်းဗိုလ်ချုပ် ၁၄ ဦးထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိ မလေးရှားစစ်တပ်မှာ တရုတ်လူမျိုးက ၁ ရာခိုင်နှုန်းလောက်သာရှိပြီး ဗိုလ်ချုပ်က သူ့ရဲ့အနေအထားဟာ တရုတ်လူမျိုးတွေ စစ်တပ်ထဲဝင်ရောက်ဖို့အတွက် တွန်းအားတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်နေပါတယ်။
    သူ စစ်တပ်ထဲဝင်တုန်းက လူသစ် ၁၆၀ မှာ ၃၆ ဦးက တရုတ်လူမျိုးတွေဖြစ်ပေမယ့် အခုအချိန်မှာ တရုတ်လူမျိုးတွေ စစ်တပ်ထဲဝင်ရောက်မှုဟာ လျော့နည်းလာပါတယ်။
    “ဒီနေ့ ဒီလိုရာခိုင်နှုန်းမျိုးရဖို့အတွက် တပ်သားစုဆောင်းရေးဌာနက ကြိုးစားပမ်းစားလုပ်ရမယ့်အနေအထား ဖြစ်ပါတယ်။ တရုတ်သတင်းစာတွေမှာ ကြော်ငြာများများထည့်ဖို့နဲ့ တရုတ်ရွာတွေမှာသွားပြီး လူသစ်စုဆောင်းဖို့ လိုအပ်ပါတယ်။ ‘မလေးရှားစစ်တပ်မှ တရုတ်စစ်မှုထမ်းဟောင်းများအဖွဲ့’ ကလည်း လူထုကိုစည်းရုံးမှု၊ လူသစ်စုဆောင်းရေး လှုံ့ဆော်မှုတွေ ပြုလုပ်နေပါတယ်” လို့ ဗိုလ်ချုပ်က ပြောကြားခဲ့ပါတယ်။
    တရုတ်လူငယ်တွေဟာ ၅ နှစ်လောက်နဲ့ အောင်မြင်ချင်ကြသူတွေဖြစ်ပြီး စစ်တပ်မှာ ဒီလိုမျိုးမဟုတ်တဲ့အတွက် စိတ်မ၀င်စားတာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်က ဆိုပါတယ်။
    “ကျွန်တော်တို့ လုပ်ဆောင်ရမှာက စစ်တပ်ထဲဝင်တာ ဂုဏ်ရှိတယ်၊ တိုင်ပြည်ချစ်စိတ်ကို ပြသတာဖြစ်တယ်၊ စစ်မှုထမ်းတာဟာ မြင့်မြတ်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခု ဖြစ်တယ်ဆိုတာမျိုး သိလာအောင်လုပ်ဖို့ပါ။ စစ်တပ်မှာရမယ့် အခွင့်အရေးတွေကိုလည်း သူတို့ သိလာအောင်လုပ်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် အခု လစာတွေက တော်တော်ကောင်းတယ်။ စစ်သားတစ်ယောက်ဟာ သင်တန်းမှာကိုပဲ တစ်လ ရင်းဂစ် ၂၀၀၀ လောက် လခရပါတယ်”
    မလေးရှားအစိုးရက တရုတ်လူမျိုး လွီချင်တောင်ကို ဒုတိယကာကွယ်ရေးဝန်ကြီး ခန့်အပ်လိုက်တာကိုလည်း ဗိုလ်ချုပ်က ချီးကျူးခဲ့ပါတယ်။
    “တရုတ်တွေကို ရာထူးတိုးမပေးဘူးဆိုတဲ့ အမြင်မှားတွေကို ဒါက ချေဖျက်လိုက်တာပါ။ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့ အမြင်တွေလည်း ပြောင်းလဲသွားပါလိမ့်မယ်”
    ဗိုလ်ချုပ် ဒါတွတ်တိုချွန်ဆီယန်ဟာ နောက်နှစ်မှာ ပင်စင်ယူရတော့မှာ ဖြစ်ပြီး သူကတော့ စစ်သားဖြစ်ရတာကို ဂုဏ်ယူနေမယ်လို့ ပြောကြားခဲ့ပါတယ်။
    “အဖေသာရှိရင် တော်တော်ဂုဏ်ယူနေမှာပါ။ အတိတ်ကိုပြန်ကြည့်ရင် ကျွန်တော် အောင်မြင်မှုတွေ အများကြီးရခဲ့ပါတယ်။ တရုတ်တွေ စစ်တပ်ထဲမှာ ဆက်လက်အမှုထမ်းဖို့အတွက် ဒါက တွန်းအားဖြစ်စေမှာပါ”
    Ref: The Star
  • အွန်လိုင်းသတင်းမှားများက ယူကေ၏ ဒီမိုကရေစီအနာဂတ်ကို ခြိမ်းခြောက်နေ
    အွန်လိုင်းသတင်းမှားများက ယူကေ၏ ဒီမိုကရေစီအနာဂတ်ကို ခြိမ်းခြောက်နေ
    ဇူလိုင် ၃၀၊ ၂၀၁၈
    M-Media
    – အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ သတင်းအမှားတွေ၊ ၀ါဒဖြန့်မှုတွေက ယူကေရဲ့ ဒီမိုကရေစီအနာဂတ်ကို ခြိမ်းခြောက်နေတယ်လို့ ယူကေလွှတ်တော်ရဲ့ ‘ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစားကော်မတီ’ က မနေ့မှာ ကြေငြာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
