News @ M-Media

Blog

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    ဇူလိုင် ၂၂၊ ၂၀၁၈
    M-Media

    တရုတ်သမ္မတရှီကျင့်ဖျင် ဆီနီဂေါသို့ ရောက်ရှိ
    ================
    တရုတ်သမ္မတ ရှီကျင့်ဖျင့်ဟာ သူ့ရဲ့ ၂ ရက်တာခရီးစဉ်အဖြစ် ဆီနီဂေါနိုင်ငံကို မနေ့မှာ ရောက်ရှိလာခဲ့ပြီး ဆီနီဂေါသမ္မတ မက်ကေ ဆာလ်က ကြိုဆိုခဲ့ပါတယ်။ ရှီဟာ ဒါကာမှာ တရုတ်ကဆောက်လုပ်ပေးထားတဲ့ နပန်းကွင်းကို ဖွင့်လှစ်ပေးမှာဖြစ်ပြီး သဘောတူစာချုပ်တွေလည်း ချုပ်ဖို့ရှိနေပါတယ်။ တရုတ်ဟာ အာဖရိကရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဆီနီဂေါကနေ တစ်ဆင့် ရ၀မ်ဒါ၊ တောင်အာဖရိကနဲ့ မော်ရေးရှက်စ်နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

    အီရတ်နယ်စပ်တွင် တိုက်ခိုက်မှုကြောင့် အီရန်စစ်သား ၁၀ ဦးထက်မနည်း သေဆုံး
    ===========
    အီရတ်နဲ့ကပ်နေတဲ့ နယ်စပ်မှာ သေနတ်သမားတွေရဲ့ မနေ့ကတိုက်ခိုက်မှုအတွင်း အီရန် တော်လှန်ရေးအစောင့်တပ်သား အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး၊ ကာ့ဒ်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ PJAK ရဲ့ လက်ချက်လို့ အီရန်က အပြစ်တင်ပါတယ်။ အီရန်ဟာ အီရတ်နယ်စပ်မှာ ကာ့ဒ် ခွဲထွက်ရေးသမားတွေ IS အကြမ်းဖက်သမားတွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ခဲ့ပေမယ့် ဒီအဖြစ်အပျက်ဟာ အခုနှစ်ပိုင်းအတွင်း အီရန်တပ်ဖွဲ့တွေ အသေအပျောက်အများဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

    လူဖြူလယ်သမားများထံမှ လယ်ယာများ ပြန်မသိမ်းတော့ဟု ဇင်ဘာဘွေပြော
    ===================
    လူဖြူလယ်သမားတွေဆီက လယ်မြေသိမ်းတဲ့ခေတ် အဆုံးသတ်သွားပြီလို့ ဇင်ဘာဘွေသမ္မတ အီမာဆန် မနန်ဂါဂွါက ပြောကြားလိုက်ပါတယ်။ ဆယ်နှစ်ပေါင်းများစွာ တိုင်းပြည်ကို အုပ်စိုးလာခဲ့တဲ့ အာဏာရှင်မူဂါဘီလက်ထက်မှာ ကိုလိုနီခေတ်နောက်ပိုင်း ညီမျှရေးဆိုတဲ့ခေါင်းစဉ်နဲ့ လူဖြူလယ်သမားတွေဆီက လယ်ယာမြေတွေကို အဓမ္မသိမ်းပိုက်မှုတွေ လုပ်ခဲ့ပါတယ်။ မနန်ဂါဂွါက သူတို့အစိုးရဟာ လူမျိုးရေးခွဲခြားမှာမဟုတ်သလို၊ တိုင်းပြည်တိုးတက်ရေးအတွက် ကျွမ်းကျင်သူတွေ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဇင်ဘာဘွေဟာ ဇူလိုင်လ ၃၀ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အချက်အလက် တရားမ၀င်သုံးစွဲမှုကိစ္စအတွက် အကြံပေးလုပ်ငန်းတစ်ခုကို Facebook စစ်ဆေး

    အချက်အလက် တရားမ၀င်သုံးစွဲမှုကိစ္စအတွက် အကြံပေးလုပ်ငန်းတစ်ခုကို Facebook စစ်ဆေး

    ဇူလိုင် ၂၁၊ ၂၀၁၈
    M-Media

    – သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တရားမ၀င် စုဆောင်းတယ်၊ မျှဝေတယ်ဆိုတဲ့ သံသယနဲ့ အမေရိကန်အခြေစိုက် အကြံပေးလုပ်ငန်း Crimson Hexagon ကို Facebook က ပိတ်ပင်လိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နတယ်လို့ ပြောကြားလိုက်ပါတယ်။

    ဘော့စတွန်က အဲဒီကုမ္ပဏီက သူတို့ဟာ “စားသုံးသူဆိုင်ရာ လေ့လာဆန်းစစ်မှု” အတွက် ၀န်ဆောင်မှုပေးနေပြီး ကမ္ဘာတစ်ဝှမ်းက အစိုးရလက်အောက်ခံ အဖွဲ့တွေနဲ့ စာချုပ်တွေ ချုပ်ဆိုထားတယ်လို့ ဆိုပါတယ်။

