News @ M-Media

Blog

  • ဆီးရီးယားရှိ ကာ့ဒ်လက်နက်ကိုင်အဖွဲ့က အစိုးရနှင့် ဖက်ဒရယ်ကိစ္စ ဆွေးနွေးမည်

    ဆီးရီးယားရှိ ကာ့ဒ်လက်နက်ကိုင်အဖွဲ့က အစိုးရနှင့် ဖက်ဒရယ်ကိစ္စ ဆွေးနွေးမည်

    ဇူလိုင် ၂၈၊ ၂၀၁၈
    M-Media

    ကာ့ဒ်တပ်ဖွဲ့ဝင်တစ်ဦး

    – ဆီးရီးယားနိုင်ငံမှာ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ ကာ့ဒ်တပ်ဖွဲ့ SDF က ဒီမိုကရေစီနည်းကျပြီး ဗဟိုချုပ်ကိုင်မှုကင်းတဲ့ ဆီးရီးယားနိုင်ငံ ဖြစ်လာရေး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတယ်လို့ ပြောကြားလိုက်ပါတယ်။

    SDF ရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ SDC က မနေ့မှာ ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး အာဆတ်အစိုးရနဲ့ ဆွေးနွေးဖို့အတွက် ကော်မတီတွေ ဖွဲ့စည်းသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ SDF ဟာ နိုင်ငံနယ်မြေရဲ့ ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားပြီး၊ ဆီးရီးယားနိုင်ငံ ဖက်ဒရယ်စနစ်ဖြစ်လာရေး တောင်းဆိုထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

    သူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံမြောက်ပိုင်းမှာလည်း ကာ့ဒ်လူမျိုးတွေ အများစုရှိတဲ့ နေရာတွေအပါအ၀င် ဒေသတစ်ခုချင်းစီတိုင်းမှာ ကိုယ်ပိုင်အခွန်ကောက်ခံ၊ သုံးစွဲမှုစနစ်၊ ကိုယ်ပိုင်ရဲတပ်ဖွဲ့နဲ့ ကိုယ်ပိုင်အစိုးရစနစ်တွေကို ဖော်ဆောင်ပေးထားပါတယ်။

    SDC အဖွဲရဲ့ ပူးတွဲဥက္ကဌဖြစ်တဲ့ ရီအဒ် ဒါရာက ဆီးရီးယားအစိုးရနဲ့ ဆွေးနွေးမယ့်ကိစ္စဟာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းကိစ္စ ပြေလည်ရေးအတွက်ဖြစ်ပြီး ကိုယ့်ပြဿနာကို ကိုယ်တိုင်ဖြေရှင်းဖို့ အချိန်ဖြစ်တယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • မွတ်စလင်များအား အကြမ်းဖက်ရန် ကြံစည်သူ ၃ ဦးကို ပြင်သစ်က ဖမ်းဆီးစစ်ဆေး

    မွတ်စလင်များအား အကြမ်းဖက်ရန် ကြံစည်သူ ၃ ဦးကို ပြင်သစ်က ဖမ်းဆီးစစ်ဆေး

    ဇူလိုင် ၂၈၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်ဖို့ လူ ၃ ဦးက ကြံစည်နေတဲ့ကိစ္စအတွက် ပြင်သစ်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဒါဟာ တစ်လအတွင်းမှာ ဒုတိအကြိမ်မြောက် မွတ်စလင်တွေကို တိုက်ခိုက်ဖို့ ကြံစည်မှု ဖြစ်ပါတယ်။

    ပြင်သစ်နေ့စဉ်သတင်းစာ Le Figaro က တိုက်ခိုက်ဖို့ ကြံစည်နေသူတွေဟာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြပြီး ပြင်သစ် အမိမြေလုံခြုံရေးအဖွဲ့က တနင်္လာနေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။

    ပြီးခဲ့တဲ့လကလည်း ပြင်သစ်အာဏာပိုင်တွေဟာ မွတ်စလင်တွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ လက်ယာစွန်းယောက် ၁၀ ဦးကို ဖမ်းဆီး တရားစွဲဆိုခဲ့ပါတယ်။

