News @ M-Media

Blog

  • ဆော်ဒီတွင် ပထမဆုံး စမတ်ဆေးဌာန ဖွင့်လှစ်

    ဆော်ဒီတွင် ပထမဆုံး စမတ်ဆေးဌာန ဖွင့်လှစ်

    ဇူလိုင် ၂၂၊ ၂၀၁၈
    M-Media

    – အလိုအလျောက် စက်ပစ္စည်းတွေနဲ့သာလည်ပတ်မယ့် တိုင်းပြည်ရဲ့ ပထမဆုံး စမတ် ဆေးဝါးဌာနကို ဆော်ဒီအာရဗျက အခုသီတင်းပတ်အတွင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။

    တဘူက်ဒေသက King Fahd Specialist Hospital ဆေးရုံမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဲဒီဌာနဟာ တစ်နာရီကို ဆေးဝါးအထုပ်ပေါင်း ၁၅၀၀ ထုတ်လုပ်ပေးနိုင်ပါတယ်။ ဆေးပါကင်ပေါင်း ၂ သောင်းကျော်ကို သိမ်းဆည်းထားနိုင်ပြီး ရက်လွန်ဆေးဝါးတွေကို ဖယ်ရှားတာ၊ တစ်နာရီကို လူ ၂၄၀ လောက်အထိ ဆေးဝါးတွေ ထုတ်ပေးတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

    အလိုအလျောက်စနစ်တွေ အသုံးပြုထားတာကြောင့် ဒီစမတ်ဆေးဌာနဟာ လူနာတွေ၊ ဆရာဝန်တွေရဲ့ အချိန်ကို ချွေတာနိုင်မှာဖြစ်ပြီး ဆေးဝါးတွေကို ပိုမိုစီမံခန့်ခွဲနိုင်ကာ၊ အမှားတွေကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

    ဌာနမှာ ကောင်တာ ၆ ခု ထည့်သွင်းပေးထားပြီး တစ်ခုက မသန်စွမ်းသူတွေအတွက် ဖြစ်ပါတယ်။

    အဲဒီစမတ်ဆေးဌာနကို ဖွင့်လှစ်ပေးခဲ့တဲ့ တဘူက်ဒေသ အုပ်ချုပ်ရေးမှူး မင်းသား ဖာဟဒ် ဘင် ဆူလ်တန်က ဒေသ ကျန်းမာရေးဌာနကို ချီးကျူးခဲ့ပြီး၊ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အထောက်အကူဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Arab News

  • ဂျပန်နိုင်ငံတွင် အပူလှိုင်းဖြတ်မှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံး

    ဂျပန်နိုင်ငံတွင် အပူလှိုင်းဖြတ်မှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံး

    ဇူလိုင် ၂၂၊ ၂၀၁၈
    M-Media

    – ဂျပန်နိုင်ငံမှာ အပူလှိုင်းဖြတ်သန်းမှုကြောင့် ဇူလိုင်လ ပထမ သီတင်း ၂ ပတ်မှာပဲ အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ၁၂၀၀၀ ကျော်လောက် ဆေးရုံတင်ခဲ့ရတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

    ဇူလိုင် ၂၂ ရက်နေ့ (ဒီကနေ့) မှာာ နိုင်ငံတစ်ဝှမ်း မြို့တော်တော်များများမှာ အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲလ်စီးယက်စ်အထိ ရှိနေပြီး၊ လတ်တလောမှာ အပူချိန်လျော့ဖို့ အလားအလာ မရှိသေးပါဘူး။

    စနေနေ့တစ်နေ့ထဲမှာပဲ အပူရှပ်မှုကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ပြီး အများစုက သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ သေဆုံးသူ ၃ ဦးသာ ရှိခဲ့ရာကနေ အခုတစ်ပတ်အတွင်းမှာ ၁၅ ဦးအထိ ဖြစ်လာတာပါ။

    အပူချိန်မြင့်တက်မှုကြောင့် ဆေးကုသမှု ခံယူရသူ အရေအတွက်ကလည်း အခုတစ်ပတ်အတွင်း ၉၉၀၀၀ ကျော်လာခဲ့ပြီး စုစုပေါင်း ၁၂၀၀၀ ကျော် ရှိလာပါတယ်။

    တိုကျိုမြို့မှာ မနေ့ကတစ်နေ့တည်းမှာပဲ လူနာတင်ယာဉ် စေလွှတ်ရမှုဟာ ၃၀၉၁ ကြိမ် ရှိခဲ့ပါတယ်။

    ဂျပန် မိုးလေ၀သ ဌာနကလည်း နိုင်ငံတစ်ဝှမ်းမှာ အပူချိန် ဆက်လက်မြင့်တက်မယ်လို့ သတိပေးထားပြီး ရေများများသောက်ဖို့၊ အရိပ်ထဲမှာနေထိုင်ဖို့ တိုက်တွန်းထားပါတယ်။

