News @ M-Media
Blog
  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    ဇူလိုင် ၂၄၊ ၂၀၁၈
    M-Media
    ဂရိတွင်တောမီးလောင်မှု လူ ၅၀ ထက်မနည်း သေဆုံး
    ==========
    ဂရိနိုင်ငံ အေသင်မြို့တစ်ဝိုက်မှာ တောမီး အကြီးအကျယ်လောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ တောမီးဟာ မနေ့ညပိုင်းက စတင်လောင်ကျွမ်းတာဖြစ်ပြီး အိုးအိမ်ပျက်ဆီးမှုတွေ ရှိခဲ့သလို၊ မီးကြောင့် ပို့ဆောင်ဆက်သွယ်ရေးလိုင်းတွေလည်း ပိတ်ပစ်ခဲ့ရပါတယ်။ ထောင်နဲ့ချီတဲ့လူတွေလည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဒဏ်ရာရသူက ၁၅၀ ကျော် ရှိလာပါတယ်။
    ဒုံးကျည်ထုတ်လုပ်ရာ အဓိကအဆောက်အဦးများ မြောက်ကိုရီးယားဖျက်သိမ်း
    ==============
    မြောက်ကိုရီးယားဟာ ဒုံးကျည်တွေအတွက် အင်ဂျင်ထုတ်လုပ်တဲ့နေရာက အဓိကအဆောက်အဦးတွေကို ဖြိုဖျက်နေတယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး 38 North အဖွဲ့က ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သူ့အနေနဲ့ နျူလုပ်ငန်းကို အပြီးတိုင်ဖျက်သိမ်းမယ်လို့ ဇွန်လက ထရမ့်နဲ့တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။ 38 North အဖွဲ့က အခုလုပ်ရပ်ဟာ မြောက်ကိုရီးယားအပေါ် ယုံကြည်စိတ်ချလို့ရတယ်ဆိုတာကို ပြသနေတယ်လို့ ဆိုပါတယ်။
    မူးယစ်နှိမ်နှင်းရေးကို ဒူတာတေးဆက်လုပ်မည်
    ==============
    ပြည်တွင်းပြည်ပက ဝေဖန်မှုတွေ ရှိနေပေမယ့် မူးယစ်နှိမ်နှင်းရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မနေ့က လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။ သူအာဏာရစဉ် လွန်ခဲ့တဲ့ ၂ နှစ်က စတင်ခဲ့တဲ့ အဲဒီ မူးယစ်တိုက်ဖျက်ရေးအတွင်း လူထောင်ချီ သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေဟာ တရားလက်လွတ် သတ်ဖြတ်မှုတွေ ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။ ဒူတာတေးက အဲဒီအဖွဲ့တွေဟာ လူ့အခွင့်အရေးကို စိုးရိမ်ပေမယ့် သူကတော့ လူ့ အသက်တွေကို ပိုစိုးရိမ်တယ်လို့ ဆိုပါတယ်။
    Ref: Aljazeera, CNA
  • အမေရိကန်နှင့် အီရန်ခေါင်းဆောင်များ အပြန်အလှန်ပုတ်ခတ်ပြောဆိုပြီး တင်းမာမှုမြင့်တက်
    အမေရိကန်နှင့် အီရန်ခေါင်းဆောင်များ အပြန်အလှန်ပုတ်ခတ်ပြောဆိုပြီး တင်းမာမှုမြင့်တက်
    ဇူလိုင် ၂၃၊ ၂၀၁၈
    M-Media
    – ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အီရန်ခေါင်းဆောင်တွေက အမေရိကန်အပေါ် ဝေဖန်ပြောဆိုမှုနောက်ပိုင်းမှာ အမေရိကန်နဲ့ အီရန်ခေါင်းဆောင်တွေအကြား အပြန်အလှန် ပုတ်ခတ်ပြောဆိုမှုတွေ မြင့်တက်လာပါတယ်။
    အီရန်သမ္မတ ရူဟာနီက အမေရိကန်အနေနဲ့ အီရန်ကို စစ်တိုက်မယ်ဆိုရင် အမှားကြီးမှားမှာဖြစ်ပြီး မရေမတွက်နိုင်တဲ့ စစ်ပွဲများစွာ ဖြစ်သွားမယ်လို့ မနေ့က အီရန်သံတမန်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
    ထရမ့်က အဲဒီစကားကို မနေ့ညပိုင်းမှာ Twitter စာမျက်နှာကနေ တုန့်ပြန်ခဲ့ပါတယ်။