    နိုင်ငံတစ်ဝှမ်း နေရာ ၃ နေရာမှာပြုလုပ်တဲ့ စစ်ဆင်ရေးတွေအတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ ဒီ ၁၀ ဦးဟာ အစွန်းရောက်အဖွဲ့ Operational Forces Action က အဖွဲ့ဝင်တွေဖြစ်မယ်လို့ ယုံကြည်ရပြီး ရိုင်ဖယ်တွေ၊ ပစ္စတိုတွေ၊ လက်လုပ်လက်ပစ်ဗုံးတွေ၊ ဖောက်ခွဲရေးကိရိယာထုတ်လုပ်တဲ့ ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

    ပြင်သစ်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင် ၅.၇ သန်း ရှိနေတယ်လို့ ခန့်မှန်းရပြီး နိုင်ငံလူဦးရေရဲ့ ၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။

    Ref: AA

  • တောင်ပိုင်းဒေသအား အာဏာနှင့် သံယဇာတခွဲပေးမည့် ဥပဒေကို ဖိလစ်ပိုင်သမ္မတ လက်မှတ်ထိုး

    တောင်ပိုင်းဒေသအား အာဏာနှင့် သံယဇာတခွဲပေးမည့် ဥပဒေကို ဖိလစ်ပိုင်သမ္မတ လက်မှတ်ထိုး

    ဇူလိုင် ၂၈၊ ၂၀၁၈
    M-Media

    ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေး

    – နိုင်ငံတောင်ပိုင်းမှာ မိုရိုလူမျိုးစုတွေကို အာဏာနဲ့ သယံဇာတ ခွဲဝေပေးမယ့် ဥပဒေမူကြမ်းတစ်ခုကို ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက သောကြာနေ့မှာ လက်မှတ်ရေးထိုးလိုက်ပြီး ရာစုနှစ်ဝက်နီးပါး ရှိနေတဲ့ တောင်ပိုင်းမတည်ငြိမ်မှု အဆုံးသတ်ရေး လမ်းစတစ်ခုလည်း ဖြစ်ပါတယ်။

    Bangsamoro organic law လို့ အမည်ပေးထားတဲ့ အဲဒီဥပဒေအရ နိုင်ငံတောင်ပိုင်းဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဒေသထွက် သယံဇာကို ဒေသခံပြည်သူတွေ ခံစားခွင့် ရရှိမှာဖြစ်သလို၊ ဗဟိုအစိုးရက ဒေသကို ပုံသေထောက်ပံ့မှုလည်း ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

    ဒီသသဘောတူညီချက် ရရှိဖို့အတွက် တောင်ပိုင်းက မိုရိုအစ္စလာမ့်လွတ်မြောက်ရေး တပ်ဦး MILF နဲ့ ဖိလစ်ပိုင် အစိုးရတို့ဟာ သမ္မတ ၄ ဆက်၊ နှစ်ပေါင်း ၂၀ ကျော်ကြာ ဆွေးနွေးခဲ့ရတာ ဖြစ်ပါတယ်။

    MILF ရဲ့ ဥက္ကဌ အလ် ဟဂ်ျ မူရဒ် အီဘရာဟင်က အခု လက်မှတ်ရေးထိုးလိုက်တဲ့ ဥပဒေကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်တဲ့အချိန်ကျရင် သူတို့ရဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုလုံးကို လက်နက်ဖြုတ်သိမ်းသွားမယ်လို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ MILF မှာ တပ်ဖွဲ့ဝင်ပေါင်း ၃ သောင်းကနေ၊ ၄ သောင်းအထိ ရှိတယ်လို့ ခန့်မှန်းရပါတယ်။

    နိုင်ငံတောင်ပိုင်းက အကြီးမားဆုံး စစ်စခန်း ၆ ခုကိုလည်း လူ့အဖွဲ့အစည်း ပြုစုပျိုးထောင်ရေးစင်တာတွေအဖြစ် အသွင်ပြောင်းထားပြီး လက်နက်ကိုင်တွေ သာမန်ဘ၀ ပြန်လည်ရရှိရေး အကူအညီပေးနေတယ်လို့လည်း မူရဒ်က ပြောပါတယ်။

    လူမျိုးစုငယ်ပေါင်း များစွာရှိပြီး တောင်ပိုင်းက ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ မိုရိုတွေဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး စပိန်ကိုလိုနီတွေရဲ့ စပိန်ဇာတ်သွင်းမှု၊ ခရစ်ယာန်ဇာတ်သွင်းမှုကို ကြံ့ကြံ့ခံ ကာကွယ်နိုင်ခဲ့တဲ့ ဖိလစ်ပိုင်က တစ်ခုတည်းသောမျိုးနွယ် ဖြစ်ပါတယ်။ မိုရိုတွေဟာ အရင်က သီးခြားနိုင်ငံတစ်ခုအဖြစ် ခွဲထွက်လိုခဲ့ပေမယ့် နောက်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့သာ ကျေနပ်ခဲ့ပါတယ်။