    ပညာရေးဝန်ကြီးဌာနကတော့ ကျောင်းတွေမှာ ပြင်ပလှုပ်ရှားမှုတွေ မလုပ်ဖို့ ညွှန်ကြားထားပါတယ်။

    Ref : CNA

  • ဧည့်သည်ကျန်ခဲ့သည့်ငွေသားကို ပြန်ပေးသော မြန်မာလုပ်သားကို ထိုင်းအာဏာပိုင်များ ချီးကျူး

    ဧည့်သည်ကျန်ခဲ့သည့်ငွေသားကို ပြန်ပေးသော မြန်မာလုပ်သားကို ထိုင်းအာဏာပိုင်များ ချီးကျူး

    ဇူလိုင် ၂၂၊ ၂၀၁၈
    M-Media

    ထိုင်းအာဏာပိုင်များက ဂုဏ်ပြုလက်မှတ် ချီးမြှင့်စဉ်

    – ဒက်ခ်ျဧည့်သည် ကျန်ရစ်ခဲ့တဲ့ ငွေသားတွေကို ပြန်ပေးခဲ့တဲ့ ကော့စမွီကျွန်းက မြန်မာသန့်ရှင်းရေးလုပ်သား အမျိုးသမီးတစ်ဦးကို အကျင့်စာရိတ္တကောင်းမွန်ကြောင်း ဂုဏ်ပြုသ၀ဏ်လွှာတစ်ခု ထိုင်းအာဏာပိုင်တွေက ချီးမြှင့်ခဲ့ပါတယ်။

    မဆွေလတ်မော်ဆိုတဲ့ အဲဒီ မြန်မာအမျိုးသမီးဟာ ချာဝန်ကျွန်း Ark Bar Beach Hotel ဟိုတယ်က သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး သူမရဲ့တာဝန်ချိန်အတွင်း သြဇီဒေါ်လာ ၁၁၀၀၀ (ဘတ် ၂ သိန်း ၈ သောင်း) ပါဝင်တဲ့ အထုပ်တစ်ထုပ်ကို တွေ့ရှိခဲ့တာပါ။

    သူမဟာ အဲဒီအထုပ်ကို ကောက်ယူကာ ဧည့်ကြိုကောင်တာကို သွားရောက်ပေးအပ်ခဲ့ပါတယ်။

    ရဲတပ်ဖွဲ့က စောင့်ကြည့်ကင်မရာမှတ်တမ်းတွေ ကြည့်ရှုမှုအရ အသက် ၃၁ နှစ်အရွယ် ဒက်ခ်ျလူမျိုး အလက်ဇန်ဒါး ဂျိုးဆက်ပ်ဟာ ဟိုတယ်လှေကားမှာ ဆေးလိပ်သောက်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ ငွေသားအထုပ်ကိုယူဖို့ မေ့သွားတာကို တွေ့ရှိခဲ့ရပါတယ်။

    ဟိုတယ်အထွေထွေမန်နေဂျာက အလက်ဇန်းဒါးကို ဆက်သွယ်ကာ ပိုက်ဆံအထုပ်ကို ပြန်ပေးခဲ့ပြီး သူက မဆွေလတ်မော်ကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ဒေါ်လာ ၁၀၀ ချီးမြှင့်ခဲ့ပါတယ်။

    ထိုင်းအာဏာပိုင်တွေကလည်း သူမကို အကျင့်ဇာရိတ္တကောင်းမွန်ကြောင်း အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခဲ့ပြီး ဆူရတ်ဌာနီပြည်နယ် အုပ်ချုပ်ရေးမှူး ၀ီချာဝွတ် ဂျင်တိုက ဆွေလတ်မော်ဟာ ကျွန်းရဲ့ပုံရိပ်ကို မြှင့်တင်ပေးခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။

    Ref: Bangkok Post

  • ဆီးရီးယားမှ White Helmets အဖွဲ့ဝင်များကို အစ္စရေးက ကယ်ထုတ်ပြီး ဂျော်ဒန်သို့ ပို့ဆောင်

    ဆီးရီးယားမှ White Helmets အဖွဲ့ဝင်များကို အစ္စရေးက ကယ်ထုတ်ပြီး ဂျော်ဒန်သို့ ပို့ဆောင်

    ဇူလိုင် ၂၂၊ ၂၀၁၈
    M-Media

    White Helmets အဖွဲ့ဝင်တစ်ဦး

    – ဆီးရီယားနိုင်ငံတောင်ပိုင်းမှာ အစိုးရတပ်တွေ နယ်မြေပြန်လည်သိမ်းပိုက်မှု ပိုမိုမြင့်တက်လာတာကြောင့် အကူအညီပေးရေးအဖွဲ့ White Helmets အဖွဲ့ဝင် ၈၀၀ လောက်ကို အစ္စရေးက ဂျော်ဒန်ကို ကယ်ထုတ်သွားခဲ့တယ်လို့ သိရပါတယ်။