    Facebook က Crimson Hexagon ရဲ့ လုပ်ဆောင်မှုတွေဟာ သူတို့ရဲ့ စောင့်ကြည့်ရေးပေါ်လစီကို ချိုးဖောက်မှု ရှိနေလားဆိုတာကို ဆန်းစစ်နေပြီး၊ လက်ရှိအချိန်အထိ ဒီလိုချိုးဖောက်တယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

    Wall Street ဂျာနယ်က Crimson Hexagon ဟာ ရုရှားအစိုးရနဲ့ အဆက်အသွယ်ရှိတဲ့ ရုရှားက အကျိုးအမြတ်မယူတဲ့အဖွဲ့တွေ၊ အမေရိကန်အစိုးရ အေဂျင်စီတွေ အပါအ၀င် သူတို့ရဲ့ ဖောက်သည်တွေအတွက် Facebook အချက်အလက်တွေကို လေ့လာဆန်းစစ်ပေးဖို့ စာချုပ်တွေ ချုပ်ဆိုထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

    အစိုးရအေဂျင်စီတွေက သူတို့ဆီက အချက်အလက်တွေကို ရယူပြီး အသုံးပြုသူတွေအပေါ် စောင့်ကြည့်တာကို Facebook က ၂၀၁၇ ခုနှစ်မှာ ပိတ်ပင်ခဲ့ပါတယ်။

    “Facebook ဒါမှမဟုတ် Instagram က အချက်အလက်တွေကို အသုံးပြုပြီး ဆော့ဖ်ဝဲကုမ္ပဏီက စောင့်ကြည်တာမျိုးကို ကျွန်တော်တို့ ခွင့်မပြုပါဘူး။ ဒီစွပ်စွဲချက်တွေကို ကျွန်တော်တို့ သေသေချာချာ စုံစမ်းနေပြီး အဲဒီကာလအတွင်းမှာ ဒီ အက်ပလီကေးရှင်းတွေကို ခေတ္တ ပိတ်ပင်ထားမှာ ဖြစ်ပါတယ်” လို့ မနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    Crimson Hexagon က သူတို့ဟာ Facebook၊ Instagram၊ Twitter နဲ့ အခြား ဆိုရှယ်မီဒီယာ ပို့ပေါင်း ၁ ထရီလီယံကျော်အပါအ၀င် အချက်အလက်တွေနဲ့ အလုပ်လုပ်နေတယ်လို့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    Ref: BBC

  • ယူအေအီးနှင့် တရုတ်တို့ စီးပွားရေးသဘောတူညီချက် ၁၃ ခု လက်မှတ်ထိုး

    ယူအေအီးနှင့် တရုတ်တို့ စီးပွားရေးသဘောတူညီချက် ၁၃ ခု လက်မှတ်ထိုး

    ဇူလိုင် ၂၁၊ ၂၀၁၈
    M-Media

    ယူအေအီးသို့ ရောက်ရှိလာသည့် တရုတ်သမ္မတ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေစဉ်

    – နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့အတွက် ယူအေအီးနဲ့ တရုတ်တို့ဟာ သဘောတူညီချက် ၁၃ ခုကို လက်မှတ်ရေထိုးခဲ့ပါတယ်။

    သဘောတူညီချက်တွေမှာ နှစ်နိုင်ငံ သံရုံးတွေ၊ ယဉ်ကျေးမှုစင်တာတွေ ဆောက်လုပ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေးနဲ့ အီလက်ထရောနစ် ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေက ထွက်ကုန်တွေကို ရောင်းချနိုင်မယ့် လက်ကားဈေးကွက်တစ်ခု ဖွင့်လှစ်ရေး၊ ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး စီမံကိန်းတစ်ခုကို ပူးပေါင်းရင်းနှီးမြှုပ်နှံရေးတွေ ပါဝင်ပါတယ်။

    တရုတ်သမ္မတ ရှီကျင့်ဖျင် ယူအေအီးနိုင်ငံကို ၃ ရက်တာ လာရောက်မှုအတွင်း ဒီ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ရှီကျင့်ဖျင်ဟာ ၂၉ နှစ်အတွင်း ယူအေအီးနိုင်ငံကို လာရောက်တဲ့ ပထမဆုံး တရုတ်သမ္မတလည်း ဖြစ်ပါတယ်။

    ရှီဟာ အဘူဒါဘီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇာယဒ်၊ ယူအေအီး ဒုတိယသမ္မတ ရှိခ် မိုဟာမက် ဘင် ရာရှစ်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

