News @ M-Media
Blog
  • ပါလက်စတိုင်းသိပ္ပံပညာရှင်နှစ်ဦး အလ်ဂျီးရီးယားတွင် အသတ်ခံရ
    ပါလက်စတိုင်းသိပ္ပံပညာရှင်နှစ်ဦး အလ်ဂျီးရီးယားတွင် အသတ်ခံရ
    ဇူလိုင် ၂၃၊ ၂၀၁၈
    M-Media
    ဆူလီမန် အလ်-ဖာရာ (၀ဲ) နှင့် မိုဟာမက် အလ်ဘာနာ (ယာ)
    – အလ်ဂျီးရီးယားနိုင်ငံမှာနေထိုင်တဲ့ ပါလက်စတိုင်းသိပ္ပံပညာရှင်နှစ်ဦးကို သူတို့နေအိမ်မှာ သေဆုံးလျက်တွေ့ရပြီး ပါလက်စတိုင်းကတော့ ဒါဟာ လုပ်ကြံမှုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
    သေဆုံးသွားသူတွေဟာ အသက် ၃၄ နှစ်အရွယ် ဆူလီမန် အလ်-ဖာရာနဲ့ မိုဟာမက် အလ်ဘာနာတို့ဖြစ်ပြီး ဂါဇာကမ်းမြှောင် ခန်ယူနစ်မြို့က ဖြစ်ပါတယ်။
    မြို့တော်အလ်ဂျီရာစ်က သူတို့ရဲ့နေအိမ်အခန်းအထဲမှာ မနေ့က သေဆုံးလျက် တွေ့ခဲ့ရတာဖြစ်ပြီး ကနဦးစစ်ဆေးချက်တွေအရ သူတို့ဟာ အဆိပ်ဓာတ်ငွေ့၊ ဒါ့မှမဟုတ် လျှပ်စစ်ရှော့က ထွက်လာတဲ့ မီးခိုးငွေ့တွေကို ရှုရှိုက်မိလို့ သေဆုံးရတယ်လို့ ဆိုပါတယ်။
    ပါလက်စတိုင်းသတင်းဌာနတွေကတော့ ဒီပညာရှင်နှစ်ဦးဟာ လုပ်ကြံခံလိုက်ရတာဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက သေဆုံးနေပြီး တနင်္ဂနွေနေ့ကမှ အိမ်နီးချင်းတွေက ဓာတ်ငွေ့အနံ့ကြောင့် သိရှိခဲ့တာဖြစ်ကြောင်း ဖော်ပြကြပါတယ်။
    အလောင်းတစ်ခုကို တံခါးနားမှာတွေ့ရပြီး နောက်တစ်ခုကို အိပ်ယာထဲမှာ တွေ့ခဲ့ရတယ်လို့ အလ်ဂျီးရီးယား ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ်တွေအတွင်း ကမ္ဘာတစ်ဝှမ်းက ပါလက်စတိုင်း သိပ္ပံပညာရှင် တော်တော်များများဟာ သတ်ဖြတ်ခံခဲ့ရပြီး အများစုဟာ အစ္စရေးထောက်လှမ်းရေးအဖွဲ့ မိုဆာ့ဒ်က ပြုလုပ်တာလို့ ပြောဆိုမှုတွေ ရှိပါတယ်။
    ဧပြီလတုန်းကလည်း မလေးရှားမှာနေထိုင်တဲ့ ပါလက်စတိုင်းပညာရှင် ဖာဒီ မိုဟာမက် အလ်-ဘက်ရှ်ဟာ သေနတ်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရပြီး ဟားမက်စ်အဖွဲ့က ဒါဟာ အစ္စရေးလက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။
    ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တုန်းက တူနီးရှားနိုင်ငံမြောက်ပိုင်း ဆက်စ်မြို့မှာ ပါလက်စတိုင်း ဒရုန်းပညာရှင် မိုဟာမက် အလ်-ဇာဝါရီဟာ ကားအတွင်းမှာ သေနတ်သမားတွေရဲ့ လုပ်ကြံမှုကို ခံခဲ့ရပါတယ်။
    Ref: Press TV
  • လူမျိုးရေးခွဲခြားမှုကြောင့် လက်ရွေးစင်အသင်းမှ အနားယူပြီဟု အိုဇေးလ်ကြေငြာ
    လူမျိုးရေးခွဲခြားမှုကြောင့် လက်ရွေးစင်အသင်းမှ အနားယူပြီဟု အိုဇေးလ်ကြေငြာ
    ဇူလိုင် ၂၃၊ ၂၀၁၈
    M-Media