    အစ္စရေးစစ်တပ်က သူတို့ဟာ အမေရိကန်နဲ့ အခြားသော ဥရောပနိုင်ငံတွေရဲ့ တောင်းဆိုမှုကြောင့် White Helmets အဖွဲ့ဝင်တွေနဲ့ သူတိုရဲ့ မိသားစုဝင်တွေကို ကယ်ထုတ်ပေးခဲ့ပြီး၊ ဂျော်ဒန်နိုင်ငံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒီကနေ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ကယ်ထုတ်ခဲ့သူအရေအတွက် ဘယ်လောက်ရှိလဲဆိုတာကို ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပေမယ့် ဂျော်ဒန်က သူတို့ဟာ White Helmets အဖွဲ့ဝင် ၈၀၀ လောက်ကို အစ္စရေးကနေ လက်ခံထားပြီး ယူကေ၊ ကနေဒါနဲ့ ဂျာမနီတို့ကို လွှဲပြောင်းပေးဖို့ စီစဉ်နေကြောင်း သတင်းထုန်ပြန်ပါတယ်။

    သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေနဲ့ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ၊ ပိတ်မိနေသူတွေကို စွမ်းစွမ်းတမံ ကယ်ထုတ်မှုကြောင့် White Helmets အဖွဲ့ဟာ ၂၀၁၂ ခုနှစ်ကတည်းက စတင် နာမည်ကျော်ကြားလာပါတယ်။

    လက်ရှိမှာ နိုင်ငံတောင်ပိုင်းကို ဆီးရီးယား အစိုးရတပ်ဖွဲ့တွေက ၉၀ ရာခိုင်နှုန်းလောက် ပြန်လည်သိမ်းပိုက်လာနိုင်ပြီး၊ သူပုန်တွေ၊ အာဆတ်အစိုးရလက်အောက်မှာ မနေချင်တဲ့သူတွေကို ဒေသကနေ ထွက်ခွာခွင့်လည်း ပေးနေပါတယ်။

    ကနေဒါကအစိုးရ တာဝန်ရှိသူတွေက သူတို့ဟာ White Helmets အဖွဲ့ဝင် ၅၀ လောက်နဲ့ သူတို့ရဲ့မိသားစုတွေကို လက်ခံသွားမယ်လို့ CBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် ကနေဒါဟာ အခုကယ်ထုတ်ထားတဲ့သူတွေထဲက ၂၅၀ လောက်ကို လက်ခံသွားမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဖိလစ်ပိုင်အစိုးရက နိုင်ငံတောင်ပိုင်းကို အာဏာနှင့် သယံဇာတ ခွဲဝေခံစားခွင့် ပြုတော့မည်

    ဖိလစ်ပိုင်အစိုးရက နိုင်ငံတောင်ပိုင်းကို အာဏာနှင့် သယံဇာတ ခွဲဝေခံစားခွင့် ပြုတော့မည်

    ဇူလိုင် ၂၂၊ ၂၀၁၈
    M-Media

    သမ္မတဒူတာတေးနှင့် MILF တာဝန်ရှိသူများ တွေ့ဆုံမှု

    – နိုင်ငံတောင်ပိုင်းက မိုရိုလူမျိုးတွေကို အုပ်ချုပ်ရေးအာဏာ၊ သံယဇာတတွေ မျှဝေခံစားခွင့်ပေးမယ့် ဥပဒေတစ်ခုကို ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက မနက်ဖြန်မှာ လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။

    Bangsamoro Organic Law လို့ အမည်ပေးထားတဲ့ အဲဒီဥပဒေအရ နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာမှာဖြစ်ပြီး လူပေါင်း ၁ သိန်းကျော်လောက် သေဆုံးခဲ့တဲ့ ဆယ်စုနှစ် ၅ ခုကြာ မိုရိုလူမျိုးတွေရဲ့ သူပုန်ထမှုလည်း အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

    တနင်္လာနေ့မှာ လက်မှတ်ရေးထိုးမယ့် ဥပဒေကို အခုနှစ်နှောင်းပိုင်းမှာ ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

    အဲဒီနောက်မှာတော့ မိုရိုလူမျိုးတွေဟာ မင်ဒါနာအိုပြည်နယ်မှာ ကိုယ်ပိုင်လွှတ်တော် တည်ထောင်ခွင့်ရမှာဖြစ်ပြီး ဒေသတွင်းက သယံဇာတတွေကို ကိုယ်တိုင်စီမံခန့်ခွဲခွင့်၊ အဲဒီ သယံဇာတကရရှိတဲ့ အကျိုးအမြတ်ကို ဒေသခံ ပြည်သူတွေ မျှဝေခံစားခွင့်တွေ ရလာမှာဖြစ်သလို ဗဟိုအစိုးရက ဒေသကို ပုံသေ ထောက်ပံ့မှုတွေလည်း လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