    ဆိုရှယ်မီဒီယာက “ထိန်းလို့သိမ်းလို့မရတဲ့ အခြေအနေ” ကို ဖြေရှင်းဖို့ ယူကေအစိုးရဟာ သတင်းမှား ပြန့်နှံမှုတွေအတွက် နည်းပညာကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို တင်းကျပ်သင့်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။
    အွန်လိုင်း ဘေးအန္တရာယ်ကင်းရှင်းရးနဲ့ အင်တာနက်အသုံးပြုမှုတွေအတွက် သေသေချာချာစစ်ဆေးဖို့ ရည်ရွယ်တဲ့ ဥပဒေတစ်ခု ထွက်ဖို့ရှိနေတဲ့အချိန် ကော်မတီရဲ့ အခုလိုအစီရင်ခံစာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
    “ဒစ်ဂျစ်တယ်လောက အလျင်အမြန် ပြောင်းလဲနေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ရှိပြီးသား ဥပဒေတွေက ထိရောက်မှု မရှိတော့ပါဘူး။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီဟာ အန္တရာယ်ရှိနေပြီး၊ ဒီကိစ္စကို အရေးယူရမယ့်၊ ကျွန်တော်တို့ရဲ့ ဘုံတန်ဖိုးတွေနဲ့ ဒီမိုကရေစီ အသင်းအဖွဲ့တွေ တစ်သားတည်းဖြစ်မှုကို ကာကွယ်ရမယ့်အချိန် ရောက်လို့နေပါပြီ” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    ‘ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစားကော်မတီ’ ဟာ နိုင်ငံအတွင်း ဆိုရှယ်မီဒီယာကနေ သတင်းမှားတွေ ပြန့်နှံမှုကို လနဲ့ချီ စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက် အခုလို အစီရင်ခံစာ ထုတ်ပြန်တာဖြစ်ပါတယ်။
    အစိုးရအနေနဲ့ နည်းပညားကုမ္ပဏီတွေရဲ့ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ စည်းကမ်းနည်းလမ်းတွေကို စတင်ပြီး စစ်ဆေးပြင်ဆင်ဖို့လည်း ကော်မတီက တိုက်တွန်းခဲ့ပါတယ်။
    ယူကေရဲ့ နိုင်ငံရေးကိစ္စရပ်တွေမှာ ရုရှားအပါအ၀င် နိုင်ငံရပ်ခြား အစိုးရတွေက Facebook ကို အသုံးပြုပြီး ၀င်ရောက်စွက်ဖက်ခဲ့လားဆိုတဲ့ မေးခွန်းကို Facebook က ရေရေရာရာ ဖြေကြားမသွားတဲ့ ကိစ္စကိုလည်း ကော်မတီရဲ့ အစီရင်ခံစာမှာ အသားပေး ဖော်ပြခဲ့ပါတယ်။
    ဥရောပသမဂ္ဂကနေထွက်ရေး ၂၀၁၆ ခုနှစ် လူထုဆန္ဒခံယူပွဲမှာ နိုင်ငံရေးသဘောထားကွဲလွဲမှုတွေဖြစ်လာအောင် ရုရှားက လုပ်ခဲ့လားဆိုတာကို ကော်မတီက အဓိကထား စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
    ယူကေ၀န်ကြီးချုပ် ထရီဇာမေက ရုရှားဟာ ‘သတင်းမှားတွေနဲ့’ အနောက်နိုင်ငံတွေမှာ သဘောထားကွဲအောင်၊ သူတို့ရဲ့ အသင်းအဖွဲ့တွေ ပျက်ဆီးအောင် ဆောင်ရွက်ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်မှာ စွပ်စွဲထားပါတယ်။
    ထိပ်တန်းအကြံပေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Cambridge Analytica ဟာ Facebook က အချက်အလက်တွေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်မှာ ယူကေအစိုးရက သူတို့အနေနဲ့ ယူကေကို ကမ္ဘာပေါ်မှာ စိတ်အချရဆုံး အွန်လိုင်းပတ်ဝန်းကျင် ဖြစ်စေမယ့် ဥပဒေတွေကို ပြဌာန်းသွားမယ်လို့ ကြေငြာခဲ့ပါတယ်။
    အဲဒီဥပဒေမူကြမ်းတွေကို အခုနှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ဖို့ ရှိနေပါတယ်။
    Ref : Aljazeera