News @ M-Media

Blog

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (အောက်တိုဘာ ၁၂)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (အောက်တိုဘာ ၁၂)

    M-Media

    (ဓာတ်ပုံ – အစ္စရေး၏တိုက်ခိုက်မှုကို ခံရပြီးနောက် တွေ့ရသည့် လက်ဘနွန် စစ်သားများ)

    လက်ဘနွန်တွင် အသတ်ခံရသူ မြင့်တက်
    ———–
    မနေ့က အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လက်ဘနွန်မှာ ၆၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၆၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရသူအရေအတွက်ဟာ လက်ဘနွန်မှာ ၂၂၂၉ ဦး ရှိလာပြီ ဖြစ်ပါတယ်။ စာသင်ကျောင်း၊ အသက်မွေး၀မ်းကြောင်းစင်တာ၊ တက္ကသိုလ်နဲ့ အခြား အများပိုင်အဆောက်အဦး ၁၀၃၂ ခု ဖျက်ဆီးခံထားရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူက ၁၈၇၀၀၀ ရှိလာပါပြီ။

    နီဂါရာကွာက အစ္စရေးနဲ့ အဆက်အသွယ်ဖြတ်
    ———-
    ပါလက်စတိုင်းနဲ့ လက်ဘနွန်မှာ အစ္စရေးက အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့အတွက် သံအဆက်အသွယ် ဖြတ်တောက်တယ်လို့ နီဂါရာကွာနိုင်ငံက သောကြာနေ့မှာ ကြေငြာပါတယ်။ အစ္စရေးအစိုးရကို ဖက်ဆစ်၊ လူမျိုးတုန်းသတ်ဖြတ်သူအဖြစ် ဒုတိယသမ္မတ ရိုဆာရီယို မူရီလိုက ရှုတ်ချပြောဆိုခဲ့ပါတယ်။ တောင်အမေရိက နိုင်ငံတွေဟာ အစ္စရေးကို ပြင်းပြင်းထန်ထန် ရှုတ်ချလေ့ရှိပါတယ်။

    လက်ဘနွန်စစ်စခန်းကို အစ္စရေးက တိုက်ခိုက်
    ————-
    နိုင်ငံတောင်ပိုင်းက စစ်စခန်းတစ်ခုကို အစ္စရေးက သောကြာနေ့မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦး သေဆုံးတယ်လို့ လက်ဘနွန်စစ်တပ်က ထုတ်ပြန်ပါတယ်။ တစ်နှစ်အတွင်း အစ္စရေးလက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ လက်ဘနွန်စစ်သား ၈ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် နာဂျစ်ဘ် မီကာတီက အစ္စရေးရဲ့ ရာဇ၀တ်မှုတွေကို ရပ်တန့်ပေးဖို့အတွက် ကမ္ဘာကြီးကို တောင်းဆိုခဲ့ပါတယ်။

    Ref: Aljazeera


  • ပြည်တွင်းဖြစ် တိုက်ပွဲ၀င် ဒရုန်းသစ်ကို ထုတ်ပြခဲ့တဲ့ တူရကီ

    ပြည်တွင်းဖြစ် တိုက်ပွဲ၀င် ဒရုန်းသစ်ကို ထုတ်ပြခဲ့တဲ့ တူရကီ

    အောက်တိုဘာ ၁၂၊ ၂၀၂၄
    M-Media

    Anka-3 လို့ အမည်ပေးထားတဲ့ ပြည်တွင်းဖြစ် တိုက်ပွဲ၀င် ဒရုန်းအသစ်တစ်ခုကို တူရကီက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြခဲ့ပြီး လေကြောင်းကာကွယ်ရေး နည်းပညာမှာ ပြတ်ကျန်မနေခဲ့ဘူးဆိုတာ ကမ္ဘာကို သိစေခဲ့ပါတယ်။

    ဒီဒရုန်းဟာ Anka မိသားစု၀င် ဒရုန်းတွေထဲက တတိယမျိုးဆက်ဖြစ်ပြီး ကိုယ်ပျောက်နိုင်စွမ်း၊ အင်ဂျင်အင်အားနဲ့ ၀န်သယ်ဆောင်နိုင်မှုကို အဆင့်မြှင့်တင်ထားပါတယ်။ အမြီးပျောက် တာဘိုဖန်အင်ဂျင် တပ်ဆင်ထားတဲ့ တူရကီရဲ့ ပထမဆုံး ဒရုန်းလည်း ဖြစ်ပါတယ်။