    ပြည်နယ်ရဲ့ တရားရေးစနစ်မှာ အစ္စလာမ့် ဓလေ့ထုံးတမ်းဥပဒေတွေ ထည့်သွင်းကျင့်သုံးခွင့်လည်း ဒေသခံတွေက ရရှိမှာ ဖြစ်ပါတယ်။

    အပြန်အလှန်အားဖြင့် မိုရိုလူမျိုးတွေလွတ်မြောက်ရေး လှုပ်ရှားခဲ့တဲ့ မိုရိုအစ္စလာမ့်လွတ်မြောက်ရေးတပ်ဦး (MILF) ဟာ ထောင်နဲ့ချီတဲ့ သူတို့ရဲ့စစ်တပ်ကို တစ်ဖြည်းဖြည်းချင်း ဖျက်သိမ်းပေးရမှာ ဖြစ်ပါတယ်။

    ဖိလစ်ပိုင်အစိုးရဟာ မိုရိုတွေတောင်းဆိုမှုရဲ့ ၈၅ ကနေ ၉၀ ရာခိုင်နှုန်းအထိသာ လိုက်လျောပေးခဲ့ပြီး MILF ခေါင်းဆောင်တွေကတော့ ဒါကို ကျေနပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပြည်ဝတဲ့ ဥပဒေမျိုး မဟုတ်ပေမယ့် ကောင်းမွန်တဲ့ စတင်ခြင်းမျိုးပါ။ ဘုရားသခင်အလိုတော်နဲ့ အခု ကျွန်တော်တို့ အစိုးရတစ်ရပ် ရှိလာပြီဆိုရင်တော့ ကျွန်တော်တို့ပြည်သူတွေရဲ့ဘ၀ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်” လို့ MILF ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဂါဇာလီ ဂျက်ဖာရ်က ပြောကြားခဲ့ပါတယ်။

    မျိုးနွယ်ခွဲပေါင်း အများအပြား ပါဝင်တဲ့ မိုရိုလူမျိုးစုဟာ လူဦးရေ ၁၀ သန်းကျော်လောက်ရှိပြီး ၁၆ ရာစုကနေ ၁၉ ရာစုအထိ ကြာမြင့်ခဲ့တဲ့ စပိန်ကိုလိုနီတွေရဲ့ ဖိလစ်ပိုင်နိုင်ငံကို စပိန်မှုပြုမှု၊ ခရစ်ယာန်မှုပြုမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ကာ ရှောင်ကွင်းနိုင်ခဲ့တဲ့ လူမျိုးစုတစ်ခု ဖြစ်ပါတယ်။

    မိုရိုတွေဟာ ၂၀ ရာစုအစပိုင်းက အမေရိကန်ရဲ့ ကိုလိုနီပြုမှုကိုလည်း ခုခံကာကွယ်နိုင်ခဲ့ပါတယ်။

    ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ခွဲခြားဆက်ဆံမှုကို ခံရတာကြောင့် ၁၉၇၀ ပြည့်နှစ်မှာ မိုရိုတွေဟာ MNLF အမည်နဲ့ ခွဲထွက်ရေး ကြိုးပမ်းခဲ့ကြပြီး ၁၉၇၆ ခုနှစ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပြဿနာပြေလည်ခဲ့ပါတယ်။

    ဒါပေမယ့် MNLF က သဘောထားကွဲသူတစ်ချို့ ခွဲထွက်ကာ MILF အဖွဲ့ကို တည်ထောင်ခဲ့ပြီး ဆက်လက် သူပုန်ထခဲ့ပါတယ် ၁၉၉၆ ခုနှစ် သမ္မတ ဖီဒဲလ်ရာမို့စ်ရဲ့လ်ကထက်မှာ ညှိနှိုင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

    ၂၀၀၁ ခုနှစ် သမ္မတ ဂလိုရီယာ အာရိုယိုလက်ထက်မှာ ညှိနှိုင်းဆွေးနွေးမှုကို ပြန်လည်စတင်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ်အောက်တိုဘာလမှာ သမ္မတအကွီနိုနဲ့ ငြိမ်းချမ်းရေးရခဲ့ကာ၊ ၂၀၁၄ ခုနှစ် မတ်လမှာ ပြည့်ဝတဲ့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    MILF ဟာ မာရာဝီမြို့ကို IS အကြမ်းဖက်သမားတွေလက်ထဲကနေ ပြန်လည်ရယူရေး ဖိလစ်ပိုင်စစ်တပ်နဲ့အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

    Ref: Aljazeera