    “အမေရိကန်ကို ဘယ်တော့မှ မခြိမ်းခြောက်ပါနဲ့။ သမိုင်းမှာ ဘယ်သူမှ မခံစားရဖူးတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ကြုံတွေ့သွားရလိမ့်မယ်။ ကျုပ်တို့ဟာ ခင်ဗျားတို့ရဲ့ အကြမ်းဖက်ဖို့၊ သတ်ဖြတ်ဖို့ စကားတွေကို ငြိမ်ခံနေမယ့်တိုင်းပြည်မျိုး မဟုတ်တော့ဘူး။ သတိထားနေပါ”
    ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်က မေလ ၈ ရက်နေ့မှာ ကြေငြာပြီးနောက်ပိုင်း အီရန်နဲ့ အမေရိကန်အကြား တင်းမာမှု မြင့်တက်လာတာဖြစ်ပါတယ်။
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွပ်ပီယိုနဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန် ဘောလ်တန်တို့ဟာ အဲဒီကတည်းက အီရန်အပါ် ရန်လိုတဲ့စကားတွေ ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။
    မနေ့က ကယ်လီဖိုးနီးယားပြည်နယ် ဆီမီးဗာလီမှာ အမေရိကန်-အီရန် လူ့အဖွဲ့အစည်းနဲ့ တွေနဲ့ တွေ့ဆုံစဉ်အတွင်း ပွမ်ပီယိုက အီရန်အာသာရေးခေါင်းဆောင်တွေဟာ ကြောင်သူတော်တွေဖြစ်ကြောင်း၊ ပြည်သူ့ပိုက်ဆံတွေကို အိတ်ထဲထည့်နေကြောင်း ဝေဖန်ခဲ့ပါတယ်။
    အီရန်ပြည်သူတွေသာ တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ်တင်ပေးဖို့ ဆုံးဖြတ်မယ်ဆိုရင် အမေရိကန်က ပံ့ပိုးပေးမယ်လို့လည်း ပွမ်ပီယိုက ပြောကြားခဲ့ပါတယ်။
    စနေနေ့မှာ အီရန်အဓိပတိ အယာတိုလာခါမေနီက အမေရိကန်ကို ယုံစားမိတာ မှားသွားကြောင်း၊ အမေရိကန်ရဲ့ ကတိက၀တ်တွေက အသုံးမ၀င်တော့ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • ၀ိုင်းရိုက်ခံရသူကို ဆေးရုံမပို့ဘဲ ရဲများ လက်ဖက်ရည်သောက်နေသည့်ကိစ္စ အိန္ဒိယ စုံစမ်းမည်
    ဇူလိုင် ၂၃၊ ၂၀၁၈
    M-Media
    – ရာဂျစ္စတန်ပြည်နယ်မှာ လူအုပ်စုရဲ့ ရိုက်နှံခံထားရသူကို ရဲတပ်ဖွဲ့က ဆေးရုံမပို့ဘဲ ပစ်ထားကာ လက်ဖက်ရည်သောက်နေတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ကြေငြာလိုက်ပါတယ်။
    အလ်ဝါရ်ခရိုင်မှာ အသက် ၂၈ နှစ်အရွယ် အက္ကဘာရ်ခန်းဆိုသူဟာ သောကြာနေ့က နွားတွေကို တင်ဆောင်လာတဲ့ကားကို မောင်းလာစဉ် ဟိန္ဒူ နွားချစ်သူများအဖွဲ့ရဲ့ ၀ိုင်းဝန်းရိုက်နှက်ခံရမှုကြောင့် ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။
    ဒီကိစ္စကြောင့် ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာတဲ့အချိန် အိန္ဒိယမီဒီယာတွေက ရဲတပ်ဖွဲ့ဟာ သွေးအိုင်ထဲလဲနေတဲ့ အက္ကဘာရ်ခန်းကို ဆေးရုံမပို့ဘဲ လက်ဖက်ရည်သောက်နေကြောင်း၊ အဲဒီနောက်ပိုင်းမှာလည်း နွားတွေကို ဆေးရုံထက် ပိုဝေးတဲ့ တင်းကုပ်ကို အရင်ယူဆောင်သွားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
    “ဒေသခံရဲတွေရဲ့ ကနဦးတုန့်ပြန်မှုနဲ့ပတ်သက်ပြီး သံသယဖြစ်စရာတွေ ရှိနေပါတယ်။ နှောင့်နှေးကြန့်ကြာမှုနဲ့ အခြား ဆက်စက်ကိစ္စတွေကို စစ်ဆေးဖို့အတွက် အဖွဲ့တစ်ခု ဖွဲ့စည်းပြီးပါပြီ” လို့ ရာဂျစ္စတန်ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ အိုပီ ဂါလိုထရာက ပြောကြားခဲ့ပါတယ်။
    ဟိန္ဒူဘာသာမှာ နွားကို အမြတ်တနိုးထားပြီး ဟိန္ဒူနွားချစ်သူများအဖွဲ့ဟာ အခုနှစ်ပိုင်းအတွင်းမှာ အမဲသားလုပ်ငန်းလုပ်တဲ့ မွတ်စလင်တွေ၊ ဟိန္ဒူဇာတ်နိမ့်တွေကို အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေ လုပ်ခဲ့ပါတယ်။