    အမြင့်ပေ ၄ သောင်းအထိ ရောက်နိုင်ပြီး ၁၀ နာရီကြာ ဆက်တိုက်ပျံသန်းနိုင်ပါတယ်။ ၁၂၀၀ ကီလိုဂရမ်အထိ ၀န်တင်ဆောင်နိုင်မှုရှိပြီး၊ ဒရုန်းဗုံးအားလုံးနီးပါးကို တပ်ဆင်အသုံးပြုလို့ရတယ်လို့ ဆိုပါတယ်။ ၀ေးလံခေါင်ဖျားတဲ့ ဒေသတွေကိုလည်း အလျင်အမြန် တပ်ဖြန့်ချထားနိုင်ပါတယ်။

    ၂၀၂၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းနိုင်ခဲ့တဲ့ Anka-3 ဟာ ထောက်လှမ်းရေး၊ ဆက်သွယ်ရေး၊ တိုက်ပွဲ၀င်ရေး စတဲ့ ဘက်ပေါင်းစုံမှာ အသုံးပြုလို့ရတဲ့ ဒရုန်းလည်း ဖြစ်ပါတယ်။

    Ref: Daily Sabah

  • အောက်တိုဘာ ၁၁ ရက်နေ့ နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၁ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – ဆော်ဒီတက္ကသိုလ် မြင်ကွင်းတစ်ခု)

    အစ္စရေးမှ ကျူးကျော်လာရင် အီရန်က ပြင်းပြင်းထန်ထန် တုန့်ပြန်မည်
    ————
    အစ္စရေးက အီရန်ကို ကျူးကျော်တိုက်ခိုက်လာမယ်ဆိုရင် ပြင်းထန်တဲ့ ခုခံတိုက်ခိုက်မှုတွေလုပ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေး၀န်ကြီး အဘတ်စ် အာရဂ်ချီက ကမ္ဘာတစ်၀ှမ်း နိုင်ငံခြားရေး၀န်ကြီးတွေကို ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။ အီရန်ဟာ အစ္စရေးရဲ့ ကျူးကျော်မှုအတွက်လည်း အပြည့်အ၀ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။

    ကမ္ဘာ့ထိပ်တန်းရောက်လာတဲ့ ဆော်ဒီတက္ကသိုလ်
    ————
    ဆော်ဒီ ရေနံနဲ့ ဓာတ်သတ္ထုဆိုင်ရာ တက္ကသိုလ် King Fahd University of Petroleum and Minerals ဟာ ၂၀၂၄ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ထိပ်တန်း တက္ကသိုလ်များစာရင်းမှာ ပါ၀င်လာပါတယ်။ ၂၀၂၀ ခုနှစ်က ကမ္ဘာအဆင့် ၅၀၇ ရှိတဲ့ အဲဒီတက္ကသိုလ်ဟာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး ၄ နှစ်အကြာမှာပဲ ၁၇၆ ကို ရောက်လာတာဖြစ်ပါတယ်။ ဆော်ဒီက အခြားတက္ကသိုလ်တွေလည်း ကမ္ဘာ့အဆင့်တွေ မြင့်တက်လာပါတယ်။

    ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးပြဿနာ ရင်ဆိုင်နေရ
    ———-
    အခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၀၁ ဦးရှိလာပြီလို ဘင်္ဂလားဒေ့ရှ်က ထုတ်ပြန်ပါတယ်။ ရောဂါဖြစ်ပွားမှုအရေအတွက်က ၄၀၈၉၅ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၇၀၅ ဦး ရှိပါတယ်။


  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (အောက်တိုဘာ ၁၁)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (အောက်တိုဘာ ၁၁)

    M-Media

    (ဓာတ်ပုံ – အောက်တိုဘာ ၁၀ ရက်နေ့ ဂျာဘာလီယာ ဒုက္ခသည်စခန်း မြင်ကွင်း)

    ကုလတပ်ဖွဲ့ ထပ်မံတိုက်ခိုက်ခံရ
    ———-
    လက်ဘနွန်မှာရှိတဲ့ ကုလငြိမ်းချမ်ရေးတပ်ဖွဲ့ကို အစ္စရေးက တင့်ကားတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး သီရိလင်္ကာ တပ်ဖွဲ့၀င် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ၂ ရက်အတွင်း ၂ ကြိမ်မြောက် တိုက်ခိုက်တာဖြစ်ပြီး ထိခိုက်သူ ၄ ဦး ရှိလာတာပါ။ ကုလ အတွင်းရေးမှုး အန်တိုနီယို ဂူတာရက်စ်က တိုက်ခိုက်မှုကို ထပ်မံရှုတ်ချခဲ့ပါတယ်။