    – လူမျိုးရေးခွဲခြားစော်ကားမှုတွေ မလေးစားမှုတွေကြောင့် နိုင်ငံလက်ရွေးစင်ကစားသမားဘ၀ကနေ အနားယူလိုက်ပြီလို့ ဂျာမနီကွင်းလယ်ကစားသမား မီဆုအိုဇေးလ်က မနေ့မှာ Twitter စာမျက်နှာကနေတစ်ဆင့် ကြေငြာလိုက်ပါတယ်။
    အသက် ၂၉ နှစ်အရွယ် အိုဇေးလ်ဟာ တူရကီနွယ်ဖွားဖြစ်ပြီး ဂျာမနီမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပါတယ်။
    ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းဟာ အခုနှစ်ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်က ထွက်ခွာခဲ့ရပါတယ်။ အိုဇေးလ်က သူ့ရဲ့လူမျိုး၊ မေလအတွင်းက တူရကီသမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံမှုတွေကြောင့် ဂျာမနီအသင်း ကျရှုံးမှုမှာ သူ့ကို ဓားစားခံအဖြစ် ၀ိုင်းပြီးအပြစ်တင်နေကြတယ်လို့ ခံစားနေရပါတယ်။
    “လတ်တလောအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး သေသေချာချာ စဉ်းစားသုံးသပ်ပြီး ဂျာမနီလက်ရွေးစင်အသင်းမှာ ဆက်မကစားတော့ဘူးလို့ ရင်နာနာနဲ့ ဆုံးဖြတ်လိုက်ပါတယ်။ လူမျိုးရေးခွဲခြားမှု၊ မလေးစားမှုတွေကြောင့် ဒီလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ DFB (ဂျာမနီဘောလုံးအဖွဲ့ချုပ်)နဲ့ အခြားသူတွေက ကျွန်တော့်ကို ဂျာမနီအသင်းဂျာဆီ နောက်ထပ်မ၀တ်တော့အောင် လုပ်လိုက်ကြတာပါ”
    “လူမျိုးရေးခွဲခြားစိတ်ရှိတဲ့သူတွေကို ကပြားကစားသမားတွေရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဘောလုံးအဖွဲ့ချုပ်မှာ အလုပ်လုပ်ခွင့် မပြုသင့်ပါဘူး။ သူတို့ရဲ့ လုပ်ရပ်တွေက သူတို့ကိုယ်စားပြုရမယ့် ကစားသမားတွေကို ရောင်ပြန်မဟပ်ပါဘူး”
    ဂျာမနီအသင်းရဲ့ ကမ္ဘာ့ဖလားကျရှုံးမှုအတွက် တစ်သင်းလုံးထက် ဂျာမန်မီဒီယာတွေက သူ့ကိုပဲ အကြိမ်ကြိမ် ပြစ်တင်ပြောဆိုတာကို လက်မခံနိုင်ဘူးလို့လည်း အိုဇေးလ်က ပြောကြားခဲ့ပါတယ်။
    “အသင်းနိုင်ရင် ကျွန်တော့်ကို ဂျာမန်လို့ ပြောကြတယ်။ အသင်းရှုံးရင်တော့ ကျွန်တော်ဟာ ခိုးဝင်ဖြစ်သွားပါတယ်။ ဂျာမနီနိုင်ငံသားတစ်ယောက်ဖြစ်ဖို့အတွက် ကျွန်တော့်မှာ စံချိန်မမှီတာ ဘာများရှိလို့လဲ။ ဂျွန်တော့်သူငယ်ချင်းတွေဖြစ်တဲ့ ပိုဒေါစကီးနဲ့ ကလိုဆေးတို့ဟာ ဂျာမနီ-ပိုလန်တွေလို့ ခွဲခြားမခံရဘူး။ ဒါဆို့ ဘာ့ကြောင့် ကျွန်တော်ကျတော့ ဂျာမနီ-တူရကီဆိုပြီး ခွဲခြားတာလဲ။ တူရကီဖြစ်နေလို့လား၊ ဒါမှမဟုတ် မွတ်စလင်ဖြစ်နေလို့လား”
    အိုဇေးလ်ဟာ ၂၀၀၉ ခုနှစ်ကတည်းကစလို့ ဂျာမနီအသင်းအတွက် ၉၂ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားရ ဂျာမနီအသင်းရဲ့ အဓိကကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