    တရုတ်နိုင်ငံဟာ ယူအေအီးရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အရှေ့အလယ်ပိုင်းကို တရုတ်ရဲ့ တင်ပို့မှု ၆၀ ရာခိုင်နှုန်းလောက်ဟာ ယူအေအီးကနေတစ်ဆင့် ၀င်ရောက်တာဖြစ်ပါတယ်။ တရုတ်ရဲ့ အာရပ်ကမ္ဘာ ကုန်သွယ်ရေးမှာ ယူအေအီးက ၂၅ ရာခိုင်နှုန်း ရယူထားပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း ယူအေအီးကို လာရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံသား အရေအတွက်ဟာ ၁ သန်းကျော် ရှိခဲ့ပြီး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးတန်ဖိုးက ကန်ဒေါ်လာ ၅၄.၅ ဘီလီယံ ရှိပါတယ်။ ရှိခ် မိုဟာမက် ဘင် ရာရှစ်က ဒီပမာဏကို နှစ်ဆတိုးဖို့ ရည်ရွယ်ထားတယ်လို့ ကြာသာပတေးနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ယူအေအီးနဲ့ တရုတ်တို့ဟာ ရေနံကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခုကိုလည်း ရရှိခဲ့ပြီး ဒူဘိုင်းအခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်း Emaar က သူတို့အနေနဲ့ အရှေ့အလယ်ပိုင်းမှာ အကြီးဆုံးဖြစ်လာမယ့် တရုတ်တန်းကို ယူအေအီးမှာ ဖော်ဆောင်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။

    ကြာသာပတေးနေ့က ယူအေအီးကို ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အဲဒီကနေတစ်ဆင့် ဆီနီဂေါ၊ ရ၀မ်ဒါနဲ့ တောင်အာဖရိကတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

    Ref: Abrab News

  • အမေရိကန်နှင့်ဆွေးနွေးမှု အလုပ်မဖြစ်ဟု အီရန်အဓိပတိပြော

    အမေရိကန်နှင့်ဆွေးနွေးမှု အလုပ်မဖြစ်ဟု အီရန်အဓိပတိပြော

    ဇူလိုင် ၂၁၊ ၂၀၁၈
    M-Media

    အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီ

    – အမေရိကန်နဲ့ဆွေးနွေးမှုဟာ ‘အသုံးမ၀င်တော့ဘူး’ လို့ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ပြောကြားလိုက်ပြီး ဥရောပနဲ့ ဆွေနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

    ဒီကနေ့ မြို့တော် တီဟီရန်မှာ အီရန် သံအမတ်တွေ၊ သံတမန်အရာရှိတွေနဲ့ တွေ့ဆုံမှုအတွင်း ခါမေနီက ဒီလိုပြောကြားလိုက်တာဖြစ်ပြီး အီရန်အနေနဲ့ အနောက်နိုင်ငံတွေရဲ့ အဆိုပြုချက်တွေ အပေါ်မှာ သိပ်ပြီး မလေးမထားတော့ဘူးလို့လည်း ဆိုပါတယ်။

    “အမေရိကန်ရဲ့ စကားတွေ၊ သဘောတူညီချက်တွေကို ယုံလို့မရဘူးလို့ ကျွန်တော် အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။ ဒါ့ကြောင့် အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးမှုဟာ အသုံးမ၀င်တော့ပါဘူး”

    အမေရိကန်က အီရန်အပေါ် ရန်လိုမုန်းထားမှုဟာ ‘အမြစ်တွယ်နေ’ ပြီး၊ ၁၉၇၉ ခုနှစ် အစ္စလာမ့် တော်လှန်ရေးမတိုင်ခင် မဟာမိတ်ဖြစ်ခဲ့တဲ့ အနေအထားမျိုးကို အမေရိကန်က ပြန်လိုချင်နေတယ်လို့လည်း ခါမေနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့အတူ ရရှိခဲ့တဲ့ အီရန် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမရိကန်က မေလမှာ ကြေငြာခဲ့ပါတယ်။ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေက အဲဒီသဘောတူညီချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

    အဲဒီ သဘောတူညီချက် ဆက်လက်တည်မြဲနေစေဖို့ အခုလအစောပိုင်းမှာ ဥရောပသမဂ္ဂက အဆိုပြုချက်တစ်ချို့ကို တင်ပြခဲ့ပေမယ့် အီရန်က ဒီအဆိုပြုချက်တွေကနေ အီရန်ဟာ ဘာအကျိုးအမြတ်မှ မရနိုင်ဘူးလို့ဆိုကာ ပယ်ချခဲ့ပါတယ်။

    ခါမေနီက အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးရင် အီရန်ဟာ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်မိတာ မဟာအမှားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကမှာ အမေရိကန်နဲ့ အဆက်အသွယ်ရှိတဲ့ နိုင်ငံတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါပဲ”

    အီရန်ရဲ့ ရေနံတင်ပို့မှုကို ပိတ်ပင်မယ်ဆိုရင် ဒေသတွင်းကရေနံတွေ တင်ပို့မှုကိုလည်း အီရန်က ပိတ်ပင်သွားမယ်လို့ သမ္မတရူဟာနီရဲ့ ပြောကြားမှုကို ခါမေနီက ထောက်ခံခဲ့ပါတယ်။

    Ref: Press TV