    ဂါဇာတွင် အကြမ်းဖက်မှုများ ဆက်လုပ်နေ
    ————-
    အစ္စရေးဟာ ဂါဇာက စစ်ရှောင်စခန်း အနည်းဆုံး ၄ ခုမှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်းပြည်သူ ၆၁ ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း သေဆုံးသူအရေအတွက်ဟာ ၄၂၁၂၆ ဦး ရှိလာပြီ ဖြစ်ပါတယ်။

    အကူအညီပိတ်ပင်ထားမှုကို အမေရိကန် သတိပေး
    ————
    ဂါဇာကမ်းမြှောင်ကို ၀င်ရောက်မယ့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အစ္စရေးက ကန့်သတ် ပိတ်ပင်ထားတဲ့အတွက် အလွန်စိုးရိမ်မိတယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ အစ္စရေးဟာ တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်နေသလို တစ်ဖက်မှာလည်း နိုင်ငံတကာက ပေးအပ်တဲ့ အကူအညီတွေ ပါလက်စတိုင်းပြည်သူတွေ မရအောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်နေပါတယ်။


  • ပါလက်စတိုင်းနှင် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရ သတင်းများ (အောက်တိုဘာ ၁၀)

    ပါလက်စတိုင်းနှင် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရ သတင်းများ (အောက်တိုဘာ ၁၀)

    M-Media

    (ဓာတ်ပုံ – လက်ဘနွန်မှ ကုလငြိမ်းချမ်းရေးတပ်စခန်း)

    ကုလငြိမ်းချမ်းရေးတပ်ကို အစ္စရေးက တိုက်ခိုက်
    —————–
    လက်ဘနွန်မှာရှိနေတဲ့ မိမိတို့ရဲ့ ငြိမ်းချမ်ရေးတပ် UNIFIL ဌာနချုပ်ကို အစ္စရေးက တင့်ကားတွေနဲ့ တမင် ပစ်မှတ်ထားကာ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုအတွင်း ကုလတပ်ဖွဲ့၀င် ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ကားတွေ၊ အဆောက်အဦးတွေ ပျက်ဆီးခဲ့သလို ဆက်သွယ်ရေးလည်း ပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ဘနွန်မှာ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့၀င် ၁ သောင်းခန့် ရှိနေပါတယ်။

    ဂါဇာသတ်ဖြတ်မှုမှာ စစ်ရာဇ၀တ်မှုဖြစ်သည်
    ————–
    ဂါဇာမှာ စစ်ရှောင်စခန်းတွေကို ဗုံးကြဲတာတွေအပါအ၀င် အစ္စရေးရဲ့ အစုလိုက်အပြုံလိုက် တိုက်ခိုက်သတ်ဖြတ်မှုတွေဟာ စစ်ရာဇ၀တ်မှုဖြစ်ပြီး၊ အမေရိကန်ကို အကာကွယ်ယူ ကျူးလွန်နေတာလို့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ထုတ်ပြန်ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီအခြေအနေကို ထိန်းသိမ်းဖို့လည်း ဟားမက်စ်က တောင်းဆိုခဲ့ပါတယ်။

    အစ္စရေးက လူမျိုးစုလိုက်ရှင်းလင်းမှု လုပ်ဆောင်နေကြောင်း ကုလတွေ့ရှိ
    ————–
    ဂါဇာမှာ ကျန်းမာရေးစနစ် ဖျက်ဆီးဖို့ အစ္စရေးက မူ၀ါဒချမှတ် လုပ်ဆောင်နေတဲ့ အထောက်အထားတွေကို တွေ့ရှိရပြီး ဒါဟာ လူမျိုးစုလိုက်ရှင်းလင်းမှုဖြစ်ကာ စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှု မြောက်တယ်လို့ ကုလ စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အစ္စရေးဟာ ကျန်းမာရေး၀န်ထမ်းတွေကို ညှင်းပမ်းသတ်ဖြတ်တာ၊ ကျန်းမာရေးယာဥ်တွေကို တိုက်ခိုက်တာ၊ လူနာတွေကို ဂါဇာပြင်ပထွက်ပြီး ဆေးကုဖို့ ခွင့်မပြုတာတွေ လုပ်ဆောင်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။