    “အသင်းအတွက် အမြဲတမ်း အစွန်းကုန် ပေးဆပ်ခဲ့တာကြောင့် ဒီလိုဆုံးဖြတ်ချက်မျိုးချရတာ တော်တော် မလွယ်ကူပါဘူး။ ဒါပေမယ့် DFB က ထိပ်တန်းတာဝန်ရှိသူတွေကတောင် ကျွန်တော့်ရဲ့ တူရကီသွေးပါမှုကို မလေးမစားလုပ်ကြတာ၊ နိုင်ငံရေးကစားပွဲမှာ ကျွန်တော့်ကို ကြားညပ်အောင်လုပ်တာတွေ ရှိပါတယ်”
    “ကျွန်တော်ဘောလုံးကစားတာ နိုင်ငံရေးကြောင့်မဟုတ်ပါဘူး။ ကျွန်တော် ဘာမှမတုန့်ပြန်ဘဲနေမှာ မဟုတ်ပါဘူး။ လူမျိုးရေးခွဲခြားမှုကို ဘယ်တော့မှ ကျွန်တော် လက်မခံပါဘူး”
    မေလအတွင်းက အိုဇေးလ်နဲ့ အသင်းဖော် အီလ်ကေ ဂန်ဒိုဂန်တို့ဟာ တူရကီသမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံမှုအတွက် ဝေဖန်ခံခဲ့ရပြီး ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲမှာ ပရိတ်သတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။
    အိုဇေးလ်ကတော့ သူ့အနေနဲ့ အာဒိုဂန်နဲ့ မတွေ့ရင်တောင်မှ တူရကီသွေးပါမှုအတွက် မလေးမစား အလုပ်ခံရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “အာဒိုဂန်နဲ့ ဓာတ်ပုံရိုက်တာဟာ နိုင်ငံရေးအတွက်လည်းမဟုတ်သလို၊ ရွေးကောက်ပွဲအတွက်လည်း မဟုတ်ပါဘူး။ ကျွန်တော့်မိသားစုနဲ့နွယ်နေတဲ့ တိုင်းပြည်ခေါင်းဆောင်ကို လေးစားသမှုပြုရုံ သက်သက်ပါ”
    သူ့အနေနဲ့ တူရကီ၊ ဂျာမနီ မျိုးရိုးနှစ်ခုစလုံးအပေါ်မှာ သစ္စာစောင့်သိတယ်လို့လည်း ဆိုပါတယ်။
    “တစ်ခြားလူတော်တော်များများလိုပဲ ကျွန်တော့်မျိုးရိုးဟာ နိုင်ငံတစ်ခုထက် ပိုနေတယ်။ ဂျာမနီမှာ မွေးဖွားကြီးပြင်းခဲ့ပေမယ့် မိသားစုက တူရကီအနွယ်ဖြစ်တယ်။ ကျွန်တော့်နှလုံးသားကို နှစ်ပိုင်းခွဲထားပြီး တစ်ခုက ဂျာမနီ၊ တစ်ခုက တူရကီအတွက်ပါ”
    ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ဖြစ်ခဲ့တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း အာဒိုဂန်အစိုးရရဲ့ သံသယရှိသူတွေကို နှိမ်နှင်းမှုကြောင့် ဂျာမနီနဲ့ တူရကီအကြားမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး တူရကီနွယ်ဖွား တော်တော်များများရှိတဲ့ ဂျာမနီနိုင်ငံမှာလည်း တူရကီဆန့်ကျင်ရေးသဘောထားတွေ မြင့်တက်လာပါတယ်။
    Ref: Aljazeera
  • တနင်္လာနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ
    တနင်္လာနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ
    ဇူလိုင် ၂၃၊ ၂၀၁၈
    M-Media
    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့
    ကဘူးလ်လေဆိပ်တွင် အသေခံဗုံးခွဲမှုဖြစ်
    ================