    သောကြာနေ့ကကိစ္စအတွက် သံသယရှိသူ ၂ ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
    အိန္ဒိယမှာ အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုဟာ အခုနောက်ပိုင်းမှာ အဖြစ်များလာပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကလေးသူခိုးကောလဟာလကြောင့် နိုင်ငံပေါင်း လူ ၂၀ ကျော် ရိုက်နှက်သတ်ဖြတ်ခံခဲ့ရပါတယ်။
    Ref: Alarabiya
  • မြန်မာနိုင်ငံမှသယ်လာသည့် မူးယစ်ဆေးဝါးများကို ထိုင်းတွင် ဖမ်းမိ
    မြန်မာနိုင်ငံမှသယ်လာသည့် မူးယစ်ဆေးဝါးများကို ထိုင်းတွင် ဖမ်းမိ
    ဇူလိုင် ၂၃၊ ၂၀၁၈
    M-Media
    ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများ
    – မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို ခိုးသွင်းဖို့ စီစဉ်နေတဲ့ အိုက်စ်နဲ့ ဘိန်းဖြူ စုစုပေါင်း ကီလီု ၅၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်း မူးယစ်ဆေးဝါး တိုက်တိုက်ဖျက်ရေး ဗျူရိုက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    ကြာသာပတေးနေ့နဲ့ သောကြာနေ့တွေမှာ ဟတ်ယိုင်၊ ချမ်ပွန်နဲ့ နာခွန်ဆီသာမာရတ်တို့မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း လူ ၆ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အိုက်စ်က ၄၀၀ ကီလိုဂရမ်၊ ဘိန်းဖြူက ၇၇ ကီလိုဂရမ် ရှိပါတယ်။
    NSB ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အဲဒီ မူးယစ်ဆေးတွေဟာ မလေးရှားဘက်ကို ပို့ဆောင်မယ်လို့ ယူဆရပြီး ပီဗီစီပိုက်တွေထဲမှာ ၀ှက်ထားတဲ့ အဲဒီမူးယစ်ဆေးတွေကို လော်ရီကားနဲ့ တင်ဆောင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
    လော်ရီကားကို တားဆီးရှာဖွေမှုအတွင်း ကားသမားတစ်ဦးတည်းကိုသာ ဖမ်းဆီးမိခဲ့ပြီး၊ ချမ်ပွမ်မှာ ၃ ဦး၊ နာခွန်ဆီသာမာရတ်မှာ ၂ ဦး ထပ်မိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိသူတွေအားလုံးဟာ အသက် ၂၇ နှစ်ကနေ ၅၃ နှစ်ကြား ရှိပြီး အမျိုးသမီးတစ်ဦး ပါဝင်ပါတယ်။
    NSB ရဲ့ တောင်ပိုင်းတာဝန်ရှိသူ ကီတီ ဆာပါအိုသွန်က လော်ရီကားဟာ ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝပ်ပြည်နယ်က တက္ကဘိုင်မြို့ကို သွားရောက်နေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တက္ကဘိုင်ဟာ ထိုင်း-မလေးရှားနယ်စပ်က နယ်စပ်မြို့ ဖြစ်ပါတယ်။
    “NSB ရဲ့ စုံစမ်းစစ်ဆေးမှုအရ သံသယရှိသူတွေဟာ တက္ကဘိုင်ကို အရင်ကလည်း အကြိမ်ပေါင်းများစွာ မူးယစ်ဆေးပို့ဖူးတယ်ဆိုတာ သိရပါတယ်” လို့ ကီတီက ပြောပါတယ်။
    NBS ဟာ ပါသွန်သာနီနဲ့ အူဒွန်သာနီပြည်နယ်တွေက အစောပိုင်း စစ်ဆင်ရေးတွေမှာလည်း ယာဘဆေးပြား ၁၀ သန်းနီးပါးနဲ့ ဆေးခြောက် ၇၀၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
    ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ ခန့်မှန်းတန်ဖိုးဟာ ထိုင်းဘတ် ဘီလီယံ ၄၅၀ (ကန်ဒေါ်လာ ၁၃.၅ ဘီလီယံ) ရှိတယ်လို့ ဆိုပါတယ်။
    Ref: CNA