    ဥပဒေသစ်အရ တောင်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုအစိုးရဟာ နှစ်စဉ် ကန်ဒေါ်လာ ၁.၂ ဘီလီယံကနေ ၁.၃ ဘီလီယံအထိ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

    ဖိလစ်ပိုင်အစိုးရရဲ့ ဒီလုပ်ရပ်အတွက် အနောက်နိုင်ငံတွေက ချီးကျူးခဲ့ပြီး၊ ဖိလစ်ပိုင်တောင်ပိုင်းမှာ IS အကြမ်းဖက်သမားတွေ ခြေကုပ်ယူမှုကို ကာကွယ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    MILF တပ်ဖွဲ့တွေဟာ မာရာဝီမြို့ကို IS လက်ထဲကနေ ပြန်လည်ရယူနိုင်အောင် ဖိလစ်ပိုင်စစ်တပ်နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

    Ref: AFP

  • အာရပ်နေတိုးအဖွဲ့ ဖွဲ့စည်းကာ ဆွန်နီနှင့် ရှီအာကို တိုက်ပေးရန် အမေရိကန် စီစဉ်

    အာရပ်နေတိုးအဖွဲ့ ဖွဲ့စည်းကာ ဆွန်နီနှင့် ရှီအာကို တိုက်ပေးရန် အမေရိကန် စီစဉ်

    ဇူလိုင် ၂၈၊ ၂၀၁၈
    M-Media
    – အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ အီရန်ရဲ့ သြဇာချဲ့ထွင်မှုကို တန်ပြန်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စွန်နီနိုင်ငံ ၈ နိုင်ငံပေါင်းထားတဲ့ စစ်ရေး၊ နိုင်ငံရေး မာဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ အမေရိကန်က စီစဉ်နေပါတယ်။
    ပင်လယ်ကွေ့ ၆ နိုင်ငံနဲ့ အီဂျစ်၊ ဂျော်ဒန်တို့ ပါဝင်မယ့် အဲဒီအဖွဲ့ကို ‘အရှေ့အလယ်ပိုင်း မဟာဗျူဟာ မဟာမိတ်အဖွဲ့ (MESA)’ လို့ အမည်ပေးထားပြီး အောက်တိုဘာ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၀ါရှင်တန်မှာပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲမှာ ဒီအကြောင်း ဆွေးနွေးဖို့ ရှိနေပါတယ်။
    အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းက တာဝန်ရှိသူတွေကတော့ ဒီအဖွဲ့ကို ‘အာရပ်နေတိုး’ လို့ ခေါ်ဝေါ်သုံးနှုန်းနေကြပါတယ်။
    အိမ်ဖြူတော်ကလည်း ဒီသတင်းကို အတည်ပြုခဲ့ပြီး ဒီကိစ္စအတွက် အရှေ့အလယ်ပိုင်းက မိတ်ဖက်တွေနဲ့ ဆွေးနွေးနေတာ လချီနေပြီလို့ ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆော်ဒီကိုလာရောက်စဉ်မှာ ဆော်ဒီတာဝန်ရှိသူတွေက အိုက်ဒီယာပေးခဲ့တာ ဖြစ်ပါတယ်။
    အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကာင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MESA ဟာ အီရန်ရဲ့ ရန်လိုမှု၊ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒကို ကာကွယ်ဖို့ဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းမှာ တည်ငြိမ်မှုကို ဆောင်ကျဉ်းပေးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
    အရှေ့အလယ်ပိုင်းမှာ အာရပ်နိုင်ငံတွေကို စစ်ရေးမဟာမိတ်ဖွဲ့ပေးရေး အမေရိကန်ဟာ အရင်က ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။
    သမ္မတထရမ့် တက်လာကတည်းက အမေရိကန်နဲ့ အီရန်အကြား ဆက်ဆံရေးဟာ တင်းမာလာခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နှစ်နိုင်ငံခါင်းဆောင်တွေ အပြန်အလှန် ပုတ်ခတ်ပြောဆိုခဲ့ကြပါတယ်။
    Ref: Aljazeera