    နိုင်ငံခြားမှာခိုလှုံနေတဲ့ အာဖဂန်နစ္စတန်ဒုတိယသမ္မတ ရာရှစ် ဒို့စ်တန် မနေ့က ကဘူးလ်လေဆိပ်ကနေ ထွက်ခွာပြီး မိနစ်ပိုင်းအကြာမှာပဲ လေဆိပ်အဓိက၀င်ပေါက်အနီးမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ပါတယ်။ ဒို့စ်တန်ကို လာရောက်ဝန်းရံသူတွေနားမှာ ပေါက်ကွဲမှု ဖြစ်တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တစ်ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ ဒို့စ်တန်ဟာ အာဖဂန်မှာ လူအခွင့်အရေး ချိုးဖောက်မှုတွေ
    တော်တော်များများ လုပ်ခဲ့တယ်လို့ စွပ်စွဲမှုတွေလည်း ရှိပါတယ်။
    ပြည်သူများအား မတရားဖမ်းနိုင်မည့် ဥပဒေကို မလေးရှား ပယ်ဖျက်မည်
    ===================
    ဗီယက်နမ်ရေကြီးမှု သေဆုံးသူ ၁၉ ဦးအထိရှိလာ
    =================
    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗီယက်နမ်နိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၉ ဦးအထိရှိလာပြီလို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ နှစ်စဉ်လိုလို မုန်တိုင်းတွေ၊ မိုးကြီးမှုတွေနဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်။ လတ်တလောအဖြစ်အပျက်ကြောင့် သေဆုံးသူတွေဟာ မြင့်တက်လာနိုင်ပြီး အာဏာပိုင်တွေကလည်း တစ်ချို့နေရာတွေမှာ ဘေးလွတ်ရာကိုပြောင်းရွှေ့ဖို့ သတိပေးထားပါ
    တယ်။
    အကြမ်းဖက်ထောက်ပံ့သူများကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန်မည်ဟု အီရန်ပြော
    ==================
    အကြမ်းဖက်သမားတွေကို ထောက်ပံ့တဲ့ ဘယ်သူမဆို မိမိတို့တပ်ဖွဲ့ရဲ့ ပြင်းထန်တဲ့ လက်တုန့်ပြန်မှုကို ခံရလိမ့်မယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဗိုလ်မှူးချုပ် ရာမဇန်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း အီရတ်နဲ့ကပ်နေတဲ့နယ်စပ်မှာ သေနတ်သမားတွေရဲ့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေးအစောင့်တပ်က တပ်သား အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ပြီး တော်တော်များများ ဒဏ်ရာရခဲ့ပါတယ်။ ရာမီဇန်က နိုင်ငံအတွင်း ၀င်ရောက်ဖို့ ကြိုးစားလာတဲ့ အကြမ်းဖက်သမားတွေကို အီရန်နယ်ခြားစောင့်တပ်ဖွဲ့တွေ၊ ပြည်သူတွေရဲ့ အကူအညီနဲ့ ဖော်ထုတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
    Ref : Aljazeera, CNA, Press TV
  • မိမိတို့ကိုစစ်တိုက်လျှင် နောင်တရမည်ဟု အမေရိကန်ကို အီရန် သတိပေး
    မိမိတို့ကိုစစ်တိုက်လျှင် နောင်တရမည်ဟု အမေရိကန်ကို အီရန် သတိပေး
    ဇူလိုင် ၂၂၊ ၂၀၁၈
    M-Media
    အီရန်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှု မြင်ကွင်း
    – အီရန်ကို စစ်လာတိုက်မယ်ဆိုရင် နောင်တအကြီးအကျယ် ရလိမ့်မယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက အမေရိကန်ကို သတိပေးလိုက်ပါတယ်။
    “ကျားမြီးကို လာမဆွဲပါနဲ့။ နောင်တဆိုတာ နောင်မှရတာမျိုးပါ။ အီရန်နဲ့ ငြိမ်ချမ်းရေးဟာ ငြိမ်းချမ်းရေးအားလုံးရဲ့ မိခင်ဖြစ်ပြီး၊ အီရန်နဲ့စစ်ပွဲဟာ စစ်ပွဲအားလုံးရဲ့မိခင် ဖြစ်လာမယ်ဆိုတာ အမေရိကန်က နားလည်ထားဖို့ လိုပါတယ်” လို့ ရူဟာနီက ဒီကနေ့ အီရန်သံအမတ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
    အီရန်ဟာ အမေရိကန်ဆီက ထပ်လာမယ့် ခြိမ်းခြောက်တွေကို စည်းစည်းလုံးလုံး ရင်ဆိုင်သွားမှာဖြစ်ပြီး၊ အမေရိကန်အပေါ် အီရန်က သေချာပေါက်အနိုင်ရလိမ့်မယ်လို့လည်း ရူဟာနီက ဆိုပါတယ်။
    ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်ရဲ့ မေလအတွင်း ကြေငြာမှုနောက်ပိုင်း အီရန်နဲ့ အမေရိကန်တို့ရဲ့ တင်းမာမှုတွေဟာ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။
    အီရန်အဓိပတိ အယာတိုလာ ခါမေနီကလည်း အမေရိကန်ကို ယုံစားမိတာ မှားယွင်းကြောင်း၊ အမေရိကန်နဲ့ဆွေးနွေးမှုဟာ အလုပ်မဖြစ်တော့ကြောင့် စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
    Ref: RT
  • ဆော်ဒီတွင် ပထမဆုံး စမတ်ဆေးဌာန ဖွင့်လှစ်
    ဆော်ဒီတွင် ပထမဆုံး စမတ်ဆေးဌာန ဖွင့်လှစ်
    ဇူလိုင် ၂၂၊ ၂၀၁၈
    M-Media
    – အလိုအလျောက် စက်ပစ္စည်းတွေနဲ့သာလည်ပတ်မယ့် တိုင်းပြည်ရဲ့ ပထမဆုံး စမတ် ဆေးဝါးဌာနကို ဆော်ဒီအာရဗျက အခုသီတင်းပတ်အတွင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။
    တဘူက်ဒေသက King Fahd Specialist Hospital ဆေးရုံမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဲဒီဌာနဟာ တစ်နာရီကို ဆေးဝါးအထုပ်ပေါင်း ၁၅၀၀ ထုတ်လုပ်ပေးနိုင်ပါတယ်။ ဆေးပါကင်ပေါင်း ၂ သောင်းကျော်ကို သိမ်းဆည်းထားနိုင်ပြီး ရက်လွန်ဆေးဝါးတွေကို ဖယ်ရှားတာ၊ တစ်နာရီကို လူ ၂၄၀ လောက်အထိ ဆေးဝါးတွေ ထုတ်ပေးတာတွေကို လုပ်ဆောင်နိုင်ပါတယ်။
    အလိုအလျောက်စနစ်တွေ အသုံးပြုထားတာကြောင့် ဒီစမတ်ဆေးဌာနဟာ လူနာတွေ၊ ဆရာဝန်တွေရဲ့ အချိန်ကို ချွေတာနိုင်မှာဖြစ်ပြီး ဆေးဝါးတွေကို ပိုမိုစီမံခန့်ခွဲနိုင်ကာ၊ အမှားတွေကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
    ဌာနမှာ ကောင်တာ ၆ ခု ထည့်သွင်းပေးထားပြီး တစ်ခုက မသန်စွမ်းသူတွေအတွက် ဖြစ်ပါတယ်။
    အဲဒီစမတ်ဆေးဌာနကို ဖွင့်လှစ်ပေးခဲ့တဲ့ တဘူက်ဒေသ အုပ်ချုပ်ရေးမှူး မင်းသား ဖာဟဒ် ဘင် ဆူလ်တန်က ဒေသ ကျန်းမာရေးဌာနကို ချီးကျူးခဲ့ပြီး၊ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အထောက်အကူဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref : Arab News